ပေးမထားသည်ကို သိမ်းယူ၍ မရနိုင် – လင်းသူ့ဟန်

လူ့အခွင့်အရေးဆိုတာဟာ လူသားတစ်ယောက်ရဲ့မွေးရာပါ အခွင့်အရေးတွေကို ဆိုလိုတာဖြစ်တယ်။ မွေးဖွား လာသော လူသားတစ်ယောက်မှာ အဲဒီအခွင့်အရေးတွေဟာ အလိုအလျောက်ပါလာပြီးသား ဖြစ်တယ်။ သူကိုယ်တိုင် သိရှိ၊ နားလည်၊ ကျင့်သုံးဖို့ပဲ လိုတယ်။

လူ့အခွင့်အရေးကို ရန်သူသဖွယ်ပိတ်ပင်လိုသူတွေ၊ လိုသလို လှည့်ပတ်အသုံးချလိုသူတွေ အမျိုးမျိုး ရှိ တတ်ကြပါတယ်။ အများအားဖြင့် အာဏာရှင်တွေ၊ အာဏာရှင်စနစ်ကို လိုလားသူတွေ ပေါ့။ သူတို့တွေရဲ့ လက် ဆွဲတော်စကားက လူ့အခွင့်အရေးကို လိုသလောက်ပဲ ပေးသင့်တယ်ဆိုတာဖြစ်တယ်။ ဒီစကားကိုက လူ့အခွင့်အရေးဆိုတာကို သူတို့ နားလည် သဘောပေါက်မနေဘူးလို့ ဖော်ပြနေတာဖြစ်တယ်။

လူ့အခွင့်အရေးဟာ မွေးရာပါ ဖြစ်တယ်။ အကြွင်းမဲ့ဖြစ်တယ်။

ဒါကို ကျွန်တော်တို့ ရှင်းရှင်လင်းလင်း နားလည်ထားကြရမှာဖြစ်တယ်။

အဲဒီအပြင် စာရွက်စာတမ်းတွေ၊ စာအုပ် တွေနဲ့ ရေးသား၊ ဖော်ပြ၊ ထုတ်ဝေ၊ သတ်မှတ်ထားသလောက်သာ လူ့အခွင့်အရေးဟာ တည်ရှိနေတာ မဟုတ် ဘူး။ လူသားတစ်ယောက်ရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်ဟာ အခြေခံအားဖြင့် ဘာတွေဖြစ်တယ်ဆိုတာကိုသာ အခု ဖော်ပြနေတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဖော်ပြချက်တွေက ဖော်ပြထားနိုင်တယ်။ အနုစိတ်အဆင့်၊ ကျယ်ပြန့်သော အဆင့်တွေကိုတော့ စူးရှ ကြည်လင်သော အသိဉာဏ်နဲ့သာ ထိုးထွင်း စဉ်းစားယူကြရမှာဖြစ်တယ်။

လူ့အခွင့်အရေးဟာ မွေးရာပါဖြစ်တယ်၊ တစ်ဦးတစ်ယောက်၊ တစ်ဦးတစ်ဖွဲ့၊ နောက်ဆုံး နိုင်ငံတော်နဲ့ အစိုးရ ကသည်ပင်လျှင် ပေးအပ်ထားတာမဟုတ်တဲ့အတွက် ဘယ်သူကမှ အဲဒီ မွေးရာပါ အခွင့်အရေးကို ပြန်လည် သိမ်းယူလို့မရနိုင်ဘူး။ ဒါဟာ အခြေခံအကျဆုံးသော သဘောသဘာဝဖြစ်ပါတယ်။

ဒါဆိုရင် လူ့အခွင့်အရေးကို ပိတ်ပင်ဟန့်တားနေတဲ့၊ သိမ်းယူဖို့ ကြိုးစားနေတဲ့ လူ့အဖွဲ့အစည်းအသေတွေ၊ အာ ဏာရှင်တွေ၊ အစိုးရတွေ၊ အဖွဲ့အစည်းတွေ ကမ္ဘာမှာ ရှိမနေတော့ဘူးလား၊ သူတို့ လုပ်နေတဲ့ ပိတ်ပင်ဟန့်တား မှုတွေကရော လူ့အခွင့်အရေးကို ပိတ်ပင်ဟန့်တားတာ မဟုတ်ဘူးလား၊ သိမ်းယူနှုတ်ပယ်တာ မဟုတ်ဘူးလား လို့ မေးစရာရှိပါတယ်။ အနီးစပ်ဆုံးပြောရရင် အာဏာသိမ်း စစ်ကောင်စီ ပြုလုပ်နေတဲ့ အမူအကျင့်တွေပေါ့။

ဒီနေရာမှာ သဘောတရားကို သေသေချာချာ နားလည်ကြဖို့ လိုအပ်နေတာလေးတစ်ခုရှိပါတယ်။ လူ့အခွင့်အ ရေးဟာ မွေးရာပါဖြစ်တယ်၊ ပေးအပ်ထားခြင်းခံရတာမဟုတ်ဘူး၊ နှုတ်ပယ်လို့၊ သိမ်းယူလို့မရနိုင်ဘူးဆိုတာ တကယ့် အမှန်တရားဖြစ်တယ်။ သို့သော် အဲဒီသဘောတရားကို ရှင်းရှင်းလင်းလင်းနားလည်ထားတဲ့သူမှ သာ လျှင် ဒါကို သဘောပေါက်ပြီး ကျင့်သုံးနိုင်မှာဖြစ်တယ်။

အာဏာရှင်တို့ဟာ လူ့အခွင့်အရေးကို သူတို့ အာဏာ၊ လက်နက်တွေနဲ့ ခြိမ်းခြောက်၊ သိမ်းယူလို့ ရနိုင်တယ်လို့ ကျွန်တော်တို့ကို အယုံသွင်းလေ့ရှိကြတယ်။ ဒါဟာ သူတို့ လုပ်နေကျ အလုပ်တစ်ခုပဲ။ တကယ်တမ်း စင်စစ် ပြန်လည်ပြီး ဆင်ခြင်ကြည့်မယ်ဆိုရင် သူတို့က ကျွန်တော်တို့ကို တဆင့်ခံနည်းနဲ့ ခြိမ်းခြောက်နေတာသာ ဖြစ်ပါ တယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို၊ ရေးသားမှုကို အရေးယူလို့မရသလို၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခြင်းကိုလည်း ပိတ်ပင် နှုတ်ယူလို့မရပါဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားသူကိုပဲ ယင်းကဲ့ သို့ ထုတ်ဖော်၊ ရေးသားတဲ့အတွက်ဆိုပြီး ပုဒ်မတပ် အရေးယူ၊ ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်လို့ ရနိုင်ပါတယ်။ တနည်းအားဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားရင် ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်မယ်လို့ ခြိမ်းခြောက် ပြီး အဲဒီအခွင့်အရေးကို ကျွန်တော်တို့  အသုံးမချတော့အောင်၊ တနည်း ကိုယ်ဘာသာ စွန့်လွှတ်ရှောင်ရှား အောင် ဖန်တီးလိုက်တာပဲဖြစ်တယ်။ ကျွန်တော်တို့ဆီက လွတ်လပ်စွာပြောဆိုထုတ်ဖော်ရေးသားပိုင်ခွင့်ကို သိမ်း ယူသွားတာမဟုတ်ဘူး။ သိမ်းယူသွားလို့လည်းမရပါဘူး။ ဒီနှစ်ချက်ရဲ့ ခြားနားမှုကို သေသေချာချာ နား လည်ကြဖို့လိုအပ်ပါတယ်။

အာဏာရှင်တို့ဟာ လူ့အဖွဲ့အစည်းအတွင်းက မွေးရာပါ လူ့အခွင့်အရေးကို တားဆီးပိတ်ပင်ဖို့ အဆင့်ပေါင်းများ စွာနဲ့ ကြိုးစားလေ့ရှိတယ်။ မတရားတဲ့ သတ်မှတ်ချက်တွေကို ဥပဒေအဖြစ် အတင်းအကြပ်ပြဌာန်းတာအပါအဝင် အဲဒီ မတရားဥပဒေကို ကျင့်သုံးလာအောင် လက်နက်ကိုင်ဖိအားပေးတာ၊ အဲဒီမတရားဥပဒေဟာ တရားပါ ကြောင်းကို လူ့အဖွဲ့အစည်းအပေါ် သြဇာသက်ရောက်မှုရှိတဲ့ လမ်းကြောင်းတိုင်း (ဥပမာ မိဘ၊ ဆရာ၊ ဘာသာ ရေးဆိုင်ရာ ပုဂ္ဂိုလ်၊ လူသိထင်ရှားသူ စသည်ဖြင့်) ကနေ လှည့်ဖျား ဖြန့်ဝေတာပါပဲ။ တကယ်တမ်းမှာတော့ မတရားမှုကို တရားပါတယ်လို့ ပြဌာန်းထားလည်း မတရားမှုက မတရားမှုသာဖြစ်ပါတယ်။ စစ်မှန်သော အနှစ် သာရသာလျှင် ပဓါနကျတာကြောင့် ပြဌာန်းသတ်မှတ်ချက်တွေက ဘယ်လိုပဲ ဆိုနေပါစေ ကိုယ်ပိုင်အသိဉာဏ် နဲ့ ဆင်ခြင်ပြီး လက်ခံ၊ ငြင်းဆန်၊ ကွဲလွဲခွင့် အပြည့်ရှိနေတာပဲမဟုတ်လား။

မွေးရာပါ လူ့အခွင့်အရေးကို ပိတ်ပင်တားဆီးဖို့ရာ အာဏာရှင်တို့က ကြိုးစားသော်ငြား အောင်မြင်ဖို့ရာကတော့ အဲဒီ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအပေါ်မှာသာ မူတည်နေတာဖြစ်ပါတယ်။ လူတစ်ယောက်ကို သူ့ရဲ့ မွေးရာပါ အခွင့်အရေးတွေ အသုံးပြုခြင်းအပေါ် အကြောင်းပြုပြီး မတရားပုဒ်မတွေတပ် အရေးယူနေတာကို ဘေးကနေ ရပ်ကြည့်နေခဲ့တဲ့၊ ဒါဟာ မတရားမှုဖြစ်တယ်၊ သူ့မှာ အခွင့်အရေးအပြည့်ရှိတယ်လို့ ဝင်ရောက်ရပ်တည်မပေးခဲ့ တဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ အားလုံးရဲ့ အခွင့်အရေးတွေ ဆိတ်သုဉ်းသွားမှာဖြစ်ပါတယ်။ အ ကြောင်းကတော့ တစ်ယောက်အပေါ် မတရားမှုပြုနေတာကို မသိကျိုးကျွံပြုနေတာ၊ ကိုယ်နဲ့ မဆိုင်သလို ရှောင် ဖယ်နေလိုက်တာဟာ အဲဒီမတရားမှုကို လက်ခံလိုက်ခြင်းဖြစ်တာကြောင့်ပါပဲ။ ဆိုတော့ အလားတူ မတရားမှုမျိုး ကိုယ့်အပေါ် ကျူးလွန်ကျရောက်လာတဲ့အခါမှာလည်း ရှေ့ကနမူနာတွေကို လက်ခံထားမိတဲ့ ကိုယ့်ရဲ့ စိတ်အခံကိုက ခေါင်းငုံ့ခံယူဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ တနည်းပြောရရင် ကျွန်တော်တို့ လူအဖွဲ့အစည်းထဲမှာ လူ့အခွင့်အရေး တွေ ဆုံးရှုံးနေတယ်ဆိုရင် အဲဒါဟာ ကျွန်တော်တို့ကိုယ်တိုင် လက်ခံပြီး စွန့်လွှတ်ပေးလိုက်လို့ ပါပဲ။ တခြား မဟုတ်ပါဘူး။

တစ်ယောက်၊ သို့တည်းမဟုတ် တစ်စုတစ်ဖွဲ့က မွေးရာပါအခွင့်အရေးကို ကျင့်သုံးနေတာကြောင့် မတရားဖိနှိပ် ခံနေရတဲ့အချိန်မှာ ဒါဟာ တစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်းရဲ့ ပြဿနာလို့ ရှုမြင်လို့မရဘဲ ဒါဟာ မွေးရာပါအခွင့် အရေးတွေ ကျင့်သုံးခွင့်အပေါ် ဦးတည်ဖိနှိပ်နေတာ၊ လွတ်လပ်သော လူသားကို နည်းလမ်းမျိုးစုံသုံးပြီး ဒူး ထောက် လက်မြှောက်သွားအောင် လုပ်နေတာလို့ နားလည်ပြီး ဖိနှိပ်ခံဘက်က ဝင်ရောက်ရပ်တည်ကြဖို့လိုအပ် ပါတယ်။ လူကိုသာ အရေးယူလို့၊ ဖမ်းဆီးလို့၊ နှိပ်စက် ညှဉ်းပမ်းလို့ရပေမဲ့ မွေးရာပါ အခွင့်အရေးတွေကို အသုံးချ ခွင့်၊ အသုံးပြုခွင့်ကိုတော့ ဘယ်လိုနည်းနဲ့မှ သိမ်းယူလို့မရကြောင်း၊ ပေးထားတာမဟုတ်တဲ့အရာကို သိမ်းနှုတ် ယူလို့ မရနိုင်ကြောင်း အားလုံးဝိုင်းဝန်း ရပ်တည်သက်သေပြခြင်းအားဖြင့် အာဏာရှင်ရဲ့ ဖိနှိပ်မှု လှည့်ကွက်တွေ ကို (ခက်ခဲပင်ပန်းကောင်း ခက်ခဲပင်ပန်းနိုင်ပေမဲ့)ကျော်ဖြတ်လို့ရပါတယ်။

ဒီလို ဝိုင်းဝန်းရပ်တည်ပေးတဲ့ လူ့အဖွဲ့အစည်းမျိုးရရှိဖို့ရာ လူ့အခွင့်အရေးဆိုတာ မွေးရာပါဖြစ်တယ်၊ တစ်စုံတစ် ယောက်၊ တစ်ဦးတစ်ဖွဲ့က ပေးအပ်၊ နှင်းအပ်ထားတာမဟုတ်ဘူး၊ ဘယ်လောက်အထိပဲ အသုံးပြုခွင့်ပေးမယ်၊ ဘယ်လောက်ထိတော့ မရဘူးရယ်လို့ ကန့်သတ်ပိုင်ခွင့် ဘယ်သူ့မှာမှမရှိဘူး၊ မွေးရာပါ အခွင့်အရေးကို ဘယ်သူ မှ သိမ်းယူလို့မရနိုင်ဘဲ ခြိမ်းခြောက်မှုကို ကြောက်ရွံပြီး ကိုယ်တိုင် လက်လွှတ်အဆုံးရှုံးခံလိုက်တော့မှသာ ဆုံးရှုံး နိုင်တယ်ဆိုတာကို ဦးစွာ နားလည်သဘောပေါက်ထားကြဖို့ လိုသလို၊ တစ်ဦးချင်းစီရဲ့ မွေးရာပါ လူ့အခွင့်အရေး တွေကို ကိုယ့်အခွင့်အရေးနဲ့တန်းတူ လေးစားမှုရှိကြဖို့လည်း လိုအပ်တယ်။ ဒီတော့မှသာ အပြန်အလှန်ရပ် တည်ကာကွယ်ပေးတဲ့ လူ့အဖွဲ့အစည်းဆီကို ဦးတည်နိုင်မှာဖြစ်တယ်။

လူ့အခွင့်အရေးကို ကိုယ်တိုင် စွန့်လွှတ်သွားအောင် မတရားဥပဒေတွေပြဌာန်း၊ လက်နက်တွေနဲ့ ခြိမ်းခြောက် ဖိနှိပ်လာတဲ့အခါမှာ ယိမ်းယိုင်မသွားစေဖို့ ကျွန်တော်တို့ ခေါင်းထဲမှာ အစဉ်သဖြင့် သိမှတ်နားလည်ထားသင့်တာ က လူ့အခွင့်အရေးဆိုတာဟာ လူသားရဲ့ ဂုဏ်သိက္ခာလည်းဖြစ်တယ်ဆိုတာပါပဲ။ လူသားရဲ့ အဆင့်အတန်း လည်းဖြစ်ပါတယ်။ ခြိမ်းခြောက်မှုတွေ၊ သို့တည်းမဟုတ် အလျော်အစား၊ အလဲအလှယ်တွေအပေါ် ယိမ်းယိုင်ပြီး ကိုယ့်အခွင့်အရေးကို ကိုယ်ပြန် သတ်မှတ်၊ ကန့်သတ်၊ စွန့်လွှတ်လိုက်မယ်ဆိုရင် အဲဒီလို သတ်မှတ်၊ ကန့်သတ်၊ စွန့်လွှတ်လိုက်တဲ့သူမှာ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုး၊ လူသားအဆင့်အတန်း ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့ဟာ ကိုယ့်အခွင့်အရေးကို ချရင်း အပေးအယူ၊ အလဲအလှယ်လုပ်ပြီး အသက်ရှင်ရုံ မည်ကာမတ္တ ရှင်သန်နေတဲ့ လူ့အတ္တဘောတွေသက်သက် မဖြစ်ဖို့အရေး ကိုယ့်မွေးရာပါ အခွင့်အရေးနဲ့ အဆင့်အတန်း၊ ဂုဏ်သိက္ခာကို ခုခံကာကွယ်ကြရမှာဖြစ်ကာ ကိုယ်နဲ့ထပ်တူပဲ တ ခြားသူတွေရဲ့ အခွင့်အရေး၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာတွေကိုလည်း ခုခံအကာအကွယ်ပေးကြရမှာဖြစ်ပါတယ်။ ဒါမှ သာလျှင် လူပီသသော၊ လူသားစင်စစ်တို့ရဲ့ လူ့အဖွဲ့အစည်းဖြစ်လာမှာပါ။

ဒါကြောင့် ရှေ့လျှောက်မှာ ကျွန်တော်တို့ဟာ ကိုယ့် မွေးရာပါ အခွင့်အရေးတွေကို ကိုယ်တိုင်လေးစားသော၊ ကိုယ်တိုင် ရဲဝင့်စွာ ကာကွယ်တတ်သော၊ သူတစ်ပါးအခွင့်အရေးတွေကိုလည်း ကိုယ်နဲ့ တန်းတူလေးစားတတ် သော၊ သူတစ်ပါးအခွင့်အရေးကို ဘယ်သူကပဲဖြစ်ဖြစ် ထိပါးလာတဲ့အခါ ခုခံကာကွယ်နေသူဘက်က ဝင်ရောက် ရပ်တည် အကာအကွယ်ပေးတတ်သော၊ ဘယ်လိုခြိမ်းခြောက်ခြင်း၊ စည်းရုံးခြင်း၊ အလဲအလှယ်ပြုခြင်းနဲ့မှ ကိုယ့်အခွင့်အရေးကို အဆုံးရှုံးမခံသော၊ ဘယ်လို ဖိနှိပ်လို့မှ အရှုံးမပေးသော၊ ဒူးမထောက်၊ လက်မမြှောက်သော လူတွေ အဖြစ် တစ်ဦးစီတိုင်း တစ်ဦးစီတိုင်းက ရောက်ရှိလာကြဖို့ လိုပါတယ်။

လူထုရဲ့ မွေးရာပါ အခွင့်အရေးတွေကို လက်နက်အားကိုးနဲ့ အင်အားသုံး ခြိမ်းခြောက်လာတဲ့အခါ လက်လွှတ် အရှုံးပေးလိုက်မယ့်အစား ခုခံတွန်းလှန်တဲ့ဘက်ကနေ သိက္ခာရှိသော၊ အဆင့်အတန်းရှိသော၊ တန်ဖိုးရှိသော လူတိုင်းက ဝင်ရပ်ကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ လူ့အဖွဲ့အစည်းဟာ ကိုယ့်အခွင့်အရေးကိုလည်း ကိုယ်မလေးစား၊ မထိန်းသိမ်း၊ မကာ ကွယ်၊ အဲဒီကနေမှတဆင့် သူတစ်ပါးအခွင့်အရေးကိုပါ မလေးစား၊ အကာအကွယ်မပေးနဲ့ အဆင့်အတန်းတွေ ယုတ်လျော့နေခဲ့တာ ကြာခဲ့ပါပြီ။ ဒါတွေကို သင်ခန်းစာယူပြီး တော်လှန်ရေးကပေး တဲ့ အသိ၊ သတိတွေနဲ့ သိက္ခာရှိသော လူ့အဖွဲ့အစည်းဆီ ပြန်လည်လှမ်းတက်ကြရဖို့အရေးဟာ တော်လှန်ရေးထဲက နောက်ထပ် တော်လှန်ရေး တစ်ခုပဲဖြစ်ပါတယ်။

ဖိနှိပ်ညှင်းဆဲခံရလို့ ကိုယ်ခန္ဓာတွေ ပြင်းပြစွာ ဆင်းရဲနာကျင်နေရလင့်ကစား ကိုယ့်အခွင့်အရေးကို ကိုယ် လက်မလွှတ် အလျော့မပေး၊ ဒူးမထောက် အရှုံးမပေးစတမ်း တိုက်ပွဲဝင်ကြရမှာဖြစ်ပြီး အဲဒီ တိုက်ပွဲဝင်ကြတဲ့သူတိုင်းရဲ့ အတွင်း သန္တာန်မှာ မွေးရာပါ လွတ်လပ်သော လူသား သရုပ်သကန်ဟာ မပျောက်မပျက် ကိန်းဝပ်နေမှာပဲဖြစ် ပါတယ်။ အဲဒီ သရုပ်သကန်ဟာ လူသားရဲ့ သိက္ခာ၊ ဂုဏ်ဒြပ်၊ အဆင့်အတန်း၊ အလံတော်ပဲဖြစ်ပါတယ်။

ဒါကြောင့် အာဏာရှင်တို့ ဘယ်လို ခြိမ်းခြောက် ဖိနှိပ်ပါစေ ကိုယ့်အခွင့်အရေးကိုယ်လေစား၊ ကာကွယ်ရင်း၊ သူတစ်ပါးအခွင့်အရေးကိုလည်း ကိုယ့်အခွင့်အရေးနဲ့ တတန်းတည်း လေးစား၊ အကာအကွယ်ပေးရင်း နောက် ဆုတ်၊ လက်လျှော့မပေးဘဲ လူသား အလံတော်ကို အမြင့်ဆုံး လွှင့်တင်ထားကြပါစို့လို့ တိုက်တွန်းလိုက်ရပါ ကြောင်း…..

လင်းသူ့ဟန်

အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပညာရေးဝန်ထမ်းတချို့ရဲ့ အသံများ – ၂

ပုသိမ်ခရိုင်က ဆရာထက်ခိုင် CDM အလယ်တန်းပြဆရာ

ဖေဖော်ဝါရီ ၆ရက်နေ့ကစပြီးတော့ CDM စလုပ်ခဲ့တာပါ။ စပြီးလုပ်ရတဲ့ ရည်ရွယ်ချက်က ကိုယ့်နောင်လာနောက်သားတွေ အကုန်လုံးကို စစ်အာဏာရှင်လက်အောက်ကို ပြန်ပြီးရောက်မသွားစေချင်တာပေါ့။ အခုလိုမျိုး ဆင်းရဲဒုက္ခတွေ၊ လွတ်လွတ်လပ်လပ် စာသင်ကြားနေတာေတွ ပိတ်ပင်သွားမှာတွေ၊ အကုန်လုံးပါဘဲ တိုင်းပြည်မှာရှိတဲ့ ကျောင်းသားတွေတင်မကဘူး ကလေးတွေ၊ နောက်မျိုးဆက်တွေရော ကိုယ်တွေတုန်းကလိုမျိုးခံစားရမှာကို စိုးရိမ်တာကြောင့် CDM လုပ်ခြင်းအားဖြင့် တတ်နိုင်တဲ့ဖက်ကနေကူပြီးတိုက်ပေးတာပေ့ါ။
လစာကတော့ မတ်လအကုန်လောက်အထိ ရခဲ့သေးတယ်။ အဲ့နောက်ပိုင်းကနေစပြီးတော့ CDM ဝန်ထမ်းဆိုပြီး လစာမရတော့ပါဘူး။
ဝန်ထမ်းအင်အားက ကျနော်တို့မြို့နယ်မှာ ၁၈၀၀ ကျော်ရှိတယ်။ အဲ့အထဲမှာမှ CDM လုပ်တာက ၄၃၀ကေျာ်ရှိတယ်။ ရာနှုန်းအားဖြင့်တော့ ၂၃-၂၄ ရာနှုန်းလောက် CDM လုပ်ကြတယ်။
အထောက်အပံ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့မြို့နယ်က CDM ဆရာတွေကိုတော့ သုံးလပိုင်းကနေစပြီးတော့ အခုအချိန်အထိ NUG ဖက်ကနေေထာက်ပံ့တာမျိုးတော့မရှိဘူး။ ကျနော်တို့ မြို့ကနေစင်ကာပူ ကိုရောက်နေတဲ့ ကျွန်တော်တို့နယ်သားတေွကထောက်ပံ့တာမျိုးတေွရှိတယ်။ ထောက်ပံ့နိုင်တဲ့ပမာဏကနည်းပါးတော့ ကျနော်တို့က တစ်လကို လူတစ်ရာစာလောက်ကို သုံးသောင်းနှုန်းလောက်ပဲ ထောက်ပံ့ပေးနိုင်ခဲ့တယ်။ ဒီလမှာ လူတစ်ရာဆိုရင် နောက်လမှာနောက်လူတစ်ရာထောက်ပံ့တယ်။ တစ်လကို လူတစ်ရာကို သုံးသောင်းနှုန်းနဲ့ထောက်ပံ့ပေးနိုင်ခဲ့တယ်။ အခုအချိန်အထိရှိတဲ့ CDM လူဦးရေအကုန်လုံးကို သုံးသောင်းစီပဲ ထောက်ပံ့ထားနိုင်သေးတယ်။ အကုန်လုံးကို သုံးသောင်း တစ်ကြိမ် ထောက်ပံ့ပေးပြီးသွားပါပြီ။
အခက်အခဲကတော့ အဓိကအားဖြင့် (၃) ပိုင်းခွဲပြောရမယ်။ ပထမကတော့ လုံခြုံရေးရှိမယ်၊ ဒုတိယအဆင့်ကတော့ ငွေရေးကြေးရေး တစ်ခုရှိမယ်၊ နောက်တစ်ခုကကျတော့ တခြားနေရာတစ်ခုခုမှာလုပ်ငန်းတစ်ခုစဖို့အတွက်မှာ ကျနော်တို့ကို CDM ဆိုပြီးတော့ ပစ်ပယ်ထားတာမျိုးတေွရှိတယ်။ ဒီကောင်က CDM မို့လို့ ဒီဌာနမှာအလုပ်မခန့်ဘူး ဒီကုမ္ပဏီမှာအလုပ်မခန့်ဘူး စသဖြင့်ပေ့ါ။ ပထမတုန်းက CDM တေွလိုက်ဖမ်းတယ် ဖမ်းတာကို ရှောင်ရင်းတိမ်းရင်း အဲ့လိုပဲပြေးရင်းလွှားရင်းနဲ့နေနေရတယ်။ နောက်တစ်ခုကတော့ ငွေရေးကြေးရေးပေါ့ စားဖို့သောက်ဖို့ ကျနော်တို့ ဆရာဆရာမတွေက ငွေစုငွေချေးတွေက ငွေ‌ချေးတာတွေရှိတယ်၊ တချို့ဆိုရင် ငွေစုငွေချေးတွေပြန်သွင်းဖို့ပေါ့ တော်တော်လေးကျပ်တည်းကြတယ်။ တချို့ဆရာမတွေဆို တအားခက်ခဲတယ်၊ ဆံပင်တွေဘာတွေဖြတ်ရောင်းပြီး ငွေပြန်သွင်းပေးနေရတဲ့အခြေအနေေတွပါဖြစ်နေတယ်။ တချို့ဆရာမတွေဆိုရင် သူများအိမ်မှာလိုက်ပြီး နေ့စားသဘောမျိုးနဲ့လိုက်လုပ်ပြီး ဒီငွေစုငွေချေးပိုက်ဆံတွေပြန်ပေးနေရတာရှိတယ်။ ကိုယ်ပိုင်စားဖို့ကတော့ ကိုယ့်ဟာနဲ့ကိုယ်လုပ်ကိုင်ရင်းနဲ့ အဆင်ပြေတယ်။ အဲ့ဒီ့ပိုက်ဆံပြန်သွင်းတဲ့ဟာတွေကတော့ တော်တော်လေးခက်ခဲစေပါတယ်။ နောက်ဆုံး တစ်ခုကတော့ တခြားကုမ္ပဏီတွေမှာအလုပ်လျှောက်တာတို့ ဆိုင်တို့မှာအလုပ်လျှောက်ရင် CDM သမားတွေဆို လုံးဝကို လက်မခံရဲဘူး ပစ်ပယ်ထားတာမျိုးရှိတယ်။ CDM တွေကို တကယ်ကူညီပေးမယ့် ကုမ္ပဏီမျိုးတွေ ဆိုင်တွေမျိုးမှာ အလုပ်ရစေချင်တယ် အဲ့ဒါလေးတစ်ခုပါဘဲ။
ကျနော်တို့မြို့နယ်မှာတော့ CDM ဆရာ ဆရာမတွေရဲ့ လုံခြုံရေးက အခက်အခဲအကြီးကြီးတစ်ခုဖြစ်တယ်။ Non CDM ဆရာ ဆရာမတွေတောင်မှ ကျနော်တို့ CDM ေတွကို တိုင်တာတောတာတွေရှိတယ်။ တကယ်တမ်းဆိုရင် သူလည်း ကျောင်းဆရာ ဆရာမ၊ ကိုယ်လည်း‌ကျောင်းဆရာ ဆရာမ၊ ဒါပေမယ့် ခံယူချက်ချင်းမတူတော့ သွားနေတဲ့လမ်းကြောင်းမှာ မတူတော့ဘူး။ ကိုယ့်ဟာကို ကောင်းကောင်းနေတဲ့သူတောင်မှ ဒီလူက CDM ဆရာမ ဆိုပြီး ရဲတို့ စစ်သားတို့ကို Non CDM တွေက သွားသွားပြီးတိုင်တာတေွရှိပါတယ်။ အဓိကလိုအပ်ချက်ကတော့ လုံခြုရေးပေါ့။
လုံလုံခြုံခြုံနေရမယ်ဆိုရင် တခြားအခက်အခဲတွေ စီးပွားရေးအခက်အခဲတွေကို ကိုယ့်ဟာကို ဖြေရှင်းလို့ရတယ် ကျော်လွှားလို့ရတယ်။ မလုံခြုံတဲ့အခါကျတော့ တခြားစီးပွားရေးပါထိခိုက်ကုန်တယ်။ နောက်တစ်ခုကတော့ ငွေရေးကြေးရေးပေ့ါ။ အခုကျနော်တို့ CDM ဆရာ ၄၀၀ ကျော်လောက်ရှိမယ်။ ဒီအထဲမှာ ငွေလိုအပ်နေတာ ၅၀လောက်ပဲရှိမယ်။ တခြားသူတွေကျတော့ သူ့ဟာနဲ့သူ ရှိတဲ့ဟာလေးေရာင်းချစားသောက်နေရင်းနဲ့ ရပ်တည်နိုင်တယ်။ လူအယောက် ၅၀လောက်ကတော့ သွေရေးကြေးရေးအခက်အခဲဖြစ်တယ်၊ ကျနော်တို့ဆီကိုလည်း သူတို့က ကျမတို့ ကျနော်တို့ ဒီလိုအခက်အခဲတွေဖြစ်နေတယ် ဘယ်သူတွေကို ဘယ်လိုမျိုး အကူအညီတောင်းလို့ရပါ့မလဲ ဆိုတာမျိုးတွေမေးတာတွေရှိတယ်။ အလိုအပ်ဆုံးကတော့လုံခြုံရေးပဲ။
အချိန်အတိုင်းအတာနဲ့ပြောမယ်ဆိုရင် ဖေေဖာ်ဝါရီကနေခြောက်လပိုင်းအထိ ကျောင်းမတက်ခင်ကာလတစ်ခုပေ့ါနော် အဲ့ကာလမှာ ကျနော်တို့မြို့နယ်က ဝန်ထမ်းအင်အား ၁၈၀၀ မှာ ၁၀၀၀လောက်က CDM မှာပါဝင်ကြတယ်။ သူတို့တွေက ဆန္ဒပြတဲ့အခါမှာလည်း ပူးပေါင်းတယ် သွားတယ်လာတယ်၊ ဒါပေမယ့် ဇွန် ၁ရက်နေ့ ကျောင်းပြန်ဖွင့်တော့အဲ့လူတွေက ကြက်ပျောက် ငှက်ပျောက်ပျောက်သွားတယ်။ တကယ် CDM လုပ်တဲ့၊ ရင်ထဲမှာ မတရားမှုကိုတကယ် မခံနိုင်တဲ့သူတွေ၊ လမ်းပေါ်ထွက် ဆန္ဒမပြရင်တောင် ရင်ထဲမှာ ယုံကြည်ချက်ခိုင်မြဲတဲ့သူတေွဟာ CDM ဆက်လုပ်ကြတယ်။ စောစောတုန်းကလို လမ်းပေါ်ထွက်အော်ဟစ်ကြပြီးတော့၊ ယူနီဖောင်းနဲ့လမ်းပေါ်ထွက်ခဲ့တဲ့ သူတွေဟာ ရှင်းရှင်းပြောရရင် လူ၁၀၀မှာ ၉၀လောက်က Non CDM ပြန်ဖြစ်သွားကြတယ်။
Non CDM မှာ လုံးဝကြီးကို Non CDM လုပ်လိုက်တဲ့သူတွေရှိတယ်။ တချို့ကကျေတာ့ လုံခြုံရေးကြောင့်၊ မိသားစုကြောင့် Non CDM ပြန်လုပ်လိုက်ရတဲ့သူတွေရှိတယ်၊ CDM လုပ်ချင်ရဲ့သားနဲ့ Non CDM လုပ်လိုက်ရတဲ့သူတွေပေ့ါ။ နောက်တစ်မျိုး Non CDM ကကျတော့ Non CDM သာဖြစ်နေတာ ကျနော်တို့ လိုချင်တဲ့သတင်းအချက်အလက်မှန်သမျှကို ယူပေးတဲ့၊ ငွေရေးကြေးရေးဆိုရင်လည်း သူတို့ရဲ့ လစာအကုန်လုံးနီးပါးကို ကျနော်တို့ကို ထောက်ပံ့ပေးတဲ့သူတွေလည်းရှိတယ်ပေါ့နော်။ ပြန်ခွဲလိုက်မယ်ဆိုလို့ရှိရင် Non CDM အကုန်လုံးကို သဘောတစ်ခုတည်းထားလို့မရဘူး။ ကလေးစကားနဲ့ပြောမယ်ဆိုရင် ရှယ် Nonတွေပေ့ါ၊ စစ်တပ်ကိုမှကြိုက်တယ်၊ သူတို့ စစ်တပ်ကိုပဲ လုံးဝအားပေးနေတဲ့သူတွေပေ့ါ ကျနော်တို့ ခေါ်တာတော့ ရှယ် Non ပေါ့၊ နောက် ဒုတိယအဆင့်ကျတော့ Non တော့ Non တယ် သိပ်ပြီးတော့ Non တာတော့မဟုတ်ဘူးပေ့ါ၊ လူကသာ Non CDM ဖြစ်နေတာ ငွေရေးကြေးရေးဆိုရင်လည်းလုံးဝကို ထောက်ပံ့ပေးတယ် ကျနော်တို့ဖက်ကို ကြည့်တဲ့ Non CDM တွေလည်းရှိတယ်။ အဲ့လို နှစ်မျိုးတော့ခွဲပြောဖို့လိုမယ်။
လက်ရှိဦးဆောင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ NUG အစိုးရကို အဓိကပြောချင်တာကတော့ လစာဘာညာ မထောက်ပံ့ပေးနိုင်တာကို တော်လှန်ရေးကာလဆိုတော့နားလည်ပါတယ်။ ဒါပေမယ့် လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့၊ CDM ဆက်လုပ်နေတဲ့သူတေွကို ကူညီပေးနိုင်မယ့်အနေအထားလေးတွေရှိရင် ကူညီပေးစေချင်ပါတယ်။ CDM ဆရာ ဆရာမ တစ်ေယာက်ချင်းဆီတိုင်းကို၊ စစ်တပ်ကတောက်လျှောက် ဖမ်းချင်စီးချင်နေတာဆိုတော့ ကျနော်တို့ကို ကာကွယ်ပေးစေချင်တာ တစ်ခုတော့ရှိပါတယ်။ ကျန်တဲ့ ငွေရေးကြေးရေးဘာညာမှာတော့ ကျနော်တို့ ဆရာ ဆရာမတွေက နားလည်ပြီးသားလေ။ အဓိကကတော့ ဒီကောင်တွေကို သတ်နိုင်ဖို့ ကျနော်တို့ဖက်က လက်နက်ဝယ်ရမယ် ကျည်ဆံဝယ်ရမယ် ကျနော်တို့ဖက်က ‌ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးတော့ ဘာမှတော့မမျှော်လင့်ဘူးလို့ ပြောချင်ပါတယ်။

လုပ်သားစာမျက်နှာ

အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပညာရေးဝန်ထမ်းတချို့ရဲ့ အသံများ – ၁

စစ်ကျွန်ပညာရေးကိုအဆုံးသတ်နိုင်ဖို့အတွက် ပညာရေးသပိတ်ကို ဆက်မှောက်ကြဖို့ ကျောင်းသားသမဂ္ဂတွေက တိုက်တွန်းထားပါတယ်။ တဖက်မှာလည်း ဖက်ဆစ်စစ်အာဏာရှင်တေွက လူ့အဖွဲ့အစည်းပုံမှန် ပြန်လည် လည်ပတ်နိုင်ရေးကို ဖိနှိပ်မှုအပြည့်နဲ့ လက်နက်အားကိုးလုပ်ဆောင်လျက်ရှိပါတယ်။ ဒီလိုကာလမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြ၊ ပါဝင်နေကြတဲ့ (CDM) ဆရာ ဆရာမတွေရဲ့အခက်အခဲတွေ၊ သူတို့အသံတွေကို တင်ဆက်လိုက်ရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက မူလတန်းပြဆရာ CDMတစ်ဦး

ကျွန်တော်တို့က အာဏာသိမ်းတယ်ဆိုတဲ့နေ့ကတည်းကစပြီးတော့ CDM လုပ်တယ်။ အကြောင်းအရင်းကတော့ မှန်နေတဲ့အရာတစ်ခုကို အမှားကြီးဆိုပြီးတော့ တော့ကျွန်တော်တို့ မလုပ်နိုင်ဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ဂုဏ်သိက္ခာပိုင်းပေ့ါ။ ရွေးကောက်ပွဲရလာဒ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆရာ၊ ဆရာမတွေအားလုံး သေသေချာချာ မှန်မှန်ကန်ကန်လုပ်ခဲ့ကြပါတယ်။ ကွျန်တော်တို့ ကျောင်းမှာဆိုရင် Live လွှင့်တာတွေဘာတွေအထိပါ လုပ်ပေးခဲ့တယ်။ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမှာတော့ ကျွန်တော်တို့အနေနဲ့က အမှန်တရားတစ်ခုကို အမှားလို့ မလုပ်နိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဂုဏ်သိက္ခာအတွက် CDM လုပ်ခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ နိုင်ငံက အများကြီးတိုးတက်လာတယ်။ အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့တာ။ မြန်မာက အရှေ့တောင်အာရှမှာ ဦးမော့လာနေတဲ့အချိန်မှာ ရုတ်တရက်ကြီး ဒီလိုလုပ်ချလိုက်တာကို ကျနော်တို့က လက်မခံနိုင်ဘူး။ ကျွန်တော်တို့က ရှေ့တုန်းကအတိုင်း ပြန်နိမ့်ကျမယ့်အနေအထားတစ်ခုကို မလိုချင်ဘူး။ ပညာရေးစနစ်သည် စနစ်သစ်ဖြစ်လာတဲ့အခါ ဒီစနစ်ထဲမှာ ကလေးတွေက အများကြီးတိုးတက်လာတယ်။ ပွင့်ပွင့်လင်းလင်း ပြောနိုင်ဆိုနိုင်တဲ့ကလေးတွေအများကြီး။ လက်ရှိကျောင်းတွေမှာ သင်နေရတဲ့ သင်ရိုးညွှန်းတမ်းတွေ၊ လုပ်ဆောင်မှုတွေက ဒီ ၂၁ရာစုနဲ့အညီ ခေတ်မီပြီးတော့ တိုးတက်နိုင်တဲ့ အခွင့်အလမ်းတေွအများကြီးရှိပါတယ်။ အဲ့ဒီအခွင့်အရေးတေွအများကြီး ဆုံးရှုံးသွားတယ်။ အဲ့ဒါကြောင့်မို့ CDM လုပ်ခြင်းဖြစ်တယ်။ CDM လုပ်တာက ကျွန်တော်တို့ ဆန္ဒစပြတဲ့အချိန်ကပေါ့နော်။ ပထမတော့ ကျွန်တော်တို့ သတင်းအမှားလေးတွေကြောင့် ကြန့်ကြာကုန်တယ်။နောက်ပိုင်းသိတဲ့အခါကျတော့မှ ဆန္ဒပြတာတွေကို ဦးဆောင်လုပ်ခဲ့ကြတာ။ (သတင်းအမှားဆိုတာက ၇၂ နာရီအတွင်း ဆန္ဒမပြရဘူးဆိုပြီး ထွက်ခဲ့တဲ့ သတင်းကိုပြောတာဖြစ်ပါတယ်။ တခါမှ အတွေ့အကြုံမရှိဖူးတော့ မသိဘူးပေ့ါဗျာ အရှင်းဆုံးပြောရရင်။)ကျွန်တော်တို့ လစာ မရတော့တာက သုံးလပိုင်း(မတ်လ) ကတည်းက စပြီးမရတော့တာ၊ နှစ်လပိုင်း(ဖေဖော်ဝါရီလ) အထိကရလိုက်သေးတယ်။ သုံးလပိုင်းကစပြီးမရတော့ဘူး ဒါပေမယ့် ငါးလပိုင်းမှာ NUG ကနေထာက်ပံ့တယ်ဆုိပြီးတော့ ငါးသောင်းတစ်ခါရတယ်။ အဲ့ငါးသောင်းတခါရပြီးနောက်ပိုင်းကတည်းက ပေျာက်သွားတယ်စာရင်းတေွတောင်းတယ်။ ၇လပုိင်းလောက်မှာ သုံးသောင်းဆီ တစ်ခါရတယ်။ ဒါကလည်း အကုန်လုံးရတာမဟုတ်ဘူး။ ကျနော်တို့ မြို့နယ်မှာဆို ၇၄ ယောက်ရှိတယ်။ အဲ့အထဲမှာမှ အရမ်းခက်ခဲတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရှောင်ပုန်းနေရတဲ့သူတွေအတွက်ကို အဓိကထားပြီးတော့ စီစဥ်တယ်။ အဲ့လိုလူတွေပဲရတယ်။ ဒါကတော့ ကျနော်တို့ အဖွဲ့ရဲ့ အတွေ့အကြုံပါ။ စုစုပေါင်း နှစ်ကြိမ်ပေ့ါခင်ဗျာ ထောက်ပံ့ကြေးရပါတယ်။ ငါးသောင်းတစ်ခါ သုံးသောင်းတစ်ခါ။ ကိုယ်ဝန်ဆောင်တွေနဲ့ တစ်နှစ်အောက်ကလေးရှိတဲ့သူတွေ၊ အရမ်းခက်ခဲတဲ့သူတွေကို တခြားအကြောင်းကြောင့် ‌ရှောင်ပုန်းနေရတဲ့သူတွေကို ဦးစားပေးလုပ်ဖြစ်တယ်။ တစ်သီးပုဂ္ဂလ အနေနဲ့ ထောက်ပံပေးကြတာတော့မရှိဘူးခင်ဗျ။ အခက်အခဲကတော့ တစ်ေယာက်နဲ့ တစ်ေယာက်နဲ့မတူဘူးပေ့ါ။ ကျနော်တို့လိုမျိုး ဓာတ်ပုံနဲ့ ဦးဆောင်နေရာကနေပါတဲ့သူတေွကကျတော့ သတိထားရတယ်ဗျ။ နည်းနည်းလေးအဆင်ပြေလို့ ပြန်လာလို့ရတဲ့သူတေွရှိတယ်၊ တချို့ကနာမည်ကြီးတွေဖြစ်ပြီးတော့ ပြန်လာလို့မရတာတွေလည်းရှိတယ်။ လုံခြုံရေးအတွက် အခက်အခဲတစ်ခု။ နောက်တစ်ခုက သာမန်အတိုင်းပဲ လှုပ်ရှားမှုမှာပါလိုက်တယ် ဒါပေမယ့် မိသားစုမှာ ငွေကြေးမပြေလည်တဲ့လူတွေပေ့ါ။ တချို့ ပညာရေးဝန်ထမ်းတေွဆိုရင် လိုင်းခန်းမှာ နေရာပေးထားတာဆိုတော့ အခုဆိုရင် အဲ့နေရာတေွကနေစွန့်ခွာပေးရတာေတွရှိလာပါတယ်။ ကိုယ့်ဟာကိုယ်ရပ်တည်ကြရတော့ အဆင်မပေြကြဘူးဗျ။ နောက်တစ်ခုဖြစ်တာက ကျွန်တော်တို့ကို Removal ထွက်လိုက်ပြီ၊ အလုပ်ဖြုတ်လိုက်ပြီ ဆိုတော့ ကျွန်တော်တို့က နောက်အလုပ်တစ်ခုကို ေလျှာက်တဲ့အခါမှာ (များသောအားဖြင့်) CDM သမားတေွဖြစ်လို့ဆိုပြီးတော့ အလုပ်မခန့်ကြဘူး။ ကုမ္ပဏီအများစုေပါ့၊ ကိုယ့်အသိတေွတောင်ပါတယ်။ ကျနော် လစာ ၂သိန်းခွဲလောက်ရမယ့် အလုပ်တစ်ခုရဖို့အခွင့်အရေးရတယ် ကျွန်တော်မလုပ်ဖူး အဆင်မပြေတဲ့သူတွေ လုပ်လို့ရအောင် ချိတ်ပေးလိုက်တယ်။ ဖောင်တွေကူဖြည့်ပေးတယ်။ Supervisor က လက်ခံလိုက်တယ် ဒါပေမယ့် မန်နေဂျာက ကျွန်တော်တို့ အထဲမှာ CDM သမားတွေပါတာကြောင့် အဲ့အလုပ်လျှောက်တဲ့သူကိုပယ်ဖျက်လိုက်တယ်။ အဲ့လိုမျိုးကြုံဖူးပါတယ်။ အဲ့လိုမျိုး အလုပ်အကိုင်အခက်အခဲပေ့ါနော်။ Supporting ဘာညာမရရင်တောင်မှာ ကိုယ့်ဟာကို အလုပ် လုပ်ဖို့ကြိုးစားတာတောင်မှ အခက်အခဲရှိနေတယ် လုံခြုံရေးအရပြဿနာရှိတဲ့ CDM တွေအတွက်ဆိုရင် တခြားသူတွေက သူတို့ကိုထောက်ပံ့ရင် ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်။ ငွေရေးကြေးရေးအခက်အခဲ ကတော့အဓိကပါဘဲ။ သူတို့လည်း အသက်ရှုချောင်တာပေါ့။ အဓိကကတော့ငွေကြေးအခက်အခဲပေ့ါနော်။ ကျနော့်အဖွဲ့ထဲက ကိုယ့်ထက်ငယ်တဲ့ ညီတွေဆိုရင် ၆လပိုင်းလောက်အထိတော့ တောင့်ခံနိုင်သေးတယ်။ ကြားထဲမှာတော့ လစာမရဘူးပေ့ါ။ မိသားစုက ဒီတစ်ေယာက်တည်းရဲ့ ဝင်ငွေကိုပဲ အားကိုးနေရတဲ့ မိသားစုတွေလည်းရှိတယ်။ ဒီဝင်ငွေတစ်ခုတည်းအပေါ်မှာပဲရပ်တည်ရတာပေါ့။ ကျပ်တည်းကြတယ်။ အပြင်အလုပ်ကလည်း လုပ်မရဘူး၊ ရှာပေးတဲ့အလုပ်ကလည်း အဆင်မပြေ။ အပြင်အလုပ်ကို ကိုယ်တိုင်လည်း သိပ်မလုပ်တတ်ကြတော့ ဒီကလေးတေွမှာ CDM ကနေ၊ Non CDM ပြန်ဖြစ်သွားတာတွေလည်းရှိတယ် ကျနော်တို့အဖွဲ့ထဲမှာ။ သူတို့အလုပ်ပြန်ဝင်သွားကြသူတွေတောင် လစာ မရကြသေးဘူး။လက်ရှိနိုင်ငံရေးမှာ ဦးဆောင်နေသူတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကတော့ ဘာမှပြောလို့ရမယ်မထင်ဘူး ‌ပြောလည်း ဘာမှဖြစ်မယ်မထင်ဘူး။ကျနော်တို့ကတော့ အခက်အခဲတွေအများကြီးနဲ့ဖြစ်နေပြီးဆိုတော့ လက်ရှိဒါကြီးကို မြန်မြန်လေးပြီးအောင် ကြိုးစားပေးစေချင်တာတစ်ခုပါဘဲ။ အခက်အခဲတွေကလည်းအများကြီးရှိတာဆိုတော့ အဲ့ဒါလေးတစ်ခုပါဘဲ။

ပညာရေးသည် လွတ်မြောက်ခြင်းအတွက်

အမျိုးသားနေ့ဟာ ပထမကျောင်းသားသပိတ်ကို အစွဲပြုပြီး ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ အမျိုးသားကျောင်း တွေ၊ အမျိုးသားကောလိပ်တွေ ပေါ်ပေါက်လာရာနေ့လည်းဖြစ်တယ်။ တနည်းဆိုရရင် တစ်ခေတ်တစ်ခါက သူတို့ကို ပေးအပ်ထားတဲ့ ပညာရေးစနစ်ကို မလိုလားတော့ဘဲ သူတို့လိုလားတဲ့ ပညာရေး၊ သူတို့သင်ယူလိုတဲ့ ပညာရေးရှိရာကို ဦးတည်တော်လှန်ခဲ့ကြတဲ့ နေ့အခါသမယဖြစ်ပါတယ်။
ပညာရေးဟာ နိုင်ငံတစ်နိုင်ငံမှာ ဘယ်လောက် အရေးပါသလဲဆိုတာကို ပြောဖို့လိုအပ်မှာမဟုတ်ပါဘူး။ သို့သော် ဘယ်လို ဘယ်ပုံ အရေးပါသလဲဆိုတာကိုတော့ ပြောကြရမှာဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရဦးစီးတဲ့ပညာရေး စနစ်တွေဟာ သံသယနဲ့ ချဉ်းကပ်ဖို့ အလိုအပ်ဆုံး ပညာရေးစနစ်တွေပါပဲ။ အကြောင်းကတော့ အုပ်ချုပ်သူ အစိုးရတွေဟာ သူတို့လိုချင်တဲ့ နိုင်ငံ၊ သူတို့လိုချင်တဲ့ နိုင်ငံသားတွေ ရရှိဖို့အရေးအတွက် ပညာရေးစနစ်ကို ပုံစံ ချကြတာဖြစ်လို့ပါပဲ။
ဆိုတော့ ဗြိတိသျှတို့ဟာ သူတို့လက်အောက်ခံ ဗမာနိုင်ငံကို သူတို့ အုပ်ချုပ်ချင်တဲ့ပုံစံအတိုင်းဖြစ်အောင် ပညာ ရေးစနစ်ကို ပုံစံချတယ်။ အဲဒီ စနစ်တစ်ရပ်ကို သိမြင်နိုးကြားသူ ကျောင်းသားတွေက ဦးဆောင်ပြီး တော်လှန် သပိတ်မှောက်ခဲ့ကြတယ်။ အဲဒီကနေမှ အဲဒီလှုပ်ရှားမှုကနေ မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသားခေါင်းဆောင် တွေဟာ လွတ်မြောက်ရေးခေါင်းဆောင်တွေအထိ ရောက်ရှိလာခဲ့ကြတယ်။
သို့သော် ကံမကောင်းအကြောင်းမလှစွာနဲ့ လွတ်လပ်စ ဗမာနိုင်ငံဟာ အာဏာမက်မောသူ အာဏာရှင်တွေရဲ့ လက်ပြောင်းလက်လွှဲအတွင်းမှာ အလူးလူး အလိမ့်လိမ့်ဖြစ်ခဲ့ရပြီး အဲဒီအာဏာရှင်တွေကပဲ သူတို့ အုပ်ချုပ်ရ လွယ်ကူမယ့်၊ သူတို့ သက်တမ်းကို ရှည်ကြာစေမယ့် ပညာရေးစနစ်တစ်ခုကို မွေးထုတ် လည်ပတ်လို့ သူတို့ လို ချင်တဲ့၊ သူတို့အုပ်ချုပ်လို့ရမယ့် နိုင်ငံသားတွေကို ကျုံးသွင်းလေ့ကျင့်ပြန်ပါတော့တယ်။
ဒါကိုလည်း ခေတ်အဆက်ဆက် နိုးကြားသူကျောင်းသားများက တော်လှန်ခဲ့ကြပါတယ်။
ပညာကို လေ့လာဆည်းပူးသင်ယူရခြင်းရဲ့ ရည်ရွယ်ချက်ဟာ တကယ်တမ်းမှာတော့ သိမြင်ပွင့်လန်းပြီး လွတ် လပ်ခြင်းဆီကို ဦးတည်စေဖို့ဖြစ်ပါတယ်။ ဒါဟာ ပညာရေးရဲ့ ပန်းတိုင်ဖြစ်ပါတယ်။ ပိုမို သိမြင်ပွင့်လန်း၊ ပိုမို လွတ် လပ်ခြင်းဆီကို တစ်ဦးတစ်ယောက်ချင်း၊ တစ်စုတစ်ဖွဲ့ချင်း ဦးတည်သွားစေဖို့ဟာ ပညာရေးရဲ့ အနှစ်သာရပါ။ သို့သော်လည်း လွတ်လပ်ပွင့်လန်းမှု၊ သိမြင်နိုးကြားမှုကို မလိုလားတဲ့ အာဏာရှင်တွေဟာ သူတို့ရေးဆွဲထားတဲ့ ပညာရေးစနစ်ကို အပိတ်ပုံစံသာ ဖန်တီးပြီး အနှစ်သာရကို ဖျက်ဆီးပစ်ခဲ့ပါတယ်။
ပညာရပ်တွေဟာ အစဉ်သ ဖြင့် တိုးတက်ဖြစ်ပေါ် ပြောင်းလဲနေတဲ့သဘောရှိတဲ့အတွက် ပညာရေးဟာလည်း လိုက်ပါပြီး ဆင့်ကဲပြောင်းလဲ၊ ခုန်လွှားပြောင်းလဲ၊ တော်လှန်ပြောင်းလဲနေရမှာဖြစ်ပါတယ်။ သို့သော်လည်း အာဏာရှင်တို့လက်အောက်က ပညာရေးကတော့ ရေသေအိုင်လို အစီးအဆင်း အလှုပ်အခတ်၊ ပြောင်းလဲတိုးတက်မှုမရှိ၊ ပုပ်အဲ့ဆွေးမြေ့လို့သာ နေတယ်ဆိုတာကို အဲဒီစနစ်ထဲ ဖြတ်သန်းခဲ့ဖူးကြသူတိုင်း ကောင်းကောင်း သိထားကြပြီးသားပါ။ အဲဒီအပြင် ပညာရေးစနစ်ထဲမှာ အကျုံးဝင်တဲ့ သင်ကြားရေးစနစ်မှာကိုပဲ အာဏာရှင်ဆန်မှုတွေ၊ ထက်အောက် ဖိနှိပ်မှုတွေ၊ မဟာဖိုဝါဒဆန်မှုတွေ၊ တစ်စုတစ်ဖွဲ့တည်း၊ အမှတ်သရုပ်တစ်ခုတည်းကိုပဲ ဗဟိုပြုမှုတွေ ပုံစံအမျိုးမျိုးနဲ့ထည့် သွင်းထားသလို၊ သင်ကြားမှုဆိုင်ရာ ပြဌာန်းချက်တွေထဲမှာလည်း ဦးနှောက်ကို သင်းသတ်ထားတဲ့၊ တိုးတက် ပြောင်းလဲမှုကို ဆန့်ကျင်တဲ့၊ ဇာတိမာန်ကို အလွန်အင်မတန် ဖောင်းပွစေတဲ့ ပြဌာန်းမှုတွေသာ ပြဌာန်းထားခဲ့ကာ နိုင်ငံအတွင်း အကျုံးဝင်တဲ့ အခြားသော လူမျိုးစုအုပ်စုတွေ၊ ယဉ်ကျေးမှုအုပ်စုတွေ၊ ဘာသာရေးအုပ်စု တွေရဲ့ သမိုင်း၊ ယဉ်ကျေးမှုနဲ့ အမြင်တွေကို ရည်ရွယ်ချက် ရှိရှိဖယ်ချန်ခဲ့တာမျိုးတွေဟာလည်း အထင်အရှား မြင်ခဲ့ ရမှာဖြစ်ပါတယ်။
ဒါကြောင့်ပဲ ဒီအာဏာရှင်တို့အလိုကျ ပညာရေးစနစ်ကို တော်လှန်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ပညာရေးစနစ်တစ်ခုကို ကြည့်တာနဲ့ အဲဒီနိုင်ငံတစ်ခုဟာ ဘယ်လို နိုင်ငံအဖြစ်ဆီကို ဦးတည်နေတယ်ဆိုတာ သိ သာထင်ရှားပါတယ်။ အာဏာရှင်အလိုကျ၊ အပိတ်စနစ်တစ်ခုအောက်မှာ သင်ယူနေပြီး အတန်းတွေအောင်၊ ဘွဲ့ လက်မှတ်တွေ ရရုံနဲ့တော့ ပညာတတ်ဖြစ်လာဖို့ဆိုတာ ဝေးနေမှာဖြစ်ပြီး ပညာတတ်တစ်ယောက်ထက် အလုပ်ခွင်ဝင်ခွင့် (တစ်နည်း) ထမင်းစားလက်မှတ်ရရုံရထားတဲ့ ဘွဲ့(လက်မှတ်) ရတစ်ယောက်ပဲ ဖြစ်လာဖို့ရှိ ပါတယ်။ အကြောင်းကတော့ နိုင်ငံအဝှမ်းကို လိုသလို ချယ်လှယ်ပြီး ချုပ်ကိုင်လိုတဲ့ အာဏာရှင်တွေဟာ သူတို့ရဲ့ နိုင်ငံသားတွေကို အသိအမြင်ပွင့်လင်းပြီး ဝေဖန်ဆန်းစစ်၊ လေ့လာစေ့ငှနေတာထက် ထမင်းစားနိုင်ရုံ၊ မည်ကာမတ္တအသက်ရှင် နေနိုင်ရုံ၊ အလုပ်နဲ့ အိမ်အကြား တစ်ခါတစ်ရံ အပျော်အပါးလေး အမောပြေလိုက်စား ရင်း လူးလာခေါက်ပြန် မနားစတမ်းပြေးလွှားနေရတဲ့ ဖိနှိပ်ခံလူသားတွေအဖြစ်ကိုသာ ပိုမိုလိုလားတာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ထမင်းစားလက်မှတ် (တစ်နည်း) အောင်လက်မှတ်၊ ဘွဲ့လက်မှတ်ကလေး ရချင်ရုံအတွက်နဲ့ အာ ဏာရှင်တို့ ထောင်ဖမ်းထားတဲ့ မြုံးသဖွယ် ကျောင်းခန်းတွေထဲ ဝင်ထိုင်ပြီး သူတို့ လက်ဝေခံသင်ကြားပေးတဲ့ အာဏာရှင်ကျွန်ဖြစ် ပညာရေးစနစ်ကို သင်ယူနေတာဟာ ကိုယ်တိုင် အရှုံးပေးနေတာနဲ့ ဘာမှတော့ မခြားနား လှပါဘူး။
ကျွန်တော်တို့ နိုင်ငံမှာ အများစုဟာ ပညာရေးနဲ့ ပတ်သက်ရင် မေးခွန်းတွေ ထုတ်ကြတာ နည်းပါးပါတယ်။ သင် ရမှာမို့လို့ သင်၊ တက်ရမှာမို့လို့ တက်တာနဲ့ အလုပ်အကိုင်ကောင်း ဝင်ငွေကောင်းဖို့ သင်၊ နေရာကောင်းရာထူး ကောင်းရဖို့ တက် တာလောက်ပဲ ကွာခြားပြီး မိမိ တကယ်သင်ယူလိုတာ ဘာလဲ၊ ဘာကြောင့် ဒီပညာရပ်တွေကို သင်ယူနေရတာလဲ၊ ဘယ်နေရာမှာ အသုံးချမှာလဲဆိုတဲ့ မေးခွန်းတွေနဲ့ လက်တွေ့ကျကျ ချိန်ထိုးစဉ်းစားကြတာ အလွန်ကိုပဲနည်းပါးပါတယ်။ ဒါကြောင့် ပညာရေးလိုဆိုကာ အစိုးရအလိုကျကျောင်းခန်းတွေထဲ ဝင်ထိုင်၊ အစိုးရ အလိုကျဆွဲထားတဲ့ ဘာသာရပ်တွေကို ဘာအတွေးမှ မရှိဘဲ သင်ယူနေခဲ့ကြတာဖြစ်ပါတယ်။ တစ်ချက်လောက် ရပ်ပြီး ဘာကြောင့်များ မြန်မာစာသင်နေပါလိမ့်၊ ဘာကြောင့်များ အင်္ဂလိပ်စာသင်နေပါလိမ့်၊ ဘာကြောင့်များ သင်္ချာကို သင်နေပါလိမ့်၊ ဘယ်နေရာမှာ ဘယ်အတိုင်းအတာအထိ အသုံးချရမှာပါလိမ့်လို့ စဉ်းစားတာမျိုး၊ ငါ တကယ် သင်ယူလိုတာ ဘာလဲ၊ ငါ တကယ် တတ်မြောက်လိုတာ ဘာလဲလို့ တွေးတောကြည့်တာမျိုးဟာ အလွန်ကို ရှားပါးလှတဲ့ ကိစ္စတွေပါ။ စည်းနှောင်ထားတဲ့ စနစ်ကိုယ်တိုင်ကလည်း အဲဒီလိုမျိုးတွေးဖို့ ခွင့်မပြုထား သလို အာဏာရှင်အလိုကျပညာရေးစနစ်ထဲကနေ မွေးထုတ်ခံထားရတဲ့ မျိုးဆက်အဆက်ဆက်ကလည်း အဲဒီ လို မေးခွန်းတွေကို အစဉ်တစိုက် ဖိနှိပ်သတ်ဖြတ်ပစ်ခဲ့ကြတာမဟုတ်ပါလား။
လက်ရှိ မျက်မှောက်ကာလ ကမ္ဘာ့အခင်းအကျင်းမှာ ပညာရေးအပေါ် ချဉ်းကပ်ပုံနဲ့ ပညာရေးရဲ့ အသွင်ဟာ ပြောင်းလဲလို့ သွားခဲ့ပါပြီ။ ကိုယ် သင်ယူလိုတဲ့ ဘာသာရပ်၊ ကိုယ် သိကျွမ်း၊ တတ်မြောက်လိုတဲ့ ဘာသာရပ် တွေကို ကျောင်းခန်းလွတ်၊ ကိုယ်တိုင် ရှာဖွေ သင်ယူလို့ရနိုင်တဲ့နေရာတွေ Online မှာ အလွန်တရာကို ပေါ များလာခဲ့ပြီဖြစ်ကာ အခမဲ့အတန်းတွေ၊ အခမဲ့နီးနီး သင်တန်းတွေအပါအဝင် ပုံစံမျိုးစုံနဲ့ လေ့လာသင်ယူလို့ရရှိ နေနိုင်ပါပြီ။ စာအုပ်စာတမ်းတွေ၊ ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေဟာလည်း အင်တာနက်မှာ လိုအပ်သလို ရှာဖွေ စုဆောင်း ဆည်းပူးလို့ရနေပါပြီ။ ပညာရေးကိုယ်တိုင်ကိုက ပိုမိုလွတ်လပ်သော ပွင့်လင်းသော အသွင်သဏ္ဍာန် ကို ဆောင်လာခဲ့ပါပြီ။ အထက်တန်းနဲ့ ကောလိပ်ပညာရေး တတ်မြောက်မှုမှာ ထိပ်တန်းရောက်နေတဲ့ ဖင်လန် နိုင်ငံမှာဆိုရင် ကျောင်းချိန်တွေကို လျော့ချ၊ အိမ်စာပေးတဲ့စနစ်ကို ဖျက်သိမ်းလို့၊ ကျောင်းသားတွေကို ပြင်ပ လေ့လာချိန်တွေ၊ တွေ့ကြုံချိန်တွေ ပိုပေးတဲ့ စနစ်ကို ပြောင်းလဲခဲ့ပြီး ကောင်းကောင်း အလုပ်ဖြစ်နေတာကို တွေ့ကြရပါတယ်။ အဲဒီလိုပဲ တစ်ချို့သောနိုင်ငံတွေမှာလည်း ကျောင်းသား သင်ယူလိုတဲ့ အကြောင်းအရာ ဘာသာရပ်ကို ဆရာနဲ့ ပူးပေါင်းလေ့လာတဲ့ စနစ်မျိုးသာရှိတော့ပြီး ပြဌာန်သင်ရိုးဆိုတာကိုတောင် ပယ်ဖျက် ပစ်လိုက်ကြပါပြီ။ ဒါဟာ ကမ္ဘာကြီးရဲ့ ပညာရေး အရွေ့ပါ။
ခေတ်ကာလတစ်ခုမှာရှိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သူတို့ နေထိုင်ပြောဆို၊ ဆက်ဆံဝတ်စားဆင်ယင်ထုံးဖွဲ့ခဲ့ရာ ဓလေ့ထုံးတမ်းများ၊ သူတို့ ချန်ရစ်ခဲ့တဲ့ အဲဒီကာလအပိုင်းအခြားတစ်ခုရဲ့ ယဉ်ကျေးမှုများဟာ အဲဒီနိုင်ငံရဲ့ အဲဒီကာလက ရရှိနိုင်သော (သို့တည်းမဟုတ်) ရရှိဖို့ ကြိုးစားခဲ့သော ပညာရေး ရဲ့ အရည်အသွေးနဲ့ သက်ဆိုင်ပါတယ်။ ရရှိနိုင်သော ပညာရေးဟာ နိုင်ငံသားများအတွက် အပြုခံသဘော ဆောင်ပြီး ရရှိဖို့ ကြိုးစားခဲ့သော ပညာရေးကတော့ အပြုသဘောဆောင်တဲ့ ပညာရေးဖြစ်ပါတယ်။ မျက်မှောက် ခေတ် ကမ္ဘာပညာရေးဟာ ဒုတိယပုံစံ ပညာရေးဆီကို အသွင်ကူးပြောင်းနေကြပါပြီ။
ကျွန်တော်တို့အနေနဲ့လည်း အာဏာရှင်အလိုကျပညာရေးကို တော်လှန်ပြီး ပိုမိုလွတ်လပ်ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု၊ နိုင်ငံတစ်ခုဆီကို သွားနိုင်မယ့် ပညာရေးဆီ ဦးတည်ကြရမှာဖြစ်ပါတယ်။ အဲဒီလို တော်လှန်ကြတဲ့အခါ ဦးစွာ အမြစ်ဖြတ်ပစ်ရမယ့် ပုံသေကားကျအတွေးတွေက ရှိနေပါသေးတယ်။ အဲဒါကတော့ ပညာရေးကို အစိုးရ ကဖွင့်ထားတဲ့၊ သို့တည်းမဟုတ် အစိုးရက ဖွင့်ခွင့်ပြုထားတဲ့ ကျောင်းတွေ၊ ကျောင်းခန်းတွေ၊ ဆရာတွေဆီက နေ တဆင့်သာ ရရှိနိုင်တယ်၊ အစိုးရက ပြဌာန်းထားတဲ့၊ သို့တည်းမဟုတ် အစိုးရက ပြဌာန်းခွင့်ပြုထားတဲ့ ပြဌာန်းချက် ဘောင်တွေအတွင်းကပဲ လေ့လာနိုင်တယ်၊ အစိုးရက အသိအမှတ်ပြုထားတဲ့၊ သို့တည်းမဟုတ် အစိုးရက အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းတစ်ခုက ထပ်ဆင့်အသိအမှတ်ပြုထားတဲ့ တတ်မြောက် ကြောင်း လက်မှတ်တွေကသာ (အမှန်တကယ် လက်တွေ့ တတ်မြောက်သော အသိပညာ၊ အတတ်ပညာကို ကျော် လွန်ပြီး) တရားဝင်တယ်၊ အကျုံးဝင်တယ်၊ အသုံးဝင်တယ်ဆိုတဲ့ အသားကျနေတဲ့ အတွေးတွေပဲဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ တတ်မြောက်လိုတာကို လေ့လာတတ်မြောက်နိုင်တဲ့ ခေတ် ကာလကြီးထဲ ရောက်ရှိနေကြပြီဖြစ်ပြီး ကိုယ်တိုင် အားထုတ်ကြဖို့ပဲလိုအပ်ပါတယ်။ သင်ယူလေ့လာမှု ပုံစံကို ပြောင်းလဲလိုက်ရုံနဲ့တင် အားလုံး အဆင်ပြေသွားမှာဖြစ်ပါတယ်။ သို့သော် အထက်က အတွေးအထိုင်ဟောင်း တွေက ကျွန်တော်တို့ကို ပြန်လည် ချုပ်ကိုင်ထားတာဖြစ်တာကို သိမြင်နားလည်ဖို့ လိုအပ်ပါတယ်။
အစောပိုင်းမှာ ဆိုခဲ့သလို ပညာရေးဟာ ပွင့်လင်းမှုနဲ့ လွတ်လပ်မှုဆီကို သွားဖို့ရာ လမ်းစဉ်ဖြစ်ပါတယ်။ ပွင့်လင်း သော၊ လွတ်လပ်သော အားလုံးအကျုံးဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတွေဖြစ်ထွန်းဖို့ ဆိုတာ ပွင့်လင်း၊ လွတ်လပ်သော ပညာရေးကို ရရှိဖို့၊ တွေ့ကြုံဖြတ်သန်း သင်ယူရဖို့ လိုပါတယ်။ အဲဒီလိုတွေ့ ကြုံ လေ့လာသင်ယူနိုင်ခွင့်လည်း ကျွန်တော်တို့ရှေ့မှာ နည်းပညာခေတ်ကြီးနဲ့အတူ ရောက်ရှိလို့နေပါပြီ။
ဒီလိုအချိန်အခါမှာ ပထမဦးဆုံး တော်လှန်ဖို့ လိုအပ်တဲ့အချက်ကတော့ လက်နက်နဲ့ အနိုင်ကျင့်တတ်တဲ့၊ နှိပ်စက်သတ်ဖြတ်တတ်ပြီး၊ ကျွန်တော်တို့ရဲ့ ခံစားချက်၊ လိုလားချက်တွေကို အနိုင်ကျင့် ပယ်ချတတ်တဲ့ အာဏာရှင်ရဲ့ အလိုကျ ပွင့်လင်းမှုမဲ့၊ လွတ်လပ်မှုမဲ့ ပညာရေးစနစ်နဲ့ မောင်းနှင်ထားတဲ့ ကျောင်းခန်း တွေထဲကနေ ရဲရဲရင့်ရင့် ထွက်လာခဲ့ဖို့၊ အာဏာရှင်အလိုကျ ပို့ချမယ့် သင်ခန်းစာတွေကို ငြင်းဆန်ပစ်ဖို့၊ အာဏာရှင်က ကမ်းပေးမယ့် (အနှစ်သာရမဲ့၊ တတ်မြောက်မှုမဲ့) ထမင်းရှာစားနိုင်ရုံ အလုပ်ခွင်ဝင်နိုင်ရုံ လောက်သာ အသုံးဝင်တဲ့ လက်မှတ်တွေကို ပုတ်ချပြီး ငါ ဘာကို သင်ယူချင်တာလဲ၊ ငါ ဘာကို တတ်မြောက်ချင်တာလဲ ဆိုတာ ကိုယ်တိုင် သိအောင် တွေးတောဆင်ခြင်ကာ ကိုယ်တိုင်လေ့လာ သင်ယူနိုင်စွမ်းကို ထူထောင်လို့၊ အချင်းချင်း အပြန်အလှန် ဖေးမကူညီရင်း တတ်ကျွမ်း၊ သိမြင်နား လည်လိုရာ ပညာရပ်တွေဆီ များပြားလှတဲ့ လမ်းကြောင်းတွေကနေ တဆင့် ဦးတည်လိုက်ရင်း ပွင့်လင်းခြင်း၊ လွတ်လပ်ခြင်း ဆီကို ခရီးစလိုက်ဖို့ပဲဖြစ်ပါကြောင်း

လင်းသူ့ဟန်