ပညာရေးသည် လွတ်မြောက်ခြင်းအတွက်

အမျိုးသားနေ့ဟာ ပထမကျောင်းသားသပိတ်ကို အစွဲပြုပြီး ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ အမျိုးသားကျောင်း တွေ၊ အမျိုးသားကောလိပ်တွေ ပေါ်ပေါက်လာရာနေ့လည်းဖြစ်တယ်။ တနည်းဆိုရရင် တစ်ခေတ်တစ်ခါက သူတို့ကို ပေးအပ်ထားတဲ့ ပညာရေးစနစ်ကို မလိုလားတော့ဘဲ သူတို့လိုလားတဲ့ ပညာရေး၊ သူတို့သင်ယူလိုတဲ့ ပညာရေးရှိရာကို ဦးတည်တော်လှန်ခဲ့ကြတဲ့ နေ့အခါသမယဖြစ်ပါတယ်။
ပညာရေးဟာ နိုင်ငံတစ်နိုင်ငံမှာ ဘယ်လောက် အရေးပါသလဲဆိုတာကို ပြောဖို့လိုအပ်မှာမဟုတ်ပါဘူး။ သို့သော် ဘယ်လို ဘယ်ပုံ အရေးပါသလဲဆိုတာကိုတော့ ပြောကြရမှာဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရဦးစီးတဲ့ပညာရေး စနစ်တွေဟာ သံသယနဲ့ ချဉ်းကပ်ဖို့ အလိုအပ်ဆုံး ပညာရေးစနစ်တွေပါပဲ။ အကြောင်းကတော့ အုပ်ချုပ်သူ အစိုးရတွေဟာ သူတို့လိုချင်တဲ့ နိုင်ငံ၊ သူတို့လိုချင်တဲ့ နိုင်ငံသားတွေ ရရှိဖို့အရေးအတွက် ပညာရေးစနစ်ကို ပုံစံ ချကြတာဖြစ်လို့ပါပဲ။
ဆိုတော့ ဗြိတိသျှတို့ဟာ သူတို့လက်အောက်ခံ ဗမာနိုင်ငံကို သူတို့ အုပ်ချုပ်ချင်တဲ့ပုံစံအတိုင်းဖြစ်အောင် ပညာ ရေးစနစ်ကို ပုံစံချတယ်။ အဲဒီ စနစ်တစ်ရပ်ကို သိမြင်နိုးကြားသူ ကျောင်းသားတွေက ဦးဆောင်ပြီး တော်လှန် သပိတ်မှောက်ခဲ့ကြတယ်။ အဲဒီကနေမှ အဲဒီလှုပ်ရှားမှုကနေ မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသားခေါင်းဆောင် တွေဟာ လွတ်မြောက်ရေးခေါင်းဆောင်တွေအထိ ရောက်ရှိလာခဲ့ကြတယ်။
သို့သော် ကံမကောင်းအကြောင်းမလှစွာနဲ့ လွတ်လပ်စ ဗမာနိုင်ငံဟာ အာဏာမက်မောသူ အာဏာရှင်တွေရဲ့ လက်ပြောင်းလက်လွှဲအတွင်းမှာ အလူးလူး အလိမ့်လိမ့်ဖြစ်ခဲ့ရပြီး အဲဒီအာဏာရှင်တွေကပဲ သူတို့ အုပ်ချုပ်ရ လွယ်ကူမယ့်၊ သူတို့ သက်တမ်းကို ရှည်ကြာစေမယ့် ပညာရေးစနစ်တစ်ခုကို မွေးထုတ် လည်ပတ်လို့ သူတို့ လို ချင်တဲ့၊ သူတို့အုပ်ချုပ်လို့ရမယ့် နိုင်ငံသားတွေကို ကျုံးသွင်းလေ့ကျင့်ပြန်ပါတော့တယ်။
ဒါကိုလည်း ခေတ်အဆက်ဆက် နိုးကြားသူကျောင်းသားများက တော်လှန်ခဲ့ကြပါတယ်။
ပညာကို လေ့လာဆည်းပူးသင်ယူရခြင်းရဲ့ ရည်ရွယ်ချက်ဟာ တကယ်တမ်းမှာတော့ သိမြင်ပွင့်လန်းပြီး လွတ် လပ်ခြင်းဆီကို ဦးတည်စေဖို့ဖြစ်ပါတယ်။ ဒါဟာ ပညာရေးရဲ့ ပန်းတိုင်ဖြစ်ပါတယ်။ ပိုမို သိမြင်ပွင့်လန်း၊ ပိုမို လွတ် လပ်ခြင်းဆီကို တစ်ဦးတစ်ယောက်ချင်း၊ တစ်စုတစ်ဖွဲ့ချင်း ဦးတည်သွားစေဖို့ဟာ ပညာရေးရဲ့ အနှစ်သာရပါ။ သို့သော်လည်း လွတ်လပ်ပွင့်လန်းမှု၊ သိမြင်နိုးကြားမှုကို မလိုလားတဲ့ အာဏာရှင်တွေဟာ သူတို့ရေးဆွဲထားတဲ့ ပညာရေးစနစ်ကို အပိတ်ပုံစံသာ ဖန်တီးပြီး အနှစ်သာရကို ဖျက်ဆီးပစ်ခဲ့ပါတယ်။
ပညာရပ်တွေဟာ အစဉ်သ ဖြင့် တိုးတက်ဖြစ်ပေါ် ပြောင်းလဲနေတဲ့သဘောရှိတဲ့အတွက် ပညာရေးဟာလည်း လိုက်ပါပြီး ဆင့်ကဲပြောင်းလဲ၊ ခုန်လွှားပြောင်းလဲ၊ တော်လှန်ပြောင်းလဲနေရမှာဖြစ်ပါတယ်။ သို့သော်လည်း အာဏာရှင်တို့လက်အောက်က ပညာရေးကတော့ ရေသေအိုင်လို အစီးအဆင်း အလှုပ်အခတ်၊ ပြောင်းလဲတိုးတက်မှုမရှိ၊ ပုပ်အဲ့ဆွေးမြေ့လို့သာ နေတယ်ဆိုတာကို အဲဒီစနစ်ထဲ ဖြတ်သန်းခဲ့ဖူးကြသူတိုင်း ကောင်းကောင်း သိထားကြပြီးသားပါ။ အဲဒီအပြင် ပညာရေးစနစ်ထဲမှာ အကျုံးဝင်တဲ့ သင်ကြားရေးစနစ်မှာကိုပဲ အာဏာရှင်ဆန်မှုတွေ၊ ထက်အောက် ဖိနှိပ်မှုတွေ၊ မဟာဖိုဝါဒဆန်မှုတွေ၊ တစ်စုတစ်ဖွဲ့တည်း၊ အမှတ်သရုပ်တစ်ခုတည်းကိုပဲ ဗဟိုပြုမှုတွေ ပုံစံအမျိုးမျိုးနဲ့ထည့် သွင်းထားသလို၊ သင်ကြားမှုဆိုင်ရာ ပြဌာန်းချက်တွေထဲမှာလည်း ဦးနှောက်ကို သင်းသတ်ထားတဲ့၊ တိုးတက် ပြောင်းလဲမှုကို ဆန့်ကျင်တဲ့၊ ဇာတိမာန်ကို အလွန်အင်မတန် ဖောင်းပွစေတဲ့ ပြဌာန်းမှုတွေသာ ပြဌာန်းထားခဲ့ကာ နိုင်ငံအတွင်း အကျုံးဝင်တဲ့ အခြားသော လူမျိုးစုအုပ်စုတွေ၊ ယဉ်ကျေးမှုအုပ်စုတွေ၊ ဘာသာရေးအုပ်စု တွေရဲ့ သမိုင်း၊ ယဉ်ကျေးမှုနဲ့ အမြင်တွေကို ရည်ရွယ်ချက် ရှိရှိဖယ်ချန်ခဲ့တာမျိုးတွေဟာလည်း အထင်အရှား မြင်ခဲ့ ရမှာဖြစ်ပါတယ်။
ဒါကြောင့်ပဲ ဒီအာဏာရှင်တို့အလိုကျ ပညာရေးစနစ်ကို တော်လှန်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ပညာရေးစနစ်တစ်ခုကို ကြည့်တာနဲ့ အဲဒီနိုင်ငံတစ်ခုဟာ ဘယ်လို နိုင်ငံအဖြစ်ဆီကို ဦးတည်နေတယ်ဆိုတာ သိ သာထင်ရှားပါတယ်။ အာဏာရှင်အလိုကျ၊ အပိတ်စနစ်တစ်ခုအောက်မှာ သင်ယူနေပြီး အတန်းတွေအောင်၊ ဘွဲ့ လက်မှတ်တွေ ရရုံနဲ့တော့ ပညာတတ်ဖြစ်လာဖို့ဆိုတာ ဝေးနေမှာဖြစ်ပြီး ပညာတတ်တစ်ယောက်ထက် အလုပ်ခွင်ဝင်ခွင့် (တစ်နည်း) ထမင်းစားလက်မှတ်ရရုံရထားတဲ့ ဘွဲ့(လက်မှတ်) ရတစ်ယောက်ပဲ ဖြစ်လာဖို့ရှိ ပါတယ်။ အကြောင်းကတော့ နိုင်ငံအဝှမ်းကို လိုသလို ချယ်လှယ်ပြီး ချုပ်ကိုင်လိုတဲ့ အာဏာရှင်တွေဟာ သူတို့ရဲ့ နိုင်ငံသားတွေကို အသိအမြင်ပွင့်လင်းပြီး ဝေဖန်ဆန်းစစ်၊ လေ့လာစေ့ငှနေတာထက် ထမင်းစားနိုင်ရုံ၊ မည်ကာမတ္တအသက်ရှင် နေနိုင်ရုံ၊ အလုပ်နဲ့ အိမ်အကြား တစ်ခါတစ်ရံ အပျော်အပါးလေး အမောပြေလိုက်စား ရင်း လူးလာခေါက်ပြန် မနားစတမ်းပြေးလွှားနေရတဲ့ ဖိနှိပ်ခံလူသားတွေအဖြစ်ကိုသာ ပိုမိုလိုလားတာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ထမင်းစားလက်မှတ် (တစ်နည်း) အောင်လက်မှတ်၊ ဘွဲ့လက်မှတ်ကလေး ရချင်ရုံအတွက်နဲ့ အာ ဏာရှင်တို့ ထောင်ဖမ်းထားတဲ့ မြုံးသဖွယ် ကျောင်းခန်းတွေထဲ ဝင်ထိုင်ပြီး သူတို့ လက်ဝေခံသင်ကြားပေးတဲ့ အာဏာရှင်ကျွန်ဖြစ် ပညာရေးစနစ်ကို သင်ယူနေတာဟာ ကိုယ်တိုင် အရှုံးပေးနေတာနဲ့ ဘာမှတော့ မခြားနား လှပါဘူး။
ကျွန်တော်တို့ နိုင်ငံမှာ အများစုဟာ ပညာရေးနဲ့ ပတ်သက်ရင် မေးခွန်းတွေ ထုတ်ကြတာ နည်းပါးပါတယ်။ သင် ရမှာမို့လို့ သင်၊ တက်ရမှာမို့လို့ တက်တာနဲ့ အလုပ်အကိုင်ကောင်း ဝင်ငွေကောင်းဖို့ သင်၊ နေရာကောင်းရာထူး ကောင်းရဖို့ တက် တာလောက်ပဲ ကွာခြားပြီး မိမိ တကယ်သင်ယူလိုတာ ဘာလဲ၊ ဘာကြောင့် ဒီပညာရပ်တွေကို သင်ယူနေရတာလဲ၊ ဘယ်နေရာမှာ အသုံးချမှာလဲဆိုတဲ့ မေးခွန်းတွေနဲ့ လက်တွေ့ကျကျ ချိန်ထိုးစဉ်းစားကြတာ အလွန်ကိုပဲနည်းပါးပါတယ်။ ဒါကြောင့် ပညာရေးလိုဆိုကာ အစိုးရအလိုကျကျောင်းခန်းတွေထဲ ဝင်ထိုင်၊ အစိုးရ အလိုကျဆွဲထားတဲ့ ဘာသာရပ်တွေကို ဘာအတွေးမှ မရှိဘဲ သင်ယူနေခဲ့ကြတာဖြစ်ပါတယ်။ တစ်ချက်လောက် ရပ်ပြီး ဘာကြောင့်များ မြန်မာစာသင်နေပါလိမ့်၊ ဘာကြောင့်များ အင်္ဂလိပ်စာသင်နေပါလိမ့်၊ ဘာကြောင့်များ သင်္ချာကို သင်နေပါလိမ့်၊ ဘယ်နေရာမှာ ဘယ်အတိုင်းအတာအထိ အသုံးချရမှာပါလိမ့်လို့ စဉ်းစားတာမျိုး၊ ငါ တကယ် သင်ယူလိုတာ ဘာလဲ၊ ငါ တကယ် တတ်မြောက်လိုတာ ဘာလဲလို့ တွေးတောကြည့်တာမျိုးဟာ အလွန်ကို ရှားပါးလှတဲ့ ကိစ္စတွေပါ။ စည်းနှောင်ထားတဲ့ စနစ်ကိုယ်တိုင်ကလည်း အဲဒီလိုမျိုးတွေးဖို့ ခွင့်မပြုထား သလို အာဏာရှင်အလိုကျပညာရေးစနစ်ထဲကနေ မွေးထုတ်ခံထားရတဲ့ မျိုးဆက်အဆက်ဆက်ကလည်း အဲဒီ လို မေးခွန်းတွေကို အစဉ်တစိုက် ဖိနှိပ်သတ်ဖြတ်ပစ်ခဲ့ကြတာမဟုတ်ပါလား။
လက်ရှိ မျက်မှောက်ကာလ ကမ္ဘာ့အခင်းအကျင်းမှာ ပညာရေးအပေါ် ချဉ်းကပ်ပုံနဲ့ ပညာရေးရဲ့ အသွင်ဟာ ပြောင်းလဲလို့ သွားခဲ့ပါပြီ။ ကိုယ် သင်ယူလိုတဲ့ ဘာသာရပ်၊ ကိုယ် သိကျွမ်း၊ တတ်မြောက်လိုတဲ့ ဘာသာရပ် တွေကို ကျောင်းခန်းလွတ်၊ ကိုယ်တိုင် ရှာဖွေ သင်ယူလို့ရနိုင်တဲ့နေရာတွေ Online မှာ အလွန်တရာကို ပေါ များလာခဲ့ပြီဖြစ်ကာ အခမဲ့အတန်းတွေ၊ အခမဲ့နီးနီး သင်တန်းတွေအပါအဝင် ပုံစံမျိုးစုံနဲ့ လေ့လာသင်ယူလို့ရရှိ နေနိုင်ပါပြီ။ စာအုပ်စာတမ်းတွေ၊ ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေဟာလည်း အင်တာနက်မှာ လိုအပ်သလို ရှာဖွေ စုဆောင်း ဆည်းပူးလို့ရနေပါပြီ။ ပညာရေးကိုယ်တိုင်ကိုက ပိုမိုလွတ်လပ်သော ပွင့်လင်းသော အသွင်သဏ္ဍာန် ကို ဆောင်လာခဲ့ပါပြီ။ အထက်တန်းနဲ့ ကောလိပ်ပညာရေး တတ်မြောက်မှုမှာ ထိပ်တန်းရောက်နေတဲ့ ဖင်လန် နိုင်ငံမှာဆိုရင် ကျောင်းချိန်တွေကို လျော့ချ၊ အိမ်စာပေးတဲ့စနစ်ကို ဖျက်သိမ်းလို့၊ ကျောင်းသားတွေကို ပြင်ပ လေ့လာချိန်တွေ၊ တွေ့ကြုံချိန်တွေ ပိုပေးတဲ့ စနစ်ကို ပြောင်းလဲခဲ့ပြီး ကောင်းကောင်း အလုပ်ဖြစ်နေတာကို တွေ့ကြရပါတယ်။ အဲဒီလိုပဲ တစ်ချို့သောနိုင်ငံတွေမှာလည်း ကျောင်းသား သင်ယူလိုတဲ့ အကြောင်းအရာ ဘာသာရပ်ကို ဆရာနဲ့ ပူးပေါင်းလေ့လာတဲ့ စနစ်မျိုးသာရှိတော့ပြီး ပြဌာန်သင်ရိုးဆိုတာကိုတောင် ပယ်ဖျက် ပစ်လိုက်ကြပါပြီ။ ဒါဟာ ကမ္ဘာကြီးရဲ့ ပညာရေး အရွေ့ပါ။
ခေတ်ကာလတစ်ခုမှာရှိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သူတို့ နေထိုင်ပြောဆို၊ ဆက်ဆံဝတ်စားဆင်ယင်ထုံးဖွဲ့ခဲ့ရာ ဓလေ့ထုံးတမ်းများ၊ သူတို့ ချန်ရစ်ခဲ့တဲ့ အဲဒီကာလအပိုင်းအခြားတစ်ခုရဲ့ ယဉ်ကျေးမှုများဟာ အဲဒီနိုင်ငံရဲ့ အဲဒီကာလက ရရှိနိုင်သော (သို့တည်းမဟုတ်) ရရှိဖို့ ကြိုးစားခဲ့သော ပညာရေး ရဲ့ အရည်အသွေးနဲ့ သက်ဆိုင်ပါတယ်။ ရရှိနိုင်သော ပညာရေးဟာ နိုင်ငံသားများအတွက် အပြုခံသဘော ဆောင်ပြီး ရရှိဖို့ ကြိုးစားခဲ့သော ပညာရေးကတော့ အပြုသဘောဆောင်တဲ့ ပညာရေးဖြစ်ပါတယ်။ မျက်မှောက် ခေတ် ကမ္ဘာပညာရေးဟာ ဒုတိယပုံစံ ပညာရေးဆီကို အသွင်ကူးပြောင်းနေကြပါပြီ။
ကျွန်တော်တို့အနေနဲ့လည်း အာဏာရှင်အလိုကျပညာရေးကို တော်လှန်ပြီး ပိုမိုလွတ်လပ်ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု၊ နိုင်ငံတစ်ခုဆီကို သွားနိုင်မယ့် ပညာရေးဆီ ဦးတည်ကြရမှာဖြစ်ပါတယ်။ အဲဒီလို တော်လှန်ကြတဲ့အခါ ဦးစွာ အမြစ်ဖြတ်ပစ်ရမယ့် ပုံသေကားကျအတွေးတွေက ရှိနေပါသေးတယ်။ အဲဒါကတော့ ပညာရေးကို အစိုးရ ကဖွင့်ထားတဲ့၊ သို့တည်းမဟုတ် အစိုးရက ဖွင့်ခွင့်ပြုထားတဲ့ ကျောင်းတွေ၊ ကျောင်းခန်းတွေ၊ ဆရာတွေဆီက နေ တဆင့်သာ ရရှိနိုင်တယ်၊ အစိုးရက ပြဌာန်းထားတဲ့၊ သို့တည်းမဟုတ် အစိုးရက ပြဌာန်းခွင့်ပြုထားတဲ့ ပြဌာန်းချက် ဘောင်တွေအတွင်းကပဲ လေ့လာနိုင်တယ်၊ အစိုးရက အသိအမှတ်ပြုထားတဲ့၊ သို့တည်းမဟုတ် အစိုးရက အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းတစ်ခုက ထပ်ဆင့်အသိအမှတ်ပြုထားတဲ့ တတ်မြောက် ကြောင်း လက်မှတ်တွေကသာ (အမှန်တကယ် လက်တွေ့ တတ်မြောက်သော အသိပညာ၊ အတတ်ပညာကို ကျော် လွန်ပြီး) တရားဝင်တယ်၊ အကျုံးဝင်တယ်၊ အသုံးဝင်တယ်ဆိုတဲ့ အသားကျနေတဲ့ အတွေးတွေပဲဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ တတ်မြောက်လိုတာကို လေ့လာတတ်မြောက်နိုင်တဲ့ ခေတ် ကာလကြီးထဲ ရောက်ရှိနေကြပြီဖြစ်ပြီး ကိုယ်တိုင် အားထုတ်ကြဖို့ပဲလိုအပ်ပါတယ်။ သင်ယူလေ့လာမှု ပုံစံကို ပြောင်းလဲလိုက်ရုံနဲ့တင် အားလုံး အဆင်ပြေသွားမှာဖြစ်ပါတယ်။ သို့သော် အထက်က အတွေးအထိုင်ဟောင်း တွေက ကျွန်တော်တို့ကို ပြန်လည် ချုပ်ကိုင်ထားတာဖြစ်တာကို သိမြင်နားလည်ဖို့ လိုအပ်ပါတယ်။
အစောပိုင်းမှာ ဆိုခဲ့သလို ပညာရေးဟာ ပွင့်လင်းမှုနဲ့ လွတ်လပ်မှုဆီကို သွားဖို့ရာ လမ်းစဉ်ဖြစ်ပါတယ်။ ပွင့်လင်း သော၊ လွတ်လပ်သော အားလုံးအကျုံးဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတွေဖြစ်ထွန်းဖို့ ဆိုတာ ပွင့်လင်း၊ လွတ်လပ်သော ပညာရေးကို ရရှိဖို့၊ တွေ့ကြုံဖြတ်သန်း သင်ယူရဖို့ လိုပါတယ်။ အဲဒီလိုတွေ့ ကြုံ လေ့လာသင်ယူနိုင်ခွင့်လည်း ကျွန်တော်တို့ရှေ့မှာ နည်းပညာခေတ်ကြီးနဲ့အတူ ရောက်ရှိလို့နေပါပြီ။
ဒီလိုအချိန်အခါမှာ ပထမဦးဆုံး တော်လှန်ဖို့ လိုအပ်တဲ့အချက်ကတော့ လက်နက်နဲ့ အနိုင်ကျင့်တတ်တဲ့၊ နှိပ်စက်သတ်ဖြတ်တတ်ပြီး၊ ကျွန်တော်တို့ရဲ့ ခံစားချက်၊ လိုလားချက်တွေကို အနိုင်ကျင့် ပယ်ချတတ်တဲ့ အာဏာရှင်ရဲ့ အလိုကျ ပွင့်လင်းမှုမဲ့၊ လွတ်လပ်မှုမဲ့ ပညာရေးစနစ်နဲ့ မောင်းနှင်ထားတဲ့ ကျောင်းခန်း တွေထဲကနေ ရဲရဲရင့်ရင့် ထွက်လာခဲ့ဖို့၊ အာဏာရှင်အလိုကျ ပို့ချမယ့် သင်ခန်းစာတွေကို ငြင်းဆန်ပစ်ဖို့၊ အာဏာရှင်က ကမ်းပေးမယ့် (အနှစ်သာရမဲ့၊ တတ်မြောက်မှုမဲ့) ထမင်းရှာစားနိုင်ရုံ အလုပ်ခွင်ဝင်နိုင်ရုံ လောက်သာ အသုံးဝင်တဲ့ လက်မှတ်တွေကို ပုတ်ချပြီး ငါ ဘာကို သင်ယူချင်တာလဲ၊ ငါ ဘာကို တတ်မြောက်ချင်တာလဲ ဆိုတာ ကိုယ်တိုင် သိအောင် တွေးတောဆင်ခြင်ကာ ကိုယ်တိုင်လေ့လာ သင်ယူနိုင်စွမ်းကို ထူထောင်လို့၊ အချင်းချင်း အပြန်အလှန် ဖေးမကူညီရင်း တတ်ကျွမ်း၊ သိမြင်နား လည်လိုရာ ပညာရပ်တွေဆီ များပြားလှတဲ့ လမ်းကြောင်းတွေကနေ တဆင့် ဦးတည်လိုက်ရင်း ပွင့်လင်းခြင်း၊ လွတ်လပ်ခြင်း ဆီကို ခရီးစလိုက်ဖို့ပဲဖြစ်ပါကြောင်း

လင်းသူ့ဟန်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: