ပုံဖျက်ခံအသိတရားများ – သစ္စာတည်

အရေးတော်ပုံစာစဉ် အတွဲ -၂၊ အမှတ် -၇ (ဆောင်းပါး)


ဘဝမှာ ကိုယ်သိထားတဲ့ အသိတရားတစ်ခုဟာ လိုသလိုပုံဖျက်ပြီးမှ ရောက်လာပြီး သံမှိုဆွဲသလိုဦးနှောက်ထဲစွဲမြဲနေတာမျိုး ဖြစ်မိကြမယ်ထင်ပါတယ်။ ‘ပုံဖျက်ခံအသိတရား’ ဟာ တစ်ခါခါမှာ ‘တကယ့်အရှိတရား’ နဲ့ အတော်လေးကင်းကွာနေတတ်ပါတယ်။ အဲဒီပုံဖျက်ခံထားရတဲ့ အသိတရားဟာအသေးအဖွဲကိစ္စဆိုရင် အရေးမကြီးပေမယ့် အခြား တစ်ဖက်ကို ထိခိုက်တာမျိုး၊ အကျိူးမရှိ ဖြစ်စေတာမျိုးဆိုရင်တော့ ပြန်ဆင်ခြင်ရမယ့် အခြေအနေတစ်ရပ်ပါ။ ပုဂံရာဇဝင်မှာ အင်မတန်နာမည်ကြီးတဲ့ မိဘနဲ့ သားသမီးမေတ္တာအကြောင်း ဖော်ကြူးထားတဲ့ ရာဇကုမာရ်အကြောင်းရှိပါတယ်။ ဒါပေမယ့် ရာဇကုမာရ်ဟာ ကျန်စစ်ဘုရင်ရဲ့ သားတော်တစ်ပါး မဟုတ်နိုင်ကြောင်း အထောက်အထားအချို့ တွေ့ရှိတဲ့အခါ ဆရာ မောင်ခင်မင် (ဓနုဖြူ)က ‘ချစ်သူများကို အဆုံးစီရင်ခြင်း’ လို့ ခေါင်းစဉ်တပ်ပြီး ဆောင်းပါးတစ်ပုဒ်ရေးပြီး ရှင်းပြခဲ့ဖူးတယ်။ အသိမှားတွေ၊ ပုံဖျက်ခံထားတဲ့ အသိတရားတွေကို အရှိတရားရောက်လာတဲ့အခါမှာ အဆုံးစီရင်ရလိမ့်မယ်။ ဒါပေမဲ့ အဲဒီပုံဖျက်ခံအသိတရားက ချစ်စဖွယ်၊ မြတ်နိုးဖွယ် ဖြစ်နေတဲ့အခါ လွယ်လွယ်နဲ့ အမှန်တရားကို လက်မခံချင်ကြတာမျိုး ဖြစ်တတ်ပါသေးတယ်။ အသေးအဖွဲအသိမှားတွေ၊ တပါးသူကို မထိခိုက်တဲ့ အသိမှားတွေဆိုရင် ပြဿနာမရှိပေမယ့် အန္တရာယ်ရှိတဲ့ အသိမှားကို ဖက်တွယ်ထားမိရင် ဖက်တွယ်ထားသူကိုပဲ ဒုက္ခပေးပါလိမ့်မယ်။
အခုတော်လှန်ရေးကာလမှာ တိုင်းရင်းသားအရေးဟာလည်း အဓိကဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ သူပုန်လို့ ပုံဖျက်ခံထားသူတွေက တော်လှန်ရေးသူရဲကောင်းတွေကို
စစ်ပညာသင်ပေးတာ၊ နေရေးစားရေး ဝိုင်းဝန်းကြတာ၊ ပြည်မကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးခိုလှုံသူတွေကို တတ်စွမ်းသလောက် စောင့်ရှောက်ပေးကြမျိုး လုပ်ပေးကြပါတယ်။ ထို့အတူပါပဲ ဗမာစစ်တပ်ဟာ အလွန်ရက်စက်ယုတ်မာကြောင်း တိုင်းရင်းသားတွေ ကျယ်ကျယ်လောင်လောင် အော်ပြောနေတာ နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပါပြီ။
ဒါပေမဲ့ အစိုးရအဆက်ဆက် ဝါဒဖြန့်မှုအောက်မှာပဲ အသိတရားတွေဟာ ပုံပျက်ယိုယွင်းပြီး အစိုးရရဲ့ ဝါဒဖြန့်စာတွေ၊ စကားတွေ အောက်မှာပဲ မျောပါသွားသူတွေ ဒုနဲ့ ဒေးပါ။ အစိုးရဟာ ဝါဒမှိုင်းကို မျိုးစုံတိုက်လေ့ရှိပါတယ်။ အဲဒီထဲက အဆိုးဝါးဆုံး အသိပညာ အဆိပ်ခတ်မှုနဲ့ အသိတရားကို ပုံဖျက်မှုပုံစံကတော့ ကျောင်းသုံးပြဌာန်းစာအုပ်တွေဖြစ်ပါတယ်။ အမြင်သာဆုံးကတော့ မြန်မာ မင်းခေတ်တွေအကြောင်းပါ။ တက္ကသိုလ်ဝင်တန်းလောက်ထိ ပညာသင်ဖူးတဲ့သူဆိုရင် မြန်မာမင်းခေတ်တွေက ဘာတွေလဲလို့ မေးလိုက်ရင် အများစုက မှတ်နည်းတိုလေးတစ်ခုကို ရွတ်ပြပါလိမ့်မယ်။ ‘ပု ၊ ပင်း ၊ အင်း ၊ တောင် ၊ ညောင် ၊ ကုန်းဘောင်’
ရယ်လို့ဖြစ်ဖြစ် အဲဒါမျိုးဆန်ဆန် မှတ်နည်းတိုလေးကို ရွတ်ပြကြပါလိမ့်မယ်။ ဒါမှမဟုတ်ရင် ဒီထက်ဆရာကျသူတွေက ပုဂံ ၊ ပင်းယ ၊ အင်းဝ ၊ တောင်ငူ ၊ ညောင်ရမ်း ၊ ကုန်းဘောင်ရယ်လို့ ပြောပါလိမ့်မယ်။ ဆရာမက ဒီခေတ်တွေအကြောင်းကို အတန်းထဲမှာ စာမေးလို့ ဖြေနိုင်သူဟာ လက်မ တထောင်ထောင်နဲ့တောင် နေပါဦးမယ်။
ကိုယ်တိုင်လဲ ကြုံတွေ့ခဲ့ဖူးပါတယ်။ နိုင်ငံခြားသား ၂ ယောက်လောက်နဲ့ အလုပ်ကိစ္စ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင် ခရီးသွားတော့ မန္တလေးရောက်တဲ့အခါ နန်းတွင်းထဲ လည်ပတ်ကြပါတယ်။ အဲဒီမှာ နိုင်ငံခြားသားက မြန်မာပြည်မှာ “ဒီမင်းဆက်အပြင် ဘာရှိသေးလဲ”လို့ မေးလာတဲ့အခါ စာရတဲ့ ကျောင်းသားကို စာအမေးခံလိုက်ရသလို ခေါင်းမော့ရင်ကော့ပြီးတော့ ဖြေပါတယ်။ “မင်းတို့ သွားလည်ခဲ့တဲ့ ပုဂံပြည်ကနေ စတာ ဒီနန်းတော်ဟာ နောက်ဆုံးမင်းဆက်ဖြစ်ကြောင်း” ရှင်းပြပါတယ်။ ခေါင်းတညိမ့်ညိမ့်နဲ့ နားထောင်နေရာကနေ မေးခွန်းတစ်ခု ထပ်မေးပါတယ်။ “ဒါဆိုရင် မန္တလေးပြီးရင် သွားမယ့် မော်လမြိုင်ကရော
ဘယ်ခေတ်ထဲပါလဲ” ချက်ချင်းမဖြေနိုင်ပဲ ခဏတော့ ဆွံ့အသွားပါတယ်။ ကိုယ်တိုင်လဲ ဓညဝတီတို့၊ ဟံသာဝတီတို့ကို ကြားဖူးပေမယ့် ဘယ်နှခတ်ရှိလဲထိတော့ မသိရိုးအမှန်ပါ။ စာဖတ်အား နည်းတာလဲ ပါပါမယ်။ ငယ်စဉ်ကတည်းက သင်ရတဲ့အထဲမှာ မွန်မင်းသမီးခင်ဦးကို နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် ဆက်သတယ် ဘာညာနဲ့ ကြားဖူးတာတော့ ရှိပါတယ်။
ပြဌာန်းသမိုင်းမှာလဲ သင်ခဲ့ရပါတယ်။ သို့သော် ရခိုင်မင်းဆက်၊ မွန်မင်းဆက်၊ ရှမ်းစော်ဘွားတွေအကြောင်းစတဲ့ ဗမာမဟုတ်တဲ့ ကျန်တိုင်းရင်းသားတွေရဲ့ မင်းဆက်တွေ၊ အုပ်ချုပ်ပုံတွေကို မသိရှိခဲ့ပါဘူး။ ဒီအကြောင်းကို ဗမာမဟုတ်တဲ့ တိုင်းရင်းသားတစ်ယောက်ကို ပြောပြတော့ သူက ရယ်ပါတယ်။ သူတို့လဲ ပြည်မကဗမာများနည်းတူ ဒီပြဌာန်းစာအုပ်ကိုပဲ ကျက်ပြီး စာမေးပွဲတွေ ဖြေခဲ့တာဖြစ်တော့ သူကိုယ်တိုင်လဲ သူတို့ရဲ့ မင်းဆက်တွေကို ကောင်းကောင်းမွန်မွန်မသိကြောင်း ပြောပါတယ်။
တက္ကသိုလ်ပြီးလို့ လုပ်ငန်းခွင်ထဲ ရောက်တော့မှ ဟိုရှာသည်ရှာနဲ့ စာဖတ်နေတာခုထိဖတ်လို့မကုန်သေးကြောင်း ပြောရှာပါတယ်။ နောက်ဆက် ပြောတာတစ်ခုကတော့ “ငါတို့ကျက်ခဲ့ရတဲ့ စာတွေထဲမှာ ငါတို့ ဘုရင်တွေဟာ ဗမာဘုရင်တွေဆီ သုံ့ပန်းအဖြစ် ပါသွားတဲ့အကြောင်း၊ ငါတို့မင်းသမီးတွေကို ဆက်သရတဲ့အကြောင်းတွေပဲ ကျက်ခဲ့ရတာတော့ စိတ်မကောင်းဖြစ် ရကြောင်း” ပြောပါတယ်။ အဲဒီတော့မှာ ကိုယ်တိုင်လဲ ကိုယ်ချင်းစာစိတ် ဖြစ်မိပြီး ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေအပေါ် ပိုနားလည်လာပါတယ်။ တိုင်းရင်းသားဒေသတွေမှာ နောက်ထပ် ပုံဖျက်ခံရတော့ ကျောင်းနေကလေး တွေရဲ့ နာမည်ပါ။ ဆရာ၊ ဆရာမတွေက ဗမာအများစု ဖြစ်လေကြတော့ တိုင်းရင်းသားနာမည်တွေကို မပေါင်းတတ်တဲ့အခါ သူတို့နားစွဲတဲ့ နာမည်တွေ ပေးကြလေ့ရှိပါတယ်။
မှတ်ပုံတင်လုပ်တဲ့အခါမှာလည်း အဲဒီ နာမည်ပဲ ဖြစ်နေပြီး မိသားစုက အမြတ်တနိုးပေးထားတဲ့ တိုင်းရင်းနာမည်လေးဟာ တသက်လုံး ကွယ်ပျောက် သွားရပါတယ်။ ဒီလိုအသိတရားတွေ စွဲမြဲနေအောင် အစိုးရလို့ခေါ်တဲ့ အုပ်ချုပ်သူ လူတစ်စုနဲ့ အပေါင်းအပါတွေက
ဖန်တီးခဲ့ကြပါတယ်။ အသိတရားကို နည်းပေါင်းစုံနဲ့ ပုံဖျက်ပါတယ်။ ကျောင်းသုံးစာအုပ်တွေကနေတစ်ဆင့်ဖြစ်စေ၊ တီဗီ၊ ရေဒီယို၊ စာအုပ်တွေက တဆင့်ဖြစ်စေပုံဖျက်ပါတယ်။ ရိုက်သွင်းပါတယ်။ ၉၀ ခုနှစ်များဆီတုန်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်ဆိုတာတွေ၊ ဒို့တာဝန်အရေးသုံးပါးတွေ၊ ပြည်သူ့သဘောထား စတာတွေကို ပြည်သူအားလုံး ပါးစပ်ထဲ စွဲနေအောင် အမျိုးမျိုး ပြုလုပ်ခဲ့ကြဖူးပါတယ်။ အဆိုးဝါးဆုံးကတော့ အဲဒီခေတ်က ကလေးတွေကို စာစီစာကုံးတွေ၊ ကဗျာပြိုင်ပွဲတွေမှာ အဲဒီ ဦးတည်ချက်တွေ၊ ဆောင်ပုဒ်တွေကိုထည့်ရေးခိုင်း ခဲ့တာမျိုးတွေ လုပ်ကြတာပါပဲ။ ဒါကြောင့် ဒီတော်လှန်ရေးမှာ တိုင်းရင်းသားအရေးဟာ ပိုကျယ်ကျယ်လောင်လောင် အသံထွက်လာပါ တယ်။ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဟာ အင်မတန်အရေးကြီးလာပါတယ်။ ဗမာ တစ်ကျပ်၊ ရှမ်း တစ်ကျပ်ဖြစ်ဖို့ လိုလာပါပြီ။ ဗမာက လက်ဝါးကြီးအုပ်ပြီး ရှမ်းကို တစ်ကျပ်ဝေတော့ ဗမာက တစ်ကျပ် ယူ၊ ရခိုင်ကို တစ်ကျပ်ဝေတော့လဲ ဗမာက တစ်ကျပ်ယူ ဆိုတာမျိုး မဖြစ်သင့်တော့ပါဘူး။ ခုတလော ပြည်မကလူတွေ ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။
“စစ်ကြီးဖြစ်တော့မယ်”
တကယ်တော့ ဒီနိုင်ငံမှာ စစ်ဖြစ်နေတာ ကြာပါပြီ။ ကိုယ်နဲ့ မနီးသေးတာရယ်၊ ကိုယ်ကို လာမထိ သေးတာရယ်ကြောင့်သာ ပြည်မကလူတွေ သတိမထားမိကြတာပါ။ အာဏာရှင်တွေ လိုသလို ပုံဖျက်ထားတဲ့ အသိတရားတွေကို ဆင်ခြင်ရမယ့် အချိန်ရောက်ပါပြီ။ တိုက်ထုတ်ရမယ့်အချိန်ရောက်ပါပြီ။ ဒီအရေးတော်ပုံဟာ အတွေးအမြင်တိုက်ပွဲလဲ ဖြစ်ပါတယ်။ အာဏာရှင် မောင်းထုတ်ပွဲလဲ ဖြစ်ပါတယ်။ ခွင့်တူညီမျှရေးအတွက်လဲ ဖြစ်ပါတယ်။
အရေးတော်ပုံ မုချ အောင်ရမည်။


သစ္စာတည်