သူပုန်‌ဂေဇက်အကြောင်း

သူပုန် ဂေဇက် သည် ၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံတွင် အာဏာသိမ်းယူမှုကို ဆန့်ကျင်ခဲ့သော မြန်မာ့နွေဦး တော်လှန် ရေးကာလတွင် ပေါ်ပေါက်လာခဲ့သည့် လွတ်လပ်သော တော်လှန်ရေး မီဒီယာတစ်ခုဖြစ်သည်။ တော်လှန်ရေး ကာလအတွင်း အသိပညာဖြန့်ဝေလိုခြင်း၊ သတင်းစီးဆင်းမှု မပြတ်လပ်စေလိုခြင်း စသည့် ရည်ရွယ်ချက်များကို အခြေခံကာ အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖိနှိပ်ခံတို့၏ အခွင့်အရေးများ တန်းတူညီမျှ ပြန်လည်ရရှိစေရေး စသည့် ဦးတည်ချက်များဖြင့် တော်လှန်လျက် ရှိသော တော်လှန်ရေးဘက်တော်သား အားလုံး၏ အမြင်၊ ရှုထောင့်များ၊ ပြည်သူတို့၏ အသံများ၊ အမြင်များကို ဖော်ထုတ်တင်ပြရန် ကြိုးပမ်းရပ်တည်လျက်ရှိသည့် စာစဉ်တစ်ခုဖြစ်သည်။ သူပုန်ဂေဇက် ကို လွတ်လပ်ပွင့်လင်းသောလူ့အဖွဲ့အစည်းကို တည်ဆောက်လိုသူ စာပေ၊ စာနယ်ဇင်းနှင့် အနုပညာနယ်ပယ်မှ လူငယ်၊ လူလတ်ပိုင်းများ ပါဝင်သော ” ပန်းဆိုးတန်း ကျောင်းတော်” ဟု အမည်ရသည့် လူမှုအဝန်းအဝိုင်းငယ်တစ်ခုမှ စီစဉ် ထုတ်ဝေနေခြင်းဖြစ်သည်။

ဖြစ်ပါ်လာပုံ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းကောင်စီက ရွေးကောက်ခံအစိုးရထံမှ အာဏာကို လက်နက်နှင့် အင်အားသုံး ဖမ်းဆီး သိမ်းယူလိုက်ပြီးနောက် အာဏာသိမ်းယူမှုကို ဆန့်ကျင်ပြီး အာဏာရှင် အုပ်ချုပ်ရေးအောက်တွင်လည်း မနေလိုသည့် ပြည်သူတို့က တခဲနက် ဆန္ဒပြကန့်ကွက်မှုများ နိုင်ငံတဝှမ်းတွင် အင်အားကောင်းစွာ ပေါ်ထွက်လာခဲ့သည်။ ထိုသို့ တခဲနက် ဆန္ဒပြကန့်ကွက်ခဲ့ကြရာတွင် မြန်မာပြည်သူများက အာဏာသိမ်းယူမှုကို လက်မခံကြောင်း နိုင်ငံတကာသို့ လူမှုကွန်ရက်များအသုံးပြုကာ အသိပေးခဲ့ကြခြင်းလည်း ပါဝင်သည်။ ယင်းကဲ့သို့ အသိပေး ဆန္ဒထုတ်ဖော်မှုများကို တားဆီးလိုသည့်အပြင် နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အင်အား သန်းဆယ်ချီသော အေးချမ်းစွာဆန္ဒပြကန့်ကွက်မှုများကို နိုင်ငံတကာက မမြင်စေလိုသည်က တ ကြောင်း၊ ၎င်းတို့၏ ရက်စက်စွာ အကြမ်းဖက်မှုများကို မပေါက်ကြားစေလိုသည်က တကြောင်းကြောင့် အင်တာ နက်များကို ပိတ်ချခဲ့သလို၊ လူမှုကွန်ရက်များကိုလည်း နိုင်ငံတွင်း အသုံးပြုမရစေရန် ပိတ်ပင်ပစ်ခဲ့သည်။ ယင်း ကဲ့သို့ဖြစ်ပေါ်လာချိန်တွင် သတင်းအမှောင်ချမှုကို အံတုရန်နှင့် တော်လှန်ရေးကို အထောက်အကူပြုရန်အတွက် ပန်းဆိုးတန်းကျောင်းတော် အဖွဲ့သားများသည် အရေးတော်ပုံစာစဉ် ဟုသော အမည်ဖြင့် လက်ကမ်းစာ စောင်ငယ်များကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အခမဲ့ စတင် ဖြန့်ချိဝေငှခဲ့သည်။

အရေးတော်ပုံစာစဉ် အတွဲ ၂


ယင်းကဲ့သို လမ်းပေါ် ဆန္ဒပြသပိတ်ကာလများတွင် ဖြန့်ချိဝေငှခဲ့သော အရေးတော်ပုံစာစဉ် အတွဲ ၁ သည် စောင်ရေ ၁၃ စောင်အထိ နေ့စဉ်နီးပါး ထွက်ရှိပြီးနောက် အမှတ်စဉ် ၁၃ တွင် ခေတ္တရပ်နားသွားခဲ့ကာ ဇွန်လ ၂၅ ရက်နေ့တွင် အရေးတော်ပုံစာစဉ်အတွဲ ၂ အနေဖြင့် အွန်လိုင်းစာစဉ်ပုံစံပြောင်းလဲ၍ အပတ်စဉ် ပြန်လည်ထုတ် ဝေခဲ့ပြီး အတွဲ ၂ အမှတ် ၁၀ အထိ ထုတ်ဝေနိုင်ခဲ့သည်။

သူပုန်ဂေဇက်

ထို့နောက် အရှိန်အဟုန်မြင့်လာသော တော်လှန်ရေးနှင့်အတူ ပိုမိုထိရောက်၊ အကျိုးရှိစွာ ထုတ်ဖော်ရေးသားနိုင် ရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စာစဉ်အမည်ကို သူပုန်ဂေဇက်ဟု ပြောင်းလဲကာ ထုတ် ဝေခဲ့သည်။ သူပုန်ဂေဇက် အတွဲ ၁ ကို အမှတ်စဉ် ၁၀ အထိ အပတ်စဉ် ထုတ်ဝေနိုင်ခဲ့သည်။ ယခုအခါ အပတ်စဉ် စာစဉ်အဖြစ် ထုတ်ဝေမှုကို ရပ်နားလိုက်ကာ therebelgazette.com website အဖြစ်ပြောင်းလဲ၍ အာဏာရှင်တော်လှန်ရေးနှင့် လူမှုတော်လှန်ရေးဆိုင်ရာ အကြောင်းအရာများ၊ သတင်းအချက်အလက်များ ကို ဆက်လက်ရေးသား ဖော်ထုတ် ဖြန့်ဝေလျက်ရှိပါသည်။

လွတ်လပ်သောတော်လှန်ရေးမီဒီယာများကွန်ရက်

သူပုန်ဂေဇက်သည် တော်လှန်ရေးကာလ သတင်းအမှောင်ချမှုများကို အံတုရန်နှင့် စာပေ၊ စာနယ်ဇင်းကဏ္ဍမှ တော်လှန်ပုန်ကန်ရန် သူပုန်ဂေဇက် ကဲ့သို့ပင် အသီးသီးထွက်ပေါ်လာပြီး ဖြန့်ချိထုတ်ဝေလျက်ရှိသော တော်လှန်ရေးစာစဉ်များ၊ ရေဒီယိုများနှင့် အခြားမီဒီယာများ စုပေါင်းဖွဲ့စည်းထားသော ကွန်ရက်ဖြစ်သည့် လွတ်လပ်သောတော်လှန်ရေးမီဒီယာများကွန်ရက် ၏ အဖွဲ့ဝင်မဟာမိတ် စာစဉ်တစ်စောင်လည်း ဖြစ်ပါသည်။