တော်လှန်ရေးနှင့် ပြောက်ကျားစစ်ဆင်ရေးနည်းဗျူဟာ – အမာ

သူပုန်ဂေဇက် အတွဲ ၁၊ အမှတ် ၉)
အင်အားကြီးမားပြီးလက်နက်အင်အားတောင့်တင်းလှသည့် ရန်သူမျိုးနှင့် ရင်ဆိုင်ရသည့် တော်လှန်ရေးတိုက်ပွဲမျိုးတွင် ပြောက်ကျားစစ် (သို့) ပြောက်ကျားလှုပ်ရှားမှုသည် အဓိက အရေးပါလှသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တော်လှန်ရေးဗျူဟာတစ်ခုလည်းဖြစ်သည်။ ပြောက်ကျားစစ်သည် အင်အားကြီးသောရန်သူကို လက်နက် စစ်ပစ္စည်း စသည်တို့မပြည့်စုံသူတို့က တော်လှန်တိုက်ခိုက်ရာတွင် အသုံးတည့်လှသည့်စစ်နည်းနာတစ်ရပ် ဟုလည်း ဆိုနိုင်သည်။
ခုခံတော်လှန်သူ ပြောက်ကျား တို့နေထိုင်ရာ နယ်မြေပထဝီအနေအထား၊ ရာသီဥတု၊ လူထု အင်အား စသည်တို့သည် ရန်သူအတွက် အတားအဆီးများဖြစ်ပြီး ပြောက်ကျားတို့အတွက်မူ ယင်းတို့သည် ရန်သူကိုထိုးနှက်ရန် သဘာဝအလျောက်ရထားသည့် အထောက်အပံ့များဖြစ်သည်။ သို့သော် ပြောက်ကျားစစ်ဆင်မှုသည် သူ့ချည်းသီးခြား ဆောင်ရွက်ခြင်းမပြုသင့်ဘဲ စနစ်တကျတည်ထောင်ထားသည့် စစ်တပ်များ၏ စစ်ဆင်ရေးများနှင့် ပူးတွဲညှိနှိုင်းဆောင်ရွက်နိုင်အောင်ကြိုးစားရမည် ဖြစ်သည်။
တိုက်ပွဲအတွေ့အကြုံများလာပြီးတိုက်ရည်ခိုက်ရည်ပြည့်လာသည်နှင့်အမျှ ပြောက်ကျားတပ်တို့သည် ပုံမှန် (စနစ်ကျသည့်) တိုက်ခိုက်ရေးတပ်များအဖြစ်တိုးတက်ပြောင်းလဲလာမည်ဖြစ်ပြီး ပုံမှန် ဖွဲ့စည်းထားသည့် အခြားတပ်များနှင့်ပူးတွဲစစ်ဆင်လာနိုင်မည်။
အရေးအကြီးဆုံးစွဲမှတ်ထားရမည်မှာ ပြောက်ကျားစစ်အပါအဝင် မည်သည့်လက်နက်ကိုင်တော်လှန်ရေးမဆို ခိုင်မာတိကျသည့် နိုင်ငံရေးရည်မှန်းချက် နှင့် နိုင်ငံရေးတာဝန်များ ရှိနေရမည်ဖြစ်သည်။ နိုင်ငံရေးရည်မှန်းချက် မရှိဘဲ ပြောက်ကျားစစ်ကို ဆင်နွှဲရန်မဖြစ်နိုင်ပါ။ ထိုနိုင်ငံရေးရည်မှန်းချက် ကို ရောက်ရှိနိုင်ရန် ရှင်းလင်းပြတ်သားသည့် နိုင်ငံရေးမူဝါဒလည်း ရှိနေရပါမည်။
နိုင်ငံရေးရည်မှန်းချက်မဲ့ ပြီး ရှင်းလင်းတိကျသည့် နိုင်ငံရေးမူဝါဒ မရှိခြင်း သို့မဟုတ် ပြည်သူ့အားပေးထောက်ခံမှုပူးပေါင်းမှုမရှိသည့်၊ပြည်သူတို့ လိုလားတောင့်တချက်နှင့်ဆန့်ကျင်သည့်ပြောက်ကျားတော်လှန်ရေးသည်ကျရှုံးမည်မှာမလွဲဧကံပင်။ ဥပမာ – မိမိတို့၏တော်လှန်ရေး၏အန္တိမရည်မှန်းချက်သည် စစ်အာဏာရှင်အဆုံးသတ်‌ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး နှင့် ပြည်သူကို လက်နက်ဖြင့် အနိုင်ကျင့်အုပ်စိုးသည့်စနစ် နောင်အနာဂတ်တွင်လုံးဝမပေါ်ပေါက်စေရေးစသည့် ရည်မှန်းချက်များဖြင့် လက်နက်ကိုင်တိုက်ခိုက်ခြင်းဖြစ်သည်။ အလားတူပင် နိုင်ငံရေး ရည်မှန်းချက်သို့ ခေါ်ဆောင်သွားမည့် နိုင်ငံရေးမူသည်လည်း ရှင်းလင်းပြတ်သားနေရန်လိုအပ်လှသည်။ ထို့ကြောင့် လက်နက်စွဲကိုင် တော်လှန်မှု ကို စတင်ပြီဆိုလျှင် ဆိုခဲ့ပါနိုင်ငံရေးရည်မှန်းချက်များမှ လွှဲချော်မသွားစေရန် အစဉ်မပြတ်အာရုံပြုထားရမည်ဖြစ်သည်။ ထို နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ပြီးမြောက်ရန်အတွက် အောက်ပါအဆင့်များကို လုပ်ဆောင်ရန်လိုအပ်ပါမည်။
၁။ ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်ခြင်း
၂။ တော်လှန်ရေးအင်အားစုများအတွင်း နိုင်ငံရေးအရ သွေးစည်းညီညွတ်မှုကို တည်ဆောက်ထားခြင်း
၃။ အခြေခံနယ်မြေများ တည်ထောင်ထားခြင်း
၄။ တပ်ဖွဲ့များကို လက်နက်တပ်ဆင်ခြင်း
၅။ ပြည်သူ့ အင်အားကို ဖော်ထုတ်ခြင်း
၆။ ရန်သူ့ အင်အားကိုဖျက်ဆီးခြင်း
၇။ နယ်မြေများကိုတိုက်ခိုက်သိမ်းပိုက်ခြင်း
ပြောက်ကျားးစစ်ဆင်ရေး တစ်ရပ်ကို ထည့်သွင်းစဉ်းစားပြီဆိုလျင် မိမိတို့ချမှတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက်၊ နိုင်ငံရေးမူဝါဒများမှ လုံးဝသွေဖည်သွား၍ မရနိုင်ပေ။ တချို့တွေက – ”ပြောက်ကျားစစ်ဆင်ရေးသည် စစ်ရေးစစ်ရာ ကိစ္စရပ်သာဖြစ်ပြီး နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သတ်နေခြင်းမရှိ.”ဟု ဆိုကာ ငြင်းချက်ထုတ် ပြောဆိုကြလေ့ရှိသည်။ ယင်းယူဆချက်မျိုးကို ကိုင်စွဲနေကြခြင်းမှာ ၎င်းတို့ကိုယ်၌က ပြောက်ကျားစစ်ဆင်ရေး၏ နိုင်ငံရေးရည်မှန်းချက် နှင့် ပြောက်ကျားစစ်ဆင်ရေးမှ ထွက်ပေါ်လာတဲ့ နိုင်ငံရေး ရလဒ်များ ကို မမြင်နိုင်၊ မဆက်စပ်နိုင်ကြခြင်းကြောင့်ပင် ဖြစ်သည်။ အဲ့လို အမြင်မျိုးဟာ ပြည်သူလူထုရဲ့ ယုံကြည်မှုများကိုလည်းဆုံးရှုံးရပြီး နောက်ဆုံးမှာ အရှုံးနဲ့သာ ရင်ဆိုင်ရဖွယ်ရှိတတ်ပါသည်..။
ပြောက်ကျားစစ် နဲ့ ပြည်သူလူထုကြားဘယ်လို ဆက်စပ်မှု ရှိနေသလဲ??
နိုင်ငံရေးရည်မှန်းချက်မဲ့သည့် ပြောက်ကျားစစ်မှာ အသေအချာကို ရှုံးနှိမ့်မှာပဲ ဖြစ်သည်။ ထို့ပြင် ၎င်း နိုင်ငံရေးရည်းမှန်းချက်သည် ပြည်သူလူထု၏ ဆန္ဒနဲ့ ကိုက်ညီခြင်း မရှိလျင် ပြည်သူလူထု၏ အားပေးထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ပံ့ပိုးကူညီမှုမရှိနေဘူးဆိုလျင်လည်း လုံးဝအောင်မြင်နိုင်စရာမရှိပေ။ ပြောက်ကျားစစ်၏ အဓိက အနှစ်သာရသည် တော်လှန်ရေး၏ ကြန်အင်လက္ခဏာဖြစ်ခြင်းကြောင့်ဖြစ်သည်.။ ပြောက်ကျားစစ်ဆိုသည်မှာ အခြေခံအားဖြင့် လူထုကြားထဲကနေသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ လူထု၏ စာနာမှု၊ ပူးပေါင်းဆောင်ရွက်မှု မရှိလျင် ဘယ်လိုမှ ရပ်တည်လို့ မရနိုင်သောကြောင့် ဖြစ်သည်။
ပြောက်ကျားစစ်ကို ဘယ်လိုစုစည်းတည်ထောင်မလဲ
ပြောက်ကျားတပ်က်ဖွဲ့ကို ဒေသခံပြည်သူလူထုကိုအခြေခံ၍စနစ်တကျတည်ထောင်ထားပြီးသော စစ်တပ်ဖွဲ့ဝင်များသို့မဟုတ် တပ်ဖွဲ့တစ်ခုနှင့် ပူးပေါင်းဖွဲ့စည်းရန်ဖြစ်သည်။ တပ်ဖွဲ့ဝင်ဦးရေမှာ ဆယ်ဂဏန်းမှသည်ရာထောင်အထိဖြစ်နိုင်ပါသည်။ အလွန်အရေးကြီးသည့်အချက်မှာ ပြောက်ကျားတပ်ဖွဲ့များအတွက် နိုင်ငံရေးအရရော စစ်ရေးအရပါ ဦးဆောင်မှုရှိရန်လိုအပ်ခြင်းဖြစ်သည်။ ထိုသို့`ဦးဆောင်မှုပေးရန်အတွက် ပြောက်ကျားတပ်ဖွဲ့တိုင်းတွင် တော်လှန်ရေး၏ နိုင်ငံရေးရည်မှန်းချက်မူ အပေါ်ခိုင်မာစွာရပ်တည်ပြီး ရိုးသားဖြောင့်မတ်စွာ အနစ်နာခံနိုင်သည့် ခေါင်း‌ဆောင်များရှိရမည်။ ယင်းခေါင်းဆောင်များသည် အများ၏စံပြဖြစ်ရမည်ဖြစ်ပြီး၊ တော်လှန်ရေးနည်းနာများကို နားလည်တတ်ကျွမ်းသူ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသူ၊ စနစ်စည်းကမ်းကြီးသူ ဖြစ်ရန်လိုအပ်မည်။ ယင်းသို့အရည်အသွေးများနှင့်ပြည့်ဝသောခေါင်းဆောင်များသည် စစ်ရှိန်မြင့်လာသည်နှင့်အမျှ စတင်တည်ထောင်စဉ်ကာလတွင် စည်းကမ်းသေဝပ်မှုအားနည်းသော(ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်) တပ်ဖွဲ့များကို စနစ်စည်းကမ်းကျနသော တပ်များအဖြစ်ပြောင်းလဲအောင်လုပ်ဆောင်ကာ တိုက်ရည်ခိုက်ရည်ပြည့်ဝသောတပ်များအဖြစ်မွေးဖွားလာနိုင်မည်ဖြစ်သည်။ စနစ်စည်းကမ်းမရှိသော ပြောက်ကျားစစ်သည် အောင်ပွဲရရန်အလွန်ခက်ပေမည်။
ပြောက်ကျားတပ်ဖွဲ့သည် စစ်အတွေ့အကြုံမရှိသော ပြည်သူများအတွင်းမှ ပေါက်ဖွားဖွဲ့စည်းရသည်ဖြစ်ရာ တည်ထောင်ဖွဲ့စည်းစတွင် စည်းစနစ်မကျဘဲ ပရမ်းပတာဖြစ်နေနိုင်သည့်အပြင် အကျင့်ပျက် ဖောက်ပြန်မှု စသည်မလိုလားအပ်သည်တို့ကိုလည်း ကြုံတွေ့ရနိုင်ပါသည်။ အထက်တွင်ဖော်ပြခဲ့သလို ခေါင်းဆောင်မှု ကောင်းကောင်းဖြင့် ယင်းပြဿနာများကို ဖြေရှင်းသွားနိုင်မည်။ အရေးကြီးသည်မှာ ခေါင်းဆောင်မှုကောင်းရုံတစ်ခုတည်းဖြင့်မလုံလောက်ပဲ ပြည်သူတစ်ရပ်လုံးက မိမိကိုယ်မိမိ တစ်ဦးချင်းတာဝန်သိစိတ်ဖြင့် ပြုပြင်ထိန်းကျောင်းသွားမှသာ တိုက်ရည်ခိုက်ရည်ပြည့်ဝသည့် စည်းကမ်းစနစ်ကျသော ပြောက်ကျားတပ်များကိုမွေးထုတ်နိုင်ပေမည်။
ပြောက်ကျားစစ်ဗျူဟာ
ပြောက်ကျားဗျူဟာသည် နိုးကြားမှု၊ သွက်လက်စွာရွေ့လျားနိုင်မှု နှင့် တိုက်ခိုက်ရေး တို့ကိုအခြေခံထားသည်။ ရန်သူ့အခြေအနေ၊ နယ်မြေအနေအထား၊ ရနိုင်သည့်ဆက်သွယ်ရေးလမ်းကြောင်းခြေအနေ၊ မိမိ၏အင်အား၊ ရာသီဥတု နှင့် ပြည်သူလူထု၏အနေအထားပေါ်မူတည်၍ အထက်ပါ ဗျူဟာသုံးရပ်ကို လိုအပ်သလို ကျင့်သုံးလေ့ရှိသည်။
ပြောက်ကျားစစ်တွင်ကျင့်သုံးလေ့ရှိသည့် နည်းနာမှာ ‌ရှေ့ကအယောင်ပြ နောက်ကတိုက်၊ အမာရှောင် အမွတိုက်၊ တိုက်ခိုက် ဆုတ်ခွါ လျှပ်တစ်ပြက်ဆုံးဖြတ် လျှပ်တစ်ပြက်တိုက် စသည့်နည်းဗျူဟာများကိုရွေးချယ်လေ့ရှိသည်။ အင်အားကြီးသောရန်သူနှင့် ရင်ဆိုင်ရာတွင် ရန်သူတက်လာလျင်ဆုတ်ခွါ၊ ရန်သူရပ်တန့်နေချိန် နှောက်ယှက်တိုက်ခိုက်၊ ရန်သူစစ်ပန်းနေချိန်ထိုးစစ်ဆင်၊ ရန်သူဆုတ်ခွါလျင်ထပ်ကြပ်လိုက်တိုက် ရန်ဖြစ်သည်။ ပြောက်ကျားစစ်တွင် ရန်သူ(တပ်)၏နောက်ကျော၊ ဘေး နှင့် အခြားအားနည်းသော နေရာများကိုအဓိကထားတိုက်ခိုက်ရန်ဖြစ်ပြီး၊ ထိုနေရာများကို နှောက်ယှက်၊တိုက်ခိုက်၊ဖြိုခွဲ၊ ထိုးနှက်၊ ခြေမှုန်းရမည်ဖြစ်သည်။ အထူး ဂရုပြုရမည့်အချက်မှာ တိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်မှုကို အတတ်နိုင်ဆုံး ထောင့်စေ့အောင် ဆောင်ရွက်ထားရန်ဖြစ်သည်။ ပြင်ဆင်မှုအားနည်းပါက တစ်ချက်မှားသည်နှင့် ခံသွားရနိုင်ပါသသည်။
အချုပ်အားဖြင့်ဆိုရသော် ပြောက်ကျားစစ်သည် တိုက်ခိုက်ရေးဗျူဟာတစ်ခုသပ်သပ် မဟုတ်ဘဲ တော်လှန်စစ်ပွဲတစ်ခု၏ နိုင်ငံရေးအရ ဆက်စပ်နေသည့် အရေးပါသောအစိတ်အပိုင်း သို့မဟုတ် နည်းဗျူဟာတစ်ခုဖြစ်ပါသည်။ ပြောက်ကျားစစ်သည် တော်လှန်စစ်ပွဲကြီး၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ရခြင်းမှာ ပြောက်ကျားစစ်သည် ပြည်သူလူထုနှင့် သီးခြားခွဲထား၍မရဘဲ ပြည်သူလူထုကို အခြေခံ၍စုရုံးတည်ဆောက်ရသောကြောင့် ဖြစ်ပါသည်။

အမာ
Ref: Yu Chi Chan (Guerrilla Warfare)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: