မျိုးရန်နောင်သိန်း ဘာလဲ၊ ဘယ်လဲ – ဓမ္မပါလ

ရက်ပိုင်းအတွင်းက မျိုးရန်နောင်သိန်း အမည်နဲ့ ကိုယ်ပိုင် Facebook account မှာ ရော Page မှာပါ ပို့စ်တစ်ခု တင်ထားတာ တွေ့ရှိခဲ့ပါတယ်။
“ဒီဇင်ဘာလ ၉ ရက်နေ့က တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ဂေါ့အင်းရွာမှာ အကြမ်းဖက်စစ်တပ်ရဲ့ သတင်းပေးဖြစ်သူ ဦးကျော်သူကို သွားရောက်တရားစီရင်ရာမှာ ဦးကျော်သူကို မတွေ့တဲ့အတွက် သမီးဖြစ်သူ မအိမ့်ရတနာမိုးကို ဖခင်ကိုယ်စား ဝိုင်းကြီးချုပ်တရားစီရင်ရေးနဲ့ တရားစီရင်ခဲ့ တယ်လို့တွေ့ရတယ်။
အခုလို ဝိုင်းကြီးချုပ် တရားစီရင်ရေးကို မြန်မာပြည်မှာ စတင်ဆောင်ရွက်လာတာဟာ အကြမ်းဖက်မင်းအောင် လှိုင်စစ်တပ်ရဲ့ ကြည့်မြင်တိုင်အကြမ်းဖက် လူသတ်မှုဖြစ်စဉ်၊ ဆားလင်းကြီး လူမဆန်စွာ မီးရှို့သတ်ဖြတ်မှုတွေ ရဲ့ နောက်ဆက်တွဲဖြစ်တယ်လို့ သီလသမာဓိနဲ့ ပြည့်စုံတဲ့ ပညာရှင်တွေက ဆိုပါတယ်”
လို့ ရေးထားပါတယ်။


ပထမဦးစွာ ပြောလိုတာက အဲဒီဖြစ်စဉ်ရဲ့ အတိအကျ၊ အသေးစိတ်ကို ဘယ်သူမှ မသိရသေးပါဘူး။ ဒါကြောင့် ဒီဖြစ်စဉ် ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို ခေတ္တ၊ ဖယ်ချန်ပြီး သူရေးထားတဲ့အထဲက သဘောတွေကိုသာ စိစစ် ကြည့်ရပါမယ်။
သဘောကျတော့ အကြမ်းဖက်စစ်တပ်ကို သတင်းပေးနေသူ တစ်ဦးကို သွားရောက် သုတ်သင်တယ်။ ဖခင် မတွေ့ခဲ့လို့ သမီးကို ကိုယ်စား သုတ်သင်ခဲ့တယ်ဆိုတာကို ရေးထားတာ ဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။ ဒါ ဟာ စက်စုပ်စရာ လုပ်ရပ်ပါ။ မတရားမှုတွေကို ကျူးလွန်နေသူ၊ အကြမ်းဖက်သတင်းပေးက ဖခင်ဆိုရင် ဖခင်ကို သာ ရှာဖွေပြီး စိစစ်အပြစ်ပေးရမှာဖြစ်ပါတယ်။ ဖခင်ရဲ့ အပြစ်ဟာ သမီးအပေါ် သက်ရောက်နေခြင်းမရှိပါဘူး။ ဆိုတော့ ဖခင်မတွေ့လို့ သမီးကို အပြစ်ပေးခဲ့တယ်ဆိုတာဟာ တဖက် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ရဲ့စရိုက် သဘာဝကို ပုံတူကူးပြီး ဖက်ဆစ်ဉာဉ်ဝင်ရောက်လာတဲ့ သဘောပဲဖြစ်တယ်လို့ မထောက်မညှာပြောရမှာဖြစ်ပါ တယ်။
ဒါကို သူက ဝိုင်းကြီးချုပ်တရားစီရင်ရေးလို့ အမည်တပ်ပါတယ်။ (သူ တင်သွင်းနေတဲ့ ဝိုင်းကြီးချုပ် တရားစီရင် ရေးဆိုတာကိုလည်း သီးသန့် ဆောင်းပါးတစ်စောင်နဲ့ စိစစ်ဖော်ထုတ်ပါဦးမယ်) သို့သော် အပြုအမူကတော့ လုပ်ချင်ရာလုပ်ခဲ့တာကို တရားစီရင်မှုလို့ တပ်တာပါပဲ။ အဲဒီလို အပြုအမူမျိုးကို တရားစီရင်မှုလို့ အမည်တပ် ထားသော်လည်း မတရားမှုက မတရားမှုပါပဲ။ အဓမ္မက အဓမ္မပါပဲ။ ကိုယ့်ဘက်က လုပ်လို့ ဓမ္မဖြစ်တယ်၊ တရား တယ်ဆိုတာ မရှိပါဘူး။ ဖခင်အပြစ်ကို သမီးကိုခံစေတယ်ဆိုတာ ဘယ်လိုကြည့်ကြည့် မတရားမှုပါ၊ အနိုင်ကျင့် မှုပါ။ ဒါကို လက်ခံပေးစရာမရှိပါဘူး။ ကိုယ့်ဘက်က လုပ်ရင် ဘာလုပ်လုပ်တရားတယ်ဆိုတာဟာ တော်လှန် ရေးကို ဖျက်ဆီးပစ်မယ့် မှိုင်းပါ။ ဒါကြောင့် ဒီအတွင်းလှိုက်ဖျက်ဆီးတဲ့ အက်စစ်မှိုင်းကို သတိထားကြရပါမယ်။
ဆိုတော့ မျိုးရန်နောင်သိန်း account နဲ့ Page မှာ တင်ထားတဲ့ ဖြစ်စဉ်ဟာ အမှန်တကယ် ဘယ်လိုဖြစ်ပျက်ခဲ့ တယ်ဆိုတာကို မသိရသေးတာကြောင့် အဲဒီအတိုင်းဖြစ်ခဲ့တယ်လို့ တထစ်ချ မှတ်ယူလို့ မရနိုင်သေးသော်ငြား သူရေးသားထားတဲ့ ပုံစံကတော့ လက်ခံစရာလုံးဝမရှိပါဘူး။ ဒါဟာ ဖက်ဆစ်ဉာဉ် ရှိသူတစ်ယောက် တော်လှန် ရေးသမားတွေကို ဖက်ဆစ်ဇာတ်သွင်းဖို့ ကြိုးစားနေတာလို့ပဲ တိတိလင်းလင်း ရှုံ့ချလိုပါတယ်။
နောက်ထပ်တစ်ခုကတော့ မျိုးရန်နောင်သိန်းဟာ NLD က ထုတ်ပယ်ခံထားရပြီးဖြစ်သလို၊ CRPH, NUG, NUCC ဘယ်အဖွဲ့မှာမှ ပါဝင်ပတ်သက်မနေဘူးဆိုတာပါပဲ။ ဒါကို သူက ပတ်သတ်နေသယောင် ပြုရင်း ထင်ရာမြင်ရာတွေကို အကြံပြုချက်အဖြစ်တင်သွင်းပြီး တော်လှန်ရေးကို လမ်းလွဲအောင်၊ တော်လှန်ရေး သမားတွေကို ဖက်ဆစ်တွေဖြစ်လာအောင် လမ်းမှားအောင် ပြုလုပ်နေတာသာ ဖြစ်ကာ ဒီကိစ္စကို အားလုံး ဝိုင်း ဝန်းဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်။ တနည်းဆိုရရင် သူဟာ တော်လှန်ရေးဘက်တော်သား အသွင်ယူနေသော် ငြား ဖက်ဆစ်စိတ်ရှိသူတစ်ယောက်သာဖြစ်တယ်ဆိုတာကို သူ့စာ သူ့အရေးအသားမှာ ပွင့်ပွင့်လင်းလင်း ပေါ် ထွက်နေပါတယ်။
အဲဒီအပြင် “အခုလို ဝိုင်းကြီးချုပ် တရားစီရင်ရေးကို မြန်မာပြည်မှာ စတင်ဆောင်ရွက်လာတာဟာ အကြမ်းဖက်မင်းအောင် လှိုင်စစ်တပ်ရဲ့ ကြည့်မြင်တိုင်အကြမ်းဖက် လူသတ်မှုဖြစ်စဉ်၊ ဆားလင်းကြီး လူမဆန်စွာ မီးရှို့သတ်ဖြတ်မှုတွေ ရဲ့ နောက်ဆက်တွဲဖြစ်တယ်လို့ သီလသမာဓိနဲ့ ပြည့်စုံတဲ့ ပညာရှင်တွေက ဆိုပါတယ်” ဆိုတဲ့အရေးအသားကို ကြည့်မယ်ဆိုရင်လည်း မတရားမှုကို ဖက်ဆစ်တပ်ဘက်က ကျူးလွန်နေ တာကြောင့် ကိုယ့်ဘက်က ပြန်ပြီး မတရားမှုကျူးလွန်ရတာဖြစ်တယ်ဆိုတဲ့ ယုတ္တိမျိုးကိုသာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ တော်လှန်ရေး၊ ခုခံတော်လှန်ခြင်း၊ လက်နက်ဆွဲကိုင်တော်လှန်ခြင်းတို့ဟာ မတရားမှုကို တော် လှန်တာသာ ဖြစ်ပါတယ်။ မတရားမှုကို မတရားမှုနဲ့ တန်ပြန်တာမဟုတ်ပါဘူး။ ဒါကို ကွဲကွဲပြားပြား နားလည် ကြရပါမယ်။ ဒါ့အပြင် သီလသမာဓိနဲ့ ပြည့်စုံတဲ့ ပညာရှင်တွေက ဆိုပါတယ်လို့ မရေမရာ၊ ရောချ ရေးသားထား ပြီး ဒီလုပ်ရပ်ဟာ တရားတယ်လို့ ပုံဖော်နေတာကို တွေ့ရပြန်ပါတယ်။ တကယ်တော့ သီလသမာဓိနဲ့ ပြည့်စုံ တဲ့ ပညာရှင်ဆိုရင် မတရားမှုဟာ မတရားမှုသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်ရပ်တည်မှာဖြစ်ပါတယ်။ မ တရားမှုကို မတရားမှုနဲ့ တုံ့ပြန်တာ တရားတယ်၊ အဖေ မမိလို့ သမီးကို ဖမ်းတာ၊ အရေးယူတာ မှန်တယ်လို့ လက်ခံတဲ့ ဘယ်ပညာရှင်မှ သီလသမာဓိနဲ့ ပြည့်စုံနေမှာမဟုတ်ပါဘူး။ သို့သော် ဒါဟာ ဘယ်ပညာရှင်လည်း ဆိုတာ မပါဘဲ ရောချရေးသားမှုသာ ဖြစ်လို့ မျိုးရန်နောင်သိန်းရဲ့ လော်မာမှုနဲ့ ကောက်ကျစ်မှုကို ထပ်မံတွေ့ရှိ ရတဲ့ အရေးအသားဖြစ်ပြန်ပါတယ်။
အဲဒီအောက်မှာ “ဒီသတင်းကို ရေးသားတင်ပြသူကတော့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်၊ လူသားချင်းစာနာ စိတ်ရှိသူ၊ လူသတ်ဝါဒကို ဆန့်ကျင်တဲ့ ဘာသာရေးသမား ကျွန်တော် မျိုးရန်နောင်သိန်းဖြစ်ပါတယ်။
သြော်
အနိစ္စ၊ ဒုက္ခ၊ အနတ္တ
အနိစ္စ၊ ဒုက္ခ၊ အနတ္တ
အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ဘုရား၊ ဘုရား
မှတ်ချက်။ ။ လက်ထဲမှာ ပုတီးနှင့်”
လို့ ဆက်လက်ရေးထားပြီး အဆုံးသတ်ထားပါတယ်။
ဒီနေရာမှာကို သူ့ရဲ့ မရိုးသားမှု၊ ကြောင်သူတော် ကြွက်သူခိုးဆန်မှုကို ထင်ထင်ရှားရှားမြင်နေရပါပြီ။ အပေါ်မှာ ဖြစ်ခဲ့တဲ့ (တကယ် အဲဒီအတိုင်းဖြစ်ခဲ့သလား၊ မဖြစ်ခဲ့သလားမသိတဲ့ ) အဖြစ်အပျက်ကို တရားသယောင် မသိ မသာ ရေးထားပြီး သူ့ကိုယ်သူက ငြိမ်းချမ်းရေး အကျိုးတော်ဆောင်၊ လူသားချင်းစာနာစိတ်ရှိသူ၊ လူသတ်ဝါဒ ကို ဆန့်ကျင်တဲ့ ဘာသာရေးသမား လို့ တံဆိပ်တပ် အကာအကွယ်ယူ ရှောင်ထွက်သွားကာ ဒါဟာ သူက တ ဆင့်အသိပေးတဲ့ သတင်းသက်သက်ပဲဖြစ်တယ်ဆိုတဲ့ ပုံစံပြ လှည့်ထွက်သွားတာသာဖြစ်ပါတယ်။
ဆိုတော့ ဒီစာကိုပဲ ကြည့်မယ်ဆိုရင် မျိုးရန်နောင်သိန်းဟာ တော်လှန်ရေးကို အကျိုးပြုနိုင်သူမဟုတ်ဘဲ မရိုးသား သူ၊ ကြောင်သူတော် ကြွက်သူခိုး၊ ဖက်ဆစ်စိတ်အခံရှိသူလို့ သိသာမြင်သာနေတာကြောင့် အားလုံး သတိထား ရှောင်ကြဉ်ကြဖို့ လိုအပ်ကာ သူ့အရေးအသား၊ အပြောအဆိုတွေကို သတိနဲ့ ချဉ်းကပ်ကြဖို့လည်း လိုအပ်နေမှာ ဖြစ်ပါတယ်။

ဓမ္မပါလ

(မျိုးရန်နောင်သိန်း တင်သွင်း၊ ပြောဆိုနေတဲ့ ဝိုင်းကြီးချုပ်တရားစီရင်ရေးစနစ်နဲ့ ပတ်သက်ပြီး သီးသန့် စိစစ် ဝေဖန်ရေးဆောင်းပါးတစ်စောင် တင်ဆက်ပေးပါဦးမယ်)