နန်းတော်ကို မီးတင်ရှို့ခြင်း – လင်းသူ့ဟန်

အရေးတော်ပုံစာစဉ် အတွဲ (၂) အမှတ် (၆) (ခေါင်းကြီးဆောင်းပါး)

အာဏာရှင်စနစ်ကို ဖြိုချဖို့ရာ ကျွန်ုပ်တို့ လုပ်ဖို့လိုအပ်သမျှထဲမှာ နန်းတော်ကို မီးတင်ရှို့ပစ်လိုက်ဖို့ကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။
ဘာကြောင့် နန်းတော်ကို မီးတင်ရှို့ရမှာလဲ၊ ဘယ်နန်းတော်ကို မီးတင်ရှို့ရမှာလဲလို့ မေးလာစရာ ရှိပါတယ်။
ဟုတ်ကဲ့၊ ကျွန်ုပ်တို့ တစ်ယောက်ချင်းရဲ့ ဟိုးစိတ်အတွင်းပိုင်းထဲမှာရှိနေတဲ့၊ ပဒေသရာဇ်အကျ င့်စရိုက်နဲ့ အကြွင်းမဲ့အာဏာကိုင်စွဲမှုအလေ့အကျင့်တွေကို ဖြန့်ဝေပေးနေတဲ့ နန်းတော်ကိုပါပဲ။
အတော်များများသော သူတွေဟာ အခုအချိန်ထိတိုင် နိုင်ငံရေး၊ အာဏာတို့နဲ့ ပတ်သက်လာရင် ပဒေ သရာဇ်အသုံးအနှုန်းတွေကို သုံးစွဲနေကြဆဲဖြစ်သလို၊ ပဒေသရာဇ်အတွေးအခေါ်တွေကိုလည်း မသိလိုက် မသိဖာသာ လက်ခံနေကြဆဲပါ။ အခု မတရားအာဏာသိမ်းယူခံရတာကို ပုလ္လင်ပေါ် ခွေးတက်တယ်လို့ ဥပစာ ပြုပြောကြတာ တွေ့ကြရမှာပါ။ ဒါပေမဲ့ တကယ်တမ်း ဒီမိုကရေစီစနစ်မှာ ထီး၊ နန်း၊ ပုလ္လင်ဆိုတာရောရှိပါရဲ့ လား။ ဒါဟာ အသုံးအနှုန်း၊ ဥပမာသက်သက်ပါလို့ ဆိုလာမယ်ဆိုရင် ဘာသာစကားတစ်ခုက အသုံးအနှုန်း၊ ဥပ မာ၊ ဥပစာတွေဟာ အတွေးအခေါ်အထိ လွှမ်းမိုးနိုင်တယ်ဆိုတာကို မေ့ထားလို့မရပါဘူး။
နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို ပြောတဲ့အခါ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနဲ့လို့ ပြောကြလေ့ရှိပါ တယ်။ သို့သော် ဒီအသုံးအနှုန်းကနေပဲ အာဏာရှင်ဆန်လှတဲ့ အိုင်ဒီယာတွေကို ဖြန့်ဝေစီးကူး ထုတ်လုပ်ပေးနေ တာကို သတိပြုမိကြတဲ့သူ ရှားပါးပါတယ်။
ယခင် ပဒေသရာဇ်ကာလတုန်းက ထီး၊ နန်း၊ ပုလ္လင်တို့ဟာ အုပ်စိုးမှုရဲ့ ဆုံချက်သင်္ကေတ၊ အာဏာဆင်းသက်ရာ နေရာတွေပဲ ဆိုတာ မှန်ပါတယ်။ သက်ဦးစံပိုင် ဘုရင်စနစ်ကိုး။ အဲဒီစနစ်မှာတော့ ဘုရင်ဟာ အကြွင်းမဲ့ အာဏာကို ဆွဲကိုင်ထားတဲ့ အာဏာရှင်တစ်ယောက်ဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်ုပ်တို့ ဦးတည်နေတာက ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီမှာ အာဏာဟာ ပြည်သူ့ထံကပဲ လာပါတယ်။ ဘယ် ထီး၊ ဘယ်နန်း၊ ဘယ်ပုလ္လင်မှမရှိတော့ပါဘူး။ သို့သော် ကျွန်ုပ်တို့ဟာ ကျင့်သားရ ပြောဆိုသုံးနှုန်းမှုတွေထဲမှာ ဆက် လက်နေထိုင်ရင်း စိတ်ရဲ့ဟိုးအတွင်းပိုင်းထဲမှာလည်း အကြွင်းမဲ့အာဏာကိုင်စွဲမှုစနစ်ကို တနည်းတဖုံနဲ့ ကျင့် သားရနေခဲ့ပါတယ်။ ပြောဆိုသုံးနှုန်းမှုတွေက စိတ်ကို ဘယ်လို ပို့ချလွှမ်းမိုးသလဲဆိုတာ အထူးပဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ (ပြီးခဲ့သော ရွှေရည်စိမ်ဒီမိုကရေစီသက်တမ်း ၂ ဆက်က လွှတ်တော်တွင်း၊ အဆောင်အ ယောင်၊ ဓလေ့ထုံးတမ်းတွေကို လေ့လာကြည့်မယ်ဆိုရင်လည်း သတိပြုနိုင်ပါတယ်)
တကယ်တော့ ပဒေသရာဇ် ဘုရင်စနစ်နဲ့ ဒီမိုကရေစီစနစ်ဟာ လုံးလုံးလျားလျား ခြားနားပါတယ်။ မျိုးရိုးစဉ်ဆက် အရ ဖြစ်လာတဲ့ ဘုရင်နဲ့ အရည်အချင်းအရ ရွေးချယ်ပြီး ပြည်သူက တာဝန်ပေးအပ်လိုက်တဲ့ သမ္မတတို့ဟာ သ ဘောတရားအနှစ်သာရချင်း ဆန့်ကျင်ဘက်ပါပဲ။ သို့သော် တစ်ချို့သော အရေးအသားတွေမှာ သမ္မတမင်းရယ် လို့ ထပ်တူပြုရေးနေခဲ့ကြပြီး အဲဒီထပ်တူပြုမှုဟာ အထူးပဲ အန္တရာယ်ကြီးလှပါတယ်။
ဘုရင်ဟာ တိုင်းပြည်ကို အုပ်စိုးသူ (Ruler) ဖြစ်ပြီး၊ သမ္မတဟာ တိုင်းပြည်အရေးကို ခန့်ခွဲစီမံရန် ရွေးချယ်တာဝန် ပေးအပ် အာဏာလွှဲအပ်ခံရသူ (Governor) ဖြစ်ပါတယ်။ သဘောတရားချင်း လုံးလုံးကွာခြားပါတယ်။
ဘုရင် ဟာ သူ့ရဲ့အကြွင်းမဲ့အာဏာ ဆက်လက်တည်တံ့စေရေးအတွက် အဲဒီအကြွင်းမဲ့အာဏာအပြင်၊ ပျော့ပြောင်းတဲ့ ပါဝါတွေကို သုံးပြီး တည်ဆောက်ပါတယ်။ ဘုရင်ကို မော်မကြည့်ရ၊ ဘုရင်ကို ဘုရားထူးရမည်၊ ဘုရင်ကို ရှိခိုးရ မည်၊ ဘုရင်ကို သာမန်အရပ်သားက ဝေဖန်ရင် ရာဇဂိုဏ်းသင့်သည် အစရှိသည်ဖြင့် သတ်မှတ်ချက်တွေ၊ ထုံး တမ်းတွေ တည်ဆောက်၊ မင်းခမ်းမင်းနားတွေ ချဲ့မြှောက်ပြီး အားလုံးအထက်မှာ ဆက်လက်ရှိနေရေး ဆောင် ရွက်ပါတယ်။ တဖန်ပျော့ပြောင်းတဲ့ ပါဝါတွေဖြစ်တဲ့ အနုသုခမ၊ စာပေ၊ ကဗျာ၊ ပန်းချီ၊ အခမ်းအနားပွဲလမ်းသ ဘင်၊ ဘာသာရေးတွေကနေလည်း ဘုရင်ဟာ အကြွင်းမဲ့အာဏာကို ပိုင်စိုးသူဖြစ်ကြောင်း၊ ပိုင်စိုးထိုက်ကြောင်း၊ ထိုသို့ပိုင်စိုးရန် ပါရမီရှိသူ၊ ကုသိုလ်ထူးသူဖြစ်ကြောင်း အမျိုးမျိုးပို့ချပြီး သူ့ရဲ့ တည်နေရာခိုင်မြဲရေး ဆောင်ရွက် ခဲ့ပြန်ပါတယ်။
သမ္မတ ရာထူးကတော့ ပြည်သူက ခန့်အပ်တဲ့ ရာထူးတစ်ခုသာဖြစ်ပြီး သူထမ်းဆောင်ရမယ့်တာဝန်တွေ ကျေပွန်အောင် ထမ်းဆောင်ရေးမှာ ထိရောက်စေဖို့အတွက် ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့်ကို ပေးထားတာဖြစ်ပါ တယ်။ သမ္မတဟာ အကြွင်းမဲ့ အာဏာကို ပိုင်စိုးသူမဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အာဏာနဲ့လုပ်ပိုင်ခွင့် ကို တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်းက ဆုပ်ကိုင်လို့မရပါဘူး။ အာဏာနဲ့ လုပ်ပိုင်ခွင့် ခွဲဝေသုံးစွဲခြင်းဟာ ဒီမိုကရေစီအတွက် အရေးပါလှတဲ့အခြေခံအချက်တစ်ချက်ပါ။ ဒီအချက်ကပဲ ဒီမိုကရေစီနည်းကျ တင်မြှောက် ထားတဲ့ သမ္မတနဲ့ ဘုရင်နဲ့အကြား များစွာခြားနားသွားစေပါတယ်။
တစ်ဖက်မှာ ဘုရင်နည်းတူ အကြွင်းမဲ့ အာဏာကို ကိုင်စွဲဖို့ အားသန်သူတစ်ဦးကတော့ အာဏာရှင်ပဲဖြစ်ပါ တယ်။ ဘယ်လိုနောက်ခံမျိုးကပဲလာလာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို တစ်ဦးတည်း၊ တစ်စုတစ်ဖွဲ့တည်းက ဆုပ်ကိုင်ထားဖို့ ကြိုးစားတာဟာ အာဏာရှင်ပါပဲ။ အာဏာရှင်ဟာ အာဏာတည်မြဲရေးအတွက် အဲဒီအာဏာ ကို အသုံးချပြီး ဖိနှိပ်မှုမျိုးစုံကို ကျူးလွန်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ဒီတူညီမှုကို သတိပြုမိရမှာဖြစ်ပြီး အာဏာရှင် ပုံစံတစ်မျိုးဖြစ်တဲ့ ဘုရင်နဲ့ ပဒေသရာဇ်စနစ်ရဲ့ စံနှုန်းတွေကို ကိုယ့်အတွင်းကနေ တိုက်ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။
ဒီလို တိုက်ဖျက်ရာမှာ ကျွန်ုပ်တို့ ကျော်လွန်ရမယ့် အတားအဆီးတစ်ချို့လည်း ရှိပါသေးတယ်။ အဲဒါကတော့ ဘာသာစကား၊ အရေးအသားစာပေ၊ အနုသုခုမ၊ ရာဇဝင်၊ ဘာသာရေးဆိုင်ရာပို့ချချက်တွေထဲမှာ အမြစ်တွယ် နေတဲ့ ပဒေသရာဇ်နဲ့ အာဏာရှင်စနစ်ကို ထောက်ပံ့နေတဲ့ အယူအဆ၊ အိုင်ဒီယာတွေပါပဲ။ အချုပ်အခြာအာဏာ ကို ထီး၊ နန်း၊ ပုလ္လင်နဲ့ နှိုင်းယှဉ်ဥပစာပြုခြင်းက အစ ဘုရင်များကိုချည်း တဖက်သတ်အမွှန်းတင်ထားတဲ့ စာပေ၊ အနုသုခုမလက်ရာတွေ၊ ရာဇဝင်တွေအပေါ် အစဉ်အလာ သမားရိုးကျအမြင်နဲ့ ချဉ်းကပ်ခြင်းအလယ်၊ ဘုရင်ဖြစ် ခြင်းဟာ ပါရမီကြောင့်ဖြစ်တယ်၊ ဘုန်းကံကြောင့်ဖြစ်တယ်၊ ရှေးကုသိုလ်ကံကြောင့်ဖြစ်တယ်လို့ တရားသော နည်းနှင့်ဖြစ်စေ၊ မတရားသောနည်းနှင့်ဖြစ်စေ အာဏာကို ရယူထားကြတဲ့ အာဏာရှင်၊ ဘုရင်တွေကို လက်သင့် ခံရေး လမ်းကြောင်းပေးခြင်းအထိ ပါဝင်ပါတယ်။ ဒါတွေဟာ အပြောလွယ်သလောက် အလုပ်ခက်တဲ့၊ ကျွန်ုပ်တို့ အတွင်းစိတ်ထဲမှာရော၊ နေ့စဉ်ဘဝမှာပါ ပါဝင်ပတ်သက်နေတဲ့ စိတ်ကူးစိတ်သန်း၊ အိုင်ဒီယာ၊ အလေ့အကျင့်တွေ ဖြစ်လို့ပါပဲ။
ပဒေသရာဇ်စနစ်နဲ့ အာဏာရှင်စနစ်မှာ နောက်ထပ်တူညီမှုတစ်ခုကတော့ လူမှုအလွှာတည်ဆောက်ပုံဟာ ပိရ မစ်ပုံစံသာ ရှိတာပါ။ ထိပ်ဆုံးမှာ ဘုရင်ရှိနေမှာဖြစ်ပြီး သူ့အောက်မှာ မင်းညီမင်းသား၊ မင်းဆွေမင်းမျိုး၊ သူ ကောင်းမျိုး၊ မင်းမှုထမ်းမျိုး၊ သူကြွယ်၊ ကုန်သည်တွေ အစဉ်လိုက်တည်ရှိလာမှာဖြစ်ကာ အောက်ဆုံးမှာတော့ ထုထည်ကြီးမားလှတဲ့ အရပ်သားတွေ ရှိနေမှာဖြစ်ပါတယ်။ ဒါဟာ ဒီဘက်ခေတ်မှာ အံ့မဝင်တော့တဲ့ တည်ဆောက် ပုံဖြစ်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ ဒီလို လူမှုအလွှာတည်ဆောက်ပုံပိုမိုလျော့နည်းလာရေး ကို ကြိုးစားကြရမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ နေ့စဉ်ဘဝကို ဆန်းစစ်ကြည့်မယ်ဆိုရင် ပုံစံတစ်မျိုးနဲ့ ပိရမစ်ပုံစံ လူမှု အလွှာတည်ဆောက်ပုံကို လက်ခံထားကြဆဲဖြစ်ပြီး အဲဒီလို လက်ခံအောင်လည်း ပုံစံအမျိုးမျိုးနဲ့ လမ်းကြောင်း ပေးနေတဲ့ အိုင်ဒီယာတွေ၊ အစဉ်အလာတွေက ကြီးစိုးနေဆဲပါ။ အဲဒီလို လူမှုအလွှာတည်ဆောက်ပုံ အဟောင်း ထဲကို မောင်းသွင်းနေတဲ့ သင်ကြားပို့ချမှုအဟောင်းတွေ၊ ချဉ်းကပ်ရှုမြင်ပုံအဟောင်းတွေ၊ အတွေးအခေါ်ဟောင်း တွေကို ကျွန်ုပ်တို့ စိန်ခေါ်ကြရမှာဖြစ်ပါတယ်။
သက်ဦးစံပိုင် ဘုရင်စနစ်နဲ့ ဒီမိုကရေစီစနစ်တို့အကြားက ကြီးမားလှတဲ့ နောက်ထပ်ကွာခြားချက်ကြီးတစ်ခုက တော့ ပြည်သူ တစ်ဦးချင်းစီအပေါ် ရှုမြင်ပုံဖြစ်ပါတယ်။ ဘုရင်စနစ်မှာ ပြည်သူတစ်ဦးချင်းစီဟာ ကျေးတော်မျိုး ကျွန်တော်မျိုးအဖြစ်သာ ရှုမြင်ခံကြရပါတယ်။ အချိန်မရွေး အသက်ကိုပင် ခြိမ်းခြောက်နိုင်တဲ့ အမိန့်မျိုးပေးနိုင် တဲ့အထိ အကြွင်းမဲ့အာဏာရှိပါတယ်။ ဒီမိုကရေစီစနစ်မှာတော့ ပြည်သူတစ်ဦးချင်းစီဟာ လွတ်လပ်သော၊ အခွင့်အရေးအပြည့်ရှိသော လူသားဖြစ်ပါတယ်။ အသက်ကိုမဆိုထားဘိ သေးငယ်လှသော ဆုံးဖြတ်ချက်၊ ရွေးချယ်မှုလေးကအစ ကိုယ်တိုင် ပြုလုပ်ခွင့်ရှိပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ရှိပါတယ်။ လွတ်လပ်စွာယုံ ကြည်ကိုးကွယ်ခွင့်ရှိပါတယ်။ ယင်းတို့ကိုလည်း ဥပဒေအရ အပြည့်အဝအကာအကွယ်ပေးထားရပါမယ်။ ဒါဟာ သိသာ မြင်သာတဲ့ ကွာဟချက်တစ်ခုပါပဲ။
ဒီနေရာမှာ ဘုရင်စနစ်နဲ့ အာဏာရှင်စနစ်တို့ကတော့ တူညီနေကြပါတယ်။ အာဏာရှင်စနစ်ဟာလည်း ဘုရင် စနစ်လိုပဲ ပြည်သူတစ်ဦးချင်းကို အုပ်ချုပ်ခံတွေအဖြစ်သာ ရှုမြင်ပြီး အမိန့်၊ အာဏာနဲ့ စည်းနှောင်၊ ကန့်သတ် ထားလိုတဲ့ သဘောရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်၊ အခွင့်အရေးတွေကို ပယ်ဖျက်၊ ရုတ်သိမ်းပစ် နိုင်တဲ့ အာဏာကို ကိုင်တွယ်သုံးစွဲဖို့ တိမ်းညွှတ်သလို၊ အဲဒီအာဏာဆက်လက်တည်မြဲရေးအတွက်လည်း ဖိနှိပ် ရေးလုပ်ငန်းတွေကို အမြဲလုပ်နေမှာဖြစ်ပါတယ်။
ခေတ်သစ်မှာ စိန်ခေါ်မှုအသစ်တွေက အမြဲရှိနေပါတယ်။ အဲဒီစိန်ခေါ်မှုသစ်၊ ပြဿနာသစ်တွေကို ခေတ်ဟောင်းက ချဉ်းကပ်ပုံ၊ အမြင်တွေနဲ့ ရင်ဆိုင်ဖြေရှင်းလို့မရနိုင်ပါဘူး။ လက်ရှိ အာဏာရှင်တစ်စု နိုင်ငံကို စီမံခန့်ခွဲရာမှာ မနိုင်မနင်းဖြစ်နေကြတာကိုပဲ ကြည့်ပါ။ အကြွင်းမဲ့အာဏာရှင်စနစ်ဟာ ခေတ်သစ်မှာ အသုံးမဝင် တော့ပါဘူး။
သို့သော် ကျွန်ုပ်တို့ နေ့စဉ်ဘဝတွေထဲမှာ အကြွင်းမဲ့အာဏာရှင်စနစ်ကို ထောက်ခံလို့ထောက်ခံမိနေမှန်းမသိတဲ့ အပြုအမူတွေ ထုနဲ့ထည်နဲ့ရှိနေပါသေးတယ်။ အုပ်ချုပ်သူလူတန်းစားတစ်ရပ် ရှိနေတယ်လို့ ရှုမြင်ခြင်း၊ လက်ခံခြင်း၊ ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်ခံလူတန်းစားအဖြစ် သတ်မှတ်ခြင်း၊ လက်ခံခြင်း၊ အုပ်ချုပ်သူ လူတန်းစားဟာ အုပ်ချုပ်ခံလူတန်းစားရဲ့အထက်မှာရှိပြီး အုပ်ချုပ်ခံလူတန်းစားက အုပ်ချုပ်သူလူတန်းစားကို ဝေဖန်ပိုင်းခြားခြင်းကို လက်မခံခြင်း၊ ဖိနှိပ်ခြင်း၊ အုပ်ချုပ်သူလူတန်းစားလို့ ကိုယ်သတ်မှတ်ထားတဲ့သူတွေနဲ့ ပေါင်းသင်းယှက်နွှယ်ပြီး အုပ်ချုပ်ခံတွေအပေါ် အမြတ်ထုတ်၊ နေရာတည်ဆောက်လိုခြင်း၊ အုပ်ချုပ်သူလူတန်း စားရဲ့ တည်ရှိမှုနဲ့ ဖြစ်တည်မှုဟာ သူတို့ရဲ့ ပါရမီ၊ ကုသိုလ်တို့ကြောင့်ဖြစ်တယ်လို့ ရှုမြင်လာအောင် အစဉ်အ လာ လမ်းကြောင်းပေးခြင်း၊ သမ္မတစနစ်နဲ့ ဘုရင်စနစ်ကို ရောထွေးအောင် ထပ်တူပြုရေးသား၊ ပြောဆိုခြင်း ရောထွေးမှတ်ယူခြင်း စသည်ဖြင့် အများအပြား ရှိနေဆဲဖြစ်ပါတယ်။
ဒါတွေကို ရင်ဆိုင်ကျော်ဖြတ်လို့ ကိုယ့်ကိုယ့်ကိုယ် လွတ်လပ်ပြီး အခွင့်အရေးအပြည့်ရှိသော၊ တာဝန်ယူတတ် သော လူသားတစ်ယောက်အဖြစ် လက်မခံမခြင်း၊ မသတ်မှတ်မခြင်း၊ ခေတ်ဟောင်း အစဉ်အလာဟောင်းထဲက အတိုင်း အာဏာကို အကြွင်းမဲ့ကိုင်ဆွဲဖိနှိပ်လိုသူတွေကို တော်လှန်ဖို့ရာ အားနည်းနေဦးမှာပဲဖြစ်ပါကြောင်း။
လင်းသူ့ဟန်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: