ဒီဂျစ်တယ် စစ်မျက်နှာအတွက် တော်လှန်ရေးတပ်သား အလိုရှိသည် – သုခမင်းသျှင်

ယခုအခါ တော်လှန်ရေး အရှိန်ဟာ မြင့်သထက် မြင့်လာနေသလို၊ ဖက်ဆစ်စစ်တပ်ဘက်က ယုတ်မာမှု၊ ဖိနှိပ်မှု၊ သတ်ဖြတ်မှုတွေကလည်း ပိုမို ပြင်းထန်လာနေပြီဖြစ်ပါတယ်။ နေ့တိုင်း ရွာတွေ မီးရှို့ခံရ၊ လက်နက်ကြီး ဒဏ်ခံရ၊ လေယာဉ်နဲ့ ဗုံးကျဲတဲ့ဒဏ်ခံရချည်းပါပဲ။ တော်လှန်ရေးတပ်သားတွေဘက်ကလည်း အောင်ပွဲရဖို့ တိုက်ပွဲတွေ ဆင်နွှဲလို့နေကြပါပြီ။
ဒီအချိန်မှာ ပိုမို လိုအပ်လာတာကတော့ ထောက်ပံ့ရေးပါ။ ထောက်ပံ့ရေးမှာမှ ကိုယ်တိုင် စိုက်ထုတ် ထည့်ဝင် တာနဲ့ ဒီဂျစ်တယ် နည်းပညာသုံး ရန်ပုံငွေရှာဖွေရေးတွေမှာ ပါဝင်တာဆိုပြီး ၂ မျိုး နှစ်စား လောလောဆယ်ရှိလို့ နေပါတယ်။ ဒီမှာတော့ ဒီဂျစ်တယ် ကိစ္စကိုပဲ အဓိကအားဖြင့် ပြောချင်ပါတယ်။
ဒီဂျစ်တယ် နည်းပညာနဲ့ ရန်ပုံငွေရှာဖွေရေးကဏ္ဍကို ဒီဂျစ်တယ် စစ်မျက်နှာလို့ပဲ ခေါ်လိုက်ကြပါစို့ရဲ့။
တော်လှန်ရေး သက်တမ်းကြာလာတာနဲ့ အမျှ ကိုယ်တိုင် ထည့်ဝင်စိုက်ထုတ်နိုင်စွမ်းဟာ ကျလာတော့မှာဖြစ်ပါ တယ်။ ဖက်ဆစ်တွေဘက်ကလည်း ပြည်သူ မကြပ်တည်းကြပ်တည်းအောင် နည်းမျိုးစုံနဲ့ ကြံဆောင်ပြီး ပြည်သူ့ ရဲ့ ထည့်ဝင်နိုင်စွမ်းကို ကန့်သတ်တားဆီးလာမှာပါ။ ဒီအခါမှာ အရေးပါလာတာကတော့ ဒီဂျစ်တယ် ကဏ္ဍပါပဲ။
ဒီကဏ္ဍက ဘယ်လောက် အလုပ်ဖြစ်တယ်၊ ဘယ်လောက်အရေးပါတယ်ဆိုတာကို အထူးတလည် ရှင်းပြနေဖို့ မလိုတော့ပါဘူး။ ဒီဇင်ဘာလအတွင်းမှာရရှိခဲ့တဲ့ ရလဒ်တွေနဲ့ ဖက်ဆစ်တွေဘက်က အင်တာနက်နဲ့ပတ်သက်လို့ ဒေတာဈေးတွေတက်တာ၊ ဖုန်းကတ်တွေ ကန့်သတ်တာတွေ လုပ်ယူလာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီကဏ္ဍရဲ့ ထိရောက်မှုကို အထင်းသား မြင်နိုင်နေပါပြီ။
ဒီကဏ္ဍမှာ ပါဝင်ဖို့ နေရာ အများအပြား ရှိပါတယ်။ Click To Donate တစ်ခုတည်း အောက်မှာကိုပဲ အမျိုး အစား အမျိုးမျိုးရှိလို့နေပါတယ်။ အဲဒီအပြင် Play To Donate လို အဖွဲ့တွေ၊ Tha Din လို App မျိုးတွေ အများအပြားကို ရှိနေပါတယ်။ (ရှိနေတဲ့ နေရာတွေရဲ့လင့်ခ်တွေကို သီးသန့် စုစည်းဖော်ပြပေးပါ့မယ်) အဲဒီ အပြင် YouTube Channel တွေလိုနေရာတွေမှာလည်း အများအပြားကို ရှိလို့နေပါတယ်။ ဆိုတော့ အဲဒီလို နေရာတွေမှာ နည်းမှန်လမ်းမှန် ပါဝင်ကြရုံနဲ့ တော်လှန်ရေး ရန်ပုံငွေက အများအပြား ရရှိလာမှာဖြစ်ပါတယ်။ (ဘယ်လို ဘယ်ပုံ Click ရမယ်၊ Play ရမယ်၊ Stream ရမယ်ဆိုတာကို ရှင်းပြထားတဲ့ သူတွေ၊ ပို့စ်တွေလည်း အများကြီးပါပဲ။ အလွယ်တကူ လေ့လာလို့ရပါတယ်။ နီးစပ်ရာ လူငယ်တွေဆီမှာလည်း မေးမြန်းကြည့်လို့ရနိုင် ပါတယ်)
လက်ရှိအချိန်မှာ အများဆုံး လူ အယောက် ၂ သောင်းလောက်ကသာ ပါဝင်နေပြီး အဲဒီ လူပမာဏလောက်နဲ့ တင် သိန်း ၂၀ဝ ပတ်ချာလည်ကို ရှာဖွေပေးနေတာဖြစ်ပါတယ်။ ဆိုတော့ လူ အယောက် သိန်းနဲ့ချီ ပါဝင်မယ် ဆိုရင် လူဦးရေလည်း တက်လာသလို၊ ဝင်ရောက်ကြည့်ရှုမှုနှုန်းတက်လာတဲ့အတွက် ကြော်ငြာကြည့်ခနှုန်းထား ကလည်း တိုးလာမှာဖြစ်ပါတယ်။ ဒါကြောင့် တတ်နိုင်တဲ့သူ အားလုံး ပါဝင်ပေးကြဖို့ လိုအပ်နေပါတယ်။
အခုလက်ရှိမှာ အယောက် ၂ သောင်းလောက်ကသာ တနေ့တာထဲက နာရီနဲ့ချီ အချိန်ပေးကြိုးစားနေကြရတာ ဖြစ်ကာ အဲဒီ အယောက် ၂ သောင်းထဲမှာ တဝက်လောက်က တော်လှန်ရေးတပ်သားတွေက ပါဝင်ကြိုးစားနေ ကြရတာဖြစ်ကြောင်း Click2Donate ရဲ့ ပို့စ်တစ်ခုမှာဖော်ပြထားပါတယ်။ ဒါဟာ တကယ့်ကို ရင်နာစရာအဖြစ်ပါ ပဲ။ အသက်ပေးတိုက်ပွဲဝင်နေရတဲ့ သူတွေက နားချိန်ကို ပေးပြီး ပါဝင်နေကြရပြန်တဲ့ အဖြစ်ပါ။
လက်ရှိအချိန်မှာ အင်တာနက် အပိတ်ခံထားရတဲ့ နေရာအတော်များများကို ရှိနေပါပြီ။ သို့သော် ရန်ကုန်နဲ့ မန္တ လေးလို လူဦးရေ အထူထပ်ဆုံး ဒေသတွေကတော့ အင်တာနက် ရရှိနေဆဲပါ။ ဒီတိုင်းကြီး ၂ တိုင်းမှာတင် လူ ဦးရေ ၁၀ သန်းထက်မနည်း နေထိုင်ကြပါတယ်။ ဒီလူဦးရေဟာ ရရှိနေတဲ့ အခွင့်သာမှုကို အသုံးချပြီး တော်လှန် ရေး ရန်ပုံငွေ များစွာ ရှာဖွေပေးနိုင်ဖို့ လုံးဝ ပြည့်စုံတဲ့ လူဦးရေလည်းဖြစ်ပါတယ်။ အခွင့်သာနေတဲ့အချိန်မှာမှ မပါ ဝင်သေးရင် အခွင့်မသာတော့မှ ပြန်တွေးပြီး နောင်တရနေကြရမှာဖြစ်ပါတယ်။
အခုဆိုရင် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးတို့မှာ စစ်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး တော် လှန်ရေး ရဲဘော်တွေ အသက်စွန့် တိုက်ပွဲဝင်နေကြရပါတယ်။ တစ်ချို့ဆိုရင် အရည်အသွေးအားဖြင့် တပန်းမ ကရှုံးနေတဲ့ လက်နက်တွေနဲ့ ရဲရင့်မှုတစ်ခုတည်းကိုသာ အားကိုးပြီး တိုက်ပွဲဝင်နေရတာဖြစ်ကာ အသက်ပေါင်း များစွာလည်း ပေးထားကြရပါတယ်။ အဲဒီလိုပဲ ဒေသခံပြည်သူတွေဟာလည်း အိုးအိမ်တွေကိုဆုံးရှုံး စွန့်ခွါနေကြ ရသလို၊ သေဆုံးကြရှာသူတွေလည်း မနည်းလှပါဘူး။ ဒါတွေဟာ တော်လှန်ရေးအတွက် အနစ်နာခံရမှုတွေပါပဲ။ ပေးဆပ်နေရတာတွေပါပဲ။ ပိုပြီး ရင်နင့်စရာကောင်းတာက အဲဒီလို တော်လှန်ရေးအတွက် အနစ်နာခံပေးဆပ် နေကြရတဲ့ ဒေသတွေဟာ ယခင့်ယခင်ကလည်း အခွင့်အရေးတွေ ဆုံးရှုံးလက်လွှတ်ထားခဲ့ရတဲ့ ဒေသတွေ အများစုဖြစ်နေပြန်တဲ့အချက်ပါ။
ရန်ကုန်၊ မန္တလေးတို့ဟာ မြန်မာတစ်နိုင်ငံလုံးမှာတော့ အခွင့်သာမှု၊ အခွင့်အရေးပို အရဆုံး ဒေသတွေဖြစ်တယ် ဆိုတာကို လုံးဝငြင်းဆန်လို့မရပါဘူး။ လက်ရှိအချိန်မှာလည်း မြို့ပြပြောက်ကျားတွေရဲ့ တိုက်ခိုက်မှုလောက် သာရှိနေသေးတာကြောင့် ကျန် ဒေသတွေနဲ့ ယှဉ်ရင် အခွင့်သာမှု အများအပြားရှိနေဆဲပါ။ ဒီအခွင့်သာမှုတွေမှာ သာယာပြီး တခြားဒေသတွေမှာ အသက်စွန့်နေမှုတွေ၊ အိုးအိမ်စွန့်လွှတ်နေရမှုတွေကို ဥပေက္ခာပြုထားမယ်ဆို ရင် ရှက်ဖွယ်လိလိ ကိစ္စပဲဖြစ်ပါတော့မယ်။ ဒါကြောင့် ဒီလို မပင်မပန်းအကျိုးများလှတဲ့ ဒီဂျစ်တယ်ကဏ္ဍမှာ အင်တိုက်အားတိုက် ပါဝင်ကြဖို့ လိုအပ်နေပါတယ်။
ပုံမှန်အားဖြင့် ရှေ့တန်းမှာ တပ်သားတစ်ယောက် လှုပ်ရှားတိုက်ပွဲဝင်တဲ့အခါ သူ့အတွက် ထောက်ပို့ တပ်သား၊ ဆက်သွယ်ရေးတပ်သား အစရှိသဖြင့် နောက်ချန်တပ်သားတွေက ၁၀ ဦးထက်မနည်း လှုပ်ရှားကြရတယ်လို့ သိ မှတ်ဖူးပါတယ်။ ဒါမှသာ ရှေ့တန်းက တိုက်ပွဲဝင်တပ်သားဟာ အပူအပင်မရှိ တိုက်ပွဲကို ရွတ်ရွတ်ချွံချွံဝင်နိုင်မှာ ပါ။ ကျွန်တော်တို့လည်း ဒီအချိုးအတိုင်း ရအောင် ကြိုးစားကြည့်ဖို့လိုအပ်ပါတယ်။ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်သား ၅ သောင်းရှိမယ်ဆိုရင် နောက်တန်းက ကြိုးစားပေးနေတဲ့ ထောက်ပို့တပ်သားက ၅ သိန်းရှိရေး ကြိုးစားပါဝင်ကြဖို့ လိုပါတယ်။ ရှေ့တန်းမှာ ၁ သိန်းဆိုရင် နောက်တန်းမှာ ၁ သန်းဖြစ်နေသင့်ပါ တယ်။ အဲဒီအတွက်လည်း လူဦးရေ ၁၀ သန်းကျော်ရှိနေတဲ့ ဒေသကြီးနှစ်ခုက အခက်အခဲရှိမယ်လို့မထင်ပါ ဘူး။ တကယ် အားတက်သရော ပါဝင်ဖို့ပဲ လိုအပ်ပါတယ်။
ပါဝင်ကြတဲ့အခါမှာလည်း လူဦးရေများလာတာနဲ့ အမျှ တစ်ဦးကို နာရီနဲ့ချီ ပါဝင်ဖို့ မလိုတော့ပါဘူး။ တစ်ဦးကို တစ်ရက် ၁၅ မိနစ်လောက်နဲ့တင် လုံလောက်ပါတယ်။ လူဦးရေများများ ပါဝင်လာကြဖို့သာ အဓိကပါ။ မနက် ၅ မိနစ်၊ နေ့ခင်း ၅ မိနစ်၊ ညနေ ၅ မိနစ် ပါဝင်ရုံနဲ့တင် အလုပ်က ပြီးမြောက်သွားမှာဖြစ်ပါတယ်။
ဒီနေရာမှာ အထူးသတိထားရမှာတော့ နေ့စဉ်နေ့တိုင်းတော့ တာဝန်တစ်ခုလို ခံယူပြီး ပါဝင်ကြဖို့ပါ။ စိတ်ပါတဲ့ အချိန်ကလေးမှ လုပ်မယ်၊ ကျန်တဲ့အချိန်မေ့ထားမယ်ဆိုပြီး ပစ်ထားလို့ရတဲ့ အပျော်ကိစ္စမဟုတ်ပါဘူး။ အသက်နဲ့ ဘဝတွေရင်းထားရတဲ့ တော်လှန်ရေးကြီးတစ်ခုလုံးနဲ့ ဆိုင်တဲ့ လူတိုင်းရဲ့တာဝန်ကြီးတစ်ခုအဖြစ် ခံယူပြီး ကိုယ်ရဲ့နေ့စဉ်ဘဝထဲမှာ တစိတ်တပိ်ုင်းအဖြစ်ကို ထည့်သွင်းရမယ့် တာဝန်၊ အလုပ်လို့ ခံယူဖို့လိုအပ် ပါတယ်။
တစ်ရက်ကို ဝင်ရောက်နှုန်း မတူညီဘဲ အတက်အကျများလွန်းနေတာကြောင့် သက်ဆိုင်ရာ အဖွဲ့တွေ အခက် အခဲ မကြာခဏတွေ့နေရတာကိုလည်း သတိပြုစေချင်ပါတယ်။
ဒီတော်လှန်ရေးဟာ အားလုံးရဲ့အနာဂတ်နဲ့ ဆိုင်တဲ့ တော်လှန်ရေးဖြစ်ကြောင်း ထပ်မံသတိပေးပါရစေ။
တစ်ချို့သောသူတွေကတော့ “အာဏာရှင် လက်အောက်မှာလည်း ကိုယ့်ထမင်း ကိုယ်ရှာစားရတာပဲ။ ငါကတော့ ကြံဖန်ပြီး ရှင်သန်တတ်ပါတယ်။ လုပ်တတ်ကိုင်တတ်ပါတယ်” လို့ ဆင်ခြေပေး ရေသာခိုနေကြ တာရှိပါတယ်။ များများရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တိုင်ပဲ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ တကယ်ပဲ အာဏာရှင် လက်အောက်မှာ နေချင်တာလား ဆိုတဲ့ ရိုးရှင်းတဲ့ မေးခွန်းလေးတစ်ခုကို ကိုယ်တိုင် ဖြေကြည့်ရုံနဲ့ ကိုယ့်ကိုယ် ကိုယ် သိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ့်ကိုယ် လိမ်ညာပြီး ရေသာမခိုနေဘဲ ရှေ့တန်းမသွားနိုင်သေးတောင် နောက်တန်းကနေ မပျက်မကွက် ပါဝင်ပေးကြဖို့ အထူးနှိုးဆော်လိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်သားတစ်ယောက်လို ပြောင်းလဲခံယူပြီး နေ့စဉ်ဘဝထဲမှာ တော်လှန်ရေးကို ထည့်သွင်းကာ ကိုယ်တိုင် တိုက်ပွဲဝင်ကြရမယ့် အချိန်ကို ရောက်လာပါပြီ။
ရှေ့တန်းမှာ လက်နက် မပြည့်မစုံနဲ့ အစားဆင်းရဲ အနေဆင်းရဲ တိုက်ပွဲဝင်နေကြတဲ့ ရဲရဲတောက် စစ်သည်တွေ ရှိနေပါပြီ။
အခု လိုအပ်နေတာကတော့ နေ့စဉ်ဘဝထဲက အချိန်တစ်ခုကို ဖဲ့ပေးပြီး အင်နဲ့အားနဲ့ ဝိုင်းဝန်းပါဝင်ကြမယ့် နောက်တန်းဒီဂျစ်တယ်စစ်မြေပြင်က တော်လှန်ရေးထောက်ပို့တပ်သားတွေပါ။
သင့်ကို တော်လှန်ရေးက အလိုရှိနေပါတယ်။

သုခမင်းသျှင်

ဓမ္မက နိုင်မယ်၊ သို့သော်… – လင်းသူဟန်

တော်လှန်ရေးကာလ စတင် စ လမ်းပေါ်သပိတ်တော်လှန်ရေးကတည်းက လက်ရှိ လက်နက်ကိုင်တော်လှန်ရေး အထိ တောက်လျှောက်တွေ့မြင်နေရတဲ့ စကားတစ်ခွန်းကတော့ ဓမ္မက နိုင်လိမ့်မယ်ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပါ တယ်။ ဒီစကားဟာ အဓမ္မဘက်တော်သား စကစနဲ့ သူ့ရဲ့လက်ပါးစေတပ်တွေကို ရင်ဆိုင်ရာမှာ အများဆုံး သုံးလေ့သုံးထရှိတဲ့စကားတစ်ခွန်းပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ပြန် စဉ်းစားသုံးသပ်ရမှာက ဓမ္မက သူ့အလိုလို အမြဲနိုင်သွားသလားဆိုတာပါပဲ။
ပထမဆုံးနဲ့ အသေချာဆုံး စကားကတော့ အားပြိုင်မှုတွေမှာ အားပိုစိုက်ထုတ်နိုင်တဲ့၊ အားပိုကောင်းတဲ့ သူက အနိုင်ရစမြဲဆိုတဲ့ လောကနိယာမဖြစ်ပါတယ်။ ဒီနိယာမကို ကျွန်တော်တို့ ရှောင်လွှဲလို့မရပါဘူး။
ဒါဖြင့် ကျွန်တော်တို့ လောကမှာ အားကောင်းတဲ့သူက နိုင်စတမ်းချည်းပဲလားဆိုရင်တော့ မဟုတ်သေးပါဘူး။ အား ဆိုတဲ့စကားမှာကိုက အား ပုံစံမျိုးစုံရှိနေလို့ပါပဲ။
၁။ ကိုယ်ကာယခွန်အား
၂။ အစုအဖွဲ့အင်အား
၃။ ဉာဏ်ပညာအင်အား
၄။ ဥစ္စာဓန အင်အား
၅။ အသင်းအပင်းမိတ်သင်္ဂဟအင်အား
၆။ စိတ်ဓါတ်အင်အား
ဆိုပြီး အကြမ်းဖျဉ်းအားဖြင့် အင်အားတွေကို ပြန်ခွဲထုတ်လို့ရပါသေးတယ်။
ဒါကြောင့်ပဲ ရာဇဝင်မှာ ကာယအင်အားကြီးသူကို အစုအဖွဲ့နဲ့ အနိုင်ယူခဲ့တာ၊ အစုအဖွဲ့အင်အားကြီးသူတွေကို ဉာဏ်ပညာနဲ့ အနိုင်ယူခဲ့တာ၊ ဥစ္စာဓနအင်အားနဲ့ အောင်နိုင်ခဲ့တာ၊ မိတ်သင်္ဂဟ အင်အားနဲ့ အနိုင်ယူနိုင်ခဲ့တာ၊ စိတ်ဓါတ်အင်အားနဲ့ အနိုင်ယူနိုင်ခဲ့တာတွေကို အကြိမ်ကြိမ်တွေ့မြင်ခဲ့ကြရမှာဖြစ်ပါတယ်။
ဆိုတော့ ကျွန်တော်တို့ ပြောနေတဲ့ ဓမ္မက အနိုင်ရလိမ့်မယ်ဆိုတဲ့စကားဟာ ကိုယ်ဟာ မှန်သောဘက်မှာရှိနေ တယ်ဆိုတဲ့ အသိကို သိပြီး မာကျောခိုင်ကြည်သော စိတ်ဓါတ်ကို မွေးလို့ ဇွဲရှိရှိ၊ ဝီရိယရှိရှိနဲ့ မပြတ်လုပ်ဆောင် နိုင်ဖို့အတွက် မာန်တင်းတဲ့ စကားဖြစ်ပါတယ်။ တနည်းပြောရရင် စိတ်ဓါတ်အင်အားမှာ အကြုံးဝင်ပါတယ်။
သို့သော် စိတ်ဓါတ်အင်အားတစ်ခုတည်းနဲ့တော့ အနိုင်မယူနိုင်ပြန်ပါဘူး။ အားထုတ်မှုမပါတဲ့ စိတ်ဓါတ်အင်အား ဟာ အချည်းနှီးပါပဲ။ ရှင်းရှင်းပြောရရင် အားထုတ်မှုမပါတဲ့ စိတ်ဓါတ်အင်အားဟာ အင်အားတစ်ခုလို့တောင် ပြောဖို့ခက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဖြေသာအောင် ဖြေသိမ့်နေခြင်းနဲ့သာ တူပါလိမ့်မယ်။ အားထုတ်မှုမလုပ် ဘဲ ဖြေသိမ့်မှုတွေနဲ့သာ နှစ်သိမ့်နေပြီး နောက်ဆုံးမှာ ကိုယ့်ဘက်က ရှုံးနိမ့်သွားတဲ့အခါ ဘုရား၊ နတ်သိကြား၊ မမြင်နိုင်သော အစွမ်းပကားတွေအပေါ် အပြစ်ပုံချတော့တာပါပဲ။ ဒါကိုပဲ ကယ်တင်ရှင်မျှော်တတ်တဲ့စိတ်၊ တ နည်း ကိုယ့်အားကိုယ်မကိုးတဲ့စိတ်လို့ ခေါ်ရမှာပါ။
ဒါကြောင့် ဓမ္မက အနိုင်ရလိမ့်မယ်ဆိုတဲ့ စကားဟာ အမြဲတမ်း တရားသေ မှန်နေတာတော့ မဟုတ်ပါဘူး။
ပိုပြီး မှန်ကန်အောင် ပြောရရင် ဓမ္မက အားကြီးတဲ့အခါ အဓမ္မကို နိုင်တယ်လို့သာ သုံးရမှာဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ဓမ္မက အဓမ္မကို နိုင်ချင်ရင် ဓမ္မဘက်က အားကြီးလာဖို့ ဓမ္မဘက်တော်သားတွေက အားထုတ် ကြရပါမယ်။ ဝိုင်းဝန်းပြီး ကိုယ်ထိလက်ရောက် အကျိုးရှိရှိ ပါဝင်ကြရပါမယ်။ ငါတို့ဘက်က တရားတယ်၊ မှန် ကန်တယ်၊ ငါတို့ပဲ အနိုင်ရလိမ့်မယ်ဆိုတာ မျက်ကန်းယုံကြည်မှုပါ။ လူတွေဟာ အရာတိုင်းအပေါ် မျက်ကန်း ယုံကြည်မှုနဲ့ ပစ်ပုံအားကိုးပြီး ကြိုးစားအားထုတ်ဖို့ကိုကျ ပျက်ကွက်ကြပါတယ်။ ဒါနဲ့ပဲ ပိုမိုအားထုတ်သူတွေက အနိုင်ရသွားတော့တာပါပဲ။ အဲဒီအနိုင်ရသူတွေက အဓမ္မဘက်တော်သားတွေလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ အကြောင်းကတော့ သူတို့က ပိုပြီး အားထုတ်တာကိုး။
ဒါကြောင့် ကျွန်တော်တို့ဟာ ဓမ္မဘက်က အနိုင်ရစေချင်ရင် ဓမ္မဘက်က အားသာလာအောင် အားထုတ်ကြရပါ မယ်။
တစ်ချို့က မတရားမှုနဲ့ တရားမျှတမှုဆိုရင် တရားမျှတမှုဘက်မှာ အမြဲရပ်တည်တယ်လို့ ဝင့်ကြွားပြောဆိုကြပါ တယ်။ တကယ်တမ်း ငါကတော့ တရားတဲ့ဘက်ကပဲဟေ့လို့ ထုတ်ဖော်ရပ်တည်ရုံနဲ့ လုံလောက်တဲ့အခိုက်ကာ လအခြေအနေဆိုတာ သီးသန့်ရှိပါတယ်။ အဲဒီထက်ပိုပြီး အားထုတ်ပါဝင်ဖို့လိုတဲ့ အခြေအနေက သီးသန့်ရှိပါ တယ်။ အားထုတ်ပါဝင်မှဖြစ်မယ်ဆိုတဲ့ အခြေအနေမှာ အမှန်တရားဘက်က အမြဲရပ်တည်တယ်ဟေ့လို့ ထုတ် ဖော်ကြေညာပြီး တကယ်တမ်းလက်တွေ့မှာ ဘာတစ်ခုမှ ပါဝင်အားထုတ်မနေဘူးဆိုရင်တော့ အမှန်တရား ဘက်တော်သားအင်အားစုထဲ ဝင်ရောပြီး ရေသာခိုနေတာနဲ့ ဘာမှကို မထူးခြားလှပါဘူး။ လူသာများလို့ ပွဲ မစည်ဆိုတဲ့ စကားကို ဒီနေရာမှာ သုံးရမှာဖြစ်ပါတယ်။
လက်ရှိ ကျွန်တော်တို့ တော်လှန်ရေးကို ကြည့်ပါ။ ကျွန်တော်တို့ဟာ စကတည်းက အရှုံးနဲ့စခဲ့တယ်ဆိုတာကို မ မေ့ကြစေချင်ပါဘူး။ ခေါင်းဆောင်တွေ အဖမ်းခံရတယ်၊ အာဏာကို လက်နက်နဲ့အလုယူခံရတယ်၊ သူတို့ဘက် က နယ်မြေတွေနဲ့ လုပ်ပိုင်ခွင့်တွေကို သိမ်းယူထားတယ်။ ကျွန်တော်တို့ဘက်က အရှုံးပါ။
အဓမ္မဘက်ဆိုပေမဲ့ သူတို့ဘက်က အနိုင်ရထားတဲ့ အခင်းအကျင်းနဲ့ စဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ ရွေးစရာ နှစ်ခုရှိခဲ့ပါတယ်။ အဓမ္မကိုပဲ အနိုင်ပေးလိုက်ပြီး ပြုသမျှနုမလား၊ သို့တည်းမဟုတ် ဓမ္မ ဆိုတဲ့ ကိုယ့်ဘက်က အနိုင်ရအောင်၊ အင်အားကောင်းလာအောင် ပြန်လုပ်မလားဆိုတာပါပဲ။ ကျွန်တော်တို့ ဒုတိယလမ်းကိုရွေးခဲ့ကြ ပါတယ်။ အဲဒီလိုနဲ့ တော်လှန်ရေးဟာ အဆင့်ဆင့်တက်လာခဲ့တာပါ။
ဆိုတော့ ကျွန်တော်အထက်မှာပြောခဲ့တဲ့ အင်အား အမျိုးမျိုးပေါ်မူတည်ပြီး ကျွန်တော်တို့နဲ့ သူတို့ရဲ့ လက်ရှိ ပကတိအခြေအနေ အင်အားအခြေပြနှိုင်းယှဉ်မှုလေးကို ဆွဲထုတ်ကြည့်လိုက်ကြရအောင်။ လူတစ်ယောက်ချင်း မဟုတ်တဲ့အတွက် ကိုယ်ကာယအင်အားကို အနည်းငယ်ချန်လှပ်ပြီး ခဏကျော်သွားလိုက်ပါမယ်။

အစုအဖွဲ့အင်အား

တော်လှန်ရေးစတင်ခါစမှာ လမ်းပေါ် လူစုလူဝေးဟာ တခဲနက်ပါပဲ။ သို့သော် အစုအဖွဲ့ဆိုတာ အဲဒီလောက်နဲ့ မရပါဘူး။ လက်နက်ကိုင်တော်လှန်ရေးကို စဝင်လာတဲ့အချိန်မှာ သူတို့ဘက်က အစုအဖွဲ့တစ်ခုမှာ လိုအပ်တဲ့ အချိတ်အဆက်၊ အလေ့အကျင့်၊ အခြေခံလိုအပ်ချက်၊ အင်အားစုစည်းမှုတွေ အဘက်ဘက်က အသာရနေခဲ့ တာပါ။ သူတို့ဟာ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့အပြင် နှစ်ကာလပေါင်းများစွာ အုပ်ချုပ်ရေးမှာ အသားကျခဲ့တယ်၊ လက်ရှိအချိန်ထိ အုပ်ချုပ်ရေးကဏ္ဍတွေမှာ သူတို့လူတွေရှိနေဆဲ၊ အုပ်ချုပ်ရေးကဏ္ဍက လူတွေအများစုဟာ သူတို့ဘက် ပါနေဆဲဖြစ်တာကြောင့် စုဖွဲ့ထားနိုင်မှုမှာ သူတို့ဘက်က အသာစီးရနေခဲ့တာပါ။
အဲဒီနောက် ကျွန်တော်တို့ဘက်ကလည်း တပ်ဖွဲ့တွေ ဖွဲ့စည်းတယ်၊ စုဖွဲ့တယ်၊ ပြင်ဆင်တယ်၊ လက်နက်တပ် ဆင်တယ်၊ စသည်ဖြင့် ကြိုးစားခဲ့ကြပါတယ်။ သို့သော်လည်း လက်ရှိအချိန်အထိ အားလုံးတညီတည်း စုဖွဲ့ ထားနိုင်မှု၊ အချိတ်အဆက်လုပ်ထားနိုင်မှု၊ လက်နက်တပ်ဆင်ထားနိုင်မှုမှာ သူတို့နဲ့ ယှဉ်ရင် အားနည်းနေတုန်း ပါပဲ။ သူတို့ရဲ့ အချိတ်အဆက်၊ အစုအဖွဲ့ကို ပြတ်တောက်ပြိုကွဲအောင်လည်း မလုပ်နိုင်သေးပါဘူး။
ဒါကြောင့် ကျွန်တော်တို့ဟာ အစုအဖွဲ့အင်အားမှာ ခုချိန်ထိ တပန်းရှုံးနေဆဲဖြစ်ပြီး အသာရဖို့ ချိတ်ဆက်မှုတွေ ပိုရ၊ စုဖွဲ့မှုတွေ ပိုကောင်းအောင် ပြင်ဆင်ကြရဦးမှာပါ။

ဉာဏ်ပညာအင်အား

ဉာဏ်ပညာအင်အားမှာလည်း သူတို့ဘက်က စစ်ပညာကို ကောင်းစွာသင်ကြားလေ့ကျင့်ထားသူတွေဖြစ်သလို၊ လက်နက်နဲ့၊ တိုက်ပွဲနဲ့ အတွေ့အကြုံအထိအတွေ့ရှိထားနှင့်ကြပြီးသားဖြစ်တာကြောင့် အစောပိုင်းမှာ သူတို့ ဘက်က အသာရနေခဲ့ပါတယ်။
သို့သော် လက်နက်ကိုင်ဆောင်နိုင်လာတဲ့နောက်ပိုင်း တိုက်ခိုက်ရေးတင်သာမက၊ ထုတ်လုပ်ရေးပိုင်းမှာပါ ကျွန် တော်တို့ဘက်ကလည်း အသိပညာတွေတိုးပွါး၊ အတွေ့အကြုံသင်ခန်းစာတွေ တိုးပွားလို့လာပါတယ်။ ERO တွေ က သဘောတရားပိုင်း၊ လက်တွေ့ပိုင်း ဝိုင်းဝန်းကူညီခဲ့ကြတဲ့ အကျိုးကျေးဇူးလည်းဖြစ်ပါတယ်။ အဲဒီအပြင်ကိုမှ ကျွန်တော်တို့ဘက်က တပ်ဖွဲ့တွေဟာ ကိုယ့်နယ်မြေကို အခြေပြုလှုပ်ရှားတာဖြစ်လို့ နယ်မြေကျွမ်းကျင်မှုပိုင်းမှာ ရော၊ နယ်မြေမှာ တင်ကူးနေရာယူထားနိုင်မှုမှာပါ အသာရလို့နေခဲ့ပါတယ်။
သို့သော်လည်း သူတို့ဘက်မှာ ပိုကောင်းတဲ့ စစ်အသုံးအဆောင်တွေ၊ လက်နက်တွေ ရှိနေသေးပြီး အဆင့်မြင့် မော်ဒန်စစ်အသုံးအဆောင်တွေ၊ လက်နက်တွေ (ဥပမာ တင့်ကားများ၊ သံချပ်ကာကားများ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ တာဝေးပစ်လက်နက်များ စသဖြင့်) ကို ထုတ်သုံးလာနိုင်စရာရှိနေသေးတာကြောင့် ကျွန် တော်တို့ဘက်က ခြေတလှမ်းလောက်တော့ အမြဲနောက်ကျနေသေးတဲ့ သဘောရှိပါတယ်။ သူတို့ဘက်က တစ်ခုခုကို ထုတ်သုံးလာမှသာ တန်ပြန်ဖို့ စဉ်းစားကြရတာမို့ ခြေတလှမ်းနောက်ကျတာ ဆန်းတော့ မဆန်း လှပါဘူး။ (ဥပမာ ရဟတ်ယာဉ်တွေ သုံးလာမှသာ လေကြောင်းတိုက်ခိုက်မှုကို ဘယ်လိုကာကွယ်မလဲ၊ ဘယ် လို တန်ပြန်မလဲဆိုတာကို စဉ်းစားကြရတာပါ။ ဒါပေမဲ့ ဒီဆောင်းပါးရေးနေတဲ့အချိန် ကရင်နီဒေသ၊ လွိုင်ကော်တိုက်ပွဲမှာ ရဟတ်ယာဉ်တစ်စင်းကို ပြန်လည်ပစ်ချနိုင်ခဲ့ပြီဖြစ်လို့ တန်းတူတဲ့အဆင့်တစ်ခုကို ပြန် လည် လှမ်းတက်လာနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်) ဆိုတော့ ဒီကဏ္ဍမှာလည်း ကျွန်တော်တို့ဟာ အခိုက်အတန့် တစ်ခုတော့ ခြေတလှမ်းနောက်ကျနေတတ်ပါသေးတယ်။

ဥစ္စာဓန အင်အား

ဒီကဏ္ဍမှာလည်း သူတို့ဘက်က ကာလပေါင်းများစွာ ကုတ်သွေးစုတ်အမြတ်ထုတ်လာသမျှ ဓနအင်အား တွေရှိနေသေးသလို၊ နိုင်ငံတော်ဘဏ္ဍာတွေကိုလည်း ထင်သလို ချယ်လှယ်အသုံးပြုခွင့်ရထားတာ ကြောင့် အစောပိုင်းမှာ သူတို့ဘက်က သာပါတယ်။ (ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းနေတဲ့အချိန်ဖြစ်လို့ နိုင်ငံတော်မှာ ဘဏ္ဍာအပိုငွေ များများရှိမနေတာကတော့ တကြောင်းပေါ့)
ကျွန်တော်တို့ဘက်ကတော့ ပြည်သူရဲ့ စိုက်ထုတ်မှုကို စုပေါင်းပြုလုပ်ပြီး ရှာဖွေကြရပါတယ်။ နောက်ပိုင်းမှာ နည်းလမ်းအမျိုးမျိုးနဲ့ ရှာဖွေတာတွေရှိလာပေမဲ့ အင်တာနက်၊ ဘဏ်စနစ်၊ ငွေလွှဲဝန်ဆောင်မှု၊ ငွေကြေးစနစ် ဒါတွေ အကုန်လုံးက သူတို့လက်ထဲမှာပဲရှိနေသေးတာမို့ အတားအဆီးပေါင်းများစွာနဲ့ လုပ်ကြရပါတယ်။ ကျွန်တော်တို့ဘက်ကလည်း သူတို့ရဲ့ စီးပွားရေးလုပ်ကွက်တွေ၊ ထုတ်ကုန်တွေကို တန်ပြန်ဖျက်ဆီး၊ သပိတ် မှောက် ဆန့်ကျင်ပြီး သူတို့ရဲ့ ဥစ္စာဓနဒေါက်တိုင်တွေကို ဖြိုချဖို့ ကြိုးစားခဲ့ကြတာ အောင်မြင်မှုအတော်အတန် ရရှိခဲ့တာ အမှန်ပါ။ သို့သော် ရေနံနဲ့ သဘာဓါတ်ငွေ့လို၊ တွင်းထွက်ပစ္စည်းတွေလို လုပ်ငန်းတွေကနေ ဝင်ငွေ တွေရနေဆဲဖြစ်လို့ သူတို့အနေနဲ့ တောင့်ခံထားနိုင်သေးပြီး ကျွန်တော်တို့ဘက်ကလည်း ပြည်သူတွေက ရရာ နည်းနဲ့ တောင့်ခံ စိုက်ထုတ်၊ ထည့်ဝင်နေကြရပါတယ်။
ဒါကြောင့် ဒီကဏ္ဍမှာတော့ ကျွန်တော်တို့က အနိမ့်သရေလောက် ရှိနေပါတယ်။

မိတ်သင်္ဂဟ အင်အား

သူတို့ဟာ တရုတ်လို၊ ရုရှားလို ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးတွေရဲ့ ကျောထောက်နောက်ခံရှိနေသလို ထိုင်းလို၊ ကမ္ဘောဒီယားလို၊ ဗီယက်နမ်လို တပါတီစနစ်နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေရဲ့ ပေါ်ပေါ်ထင်ထင်တမျိုး၊ လက်သိပ်ထိုးတမျိုး ကူညီမှုတွေကိုလည်းရရှိနေပါတယ်။ အာဏာရှင်ချင်း ရိုင်းပင်းတဲ့အနေနဲ့ မိုင်ထောင်ချီ အဝေးက အာဏာရှင် လူကာချင်ကိုရဲ့ ဘီလာရုဇ်ကလည်း သူတို့ဘက်ကနေ ကုလသမဂ္ဂမှာ အမြဲ ရပ်တည် နေတာကို တွေ့ရမှာပါ။
ကျွန်တော်တို့ဘက်ကရော မိတ်သင်္ဂဟတွေက ဘယ်သူတွေများလဲ။
အာဆီယံဟာ ခုချိန်ထိ မီးစတဖက်၊ ရေမှုတ်တဖက်ဖြစ်သလို၊ အမေရိကန်နဲ့ အီးယူတို့ကလည်း ပူးတုံခွါတုံ သတိနဲ့ ချဉ်းကပ်ကူညီနေတဲ့ အနေအထားလောက်သာသာပါပဲ။ ( အမေရိကန်ရဲ့ဥပဒေသစ်မှာတော့ NUG ကိုတရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး ကြိုးစားမယ်လို့ ပါဝင်လာတာကြောင့် စောင့်ကြည့်ချင်စရာဆို ပေမဲ့ ခုထိတော့ အကြောင်းမထူးလှသေးပါဘူး) ကျွန်တော်တို့ဘက်ကလိုလို အယောင်ပြခဲ့တဲ့ ကိုရီးယား၊ ဂျပန်တို့ကလည်း အပြကောင်းရုံသက်သက်သာ ရပ်ပြခဲ့ပြီး ထိရောက်တဲ့ ထောက်ခံမှုမရှိသလို၊ အနီးအပါး က အိန္ဒိယကလည်း မိုဒီ အစိုးရလက်ထက်မှာတော့ ဘာမှ ထူးထွေပြီး အားကိုးလို့ရစရာမမြင်ပါဘူး။
ကုလသမဂ္ဂမှာ သူတို့ ထိုင်ခုံမရရုံ၊ အာဆီယံက အစည်းအဝေးမဖိတ်ရုံနဲ့ သူတို့ သံတမန်ခင်းက ပျက်စီးထိ ခိုက်သွားသေးတာမဟုတ်သေးပါဘူး။ ခုချိန်ထိ နိုင်ငံတကာက မြန်မာသံရုံးတွေမှာ သူတို့ လူတွေချည်း ရှိနေ တုန်းပါ။ ဒါဟာ ကျွန်တော်တို့ ငြင်းဆန်မရနိုင်တဲ့ လက်တွေ့သံတမန်ခင်းကိစ္စအခြေအနေဖြစ်ပြီး ကျွန်တော်တို့ နိုင်နေပြီထင်နေတဲ့ သံခင်းတမန်ခင်းမှာ ကျွန်တော်တို့ တကယ်တမ်း နိုင်မနေဘဲ တပန်းထက်မက ရှုံးနေတာကို တွေ့ရမှာပါ။
ဒီအပိုင်းမှာတော့ NUG ရဲ့ ကြိုးစားအားထုတ်မှုကို စောင့်ကြည့်ကြရမှာဖြစ်ပြီး ဘယ်လောက်အထိ အားကိုး လောက်သော မိတ်သင်္ဂဟတွေကို ချိတ်ဆက် ရှာဖွေ၊ အပေးအယူလုပ် ညှိနှိုင်းနိုင်မလဲဆိုတာက စကားပြော သွားပါလိမ့်မယ်။
အဲဒီအပြင် ပြည်တွင်းမှာလည်း တိုင်းရင်းသားအမာခံပါတီတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ERO တွေ အကုန်လုံးနဲ့ မဟာမိတ်ပြုနိုင်ဖို့မှာ အခုချိန်ထိ ပြတ်သားတဲ့ သဘောတူညီမှုမျိုး မမြင်ထားရသေးတာကြောင့် ပြည်တွင်းမှာလည်း အားနည်းချက်တွေရှိနေပါသေးတယ်။ တစ်ချက်ကံကောင်းသွားတာကတော့ ပြည်တွင်းက အားကိုးလောက်သော ERO တွေဟာ နဂိုကတည်းက စကစ (တပ်) နဲ့ ရင်ဆိုင်တိုက်ခိုက် တော်လှန်နေခဲ့ကြသူ တွေဖြစ်တာကြောင့် ကိုယ်နဲ့ မဟာမိတ်မဖြစ်တောင် သူတို့ဘက်က ရပ်တည်သွားဖို့မရှိတဲ့အချက်ပါပဲ။ (AA ဆိုရင်လည်း ဒီသဘောပါပဲ)
ဒါကြောင့် ဒီကဏ္ဍမှာတော့ ကျွန်တော်တို့ ရှုံးနိမ့်နေပြန်ပါတယ်။
နောက်ဆုံးမှာတော့ ကျွန်တော်တို့ပြောခဲ့တဲ့ စိတ်ဓါတ် အင်အား ကဏ္ဍကို ရောက်ရှိလို့လာခဲ့ပါပြီ။
ကျွန်တော်တို့ဟာ အပြတ်အသတ်အရှုံးကနေ စခဲ့တဲ့ အခြေအနေကနေ လက်ရှိ တပန်းရှုံးရုံလောက် အခြေအနေထိကို စိတ်ဓါတ်နဲ့ ကြိုးကုတ်အားထုတ်ခဲ့ရတာဖြစ်ကာ ပေးဆပ်မှုတွေ အင်မတန်မှ ကြီးလှပါ တယ်။ ဘာကြောင့် အားထုတ်နေရသလဲဆိုရင်တော့ ကျွန်တော်တို့ဘက်က မှန်တယ်လို့ ယုံကြည်နေတဲ့ ယုံကြည်ချက် ကြောင့်ပါပဲ။ အဲဒီအပြင် စကစ ကို ဖယ်ရှားနိုင်ရင် လှပတဲ့အနာဂတ်ဆီသွားနိုင်ပြီဆိုတဲ့ မျှော်လင့်ချက်ကြောင့် လည်း ဖြစ်ပါသေးတယ်။ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်ဟာ စိတ်ဓါတ်အတွက် ခွန်အားတွေပါ။ ကျွန်တော်တို့ ဟာ ဒီခွန်အားနဲ့ မောင်းနှင်ကြရပါတယ်။
သူတို့ဘက်ကတော့ ကာလရှည်လာတာနဲ့ အမျှ အတွင်းပိုင်းမတရားမှုတွေ၊ မကျေနပ်မှုတွေ ပိုပေါ်ပေါက်လာပြီး စိတ်ဓါတ်ပိုင်း ပြိုကွဲလာကြမှာအမှန်ပါပဲ။ သို့သော် လုံးဝအက်ကွဲပြိုကျသွားဖို့က ဒီလောက်တော့ မလွယ်လှပါ ဘူး။ သူတို့မှာ ဆွဲတင်းထားတဲ့ အချက်တစ်ခုရှိနေပါသေးတယ်။ အဲဒါကတော့ ဒါကြီးရှုံးရင် သူတို့ဘက်က အနာ ဂတ်တွေပျောက်ပြီ၊ ဘဝပျက်ပြီ၊ ရှုံးလို့မရဘူးဆိုတဲ့အသိပါ။ အဲဒီအသိနဲ့ တင်းခံနေဦးမယ့် အုပ်စုဟာ အခိုင်အမာ ကိုရှိလို့နေပါတယ်။ ဒါဟာလည်း အနှုတ်လက္ခဏာဆောင်ပေမဲ့ ပြန်လည်စုစည်းထားနိုင်တဲ့ အနက်ရောင်စိတ် ခွန်အားတစ်မျိုးပါ။ ချောင်ပိတ်ရိုက်ခံရတဲ့ သတ္တဝါတစ်ကောင်ကောင်ရဲ့ သေငယ်ဇောနဲ့ တန်ပြန်မှုမျိုးဟာလည်း ကြောက်ဖို့ကောင်းပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်ဘက်က စိတ်ဓါတ်ခွန်အားတွေကို မြှင့်တင်ပေးနေဖို့ လိုသလို၊ သူတို့ ဘက်က စိတ်ဓါတ်ခွန်အားတွေကိုလည်း ချိုးဖျက်နိုင်ဖို့လိုပါတယ်။ အဲဒီအတွက် အပေါ်က ကဏ္ဍတွေမှာ ကျွန်တော်တို့ ပိုမို အားထုတ်ကြရပါမယ်။
ကျွန်တော်တို့ဘက်က ပိုမိုအချိတ်အဆက်မိ၊ ပိုမို စုဖွဲ့မှုကောင်းလာတဲ့အခါ ကျွန်တော်တို့ ဘက်တော်သားတွေ ပိုပြီး စိတ်ဓါတ်ခွန်အားတက်ပါတယ်။ သူတို့ဘက်က ကျွန်တော်တို့ စုဖွဲ့မှုကို မြင်တဲ့အခါ ပိုပြီး စိတ်ဓါတ်ပြိုကွဲကျ ပါတယ်။
ကျွန်တော်တို့ဘက်က နည်းပညာ၊ ဉာဏ်ပညာ သာလွန်လာတဲ့အခါ ကျွန်တော်တို့ ဘက်တော်သားတွေ ပိုပြီး စိတ်ဓါတ်ခွန်အားတက်ပါတယ်။ လက်နက်တွေထုတ်လုပ်နိုင်လာတာ၊ ထိရောက်တဲ့ လက်နက်တွေတီထွင် နိုင်လာတာ၊ ဒရုန်းနဲ့ ဗုံးကျဲခဲ့သလိုမျိုး မမျှော်လင့်ထားတဲ့ နည်းပညာနဲ့ ပေါင်းစပ်အသုံးချတာမျိုး ထုတ်ပြနိုင် လာတာကို မြင်ရတဲ့အခါ အားတက်ရပြီး ကျွန်တော်တို့ဘက်က စိတ်ဓါတ်ခွန်အားတက်ရသလို၊ သူတို့ဘက်က စိတ်ဓါတ်ပိုပြီး ပြိုကွဲပါတယ်။
ကျွန်တော်တို့ဘက်က ငွေကြေးထောက်ပံ့မှုတွေ ပိုမိုထည့်ဝင်လာတဲ့အခါ၊ နည်းပညာသုံး ရန်ပုံငွေရှာဖွေမှုတွေ ပိုပြီးရလာတဲ့အခါ ကျွန်တော်တို့ ဘက်တော်သားတွေ ပိုပြီး စိတ်ဓါတ်ခွန်အားတက်ပါတယ်။ သူတို့ဘက်က ဝင် ငွေလမ်းကြောင်းတွေကို ပိုပြီးဖြတ်တောက်နိုင်တဲ့အခါ ကျွန်တော်တို့ ပိုပြီး စိတ်ဓါတ်ခွန်အားတက်ရပါတယ်။ သူတို့ဘက်က ပိုပြီး စိတ်ဓါတ်ခွန်အားကျဆင်းပါတယ်။ ဒါကြောင့် တိုက်ရိုက်ထည့်ဝင်မှုတွေ၊ ဒစ်ဂျစ်တယ်နည်း ပညာသုံး ရန်ပုံငွေရှာဖွေမှုမှာ ပါဝင်ခြင်းတွေ၊ သူတို့ဘက်ကို ဝင်ငွေရရှိစေမယ့် အလုပ်တွေကို ရှောင်ကြဉ်သ ပိတ်မှောက်ခြင်းတွေကို ပိုမို ပါဝင်ပြုလုပ်ကြဖို့လိုပါတယ်။
ကျွန်တော်တို့ဘက်က ရပ်တည်တဲ့ နိုင်ငံတစ်နိုင်ငံတိုးလာတိုင်း ကျွန်တော်တို့ ဘက်တော်သားတွေ စိတ်ဓါတ် ခွန်အား တက်ရပါတယ်။ ဒါကြောင့် ပိုမို ချိတ်ဆက်၊ ပိုမို ဆွေးနွေးညှိနှိုင်းနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ဘက်က ရပ်တည်တဲ့သူတိုးလာတိုင်း၊ သူတို့ဘက်က ရပ်တည်တဲ့သူ လျှော့သွားတိုင်း သူတို့ဘက်က စိတ်ဓါတ်ပြိုကွဲပါ တယ်။
နောက်ထပ်တစ်ခုကတော့ စိတ်ဓါတ်အင်အားချင်းယှဉ်တဲ့အခါ အမှန်ဘက်က ရပ်တည်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ထားခြင်းက အင်အားကြီးတစ်ခုပါ။ သူတို့ဘက်ကလည်း နောက်ဆုတ်ပေးစရာ မရှိတော့တဲ့အတွက် တင်းခံနေမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီလိုသဘောမျိုးထပ်တူထားနိုင် ဖို့ လိုအပ်ပါတယ်။
ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ ကျရှုံးခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘဝတွေလည်း အမှောင်ထုထဲ ပြန်ရောက်၊ ခေတ်နောက်ပြန်ဆွဲ၊ အောက်တန်းနောက်တန်း ပြန်ကျရတော့မှာပါ။ (တကယ်တော့ အရင်ကတည်းက သူတို့ တဖက်လှည့်နဲ့ ထိန်းချုပ်မှုစနစ်သာဖြစ်လို့ နေရာတစ်ချို့နဲ့ လူတန်းစားတစ်ချို့ကလွဲရင် အောက်တန်းနောက် တန်းကျနေခဲ့ရပြီးသားပါပဲ။ ဒါကိုလည်း သတိချပ်စေချင်ပါတယ်။ မြို့နေလူတန်းစားတွေက အခုမှ အရှုံးနဲ့စရပေ မဲ့ နယ်ဘက်တွေ၊ ဗမာမဟုတ်သော တိုင်းရင်းသားဒေသတွေကတော့ အရှုံးတွေနဲ့ ကျင်လည်ခဲ့ရတာ ဆယ်စုနှစ် ပေါင်းများလှပါပြီ။ ဒါကြောင့် သူတို့က ပိုပြီး နောက်ဆုတ်မပေးနိုင်ကြတာပါ။ ပိုပြီး မာကျော၊ ပိုပြီး တင်းခံ၊ ပိုပြီး မာန်ပြင်းကြတာပါ။ မြို့နေလူတန်းစားတွေလည်း အဲဒီ မာကျောမှုမျိုး၊ တင်းအားမျိုး၊ မာန်မျိုးကို မွေးချိန်ကျပါပြီ) ဒါကြောင့် ဘာကြောင့်နဲ့မှ နောက်ဆုတ်မပေးနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့၊ မမှိတ်မသုဉ်ခိုင် ကြည်ကြဖို့ လိုအပ်ပါတယ်။
ပြန်ချုပ်ရမယ်ဆိုရင် ဓမ္မက အဓမ္မကို နိုင်တယ်ဆိုတာဟာ ဓမ္မဘက်က အထက်မှာဖော်ပြထားတဲ့ အင်အားတွေ အသာရ၊ အားကြီးနေမှ ဖြစ်မှာပါ။ အဲဒီအတွက် ဝိုင်းဝန်းအားထုတ်ကြရပါမယ်။
ဓမ္မက အဓမ္မကို နိုင်လိမ့်မယ်ဆိုတာဟာ မာန်သွင်းသော စကားသာဖြစ်ရပါမယ်။ ဖြေသိမ့်၊ နှစ်သိမ့်တဲ့စကား မဖြစ်ရပါဘူး။
ဓမ္မဘက်က ရပ်တည်ပါတယ် ဆိုနေသော်ငြား ဓမ္မဘက်က အင်အားနည်းနေတဲ့အချိန်၊ အဓမ္မက ကြီးစိုးနေ တဲ့အချိန်မှာ ထိထိရောက်ရောက် ဝင်ရောက်ကူညီမနေဘူးဆိုရင် ဒါဟာ အယောင်ဆောင်ဓမ္မဘက်တော် သားသက်သက်ပါပဲ။ အယောင်ဆောင်တာဟာ ဆန့်ကျင်တာထက်ကို ဆိုးပါတယ်။ ဒါကြောင့် အထက်မှာ ဖော်ပြထားတဲ့ ကဏ္ဍတွေမှာ အင်အားကောင်းလာဖို့ ဓမ္မဘက်တော်သားလို့ ခံယူထားသူတိုင်း ထိထိရောက် ရောက် အစွမ်းကုန် ပါဝင်ကြဖို့ လိုအပ်နေပါပြီ။
စိတ်ကတော့ အမြဲရှိပါတယ်ဆိုတဲ့စကားဟာ လက်တွေ့မလုပ်ဖြစ်တာကို ဆင်ခြေပေးတဲ့ စကားသပ်သပ်ပါပဲ။ လက်တွေ့မပါတဲ့စိတ်သက်သက်ဟာ ဘယ်နေရာမှာမှ အသုံးမဝင်ပါဘူး။ အထူးသဖြင့် သေရေးရှင်ရေးကာလ မှာပေါ့။ ဒါကြောင့် လက်တွေ့ပါဝင်အားထုတ်ကြဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ဓမ္မဘက်က ကျရှုံးတဲ့အခါ ဓမ္မကို စောင့်ရှောက်ကယ်တင်သူလို့ ယူဆကြတဲ့ ဘုရား၊ နတ်သိကြား၊ တန်ခိုးစွမ်း အားရှင်နဲ့ မမြင်နိုင်သော အချင်းအရာတွေကို အပြစ်တင်တာဟာ အရှုံးသမား လူညံ့စိတ်ပါ။ ဓမ္မကို ကျွန်တော် တို့၊ ခင်ဗျားတို့က စ မစောင့်ရှောက်ရင် ဘယ်သူမှလာ မစောင့်ရှောက်ပါဘူး။
အခုချိန်ထိ ဓမ္မဟာ အဓမ္မကို ရှုံးလို့နေပါတယ်။
ကယ်တင်ရှင်ဆိုတာလည်း ဘယ်သောအခါမှ မရှိခဲ့ပါ။

လင်းသူ့ဟန်

တော်လှန်ရေးကို နောက်တစ်ဆင့် ပို့ဆောင်ပေးနိုင်မယ့် အချက်များ (၂) – ရဲဘော်နျူးမန်း

ပြီးခဲ့တဲ့ အပိုင်းမှာ လက်နက်တပ်ဆင်ရေးရဲ့ အရေးပါမှုနဲ့ ဘယ်လို ဘယ်ပုံတပ်ဆင်ခြင်းဟာ လက်တွေ့မှာ အထိ ရောက်ဆုံး နည်းစဉ်ဖြစ်သလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ အခုအပိုင်းမှာတော့ နောက်ထပ်အရေးပါလှတဲ့အ ချက်တစ်ချက်ကို ထပ်မံဆွေးနွေးသွားမှာဖြစ်ပါတယ်။
အဲဒါကတော့ထောက်ပံ့ရေး ကဏ္ဍပဲဖြစ်ပါတယ်။
ဒီကဏ္ဍဟာ ရှေ့က လက်နက်တပ်ဆင်ရေး ကဏ္ဍနဲ့ ဆက်စပ်နေတဲ့အတွက် ရှေ့နောက် ကပ်လျက်ဆွေးနွေးဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ထောက်ပံ့ရေး

ထောက်ပံ့ရေးဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့ ထည့်သွင်းစဉ်းစားကြရမယ့်အချက်တွေ များစွာရှိပါတယ်။ အဓိက ကျတဲ့အချက်ကတော့ ဘယ်သူတွေကို ထောက်ပံ့မှာလဲ၊ ဘယ်သူတွေက ထောက်ပံ့မှာလဲ၊ ဘယ်လို ဘယ်ပုံ ထောက်ပံ့မှာလဲဆိုတဲ့အချက်တွေ အပေါ် မူတည်ပြီး ဖြန့်ထွက်စဉ်းစားကြဖို့ပါ။

ဘယ်သူတွေကို ထောက်ပံ့မှာလဲ

ဒီမေးခွန်းကို ကြည့်မယ်ဆိုရင် ရုတ်တရက်တော့ ဒီလောက် ရှင်းရှင်းလေးတောင် နားမလည်ဘူးလားလို့ တွေးမိ ချင်စရာ မေးခွန်းမျိုးပါ။ သို့သော် တကယ်တမ်း ဒီမေးခွန်းက သေသေချာချာ တွေးတောကြည့် သင့်တဲ့ မေးခွန်းဖြစ်ပါတယ်။
ကျွန်တော်တို့ ထောက်ပံ့ရေးလုပ်ရမယ့် အထဲမှာCDM တွေရဲ့ အတွက် တစ်ကဏ္ဍ ရှိပါတယ်။
စစ်ဘေးသင့်ဒေသတွေအတွက် ထောက်ပံ့ရေး၊ စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့ရေး ကဏ္ဍ တစ်ခုရှိပါ တယ်။
PDF တွေ အတွက် ထောက်ပံ့ရေးလုပ်ပေးရမယ့် တစ်ကဏ္ဍရှိပါတယ်။
PDF အမည်မခံထားသော ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ရေးလုပ်ပေးရမယ့် တစ်ကဏ္ဍရှိပါတယ်။
အချို့သော ERO တွေကလည်း အထောက်အပံ့ တောင်းဆိုကြတာမျိုးရှိပါတယ်။
NUG ရဲ့ လုပ်ငန်းဆောင်တာတွေ လည်ပတ်နိုင်ရေးအတွက် သူတို့ကို ထောက်ပံ့ကြရတာ တစ်ကဏ္ဍရှိပါတယ်။
လက်ရှိအချိန်မှာ CDM တွေအတွက် ထောက်ပံ့ရေးဟာ စစ်ရေးကိစ္စတွေနောက်ကို ရောက်သွားပြီဖြစ်တဲ့အ တွက် စိတ်မကောင်းစွာနဲ့ပဲ အင်အားနည်းပါးလို့နေပြီဖြစ်ပါတယ်။ မရှိသလောက်လို့ကို ပွင့်ပွင့်လင်းလင်းပြော နိုင်ပါတယ်။ ဒီကြားထဲကပဲ ဆက်လက်ပြီး တောင့်ခံ၊ တိုက်ပွဲဝင်နေတဲ့ CDM သမား နိုင်ငံဝန်ထမ်းတွေကို အလေးအနက်ပြု ဦးညွတ်ကြရမှာဖြစ်ပါတယ်။ ထောက်ပံ့ရေး ရန်ပုံငွေ ပိုမိုရှာဖွေလာနိုင်မယ်ဆိုရင် မဖြစ်မနေ ပြန်လည် ထောက်ပံ့ပေးရမယ့် ကဏ္ဍအနေနဲ့ ထိပ်ဆုံးမှာ ထားရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ စစ်ဘေးသင့်နေရာဒေသတွေ၊ စစ်ဘေးရှောင်ဦးရေတွေ ပိုမို များပြားလာပြီဖြစ်လို့ အထောက် အပံ့တွေလည်း များစွာ လိုအပ်လို့လာနေပါပြီ။ အဲဒီအတွက်လည်း အခုအချိန်မှာ တစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့တစ်ခု ချင်းစီဖြစ်စေ အစီအစဉ်အမျိုးမျိုးနဲ့ ရန်ပုံငွေ ရှာဖွေထူထောင်နေကြရကာ ပြည်သူတွေအနေနဲ့ ပါဝင်ထောက်ပံ့နေ ကြရပါတယ်။ ဒီကဏ္ဍဟာလည်း စစ်ပွဲနဲ့အတူ ပေါ်ပေါက်လာမယ့် မလွှဲမရှောင်သာသော ကဏ္ဍဖြစ်တဲ့အတွက် မဖြစ်မနေထောက်ပံ့ကြရမယ့်အရေးဖြစ်နေပြန်ပါတယ်။
သို့သော် NUG အနေနဲ့ ဒီအရေးကိုသာ အသေအချာကိုင်တွယ်ဖို့အတွက် ကော်မတီတစ်ခုထား ဆောင်ရွက်နိုင် မယ်ဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအပါအဝင် လက်အောက်ခံ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မိတ်ဖက်နိုင်ငံတွေကို ချိတ်ဆက်ကာ အထောက်အပံ့တွေ တောင်းခံဖြည့်ဆည်းပေးခြင်းအားဖြင့် ပေါ်ပေါက်လာနေတဲ့ လိုအပ်ချက်ကို အပြည့်အဝမဟုတ်တောင် အတော် များများ ဖြည့်ဆည်းလို့ရနိုင်ကောင်းစရာရှိပါတယ်။ ဒီအတွက်လည်း NUG အပါအဝင် ပြည်တွင်းက သပိတ် ကော်မတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်လို့နေပါတယ်။
PDF တွေအတွက် ထောက်ပံ့ရေးကတော့ လက်နက်ကိုင်တော်လှန်ရေးနည်းစဉ်ကို ရွေးချယ်လိုက်ပြီဖြစ်တဲ့ နောက် ဦးစားပေးအဆင့်တစ်ကို ရောက်ရှိလာခဲ့ပြီဆိုတာကို နားလည်ထားကြရမှာဖြစ်ပါတယ်။ လက်နက်တပ် ဆင်ရေးမှာတင် လိုအပ်ချက်အကြီးကြီးရှိနေပြီး အဲဒီအတွက်လည်း ဖြည့်တင်းကြရမှာဖြစ်သလို တပ်ဖွဲ့များရဲ့ အခြေခံစားဝတ်နေရေး၊ အသုံးအဆောင် အဝတ်အထည်၊ တပ်ရွေ့ပြောင်းမှုဆိုင်ရာ သယ်ယူပို့ဆောင်ရေး အသုံး စရိတ်တွေကအစ နေ့စဉ်နဲ့အမျှ လိုအပ်နေမှာဖြစ်လို့ တကယ့်ကို လိုအပ်ချက်က များပြားလှပါတယ်။ ဒါကို ဖြည့်ဆည်းနိုင်ဖို့အတွက် နိုင်ငံတကာရောက်ပြည်သူတွေရော၊ မြန်မာပြည်တွင်းက ပြည်သူတွေပါ ပူး ပေါင်းလို့ နည်းလမ်းအမျိုးမျိုးနဲ့ အင်တိုက်အားတိုက် ကြိုးစားကြရမှာဖြစ်ပါတယ်။ (NUG ကလည်း အဲဒီအတွက် အစီအစဉ်တွေ အကောင်အထည်ဖော်နေတာ ရှိကြောင်း ထုတ်ပြန်ထားပြီး အဲဒီအစီအစဉ်တွေမှာလည်း ပါဝင်ကြဖို့ လိုအပ်နေပါတယ်) လက်ရှိအချိန်မှာ ကြိုးစား နေကြတယ်ဆိုပေမဲ့ အင်တိုက်အားတိုက် အလုံးအရင်းနဲ့ မဟုတ်သေးဘူးဆိုတာကို သတိပြုကြရပါမယ်။
ဒီအချိန်မှာမှ မကြိုးစားကြဘူးဆိုရင် အချိန်လွန်မှ ကြိုးစားခွင့် ရှိချင်မှ ရှိနိုင်မယ်ဆိုတာကို သတိပြုကြစေလိုပါ တယ်။
နောက်ထပ် လိုအပ်ချက်တစ်ခုကတော့ PDF အမည်မခံထားသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက် ပံ့ကြဖို့ပါ။ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်လိုစိတ်သက်သက်နဲ့သာ ဖွဲ့စည်းထားတဲ့ အဆိုပါ တပ်ဖွဲ့တွေဟာ လက်နက်ပိုင်းမှာ အင်အားအလွန်နည်းလှပါတယ်။ စိတ်ဓါတ်တစ်ခုနဲ့ ကြိုးစား ရုန်းကန်နေကြရတာဖြစ်ပြီး နေ့စဉ် နဲ့အမျှ အသက်တွေကို ရင်းပြီး လှုပ်ရှားနေကြရတာပါ။ သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် PDF နာမည်မခံ ထားသလို၊ NUG နဲ့ ထိတွေ့ဆက်ဆံနေခြင်းလည်း မရှိကြပါဘူး။ ဆိုတော့ အဲဒီဘက်က ထောက်ပံ့ရေးရစရာ မရှိပါဘူး။ (NUG လက်အောက်ခံလို့ဆိုတဲ့ PDF တွေတောင် လက်နက် အပြည့်အဝမတပ်ဆင်နိုင်သေးတဲ့ အ ခြေအနေကို ကြည့်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် လှုပ်ရှားကြဖို့ ဆုံးဖြတ်လိုက်ကြတာလည်း ဖြစ်နိုင်ပါတယ်) အဲဒီ လိုအဖွဲ့တွေများစွာဟာ ကိုယ့်ရပ်ကိုယ့်ရွာကိုသာ အခြေပြုပြီး ကိုယ်ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်း၊ လယ်ယာ၊ အိမ်၊ ခြံ တွေကို ရောင်းချပြီး လုပ်ကိုင်နေကြတာဖြစ်တာကို ရင်နာဖွယ်တွေ့မြင်ကြရပါလိမ့်မယ်။
ဒီလို အဖွဲ့တွေမှာမှ ထောက်ပံ့ရေးလမ်းကြောင်း ချိတ်ဆက်ထားနိုင်သူတွေက အတိုင်းအတာတစ်ခုအထိ အ ထောက်အပံ့ရကြပေမဲ့ ဘယ်ကို ချိတ်ဆက်ရမယ်မှန်းမသိသေးတဲ့ အဖွဲ့တွေလည်း များစွာရှိနေကာ သူတို့ရဲ့ အသက်တွေကလည်း အန္တရာယ်ရှိလို့နေပါတယ်။ ဒါကြောင့် ထောက်ပံ့ရေးအဖွဲ့တွေအနေနဲ့ အဲဒီလိုအဖွဲ့ တွေဆီ ပိုမို ပြန့်နှံ့ ချိတ်ဆက်နိုင်ဖို့ လိုနေပါတယ်။ အနီးအပါးမှာရှိနေတဲ့ အချိတ်အဆက်ရပြီးသား တပ်ဖွဲ့တွေ ကလည်း အချိတ်အဆက်မရှိသေးတဲ့ အဖွဲ့တွေကို ထောက်ပံ့ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပေးဖို့ လိုအပ်ပြီး မဟာ မိတ်တွေ ပြုကြခြင်းအားဖြင့်လည်း ကိုယ့်ရပ်ကိုယ့်ရွာကို ကိုယ့်အဖွဲ့တစ်ခုတည်းက ကာကွယ်နေရခြင်းကနေ ကိုယ့်နယ်ပယ်အဝှမ်းကို အဖွဲ့ပေါင်းစုံ လက်ယှက်ထိုး ချိတ်ဆက် ကာကွယ်နိုင်မယ့်အဆင့်ဆီ တဆင့်တက်သွား နိုင်မှာဖြစ်ပါတယ်။
ဒီနေရာမှာ ထည့်သွင်းဆွေးနွေးရမယ့်အချက်တစ်ချက်လည်းရှိလို့နေပါသေးတယ်။ အဲဒါကတော့ NUG လက် အောက်ခံ PDF မဟုတ်ရင်ရော ထောက်ပံ့သင့်သလား၊ မသင့်ဘူးလား ဆိုတာပါပဲ။ ဒီကိစ္စဟာ ကြီးစွာသော ဝိရောဓိတစ်ခုပါ။
တစ်ချို့သော ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ NUG လက်အောက်ခံအဖြစ် မဝင်ရောက်ကြရခြင်းရဲ့ အကြောင်းကအဆက်အသွယ်မရှိကြသေးတာကြောင့်လည်းပါ ပါတယ်။ သို့တည်းမဟုတ် မြေပြင်အခြေအနေ တွေအရ NUG နဲ့ဆက်သွယ်ပြီး သူတို့ ဦးဆောင်ထိန်းချုပ်မှုအောက်ကသွားဖို့ရာမှာ NUG က မြေပြင်နဲ့ တိုက်ရိုက် ထိတွေ့နေခြင်းမရှိတာကြောင့် မြေပြင်အခြေအနေနဲ့ ကင်းကွာနေလို့လည်း ကိုယ်ထူကိုယ်ထသာ မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ကြတာလည်း ဖြစ်နိုင်ပါတယ်။ သို့တည်းမဟုတ် NUG ရဲ့ လုပ်နည်းကိုင်ဟန်တွေကို သဘောမကျတာကြောင့်လည်း ဖြစ်နိုင်စရာ အကြောင်းတစ်ချက်ရှိသလို၊ ကွဲပြား သော နိုင်ငံရေးအမြင်၊ ခံယူချက်ရှိလို့လည်း ဖြစ်နိုင်ပါတယ်။ သို့တည်းမဟုတ် NUG ဆီကနေ လိုချင်တဲ့ ကတိ ကဝတ်၊ အာမခံချက်တစ်ခုခုကို မရရှိသေးတာကြောင့်လည်း မပူးပေါင်းကြသေးဘဲ စောင့်ကြည့်အနေအထားမှာ ရှိနေသေးတာဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘုံရည်မှန်းချက်တူညီတဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ တန်း တူညီမျှမှုရရှိရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကို ဦးတည်သော အဖွဲ့တိုင်းဟာ မဟာမိတ်တွေဖြစ်တာကြောင့် ဒီအဖွဲ့တွေကို မဖြစ်မနေထောက်ပံ့ဖို့ လိုကို လိုပါတယ်။ လက်ရှိအချိန်မှာ အကောင်းဆုံးနည်းလမ်းကတော့ အဖွဲ့တစ်ခုစီတိုင်းက ကိုယ်ပိုင် ထောက်ပံ့ရေးလမ်းကြောင်း ရှာဖွေထူထောင်ကြတာ၊ ထောက်ပံ့ရေးအဖွဲ့တွေ ဆီ တိုက်ရိုက်ချိတ်ဆက်တာမျိုးသာ အကောင်းဆုံးနဲ့ လက်ရှိလည်း အလုပ်ဖြစ်နေတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။
ဒီ အဖွဲ့တွေကို ချိတ်ဆက်ပြီး မဟာမိတ်ပြုရေး၊ အထောက်အပံ့ပေးရေးဟာ အစိုးရလို့ ခံယူထားတဲ့ NUG လုပ် ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေထဲမှာ ပါဝင်တယ်လို့ ကျွန်တော့်အနေနဲ့တော့ ယူဆပါတယ်။ ဒီအတွက် လည်း ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ သီးခြားကော်မတီတစ်ခု ထားရှိပြီး အလျင်အမြန် အကောင်အ ထည်ဖော်ဖို့ လိုအပ်နေပါတယ်။
နောက်ထပ် ကဏ္ဍကတော့ NUG ကို ထောက်ပံ့ရေးဖြစ်ပါတယ်။ NUG ဟာ အစိုးရလို့ ကြေညာထားတဲ့အတွက် အချို့သော ရုံးလုပ်ငန်းဆိုင်ရာအလုပ်တွေကို မဖြစ်မနေ လုပ်ဖို့ကိုင်ဖို့လိုအပ်ပါတယ်။ အဲဒီအပြင် နေရာထိုင်ခင်း ကိစ္စ၊ (ပြေးလွှားလုပ်ကိုင်နေရတဲ့ တော်လှန်ရေးအစိုးရဖြစ်တာကြောင့်) ရွေ့ပြောင်းရေးကိစ္စ၊ နိုင်ငံတကာဆက် ဆံရေးကိစ္စ၊ သံတမန်ခင်းကိစ္စ အစရှိသဖြင့် ကိစ္စရပ်တွေမှာ အသုံးပြုဖို့ ဘက်ဂျက်လိုအပ်ချက်ရှိမယ်ဆိုတာကို ခန့်မှန်းလို့ရနိုင်ပါတယ်။ သို့သော် ရရှိနိုင်သော အထောက်အပံ့အရင်းအမြစ်ဟာ အကန့်အသတ်ရှိတယ်ဆိုတာ ကို သိနားလည်ထားပြီး ဦးစားပေးအဆင့်တွေခွဲခြားသတ်မှတ်လို့ ကောင်းစွာ စီမံခန့်ခွဲ၊ ရွေးချယ်စိစစ်အသုံးပြု နိုင်ဖို့တော့ လိုအပ်တာ အမှန်ပါပဲ။ လက်တလောမှာ မဖြစ်မနေလိုအပ်နေသေးတာမဟုတ်တဲ့ ကဏ္ဍတစ်ခုခုမှာ လွဲမှားအသုံးပြုလိုက်မယ်ဆိုရင် လက်ရှိရရှိနေတဲ့ ဘက်ဂျက်အသုံးစရိတ်ဟာ အတိမ်းစောင်းခံနိုင်လောက် အောင် ကျယ်ပြန့်များပြားမနေဘူးဆိုတာကိုတော့ သတိချပ်စေချင်ပါတယ်။
အထက်ပါ ကဏ္ဍတွေကတော့ လက်ရှိ ဘယ်သူတွေကို ထောက်ပံ့မှာလဲ ဆိုတဲ့ မေးခွန်းရဲ့အဖြေတွေပါ။
ဒါဖြင့် ဘယ်သူတွေက ထောက်ပံ့မှာလဲဆိုတာနဲ့ ဘယ်လို ဘယ်ပုံထောက်ပံ့နေလဲ၊ ထောက်ပံ့မလဲဆိုတာကို စဉ်းစားကြည့်ကြပါဦးစို့။
လက်ရှိအချိန်မှာတော့ အသွင်သဏ္ဍာန်မျိုးစုံသော ထောက်ပံ့မှုတွေရဲ့ နောက်ကွယ်မှာရှိနေတာဟာ ပြည်တွင်း ပြည်ပနေ ပြည်သူတွေပဲဖြစ်ပါတယ်။ (အတော်များများကတော့ ပါဝင်ထောက်ပံ့နေတယ်လို့ ယူဆနိုင်ပေမဲ့ အများစုကြီးက ပါဝင်နေတာတော့လည်း မဟုတ်ပြန်ပါဘူး။ ဒါက ကြိုးစားပြီး ဆွဲစေ့ပစ်ရဦးမယ့် အဟကြီးတစ် ခုဖြစ်ပါတယ်) ဆိုတော့ ဖိနှိပ်မှုမျိုးစုံ၊ ကြပ်တည်းမှုမျိုးစုံအောက်က ပြည်သူတွေကပဲ ပုံစံမျိုးစုံနဲ့ လိုအပ်နေတဲ့ ကဏ္ဍ မျိုးစုံကို ထောက်ပံ့နေကြရတာဖြစ်ပါတယ်။ ဒါဟာ ဂရုပြုပြီး ကိုင်တွယ်ချဉ်းကပ်ကြဖို့ လိုအပ်တဲ့ အချက်ပါ။ ကာလကြာလာတာနဲ့ အမျှ ဝန်ပိလာ၊ ဒဏ်သင့်လာနိုင်ပါတယ်။
နွေဦးထီ၊ မဲလက်မှတ်၊ ငွေတိုက်စာချုပ်၊ အခွန်၊ ထောက်ပံ့ရေးမိသားစုအဖွဲ့ဝင် စတဲ့ ပုံစံတွေက လက်ရှိ NUG က ဖော်ထုတ်ထားတဲ့ ရန်ပုံငွေရှာဖွေရေးပုံစံတွေပါ။ တိုက်ရိုက် ထောက်ပံ့မှုတွေကိုလည်း လက်ခံလို့နေပါတယ်။ PDF အဖွဲ့တစ်ခုချင်းစီကလည်း ကိုယ်တိုင် တိုက်ရိုက် အထောက်အပံ့တောင်းခံမှုတွေ ရှိနေပါတယ်။ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေကလည်း ထို့နည်းတူ တိုက်ရိုက်ထောက်ပံ့မှုတွေကို ရှာဖွေနေရပါတယ်။
တိုက်ရိုက်ထောက်ပံ့မှုတွေမှာ တွေ့ကြုံနေရတဲ့အခက်အခဲကတော့ ဘဏ်စနစ်ကို စကစ က ထိန်းချုပ်ထားခြင်း၊ ငွေသားလဲလှယ်မရတဲ့အတွက် ငွေသားရှားပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေးမှာ အတားအဆီးများစွာရှိနေခြင်း၊ ငွေလွှဲပြောင်းမှုပုံစံတွေ မလုံခြုံခြင်း စတာတွေပဲဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုနည်းနဲ့ ကျော်ဖြတ်ကြရမလဲဆို တာကို ဝိုင်းဝန်း အဖြေရှာကြဖို့ လိုပါတယ်။
တဖက်မှာ Click To Donate လို အဖွဲ့မျိုးတွေနဲ့ အလားတူ အဖွဲ့တွေကလည်း အင်တာနက်အပေါ် အခြေခံ ပြီး ရန်ပုံငွေရှာဖွေကာ မနည်းလှသော ထောက်ပံ့မှုတွေကို ပြုလုပ်နေကြပါတယ်။ ပြည်သူတွေ ကိုယ်တိုင် လက်ထဲ ကထုတ်ပြီး ထောက်ပံ့ရတာမဟုတ်တဲ့အတွက် သင့်တော်ပြီး ကောင်းမွန် အဆင်ပြေလှတဲ့ နည်းလမ်းတစ်ခုပါ။ သို့သော် ဘယ်လို ပါဝင်ကြရမလဲဆိုတာကို သိရှိနားလည်တဲ့သူ ပျံ့နှံ့မှှုုနှုန်းကတော့ အားနည်းလို့နေပါသေး တယ်။ လက်ရှိအချိန်မှာ အကန့်အသတ်ရှိသော လူဦးရေကသာ ပါဝင်နေသေးတာဖြစ်ပြီး အဲဒီလူဦးရေအတိုင်း အတာတစ်ခုက အားစိုက် ကြိုးစားနေကြလို့သာ လက်ရှိပမာဏတွေကို ရရှိနေတာဖြစ်ပါတယ်။ လူအများပါဝင် လာဖို့ အထူးကို လိုအပ်လို့နေပါတယ်။ လူအများ မပါဝင်လာတဲ့ အဓိကအကြောင်းအချက်တွေက ဘယ်လိုလုပ် ရမယ်၊ ဘာကြောင့်လုပ်ရမယ်ဆိုတာကို ထိထိရောက် ရောက် (နိုင်ငံအဝှမ်းနဲ့ နှိုင်းယှဉ်ပြောတာဖြစ်ပါတယ်) ဖြန့် ဝေအသိပေးဖို့ နှိုင်းရအားဖြင့် အားနည်းနေသေးခြင်း (သူ့တစ်ဖွဲ့တည်းအနေနဲ့ ဒီလောက်လုပ်ဖို့လည်း ခက်ခဲတာ အမှန်ပါ)၊ သိရှိလိုသူ နည်းပါးနေသေးခြင်း၊ သိရှိသော်လည်း ပါဝင်ဖို့ တွန့်ဆုတ်နေကြခြင်းတွေကြောင့်ပါပဲ။
ဒီကြားထဲကနေကို သိန်းသောင်းဂဏန်းအထိ ရှာဖွေပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ သို့သော် စကစ ဘက်က လည်း ဒီလမ်းကြောင်းကို ထိန်းချုပ်ဖို့အတွက် အင်တာနက် ဒေတာတွေကို ဈေးတက်ပစ်တာ၊ အင်တာနက်လိုင်း တွေကို ထိန်းချုပ်တာ၊ အခုဆို ဆင်းကဒ်တွေအထိပါ လိုက်လံထိန်းချုပ်မှုလုပ်တာတွေ ပြုလုပ်ပြီး တားဆီးနေ တာကို တွေ့ရမှာဖြစ်ပါတယ်။ နောက်ထပ်တချက်ကတော့ ဒေသအများအပြားဟာ အင်တာနက်ဖြတ်တောက် ခံရမှုအောက်ရောက်နေတာလည်း ပါဝင်ပါသေးတယ်။
သို့သော် မည်သို့ဆိုစေ တိုင်းနှစ်ခုပေါင်း လူဦးရေ ၁၀ သန်းနီးနီး ရှိနေတဲ့ ရန်ကုန်၊ မန္တလေး နှစ်ခုရဲ့ အားကိုသာ အပြည့်အဝသုံးနိုင်ခဲ့ရင် ဒီထက်ပိုမို တိုးတက်လာဖို့ရှိပါတယ်။ သတင်းမီဒီယာတွေ၊ လွတ်လပ်သော သတင်းမီ ဒီယာတွေကလည်း ဒီအရေးကို ထဲထဲဝင်ဝင် အသိပေးကြဖို့ လိုအပ်သလို၊ သပိတ်ကော်မတီတွေကလည်း ဒီလို ဒစ်ဂျစ်တယ်နည်းပညာသုံးထောက်ပံ့မှုကို သပိတ်တစ်ခုအသွင်ဆောင်ပြီး အားကြိုးမာန်တက်လုပ်ဆောင်နိုင် ရေး လှုပ်ရှားမှုတွေ ဖော်ထုတ်ကြဖို့ လိုအပ်ကြောင်း အကြံပြုလိုပါတယ်။
ဒီအပြင် လိုအပ်တာကတော့ လက်ရှိ ထောက်ပံ့ရေးနည်းစဉ်၊ ရန်ပုံငွေရှာဖွေရေးနည်းစဉ်တွေသာမက အခြား သော နည်းစဉ်တွေကိုလည်း ဝိုင်းဝန်းဖော်ထုတ်ကြဖို့ပါပဲ။ ဉာဏ်ပညာခေတ်ကို ကိုယ်စားပြုတဲ့သူတွေရဲ့တော် လှန်ရေးဖြစ်တာကြောင့် မိမိတို့ တတ်ကျွမ်းထားတဲ ့နယ်ပယ်အသီးသီးက အသိဉာဏ်ပညာတွေကို အသုံးပြုပြီး ဘယ်လို ဘယ်ပုံပေါင်းစပ်လုပ်ကိုင်ကြရင် ဖြစ်နိုင်မယ်ဆိုတာကို တွေးတောကြံဆကြဖို့ လိုပါတယ်။ အကြံဉာဏ် ရှိနေသူတိုင်းကိုလည်း ထုတ်ဖော်ပြောဆိုဖို့ ကြိုဆိုကြောင်း ပြောလိုပါတယ်။ ပူးပေါင်းပါဝင်ကြဖို့လည်း အဆင့် သင့်ရှိနေပါတယ်။
နောက်ဆုံး အချက်အနေနဲ့ လိုအပ်တာကတော့ ပြည်သူလူထုအနေနဲ့ ပင်ပန်းနေလင့်ကစား ဆက်လက်တောင့် ထားပြီး ထည့်ဝင်ဖို့ ပိုင်းဖြတ်ထားတဲ့ ပမာဏကို ပုံမှန်ထည့်ဝင်၊ ပါဝင်ဆောင်ရွက်ဖို့လိုအပ်တဲ့ ဒစ်ဂျစ်တယ်နည်း ပညာသုံး အထောက်အပံ့ရှာဖွေရေးကိစ္စတွေမှာလည်း အင်တိုက် အားတိုက်ပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။ လက်ရှိတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးသာဖြစ်တာကြောင့် ပြည်သူတစ်ရပ်လုံး ပါဝင်ကြဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ပင်ပန်းခက်ခဲတာတွေကတော့ ရှောင်လွှဲမရအောင် ရှိလာနိုင်မယ်ဆိုပေမဲ့ အချင်းချင်း လက်ချင်း တွဲခေါ်ကြရင်း ချီတက်ကြရမှာဖြစ်ပါတယ်။ ကိုယ့်မျိုးဆက်တွေ အနာဂတ်အတွက် ကာလတစ်ခု အနစ်နာခံ ကြိုးစားရုန်းကန် နေရတယ်လို့ တွေးထားကြရပါမယ်။ နောက်ဆုံး ကိုယ့်အနာဂတ်ကို ကိုယ့် ချွေးနည်း စာနဲ့ ကိုယ့်လုပ်အား၊ ကိုယ့်ပါဝင်မှုနဲ့ ပြန်ဝယ်ယူနေတယ်လို့ သဘောထားမယ်ဆိုရင်လည်းဖြစ်ပါတယ်။
လူဆိုတာ ကိုယ့်အတွက်ကိုယ်မှ အနစ်အနာမခံဘူးဆိုရင် ဘာနဲ့မှကို မထိုက်တန်ဘူးမဟုတ်ပါလား။
အထက်ပါ အချက်တွေကတော့ ထောက်ပံ့ရေးမှာ တွေ့ကြုံနေရတဲ့ အခြေအနေတွေနဲ့ အခက်အခဲတွေ၊ အတားအဆီး အဟန့်အတားတွေ၊ လိုအပ်ချက်တွေဖြစ်ပြီး ဒီကဏ္ဍကိုသာ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြမယ် ဆိုရင်တော်လှန်ရေးဟာ လျင်လျင်မြန်မြန်နဲ့ အရှိန်အဟုန်တိုးတက်လာဖို့ရှိနေပါကြောင်း

ဆက်ရန်

ရဲဘော်နျူးမန်း

တော်လှန်ရေးကို နောက်တဆင့် ပို့ဆောင်ပေးနိုင်မယ့် အချက်များ – ရဲ‌ဘော်နျူးမန်း

တော်လှန်ရေးကာလဟာ ၁၁ တာ ကျော်လာခဲ့ပြီဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးရဲ့ တိုက်ပွဲတွေဟာလည်း ပုံပေါ်လာနေခဲ့ပြီဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ အခြားသော မြို့ကြီးတွေပေါ်မှာသာ ပြောက်ကျားအသွင် လှုပ် ရှားမှု ရှိနေတော့ပြီး စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ၊ ကရင်နဲ့ ကချင်ပြည်တို့မှာတော့ ရင်ဆိုင်စစ်ပွဲတွေအသွင် ဆောင်လာခဲ့ကြပြီဖြစ်ပါတယ်။
ဒီလိုကာလမှာ တော်လှန်ရေးအတွက် လိုအပ်ချက်တွေ များပြားလာမှာ အမှန်ပါပဲ။ အထူးသဖြင့် နောက်တဆင့် ကို တက်နိုင်ရတော့မယ့် တော်လှန်ရေးအတွက် နောက်ပြန်ဆွဲထားသလို ရှိနေသေးတဲ့ ကဏ္ဍတွေကို ဒီဆောင်း ပါးမှာ ဖော်ထုတ်ဆွေးနွေးသွားမှာဖြစ်ပြီး ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတာကို ဉာဏ်အားရှိသလောက် အကြံပြု သွားမှာဖြစ်ကာ ကောင်းမွန်သော အကြံဉာဏ်များကိုလည်း ထပ်မံကြိုဆိုနေပါကြောင်း ကနဦး ပြောလိုပါတယ်။

က . လက်နက်တပ်ဆင်နိုင်ရေး

တော်လှန်ရေးနောက်တဆင့်တက်နိုင်ဖို့ အတွက် လိုအပ်နေသေးတဲ့အချက်တွေထဲက အရေးအကြီးဆုံးအချက် ကတော့ လက်နက်တပ်ဆင်နိုင်ရေးဖြစ်ပါတယ်။
ဒီကဏ္ဍမှာ အကြေအလည် ပိုင်းဖြတ်ရမယ့် ကိစ္စတွေလည်းရှိလို့နေပါသေးတယ်။ အဲဒါကတော့
ဝယ်ယူမှုကို ဇောင်းပေးပြီး ထုတ်လုပ်မှုကို အရံသဘောပဲထားမှာလား။ သို့တည်းမဟုတ် ထုတ်လုပ်မှုကို ဇောင်းပေးပြီး ဝယ်ယူမှုနဲ့ ထပ်မံဖြည့်စွက်မှာလား ဆိုတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။
ဒီအချက်ကို စဉ်းစားကြတဲ့အခါ ပထမဦးဆုံး ထည့်သွင်းစဉ်းစားရတာကတော့ ရရှိလာမယ့် လက်နက်တွေရဲ့ အရည်အသွေးဖြစ်ပါတယ်။ ဝယ်ယူလိုက်တဲ့ လက်နက်တွေကတော့ အရည်အသွေးပိုင်းအားဖြင့် အာမခံချက် အတော်လေးကိုရှိကာ အားကိုးမှီခိုလို့ရပါတယ်။ ထုတ်လုပ်တဲ့လက်နက်တွေကတော့ အဆင့်ဆင့် စမ်းသပ်ပြီးမှ အသုံးပြုကြရမှာဖြစ်ပြီး သုံးရင်း အားနည်းချက်တွေကို ရှာဖွေ၊ ပိုကောင်းတဲ့နည်းလမ်းတွေကို သုတေသနပြုပြီး တိုးတက်လာအောင် လုပ်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် အရည်အသွေးပိုင်းမှာတော့ ဝယ်ယူဖြည့်တင်းလို့ရတဲ့ လက်နက်တွေက ပိုကောင်းတာမှန်ပါတယ်။
တဖက်က ပြန်လည်ကြည့်မယ်ဆိုရင်တော့ လူတိုင်းစေ့လက်နက်တပ်ဆင်နိုင်ရေးကို ဦးတည်ကြမယ်ဆိုရင် လို အပ်သမျှ လက်နက်အားလုံးကို ဝယ်ယူနိုင်ဖို့ရာ ငွေကြေး၊ အချိန်၊ ရောင်းလက်နဲ့ လမ်းကြောင်းဆိုတာတွေ လို အပ်လို့လာပါတယ်။
ငွေကြေးပိုင်းမှာ လက်ရှိအချိန်ထိ ပြည်သူလူထုရဲ့ ထောက်ပံ့မှုနဲ့ ဒီဂျစ်တယ်သပိတ်တွေက နေ ရှာဖွေပေးနေတဲ့ ငွေကြေးကို လက်ရှိအချိန်အထိ အဓိက အားကိုးအားထားပြုနေရသေးတာကြောင့် အကန့် အသတ်က တော်တော်များများကို ရှိနေတာ ဝန်ခံကြရမှာဖြစ်ပါတယ်။ (NUG ရဲ့ Bond တွေ၊ Ticket တွေ၊ membership တွေက ဝင်နေတဲ့ ဝင်ငွေတွေဟာလည်း လက်နက်တပ်ဆင်ရေးဆီ အပြည့်အဝလာနေတာ မဟုတ်တာကို သတိပြုကြရမှာပါ။ အဲဒီအပြင် NUG နဲ့ အကြောင်းအမျိုးမျိုးကြောင့် ချိတ်ဆက်ထားခြင်းမရှိသေး တဲ့အဖွဲ့တွေမှာဆိုရင် ကိုယ်တိုင် ထုတ်လုပ်ရုံကလွဲရင် ရွေးချယ်စရာမရှိပါဘူး) ဒါကြောင့် လက်ရှိ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ တော်လှန်ရေးတပ်သားတိုင်းကို လက်နက်တပ်ဆင်ဖို့ရာ အပြည့်အဝ ဝယ်ယူ ဖြည့်တင်းတဲ့ နည်းလမ်းကို အသုံးပြုမယ်ဆိုရင် လက်ရှိ ပြည်သူ့ထောက်ပံ့မှုပမာဏနဲ့ ဖြန့်ဝေရမယ့် အကျယ်အဝန်း အချိုး ကြောင့် ကာလအတော်ကြာအထိ ပြည့်စုံဖို့ လွယ်ကူဦးမှာမဟုတ်ပါဘူး။ ဒါကြောင့် အပြည့်အဝ ဝယ်ယူမယ့် အချက်ဟာ ဖြစ်နိုင်ချေနည်းပါတယ်။
ဒီလို ထောက်ပံ့မှုပမာဏနဲ့ ဖြန့်ဝေရမယ့် အကျယ်အဝန်းအချိုးကနေ (လက်ရှိနှုန်းအတိုင်း မပြောင်းလဲဘူးဆိုရင်) နောက်ထပ်ထောက်ပြလာတဲ့အချက်ကတော့ အထက်က ဆိုခဲ့သလို လက်နက်တပ်ဆင်ရေးအချိန်ကာလက ပိုမိုကြာရှည်သွားနိုင်တယ်ဆိုတဲ့အချက်ပါ။ ပြဿနာကတော့ တဖက် စကစ ဘက်က အဲဒီအချိန်ကို မပေးတော့ ပါဘူး။ မြေပြင်ကိုထိုးဖောက်ဖို့ ခက်တယ်ဆိုရင် လေကြောင်းကို အတင်းသုံး၊ လက်နက်ကြီးတွေနဲ့ ဖိအားပေးပြီး သူ့လူတွေပါ အသေခံလို့ အတင်းဖြိုခွင်းဖို့ ကြိုးစားနေတာကို တွေ့ကြရမှာပါ။ သူ့အတွက်က သူ့လူတွေရဲ့အ သက်ဟာ အရေးမပါပါဘူး။ ဒါဟာ အာဏာရှင်တွေရဲ့ စိတ်နေသဘောထားပါပဲ။ ပြည်သူ့အသက်ကိုဖြစ်စေ၊ သူ့ တပ်ဖွဲ့ဝင်အသက်ကိုဖြစ်စေ လိုဘအတွက် ချနင်းမှာပါပဲ။ သူတို့အတွက် သူ့လူတွေအသက်ထက် ပိုအ ရေးပါနေတာက အချိန်ဖြစ်နေတာကို ကျွန်တော်တို့ သတိပြုကြရမှာဖြစ်ပါတယ်။ ဒီအပိုင်းကို အနည်းငယ်ထပ်မံ ပြီး ရှင်းလင်းလိုပါတယ်။
လက်ရှိ ဇန်နဝါရီလကစလို့ မိုးမဝင်မီအထိ စကစ ဘက်မှာ အချိန်အားဖြင့် ၆ လ ပတ်ဝန်းကျင်ရှိပါတယ်။ သူတို့ အနေနဲ့ အဲဒီကာလမတိုင်ခင် (သို့တည်းမဟုတ်) အဲဒီကာလထက် စောပြီး တော်လှန်ရေးကို ဖြိုခွင်းနိုင်ဖို့ လိုပါ တယ်။ အကြောင်းကတော့ မိုးကျလာတာနဲ့ လမ်းပန်းဆက်သွယ်ရေးအကန့်အသတ်ပြန်ရှိလာတော့မှာ ဖြစ်ပြီး သူ့အတွက် စစ်ရေးလှုပ်ရှားဖို့ မလွယ်တော့မှာကြောင့်ပါ။ အထူးသဖြင့် မြေပြင်တပ်တွေ ရှေ့တိုးရခက်နေတာ ကြောင့် လေကြောင်းကို အားပြုတိုက်နေရတဲ့ သူတို့အတွက် မိုးကာလဟာ စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီ ၆ လတာ ကာလအတွင်းမှာ တော်လှန်ရေးကို အပြီးသတ်မဖြိုခွင်းနိုင်ရင်တောင် အတော်များများကို ပြန်လည် ထိန်းချုပ်ထားနိုင်တဲ့အဆင့်ရောက်အောင် သူတို့ဘက်က တွန်းအားပေး ကြိုးစားလာမှာဖြစ်ပါတယ်။ အထူးသ ဖြင့် စစ်ကိုင်းနဲ့ မကွေးဒေသတို့ဟာ အခုကနေ မိုးမဝင်ခင်အထိ ပုံစံအမျိုးမျိုးသော စစ်ဖက်ဆိုင်ရာ ဖိအားပေးမှု တွေကို ခံကြရမှာဖြစ်ပါတယ်။
မိုးကျတဲ့အထိ မဖြိုခွင်း၊ မထိန်းချုပ်နိုင်ခဲ့ရင်တော့ မိုးတွင်းကာလ လမ်းပန်းအကန့်အသတ်ရှိလာတဲ့အချိန်မှာ သူတို့အတွက် ပိုမိုခက်ခဲလာတော့မှာဖြစ်သလို၊ နဂိုကတည်းက စိတ်ဓါတ်အကျဘက်ကို ရောက်နေပြီဖြစ်တဲ့ သူ့ တပ်သားတွေအတွက် ပိုမို စိတ်ဓါတ်အင်အားဆုတ်ယုတ်သွားစေတော့မှာဖြစ်ပါတယ်။ အဲဒီအပြင် တော်လှန်ရေး ကာလတစ်ခုလုံး အနားမရသေးတဲ့ သူ့ရဲ့ တိုက်ခိုက်ရေးတပ်တွေဟာ ကြမ်းတမ်းလှတဲ့ မိုးတွင်းဒဏ်ကို ခံနိုင်ရည် နည်းသွားနိုင်တာကြောင့်လည်း မိုးမဝင်ခင် ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာမှာဖြစ်တာပါ။
ဆိုတော့ သူတို့ဘက်က အချိန်ပေးတော့မှာမဟုတ်ဘူး။ ရှိသမျှ လက်နက်၊ နည်းပညာ၊ တပ်ဖွဲ့သုံးပြီး အကျအ ဆုံး၊ အဆုံးအရှုံးများရင် များပါစေ ဖြိုခွင်းလာတော့မယ်ဆိုတာကို ကျွန်တော်တို့သိကြရပါမယ်။ ဒါကြောင့် ဝယ် ယူဖြည့်တင်းရေးမှာ ကိုယ့်ဘက်က ထောက်ပံ့မှုနဲ့ ဖြန့်ဝေရမယ့်ဧရိယာအချိုးကြီးမားမှုကြောင့် အချိန်ယူနေရမယ့် အဖြစ်ဟာ အကြပ်အတည်းတစ်ခုဖြစ်လာနိုင်တာပါ။
နောက်ထပ် စဉ်းစားရမယ့်အချက်တွေက ရောင်းလက်နဲ့ လမ်းကြောင်းပဲဖြစ်ပါတယ်။ ကိုယ့်ဖက်မှာ ဝယ်ယူရေး အတွက် ဘဏ္ဍာငွေတင် အကန့်အသတ် ရှိတာမဟုတ်ပါဘူး။ ရောင်းပေးမယ့် ရောင်းလက်ကလည်း နည်းနည်း သာရှိနေပြီး ရှိတဲ့ ရောင်းလက်တွေဆီကနေလည်း လိုသလောက် ဝယ်ယူလို့မရနိ်ုင်တဲ့ ပြဿနာတစ်ရပ်ရှိနေပါ သေးတယ်။ ဝယ်ယူလို့ရသမျှကို လိုအပ်တဲ့နေရာအထိ ပို့ဆောင်ရေးမှာလည်း အတားအဆီးအဆင့်ဆင့်ရှိနေ တာကြောင့် အခက်အခဲများစွာ တွေ့ကြုံနေရတာကို မြေပြင်လှုပ်ရှားနေတဲ့အဖွဲ့တွေ အသိပါပဲ။
ဒီအချက်တွေကြောင့် အလုံးစုံ ဝယ်ယူဖြည့်တင်းတပ်ဆင်ရေး (သို့မဟုတ်) ဝယ်ယူဖြည့်တင်းမှုကို အဓိက ထားပြီး ထုတ်လုပ်မှုကို အရံသာထားတဲ့ မူဟာ အလုပ်ဖြစ်နိုင်ဖို့ အလွန်ခဲယဉ်းတယ်ဆိုတာကို တွေ့ရှိလာရ မှာဖြစ်ပါတယ်။
ဒါကြောင့် ထုတ်လုပ်မှုကို အဓိက ဗဟိုပြုပြီး ဝယ်ယူမှုနဲ့ ဖြည့်စွက်တဲ့ မူ ဘက်ကို ပြန်ပြောင်း စဉ်းစားကြည့်ဖို့ လိုအပ်လာပါပြီ။
မြေပြင်မှာ ကိုယ်တိုင်ထုတ်လုပ်နေတဲ့ အဖွဲ့များစွာရှိပါတယ်။ တူမီး၊ တစ်လုံးထိုးခါးချိုးကနေ စလို့၊ တတောင့်ထိုး လက်လုပ်ရိုင်ဖယ်၊ ဆီမီးအော်တိုမက်ရှင်းဂန်းငယ်၊ စတင်းဂန်း၊ စိန်ပြောင်း၊ မိုင်း၊ ရေမြှုပ်မိုင်း၊ ဗုံးသီးလောင်ချာ၊ ရှော့တိုက်ဒုံး၊ တာတိုပစ်၊ တာလတ်ပစ် ဒုံးငယ်၊ ဒရုန်းသုံးလေကြောင်း ဗုံး စတာတွေကို မြေပြင်အဖွဲ့ငယ်ပေါင်း များစွာက ကိုယ်တိုင် ကြိုးစားရှာဖွေတီထွင် ကြံဆကြပြီး အောင်မြင်စွာ ထုတ်လုပ်အသုံးပြုနေကြတာကို တွေ့ရ မှာပါ။ (အဲဒီလို ထုတ်လုပ်ဆဲအဆင့်တွေမှာ အသက်ပေးဆပ်ရ၊ ခန္ဓာကိုယ်ထိခိုက်ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတာ တွေ မနည်းပါဘူး။ ဒီလို ရဲဘော်တွေကိုလည်း အလေးအနက် မှတ်တမ်းတင်အပ်ပါတယ် – စကားချပ်)
ဒါကြောင့် မြေပြင်ထုတ်လုပ်ရေးဟာ စလုံးရေစ ကနေ ပြန်စဖို့ လိုအပ်တဲ့အနေအထားတော့မဟုတ်ပါဘူး။ အဓိ ကအားဖြင့် လိုအပ်လာမှာက ထုတ်လုပ်ရေးအသုံးစရိတ်တွေ ထောက်ပံ့ကြဖို့၊ ထုတ်လုပ်ရေး နည်းစဉ်တွေကို လက်ဆင့်ကမ်းဖြန့်ဝေ သင်တန်းပေးဖို့၊ ကုန်ကြမ်းရှာဖွေရေးအတွက် အဖွဲ့တွေ ဖွဲ့စည်းဖို့၊ ထုတ်လုပ်နေတဲ့အဖွဲ့ တွေအချင်းချင်းကြားနဲ့ ထုတ်လုပ်နေတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲဝင်မယ့်အဖွဲ့တွေအကြား ချိတ်ဆက်မှုတွေ ကောင်း မွန်လာဖို့၊ ပိုမိုကောင်းမွန်သော နည်းစဉ်၊ ထုတ်လုပ်ပုံတွေကို သုတေသနပြုပြီး ဖြန့်ဝေ သင်ကြားပေးနိုင်ဖို့တို့ပဲ ဖြစ်ပါတယ်။ ဒီလို အချက်တွေကိုသာ ကောင်းစွာ ဖြည့်ဆည်းပေးနိုင်ခဲ့မယ်ဆိုရင် လူတိုင်းကို လက်နက်တပ်ဆင် နိုင်ရေးဟာ ကုန်ကျစရိတ်အားဖြင့်ရော လျော့ကျသွားတော့မှာဖြစ်သလို၊ အချိန်အားဖြင့်လည်း ပိုမို မြန်ဆန်လာ မှာဖြစ်ပါတယ်။
အဲဒီအပြင် ကိုယ်တိုင် ထုတ်လုပ်မှာဖြစ်တာကြောင့် တိုက်ပွဲတွေမှာ အဓိကကျလာမယ့် ပစ်အားကို ကိုယ်တိုင် ထုတ် ကျည်ဆန်တွေနဲ့ ထောက်ပံ့ပေးနိုင်မှာဖြစ်ကာ ငဲ့ကွက်ပြီး မရွံ့မရဲတိုက်ပွဲဝင်နေရမယ့်အဖြစ်တွေကနေ ကင်းဝေးသွားမှာဖြစ်ပါတယ်။
လက်ရှိမှာကိုပဲ ထုတ်လုပ်ရေးနည်းစဉ်တွေကို သုတေသနပြု၊ ဘာသာပြန်ရေးသား၊ ရှာဖွေ ဖြန့်ဝေပေးနေတဲ့ အဖွဲ့တွေ အနည်းဆုံး ၃-၄ ဖွဲ့ရှိနေနှင့်ပြီးသားဖြစ်ပါတယ်။ ဒီအဖွဲ့တွေကို (NUG က ဦးစီးပြီး ချိတ်ဆက်ပေး မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်) အပြန်အလှန်ကွန်ရက်ပုံစံ ချိတ်ဆက်ပေးနိုင်ဖို့နဲ့ မြေပြင် ထုတ်လုပ် ရေးအဖွဲ့တွေဆီ အလျင်အမြန် နည်းပညာတွေ ဖြန့်ဖြူးပေးနိုင်ဖို့၊ ထုတ်လုပ်ရေးကုန်ကျစရိတ်တွေကို ဖြန့်ဝေ ပေးနိုင်ဖို့ လိုအပ်လို့နေပါတယ်။ အဲဒီလို ကြားခံအဖွဲ့တစ်ခုခုက ကြားဝင် ချိတ်ဆက်ပေးမလာခဲ့ ရင်လည်း ထုတ်လုပ်ရေး လုပ်နှင့်နေပြီးသားအဖွဲ့တွေနဲ့ တိုက်ခိုက်ရေးအဖွဲ့တွေအကြား ကိုယ်တိုင်ချိတ်ဆက်ပြီး နည်းပညာ မျှဝေခြင်း၊ ထုတ်လုပ်ပြီး လက်နက်များ မျှဝေခြင်း၊ မဟာမိတ်ပြုခြင်း စတာတွေကို လုပ်ဆောင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။
လာတော့မယ့် ကာလ တော်လှန်ရေးအတွက် အရေးကြီးလှတဲ့ အပိုင်းအခြားတွေမှာ လက်နက်တပ်ဆင်ရေးဟာ အဓိက ကျတဲ့အခန်းကဏ္ဍတွေထဲက တစ်ခုဖြစ်ကာ ကိုယ်တိုင်ထုတ်လုပ်ရေးကို အားပြုပြီး ဝယ်ယူခြင်းနဲ့ ဖြည့် စွက်တဲ့ မူ၊ အချင်းချင်းကြားချိတ်ဆက် နည်းပညာမျှဝေခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် ထောက်ပံ့ခြင်း၊ ထုတ် လုပ်ပြီး လက်နက်များ မျှဝေခြင်း၊ မဟာမိတ်ပြု ပူးပေါင်းတိုက်ပွဲဝင်ကြခြင်းဟာ ဒီအခန်းကဏ္ဍကို ကောင်းစွာ ဖြည့်တင်းပေးနိုင်မယ့် အချက်တွေ ဖြစ်ပါကြောင်း

ဆက်ရန်
ရဲဘော် နျူးမန်း

၂။ပြည်ထောင်စုပြဿနာ – ရဲဘော်ကြင်မောင်

(မျိုးဆက်ဟောင်းမရှင်းနိုင်ခဲ့တဲ့ မျိုးဆက်သစ်ရှင်းရမယ့် ဒုတိယပြဿနာက ပြည်ထောင်စုပြဿနာပဲ။ ရှင်းရတာပိုတောင်ခက်ပါလိမ့်မယ်)

(၁) ပြဿနာမိတ်ဆက်။

၁၉၈၈/၁၉၉၀ မတိုင်မီက ပြဿနာ နှင့် ထိုနှစ်များနောက်ပိုင်းပြဿနာ မတူပါ။

၁၉၈၈ လူထုအုံကြွမှုကြီး မဖြစ်မီက ပြည်ထောင်စုစနစ် လိုလားသူဘက်နှင့် တပြည်ထောင်စနစ် လိုလားသူဘက်ဟူ၍ ပြက်ပြက်ထင်ထင် ရှိခဲ့ပါသည်။ ပဋိပက္ခများ လည်း တခြိမ်းခြိမ်းဖြစ်ခဲ့ပါသည်။

၁၉၉၀ ရွေးကောက်ပွဲ ပြီးသည့် နောက်တွင်ကား အထက်ပါပဋိပက္ခဟောင်း များ မရှိတော့ပါ။ ပဋိပက္ခအသစ်များ ဖြစ်လာ ပါသည်။ အသစ်မှာ အရေခြုံပြည်ထောင်စုဘက် နှင့် ပြည်ထောင်စုစစ်စစ်ဘက်၏ ပဋိပက္ခ ဖြစ်ပါသည်။ အရေခြုံပြည်ထောင်စုဘက်တွင် စစ်အုပ်စုကရပ်ခံပြီး စစ်မှန်သည့်ပြည်ထောင်စု ဘက်တွင် စစ်အုပ်စုဆန့်ကျင်ရေး အဓိက အင်အားစုများ အားလုံးက ရပ်ခံပါသည်။

အရေခြုံ ပြည်ထောင်စုလော – ပြည်ထောင်စုစစ်စစ်လော ပြဿနာသည် ယနေ့အဖို့ ကွင်းဆက်အကျဆုံး ပြဿနာ ဖြစ်လာပါသည်။ ဤပြဿနာမပြေလည်သမျှ “ပြည်ထောင်စု ပြဿနာ” ပြေလည်မည် မဟုတ်ပါ။

ကရင်အမျိုးသား အစည်းအရုံး (KNU) က သီးခြားတိုင်းပြည် ထူထောင်ရေး အတွက် လှုပ်ရှားခဲ့သည်မှာ ၁၉၄၇ ကတည်းက ဖြစ်သည်။ ၁၉၄၉ ကျမှ လက်နက်ကိုင်တိုက်ပွဲ တိုက်ခဲ့သည်။ ယခုအထိ တိုက်နေဆဲ ဖြစ်သည်။

“ခွဲထွက်ရေး” ကို ရှမ်းပြည် လွတ်လပ်ရေးတပ်မတော် ( SSIA), ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တို့က ၁၉၆၀ ခုနှစ် တဝိုက်ကလုပ်ခဲ့သည်။ ဒီမိုကရေစီခေတ် မဟုတ်၍ လက်နက်ကိုင်တိုက်ပွဲကို တန်းပြီး လုပ်ခဲ့ရသည်။ သူတို့ယခု “ငြိမ်းအဖွဲ့” များ ဖြစ်နေပြီ။

သီးခြားတိုင်းပြည် ကြွေးကြော်သံမှာ လွတ်လပ်ရေးမရမီကာလ ပြည်ထောင်စု မဖွဲ့မီက ကြွေးကြော်သံဖြစ်၍၊ ခွဲထွက်ရေး ကြွေးကြော်သံမှာ ပြည်ထောင်စုဖွဲ့ပြီးကာလ ကြွေးကြော်သံ ဖြစ်သည်။ ကာလချင်းမတူ၍ ကြွေးကြော်သံမတူခြင်း ဖြစ်သည်။ အနှစ်သာရ မှာ အတူတူဖြစ်သည်။

“သီးခြားတိုင်းပြည်” နှင့် “ခွဲထွက် ရေး” ကို ကြွေးကြော်လျှင် မုချလူမျိုးရေးအလံ ထူရသည်။ ၁၉၄၉ တွင် KNU က ကရင် လူမျိုးရေးအလံ ထူသည်။ ၁၉၆၀ ခုနှစ်များတွင်

SSIA က ရှမ်းလူမျိုးရေးအလံ၊ KIO က ကချင်လူမျိုးရေးအလံ ထူခဲ့ကြသည်။ ကရင့် တော်လှန်ရေး၊ ရှမ်းတော်လှန်ရေး၊ ကချင် တော်လှန်ရေး ဟုပြောကြသည်။

နေဝင်း အောင်ကြီး စစ်အုပ်စုက ဗမာလူမျိုးရေးအလံထူပြီး “ပြည်ထောင်စု မပြိုကွဲရေး” ကြွေးကြော်သည်။ ထိုသို့ဖြင့် ဖဆပလ က တဖက်၊ ဗကပ၊ ပြည်သူ့ရဲဘော်၊ တော်လှန်သည့်ဗမာ့တပ်မတော် တို့က တဖက် ဖြစ်နေသည့် လူတန်းစားရေးပြည်တွင်းစစ်တွင် လူမျိုးရေးပြည်တွင်းစစ်ပါ ရောစွက်လာခဲ့သည်။ ဤတွင် ဖဆပလဦးနုအစိုးရက “ရောင်စုံ သောင်းကျန်းသူ”ဟု ပြောသည်။ ကွန်မြူနစ် ပျက် ဦးသိန်းဖေမြင့်) က အားလုံးက အားလုံး ကို တိုက်နေသည့် ရှုပ်ရှုပ်ထွေးထွေးပြည်တွင်းစစ် ဟု ယူဆသည်။

(၂) လူမျိုးရေးအလံထူလျှင်

လူမျိုးကြီးလည်းဖြစ်၊ နိုင်ငံရေး အာဏာလည်း ရှိသူက တပန်းသာမည်။ ကျွန်တော်တို့တိုင်းပြည်တွင် လူဦးရေစုစုပေါင်း၏ ၆၈” က ဗမာလူမျိုးဖြစ်သည်ဟု ဆိုသည်။ ရှမ်းက ၉72 ၊ ကရင်က ၇၇ ၊ ရခိုင် ၄၇ ၊ တရုတ် ၃2၊ မွန် ၂Z ၊ ကုလား ၂Z နှင့် အခြားလူမျိုးများ ၅7 ဟု ဆိုသည်။ (အမေရိကန်ထုတ် နှစ်ချုပ် Time Almanac 2000 မှ)

ပြည်တွင်းစစ် စဖြစ်စဉ်က ဖဆပလ အစိုးရ၏ တပ်အင်အားမှာ အောက်ပါအတိုင်း ဖြစ်သည်။

စဉ်တပ်အမှတ်လူမျိုးအလိုက်ပါဝင်မှု
အမှတ် (၁) ဘားမားရိုင်ဖယ်ဗမာ (စစ်ပုလိပ်တပ်)
အမှတ် (၂)  ။ကရင်အများစုနှင့် အခြားလူမျိုးစုများ
အမှတ် (၃)  ။ဗမာ (မျိုးချစ်ဗမာ့တပ်မတော်မှ လာသည်)
အမှတ် (၄)  ။ဗမာ (မျိုးချစ်ဗမာ့တပ်မတော်မှ လာသည်)
အမှတ် (၅)  ။ဗမာ (မျိုးချစ်ဗမာ့တပ်မတော်မှ လာသည်)
အမှတ် (၆)  ။ဗမာ (မျိုးချစ်ဗမာ့တပ်မတော်မှ လာသည်)
အမှတ် (၁) ဘားမားရိုင်ဖယ်ကရင် (အင်္ဂလိပ်တပ်မှလာသည်)
အမှတ် (၂)  ။ကရင် (အင်္ဂလိပ်တပ်မှလာသည်)
အမှတ် (၃)  ။ကရင် (အင်္ဂလိပ်တပ်မှလာသည်)
၁၀အမှတ် (၁) ကချင်ရိုင်ဖယ်ကချင် (အင်္ဂလိပ်တပ်မှလာသည်)
၁၁အမှတ် (၂)  ။ကချင် (အင်္ဂလိပ်တပ်မှလာသည်)
၁၂အမှတ် (၁) ချင်းရိုင်ဖယ်ချင်း (အင်္ဂလိပ်တပ်မှလာသည်)
၁၃အမှတ် (၂)  ။ချင်း (အင်္ဂလိပ်တပ်မှလာသည်)
၁၄အမှတ် (၄) ဘားမားရယ်ဂျီနှင့်ဂေါ်ရခါး (ဦးတင်ထွဋ်ရလိုက်သည့် အင်္ဂလိပ်အမွေ)
၁၅ချင်းတောင်တပ်ရင်းချင်း (အင်္ဂလိပ်လက်ကျန်)

စစ်တပ်ကို ဦးစီးနေသူများမှာ

စစ်ဦးစီးချုပ်       –           စမစ်ဒွန်း

ဒု- စစ်ဦးစီးချုပ်   –           စောကြာဒိုး

လေတပ်ဦးစီးချုပ် –          ရှီးရှိုး

ရေတပ်ဦးစီးချုပ် –           ခင်မောင်ဘို

မြောက်ပိုင်းတိုင်း –           နေဝင်း

တောင်ပိုင်းတိုင်း –           အောင်သင်း

အမှတ်(၁) တပ်မဟာ –    စောချစ်ခင်

ရေးချုပ်             –           ကျော်ဝင်း

ထောက်ချုပ်        –         စောဒေါန်နီ

အထက်ပါစာရင်းကိုကြည့်လျှင် အများစုကြီးက “သခင်ကြီးတပ်” (အင်္ဂလိပ်တပ်ကို နယ်ချဲ့ဆန့်ကျင်ရေးသမားများကခေါ်တဲ့ နာမည်ပြောင် ) မှလာသူများ ဖြစ်သည်ကို တွေ့ရမည်။

ကာကွယ်ရေးဝန်ကြီးကတော့ ဗိုလ်လက်ျားဖြစ်သည်။

၁၉၄၈ မတ်လတွင် ဖဆ – ဆိုရှယ်အစိုးရက ကွန်မြူနစ်ချေမှုန်းရေး ဆုံးဖြတ်ချက်ချသည်။ လက်တွေ့စစ်ဆင်ရေးလုပ်သူက အထက်ပါ စစ်ဦးစီးအဖွဲ့နှင့်တပ်များ ဖြစ်သည်။

တပ်ရင်းအားလုံးကို မသုံးနိုင်ပါ။ မျိုးချစ်ဗမာ့တပ်မတော်မှလာသောတပ်များတွင် ကွန်မြူနစ်ဘက်ပါပြီး တောခိုသူခိုသည်။ ဆိုရှယ်လစ် တပ်မှူးများက ကွန်မြူနစ်ချေမှုန်းရေးလုပ်ရန် တက်ကြွသော်လည်း တပ်သားတပ်ကြပ်အများစုကို အမိန့်ပေး၍မရ။ နစ်နှင့်လစ် ပဋိပက္ခတွင် ကြားနေသူက အများစုကြီး ဖြစ်သည်။ (သတင်းစာများက ကွန်မြူနစ်ကို “နစ်” ဆိုရှယ်လစ်ကို “လစ်” ဟု ရေးကြသည်။)

မြေကျေးရှင်းတွင်လူကြီးလုပ်ရင်း ကားမှောက်ကွယ်လွန်သွားသော ပဲခူးပြည်သူ့ရဲဘော်အမတ်ဟောင်း တပ်ရင်းမှူး ဗိုလ်တင်အောင်က ““နစ်” ဝါဒကို မကြိုက်ဘူး။ “လစ်”ကိုတော့ မုန်းတယ်၊ တောမခိုဘူး – ပြည်တွင်းစစ်လည်း မကြိုက်ဘူး” ဟု ပြောသည်။ ထိုသဘောထား ရှိသူ များသည်။

စစ်ဦးစီးအဖွဲ့က ပိုင်ပိုင်နိုင်နိုင် ခိုင်းနိုင် သုံးနိုင်သော တပ်များမှာ “သခင်ကြီးတပ်” မှ လာသူများ ဖြစ်သည်။ သူတို့က အရင် ကတည်းက အထက်အောက်ဆက်ဆံရေး အဆင်ပြေပြီးသား ဖြစ်သည်။ အမိန့်နာခံသည့် “ကြေးစား” စိတ်ရှိပြီး ဖြစ်သည်။ ထိုစိတ်ထက် ပိုပြီးပြင်းထန်တာက “လက်စားချေရေး” စိတ်ဓာတ် ဖြစ်သည်။

“လက်စားချေရေး” စိတ်မှာ အင်္ဂလိပ်ထားခဲ့သည့် သမိုင်းအမွေ ဖြစ်သည်။ အပြည့်အစုံပြောမှ ရှင်းမည်။ ။

၁၉၄၂ ခုနှစ်က ဂျပန်ထိုးစစ်ကြောင့် အင်္ဂလိပ်ဖွဲ့ ပေးထားသည့်တပ်များ တပ်ပျက် သည်။ အနည်းစု ဗိုလ် အကြပ်တပ်သားများ အိန္ဒိယပါသွားသည်။ အများစုကြီးက လက်နက် ယူပြီး တပ်ပြေးများ ဖြစ်သွားသည်။ မိမိတို့၏ ဇာတိရပ်ရွာ ပြန်ကြသည်။ တပ်ပြေးများမှာ ကရင်၊ ကချင်၊ ချင်းများဖြစ်သည်။ (အင်္ဂလိပ်က ရခိုင်၊ မွန်၊ ဗမာများကိုမယုံ၍ သေနတ်ပေးမကိုင် ဝံ့၊ စစ်သားလုပ်ခွင့်မပေး။ ၆ လက်မ အသွား ရှိသည့် ဓားမြှောင်ကိုပင် ကိုင်ခွင့်မပေး။ ပုန်ကန် လွန်း၍ဖြစ်သည်။ ကရင်၊ ကချင်၊ ချင်းများမှာ “သာသနာအစစ်အမှန်” ခရစ်ယာန်ဘာသာ တွင်း သွတ်သွင်းပြီးလည်း ဖြစ်ရုံမက ရှေးခေတ် ဟောင်းတမ်းတပြီး “မင်းလောင်း သူပုန်” လုပ်စရာလည်း အကြောင်းမရှိ။ ထို့ကြောင့် ယုံသည်။ သေနတ်ပေးကိုင်ဝံ့သည်။)

အင်္ဂလိပ်အုပ်စိုးမှု တည်ငြိမ်နေလျှင် ပြဿနာမဖြစ်နိုင်ပါ။ သို့သော် ဂျပန်ထိုးစစ် ကြောင့် အင်္ဂလိပ်အုပ်စိုးမှု မရှုမလှ ကျဆုံးသည်။ ဂျပန်ကလည်း ဗုဒ္ဓဘာသာကို ခုတုံးလုပ်သည်။

ဤတွင် အင်္ဂလိပ် “သခင်ကြီး” ၏ ခရစ်ယာန်ဘာသာနှင့် ဂျပန် “မာစတာ” ၏ ဗုဒ္ဓဘာသာ ပဋိပက္ခကြွထသည်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ဗမာ၊ မွန်၊ ရခိုင်တို့၏ ဘီအိုင်အေ (BIA) နှင့် လက်နက်ကိုင်စစ်ပြေး ထိပ်တိုက် တွေ့ကြသည်။ ဂျပန်ကလည်း မြှောက်ပေးသည်။ ထို့ကြောင့် ကရင် ဗမာ အဓိကရုဏ်း မြစ်ဝကျွန်းပေါ်တွင် ဖြစ်သည်။ အနောက်ဖျား ရခိုင်ဘက်တွင် ရခိုင် ကုလား အဓိကရုဏ်း ဖြစ်သည်။

မြောက်ဖျားတွင် ရှမ်းနီ ကချင် ပဋိပက္ခဖြစ်သည်။ ရှမ်းပြည်တွင် ပလောင် ကချင် ပဋိပက္ခဖြစ်သည်။ ကရင် ဗမာ အဓိကရုဏ်းလောက်တော့ မကြီးကြပါ။

ကရင်ဗမာအဓိကရုဏ်းက လူနေ စိပ်သော ကရင်ဗမာရောနှောနေထိုင်ကြသော မြစ်ဝကျွန်းပေါ်တွင် ဖြစ်သည်။ စစ်ပြေး များသလို ဘီအိုင်အေ များသည်။ ဘီအိုင်အေတွင် လက်စားချေရေးစိတ်ဓာတ် ပြင်းပြသည်။ သို့ဖြင့် အလွန်အကျွံတွေ လုပ်သည်။ ဂျပန်ကလည်း အင်္ဂလိပ်တပ်ပြေး ချေမှုန်းရေးကို အတင်း အကျပ် လုပ်ခိုင်းသည်။ ဒွေးရောဥပဒ်ရော ဝင်မွှေသဖြင့် အဓိကရုဏ်းကြီး ဖြစ်ခဲ့ရသည်။ ကရင်ဗမာ နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးမားမှုကြောင့်သာ ခဏနှင့် ပြီးသွားသည်။ ဘီဒီအေ (BDA), (PBF) မျိုးချစ်ဗမာ့တပ်မတော်တွင် စောကြာဒိုးကို ရာထူးကြီး ပေးသည်။ (ဗမာစစ်အုပ်စုက စောကြာဒိုးကို နောင်တွင်လည်းနေရာပေး သည်ကို သတိပြုပါ။)

ကရင်ဗမာ လူမျိုးရေး အဓိကရုဏ်းမှာ ဂျပန် “မာစတာ” ခေတ်ကတည်း က ပြီးပြီးပျောက်ပျောက် ဖြစ်ခဲ့ပြီး ဖြစ်သည်။ “လက်စားချေရေးစိတ်ဓာတ်” ပြန်လည်နိုးကြွလာသည်မှာ အင်္ဂလိပ် “သခင် ကြီး” ခေတ် ပြန်ရောက်လာ၍ဖြစ်သည်။

စစ်ပြေးဘဝ အိန္ဒိယတွင် နေစဉ် ကပင် “လက်စားချေရေးစိတ်ဓာတ်”ကို စစ်ပြေးဘုရင်ခံအစိုးရက မွေးမြူပေးနေသည်။ ဘီအိုင်အေကြောင့် ခွေးပြေးဝက်ပြေး အသက် လု ပြေးခဲ့ရသည်ကို အခဲမကျေ။

ဘုံဘေဘားမား သစ်ကုမ္ပဏီ၊ ဘီအိုစီရေနံကုမ္ပဏီ၊ စတီးဘရားသားကုမ္ပဏီ၊ ဧရာဝတီရေကြောင်းကုမ္ပဏီစသည့် နယ်ချဲ့ ကုမ္ပဏီများမှ ဗမာစကားတတ် အင်္ဂလိပ် သခင်ကြီးများ အိန္ဒိယရောက်မှ စစ်ဗိုလ်များ ဖြစ်နေကြသည်။ ဗမာ့အရေးကျွမ်းကျင်သူများ လုပ်နေကြသည်။ အင်္ဂလိပ်ကဖွဲ့သော ကချင် လဲဗီးတပ်၊ အမေရိကန်ကဖွဲ့သော ကချင် ရိမ်းဂျားတပ်တို့၏ဗိုလ်များ လုပ်နေကြသည်။ စစ်တော့ မတိုက်တတ်ကြပါ။ သို့သော် ထောက်လှမ်းရေး၊ စိတ်ဓာတ်စစ်ဆင်ရေး၊ သိမ်းပိုက်နယ်မြေအုပ်ချုပ်ရေး လုပ်ငန်းများတွင် တာဝန်ခံများ ဖြစ်နေကြသည်။ ဗမာပြည် ပြန်ရောက်လျှင် တို့ဗမာသခင်တွေနဲ့ နယ်ချဲ့ ဆန့်ကျင်ရေးသမားတွေကို “လှလှကြီး လက်စားချေကြစို့”ဟု သွေးထိုးပေးသည်။

မြစ်ကြီးနားသိမ်းသောအခါ “သခင် သခင် သတ် သတ်” ဟု ကြွေးကြော်ပြီး ဝင် လာသည်။ တကယ်လည်း လက်စားချေသည်။ ဒေသခံသခင်များ အဖမ်းခံရသည်။

မန္တလေး၊ ရွှေဘို၊ မုံရွာ ရောက်သည် အထိ ထိုအတိုင်း လုပ်သည်။ ဖက်ဆစ် တော်လှန်ရေးတွင် ဘာမှမလုပ်ခဲ့သော နောင် အခါ ဖဆပလပြည်ထဲရေးဝန်ကြီး၊ ဖဆပလ တွဲဘက်အထွေထွေအတွင်းရေးမှူး လုပ်သော သခင်သာခင်သည် လက်စားချေမခံရရန် ရွှေဘို ကပြေးပြီး မန္တလေး၊ စစ်ကိုင်း ကွန်မြူနစ်ပါတီ တွင် ခိုလှုံနေရသည်။

လူထုဦးလှ၏ အတ္ထုပ္ပတ္တိတွင် လည်းကောင်း၊ လင်းယုန်မောင်မောင်၏ ဆောင်းပါးများတွင် လည်းကောင်း စစ်မြေပြင် အချုပ်စခန်းများတွင် ချုပ်နှောင်ခံရသော အကြောင်း ရေးထားသည်ကို တွေ့နိုင်သည်။ လက်နက်ကိုင်ပြီး ဖက်ဆစ်တော်လှန်ရေး လုပ်နေသူများကလွဲလျင် ဘီအိုင်အေအားလုံး စစ်ကြိုခေတ် နယ်ချဲ့ဆန့်ကျင်ရေးသမား အများ အပြား စစ်အချုပ်တွင် အဖမ်းခံရသည်။ စစ်ဆေးသူများမှာ ဗိုလ်ဖြစ်နေသော ကုမ္ပဏီ ဝန်ထမ်းများ ဖြစ်သည်။

ဖက်ဆစ်တော်လှန်ရေးသာ မရှိ လျှင် “လက်စားချေပွဲကြီး” တပြည်လုံးတွင် ပေါ်မည်မှာ သေချာသည်။

ဗိုလ်အောင်ဆန်းကို အရေးယူဖို့ လုပ်ခဲ့သေးသည်။ တောင်ငူတွင် နယ်ချဲ့ တော်လှန်ရေးခေါင်းဆောင် ကရင်နီလူမျိုး စောသန်းတင် အဖမ်းခံရသည်။ လူထုအုံကြွ လာမှ ပြန်လွှတ်ပေးသည်။

ပုံစံဟောင်းအတိုင်း အုပ်စိုးရန် ပြန်ဝင်လာသော အင်္ဂလိပ်မှာ ၁၉ ရာစု အင်္ဂလိပ် မဟုတ်တော့ပါ။ မဟုတ်နိုင်တော့ပါ။ ထို့ကြောင့် လွတ်လပ်ရေးပေးရသည်။ ဖဆပလ ကို အာဏာအပ်ရသည်။ လက်စားချေခွင့်မရခဲ့။ လက်စားချေရေးစိတ်ဓာတ် သွင်းပေးထား ခံရသောသူများ ဆတ်တငံ့ငံ့ဖြစ် ကျန်ရစ်သည်။

ပြည်တွင်းစစ် ဖြစ်လာသောအခါ လက်စားချေခွင့် ရသွားပါသည်။ ဗမာတပ်ရင်း များက မတက်မကြွဖြစ်နေသောအခါ ကရင် ကချင် တပ်ရင်းများက ဖဆပလအစိုးရခိုင်းတိုင်း လုပ်ကြသည်။

သူတို့တိုက်သည်မှာ ပြည်ထောင်စု မပြိုကွဲရေးအတွက် မဟုတ်ပါ။ မဆင်နွှဲလိုက် ရသော လက်စားချေပွဲကို လုပ်ကြခြင်း ဖြစ် သည်။

လက်စားချေပွဲကို ကွန်မြူနစ်များ အပေါ်သာ သဲကြီးမဲကြီး လုပ်ကြပါသည်။ ဖဆပလ (ဘီအိုင်အေ၊ ပီဘီအက်ဖ် ) တခုလုံးကို မလုပ်နိုင်လျှင် ကွန်မြူနစ်များအပေါ် လုပ်ရနည်းသလားဆိုပြီး လုပ်ကြပါသည်။

စစ်ဆင်ရေး အမိန့်ပေးပုံကလည်း ဖြစ်ကတတ်ဆန်းပေးခြင်း ဖြစ်သည်။ ဖဆပလ အစိုးရက ဆိုရှယ်လစ်များပေးသည့်သတင်းကို အခြေခံကာ “ကွန်မြူနစ်များ” ဟု သတ်မှတ်ထားသော တောင်သူလယ်သမား သမဂ္ဂရှိရာ ရွာများစာရင်းကို စစ်ဦးစီးဌာနချုပ် သို့ ပေးသည်။ စစ်ဦးစီးဌာနချုပ်က ထိုရွာများကို ခဲနီတံဖြင့်ဝိုင်းပြထားသော မြေပုံအပ်ကာ ကရင်၊ ကချင်၊ ချင်း၊ ဂေါ်ရခါး တပ်များကို စစ်ဆင်ရေး လုပ်ခိုင်းခြင်း ဖြစ်သည်။

လုပ်ချင်ရာလုပ်ခွင့်ပေးလိုက်သော စစ်ဆင်ရေးအမိန့် ဖြစ်သည်။ လက်စားချေရေး စိတ်ဓာတ် ပြင်းပြသောတပ်များက မီးကုန် ယမ်းကုန် ကြမ်းသည်။ ချင်းတပ်များက (ဘီအိုင် အေခေတ် ရန်ငြိုးမရှိ၍) ဝတ်ကျေတမ်းကျေ လုပ်သည်။ ဂေါ်ရခါးတပ်များကတော့ စစ် စည်းကမ်းအတိုင်းလုပ်သည်။ ဂေါ်ရခါးတပ်၊ ချင်းတပ်နှင့် ရင်ဆိုင်ရသောရွာများ သက်သာ သည်။ ကရင်ကချင်တပ်များနှင့်တွေ့သော ရွာများ ပြာကျသည်။ လူတွေအသတ်ခံရသည်။ အလယ်ဗမာပြည်မှရွာများ၊ အထက်ဗမာပြည်မှ ရွာများ မသက်သာကြပါ။

အကုန်ရှို့ အကုန်သတ် စစ်ဆင်ရေး ကြောင့် ဧရာဝတီတကြောတွင် ဟိုတပြောက် ဒီတပြောက် မီးခိုးဖုံးကာ သွေးညှီနံ့လွှမ်းခဲ့သည်။ မိန်းမများ ပျိုပျိုအိုအို မုဒိန်းကျင့်ခံရသည်။

အနိဌာရုံများကို အကျယ်မချဲ့ ချင်တော့ပါ။ ရဲဘော်နော်ဆိုင်း၏ မိမိကိုယ်ကို ဆန်းစစ်ချက်ဖြင့် နိဂုံးချုပ်ပါမည်။ (ကွန်မြူနစ် ပါတီ ဝင်လိုသူတိုင်း မိမိတွင်ရှိခဲ့သော မှားယွင်း သည့် အတွေးအခေါ်များကို ပါတီသို့ ပုံအပ် ရပါသည်။ ဆန်းစစ်ချက် တင်ရပါသည်။ ဗိုလ်နော်ဆိုင်းမှ မဟုတ်ပါ။)

ရဲဘော်နော်ဆိုင်းက ဗမာတွေ အပေါ် လက်စားချေချင်နေတာနဲ့အတော်ပဲ၊ ဗမာအစိုးရက ဗမာတွေသတ်ခိုင်း၊ ဗမာရွာတွေ မီးရှို့ခိုင်းတော့ ထင်တိုင်းကြဲ လက်စား ချေခဲ့ပါတယ်တဲ့။

ထိုစဉ်က ဗြိတိသျှစစ်မစ်ရှင်ရှိသည်။ နုအက်တလီစာချုပ်အရ ရှိနေခြင်း ဖြစ်သည်။ “လက်စားချေပွဲ” တွင် သူ့ခြေရာလက်ရာ မည်မျှပါမည်ကို ကျွန်တော်မသိပါ။ နေဝင်း – အောင်ကြီးသိပါလိမ့်မည်။ သူတို့က ဘာမျှ မပြောကြ၊ မရေးကြပါ။

ပြောသူတဦးတော့ ရှိပါသည်။ စစ် မစ်ရှင်အကြောင်း မဟုတ်ပါ။ “အားလုံးသတ် အားလုံးရှို့” ပေါ်လစီ ရှိခဲ့သည်ဆိုသည်ကို ဝန်ခံခြင်း ဖြစ်ပါသည်။

ဩစတြေးလျတွင် အခြေချနေသော မောင်အောင်မျိုးဆိုသူက စာတမ်းတခု ပြုစုသည်။ ထိုအထဲတွင် အမေရိကန်အခြေချ ဗိုလ်ချစ်မြိုင်၏ပြောဆိုချက်များပါသည်။ ။

ဗိုလ်ချစ်မြိုင်က ဗိုလ်လက်ျာကို တပ် မတော်တခုလုံးကို ကရင်တွေ အုပ်စီးနေပြီ၊ ကရင်တပ်တွေက ဗမာရွာတွေကို မီးလောင် တိုက်သွင်းနေပြီ၊ အားလုံးသတ်၊ အားလုံးရှို့ လုပ်နေပြီဟုတိုင်ကြောင်း၊ ဗိုလ်လက်ျာက ကရင် တွေဘက်က ကာကွယ်ကြောင်း ရေးထားပါ သည်။

ဗိုလ်ချစ်မြိုင်အပြောအရဆိုလျင် – ကွန်မြူနစ်တွေထံမှ သိမ်းဆည်းရမိသည်ဟု ဆိုသောလက်နက်များမှာ ကွန်မြူနစ်တို့၏ လက်နက်အစစ်အမှန်များမဟုတ်၊ လူသတ် မီးရှို့ လုပ်ချင်တိုင်းလုပ်ပြီး သက်သေပြသည့် အနေနှင့် အခြားမှလက်နက်များကို သက်သေခံ ပစ္စည်းအဖြစ် တင်ပြနေကြတာ ဖြစ်သည်ဟု ဆိုသည်။

လူတွေသတ်၊ မီးတွေရှို့တာတော့ တောင်သူလယ်သမားတွေက သက်သေခံလိမ့်မည်။

နေဝင်းနေရာရလာခြင်း

ဗိုလ်လက်ျာက ထိုအရေးတွင် ဗမာ တပ်မှူးတပ်သားများအကြား နာမည်ပျက် သွားသည်။ နေဝင်းကနာမည်ကောင်းယူသည်။ ဉာဏ်များပြီး ကောက်ကျစ်သော ဦးကျော်ငြိမ်း စီမံရေးဆွဲကာ အမြဲတမ်းခိုးထုပ်ပိုးထည်နှင့် မိလေ့ရှိသူ မလည်ရှုပ် ဦးသိန်းဖေ (မြင့်) ရိုက်ကူး သည့် “လက်ဝဲညီညွတ်ရေး” ဇာတ်လမ်းတွင် နေဝင်းသည် လက်ဝဲညီညွတ်ရေး ခေါင်းဆောင် ကြီး ဖြစ်သွားသည်။

လက်ဝဲညီညွတ်ရေး “တပ်မတော် ၉ ဦးကော်မတီ” တွင်

၁။ နေဝင်း

၂။ ဗိုလ်ဇေယျ

၃။ ဗိုလ်ရဲထွဋ်

၄။ ဗိုလ်ချစ်မြိုင်

၅။ ဗိုလ်တင်ဦး

၆။ ဗိုလ်တင်မောင်

၇။ ဗိုလ်ထွန်းစိန်

၈။ ဗိုလ်သောင်းကြည်

၉။ ဗိုလ်စောထွန်းစိန်တို့ ပါကြသည်ဟု ဆိုသည်။

ထို (၉) ဦးကို သတိပြုကြည့်စေ ချင်သည်။ သူတို့နောက်ကြောင်းတွေရေးလျှင် ရှည်နေလိမ့်မည်။ ဆိုရှယ်လစ်နာမည် ထွက်နေ သူ တယောက်မျှမပါ၊ ယခုတလော လူပြောများ သည့် (လူဖြူများက ပိုပြောသည့် ) တပ်ရင်း (၄) ကလူ တယောက်မျှ မပါ။ သူတို့က ဆိုရှယ်လစ်တွေဖြစ်နေ၍ မပါခြင်း ဖြစ်သည်။

နေဝင်းက မြောက်ပိုင်းတိုင်းမှူး အနေနှင့်ပါခြင်း ဖြစ်သည်၊ တပ်ရင်း (၄) ကိုယ်စားလှယ်မဟုတ်ပါ။ ဗိုလ်ဇေယျက စစ်ဦးစီး (ပ) အဖြစ် ပါနေခြင်း ဖြစ်သည်။ ကျန်လူများက တပ်ရင်း (၃) မှ ၃ ယောက်၊ တပ်ရင်း (၆) မှ ၂ ယောက်၊ တပ်ရင်း (၅) နှင့် တပ်ရင်း(၁) မှ ၁ ယောက်စီ ဖြစ်သည်။ တပ်ရင်း (၄) မပါ။

ဦးကျော်ငြိမ်းက ပါးသည်။ လည် သည်။ နေဝင်းကိုပဲ ပါနေစေသည်။ “နစ်” ကို သံယောဇဉ်တွယ်နေသူများ၊ ကြားနေများကိုပဲ လက်ဝဲထဲ ထည့်ပေးသည်။ အတိုချုပ်လျှင် ၊

ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်တို့ တောခို ရသည်။ ကြားနေများ ဗိုလ်ချစ်မြိုင်၊ ဗိုလ်တင်ဦး (NLD ဗိုလ်တင်ဦးမဟုတ်)၊ ဗိုလ်တင်မောင် (မြတ်ထန်)၊ ဗိုလ်သောင်းကြည် (တခါက ကွန်မြူနစ်)၊ ဗိုလ်စောထွန်းစိန်တို့ကို (ဗိုလ် ဇေယျက နောက်ဖေးပေါက်ကနေ ကာကွယ် ရေးဝန်ကြီးနေရာ တောင်းသည်ဆိုသော လုပ်ဇာတ်ဖြင့်) နေဝင်းဘက်သား ဖြစ်သွား စေသည်။

ဗိုလ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျစသူများမှာ ဗကသ (ကျောင်းသား သမဂ္ဂ) ဗဟိုမှလာသူများ ဖြစ်သည်။ တပ်တွင်း ဩဇာရှိကြသည်။ နေဝင်းလို မဟုတ်။ နေဝင်းကို တင်ချင်လျှင် ဗိုလ်ဇေယျကို ဖယ်ရမည်။

BIA. BDA. PBF အတွင်းမှ တပ်မှူးအများစုသည်လည်း နယ် ဗကသ များ ဖြစ်ကြသည်။ ဗိုလ်ထွန်းစိန် (အိမ်စောင့်ခေတ် ရန်ကုန်မြို့တော်ဝန်) လို သမဂ္ဂ ဆန့်ကျင်ရေး သမား အနည်းအကျဉ်းသာ ပါသည်။

နေဝင်းကို ကာကွယ်ရေးဝန်ကြီး နေရာ အစိမ်းလိုက်ပေးလျှင် အောက်ခြေက ကြည်ကြည်ဖြူဖြူ ရှိမည်မဟုတ်။ ထို့ကြောင့် ပါးသော၊ လည်သော ဦးကျော်ငြိမ်းက ဦးနုကို အရင်ဆုံးစည်းရုံးသည်။ ဦးနုက နေဝင်းကို ကာကွယ်ရေးဝန်ကြီးနေရာပေးရန် သေချာ သွားမှ (ဦးနု၏ တာတေစနေသားကြည့်) သူငယ်ချင်း ကွန်မြူနစ်ပျက် သိန်းဖေ (မြင့်) ကို အသုံးချသည်။

နေဝင်းကို ကာကွယ်ရေးဝန်ကြီး နေရာ ပေးချင်လျှင် ဗကသဟောင်း ဗိုလ်ဇေယျ ကို အရင်ဖယ်ရမည်။ ဗိုလ်လက်ျာကိုတော့ ဖယ်ပြီးပြီ။

ထို့ကြောင့် “လက်ဝဲညီညွတ်ရေး” ဇာတ်လမ်းဆင်သည်။ နေဝင်းကို ထိပ်တင် သည်။ တပ်မတော် (၉) ဦးကော်မတီတွင် ပါသူများမှာ ဗိုလ်ထွန်းစိန်ကလွဲလျင် ဗကသ ဟောင်းများချည်းဟု ဆိုနိုင်သည်။ နေဝင်းထက် ဗိုလ်ဇေယျနှင့် ပို၍နီးစပ်ကြသည်။

ဗိုလ်ဇေယျက ဗကသဟောင်း တဦးလည်းဖြစ်၊ သခင်ကိုယ်တော်မှိုင်း အဖွဲ့က တဦးလည်းဖြစ်သည့် ဦးနုကိုယုံယုံကြည်ကြည် သွားပြီးပြောမိသည်။ နေဝင်းကိုကာကွယ်ရေး ဝန်ကြီး နေရာပေးလျှင် အောက်ခြေက ကျေနပ် မည်မဟုတ်ဟု ပြောမိသည်။ ဦးနုကို ဦး ကျော်ငြိမ်းနားသွင်းပြီးဟုသိလျင် ပြောမိမည် မထင်။

ဦးကျော်ငြိမ်းကတဆင့် နေဝင်း သိသွားသောအခါ သူ့အကွက်ထဲ ဝင်သွား ပြီဆိုသည်ကို နေဝင်းသိသည်။ ထို့ကြောင့် ဗိုလ်ဇေယျနှင့် နှစ်ကိုယ်ကြားရှင်းနိုင်ပါလျက် မရှင်းဘဲ (၉) ဦးကော်မတီများရှေ့တွင် ဗိုလ် ဇေယျကို ကာကွယ်ရေးဝန်ကြီးနေရာ နောက်ဖေးပေါက်က သွားတောင်းသူ ဖြစ်အောင် အပုပ်ချသည်။ “လက်ဝဲညီညွတ် ရေး” ဇာတ်လမ်းကို ဆက်မကဘဲ ရပ်ပစ်လိုက် သည်။

ဗိုလ်ချစ်မြိုင်၏စာများ၊ မြတ်ထန်၏ စာများကိုကြည့်လျှင် ဗိုလ်ဇေယျ ကာကွယ်ရေး ဝန်ကြီးနေရာတောင်း၍ (၉) ဦးကော်မတီ ပျက်ရသည်ဟု အခိုင်အမာရေးကြသည်။ ဗိုလ် ဇေယျကိုပယ်ပြီး နေဝင်းကိုသူတို့ သစ္စာခံ ကြကြောင်း ရေးသည်။

ဤနေရာတွင် နေဝင်း၏ လုပ်နည်း ကို တင်ပြမှ ပြည့်စုံမည်။ သူ့တသက်တာ လုပ်ခဲ့သည့်နည်း ဖြစ်သည်။ သူ့နည်းကို သူခိုးသေဖော်ညှိနည်းဟု ခေါ်နိုင်သည်။ ထိုနည်းကို နေဝင်းဘယ်လိုလုပ်ခဲ့သလဲ ဆိုတာကို လက်ဆုပ်လက်ကိုင်ပြနိုင်သည့် သက်သေခံပစ္စည်း မဆလဌာနချုပ် လျှို့ဝှက် ဖိုင်တွဲများတွင် ရှိနေသည်။ (တစည က သမိုင်းဝင်ဖိုင်တွဲများကို ရှာဖွေလက်စဖျောက် ခြင်း မပြုရန် တောင်းပန်ပါသည်။)

ဖြစ်ပုံမှာ – ၁၉၇ဝ စုနှစ်များအတွင်း ခြွေရံသင်းပင်းအစုံအညီ ကတော်မယားများပါ ပုဂံသို့ နေဝင်းထွက်တော်မူသည်။ တညတွင် သီရိပစ္စယာဟိုတယ်၌ ကတော်များ အတင်း အဖျင်း ဝိုင်းဖွဲ့စကားပြောနေရာမှ သူ့ အကြောင်းပြောနေသံ တစွန်းတစ နေဝင်း ၊ ကြားလိုက်ရ၍ဆက်နားထောင်ရာ (ကတော် တချို့မှာ တခါက တက္ကသိုလ်ကျောင်းသူ တကသဝင်များ ဖြစ်သည်) ၇ ရက်ဇူလိုင်ကိစ္စ ကို “ဗိုလ်ချုပ်ကြီး မူးမူးနဲ့အမိန့်ပေးတာ” ဟု ပြောကြသည်။ နေဝင်းတုန်လှုပ်သွားသည်။ ဒီကိစ္စလွှတ်ထား၍မရ၊ နှုတ်ပိတ်မှ ဖြစ်မည်ဟု သိလာခဲ့သည်။

ရန်ကုန်ပြန်ရောက်သောအခါ ၇ ရက်ဇူလိုင် အရေးအခင်းတွင် တာဝန်ယူ နှိပ်ကွပ်ခဲ့သော (အသံလွှင့်ရုံခန်းမမှာ နေပြီး အမိန့်ပေးခဲ့ကြသော) ဗိုလ်မှူးကြီးအားလုံးကို ဆင့်ခေါ်သည်။ “တကသ အဆောက်အဦကို ဖြိုချခိုင်းတာငါလား – ဗိုလ်အောင်ကြီးလား – မင်းတို့သိသမျှ စာနဲ့ရေးတင်ကြ၊ အခု သိပ်မကြာသေးဘူး။ နောင် မေ့သွားမယ်၊ မင်းတို့ မကွယ်မဝှက်ရေးကြ” ဟု အမိန့်ပေး သည်။

နေဝင်းကအာဏာရှိသူ အောင်ကြီး ကဘေးရောက်နေသူ နီးရာဓားပဲ ကြောက်ကြ မည်ကို နေဝင်းသိသည်။ ဘယ်လိုရေးကြမလဲ ဆိုတာပင် ကြိုတွက်ပြီး ဖြစ်သည်။ ဗိုလ်စောမြင့်၊ ဗိုလ်လှဟန်၊ ဗိုလ်ကျော်စိုး စသဖြင့် အားလုံးက ရေးတင်သည်။ အမိန့်ပေးသူ အောင်ကြီးဟု ရေးကြသည်။ စစ်ဗိုလ်များအားလုံးကို ချည်ပြီး တုတ်ပြီး ဖြစ်သောအခါ မဆလဌာနချုပ်တွင် သီးသန့်ဖိုင်ဖွင့်ပြီး သိမ်းထားခိုင်းသည်။

ထိုသတင်းကို အောင်ကြီးက သူ့ နည်းနှင့်သူ သိသွားသည်။ ဖြေရှင်းချက်စာတမ်း အရှည်ကြီးထုတ်သည်။ အတော်ကို ပြည့်စုံ သည်။ သမိုင်းနှင့် ချီပြီးရေးသည်။ ထိုစာတမ်းကို အောင်ကြီးက လျှို့ဝှက်ပြီးဖြန့်သည်။ သူ့ စာတမ်း၏ သဘောအချုပ်မှာ နေဝင်းသည် စိတ်လိုက်မာန်ပါ မဆင်မခြင်အမိန့်ပေးလေ့ ရှိသည်။ သူကအမြဲဖာဖာထေးထေး လုပ်ရ သည်။ နေဝင်းကဒေါသနှင့် အမိန့်ပေးလျှင် အောက်ခြေက အချိန်ဆွဲထားရသည်။ စိတ် ပြေသွားလျှင်လည်း ပြောလို့ဆိုလို့ ကောင်း သည်။ သူ့အမိန့်ကို ပြန်ဖျက်လေ့ရှိသည်။ ယခင်ကဖြစ်ခဲ့သည့် ဥပမာများလည်း ရေးပြသည်။

ယခုကိစ္စတွင် နေဝင်း၏အမိန့်ကို ဗိုလ်ကျော်စိုးက ချက်ချင်းလိုက်လုပ်မိ၍ သမိုင်းဝင်အဆောက်အဦကြီး ပျောက်ပျက် သွားရသည်ဟု ဆိုသည်။ နေဝင်းကို အပြစ် မတင်ဘဲ ဗိုလ်ကျော်စိုးကို တရားခံလုပ်သည်။ အောင်ကြီးရှင်းတမ်း နိဂုံးချုပ်တွင် ဟောစာတမ်း တခု ရေးလိုက်သည်။ “ကျောင်းသားများ၏ အရိုးတွန်လိမ့်မည် ” ဟု ဆိုသည်။

အောင်ကြီး၏ ဟောစာတမ်း သွေးထွက်အောင်မှန်သည်။ ၁၉၈၈ အုံကြွမှု သည် အရိုးတွန်ခြင်း ဖြစ်သည်။ အရိုးတွန်ခြင်း သည် တချီနှင့်မပြီး ဆက်၍တွန်နေလိမ့်မည်။ နေဝင်း၊ အောင်ကြီးသေလို့ အရိုးဆွေး သော်လည်း ဤကိစ္စပျောက်ပျက်သွားမည် မဟုတ်။ တကသ အဆောက်အဦသစ်ကို ပြည်သူ့ငွေနှင့် တည်ဆောက်နိုင်သောအခါ ကမ္ပည်းကျောက်ပြားတခုဖြင့် တကသ အဆောက်အဦဟောင်း၏ သမိုင်းကို မော်ကွန်း တင် ထားရမည်။

တကသ အဆောက်အဦ ဘယ်သူ ဖျက်သလဲကိစ္စသည် နေဝင်း၏နောက်ဆုံး မိန့်ခွန်းတွင်ပင် ပါနေသည်။ အောင်ကြီးက မည်သို့ပင် “ယုံကြည်မှုတည်ဆောက်စေဦး” နေဝင်းကတော့ အခဲမကျေကြောင်း ဤမိန့်ခွန်း က သက်သေခံသည်။ ဆရာတော်ကြီးတပါး၏ စကားကိုယူကာ “အောက်ရောက်မှ ဆက်ငြင်း ကြ” ဟု ပြောရတော့မည်။

ကာကွယ်ရေး ဝန်ကြီးခန့်ရေး ဇာတ်လမ်းက ရှုပ်သည်။ ဦးနုကသူ၏ တာတေ စနေသားတွင် ရေးသားချက်အရ နေဝင်းကို ခန့်မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သို့သော် ပြဒါးလိုအပြောင်းအလဲမြန်သော ဦးနုသည် စိတ်ပြောင်းသွားသည်။ စစ်ဗိုလ်တယောက်၏ ခါးမှ သေနတ်ကိုမြင်ပြီး ငါ့ကိုလက်နက်နဲ့ အကျပ်ကိုင်တာပဲဟု ထင်နေဆဲ သိန်းဖေ (မြင့်) ၏ “ဗိုလ်နေဝင်းခန့်မလား၊ ဗိုလ်ဇေယျ ခန့် မလား ကိုကြီးနု သုံးရက်စဉ်းစားပါ” ဟူသော စကားကြားသောအခါ ဒေါသအိုးကြီး ပေါက်ကွဲ သွားသည်ဟု ဆိုသည်။ သုံးရက်မလိုဘူး အခုပဲပြောမယ်၊ ဘယ်သူ့မှ မခန့်ဘူးဟု ဖြစ်သွားသည်။ ဦးကျော်ငြိမ်းသယ်ထားသမျှ သဲထဲရေသွန် ဖြစ်ရသည်။

ဦးနုသည် တာတေစနေသား အဖွင့်တွင်ပင် သူ့အတွက်ကတုတ်ကျင်း တူးထားပြီးရေးခြင်း ဖြစ်သည်။ စနေ နေတက် ဖွားမို့ စိတ်တိုသည်။ နောက်မှတနံ့နံ့ နောင်တ ရတတ်သည်ဟု ရေးထားသည်။ အမှားအယွင်း ပြောမိလုပ်မိလျင် “စိတ်တိုတတ်လို့” ဟု ထုခြေနိုင်အောင် ရေးထားသည်။

မောင်မောင်၊ အောင်ကြီး၊ တင်ဖေ တို့ အမြောက်နှင့်ချိန်ပြီး အာဏာတောင်းတုန်း ကတော့ စနေ နေတက်သားကြီး ဇာတိမပြ ပါလား။ ဦးနုဇာတိက ပြတချက် မပြတချက်ဟု ဆိုရမည်။

ဗကသချင်းမို့ ဗိုလ်ဇေယျက ယုံယုံ ကြည်ကြည်လာပြောသည်ကို သစ္စာဖောက် မိသော ဦးနုသည် လိပ်ပြာမလုံခဲ့ပါ။ ထို့ကြောင့် ကာကွယ်ရေးဝန်ကြီး တာဝန်ကို ဆိုရှယ်လစ် တွေအား မပေးဘဲထားခဲ့သည်။

မန္တလေး၊ စစ်ကိုင်း စစ်ဆင်ရေးကို သူကိုယ်တိုင်ဦးစီးသည်။ သူ့စာအုပ်တွင် သူ့စွန့်စားခန်းများကို ဇာတ်ဆန်ဆန် ရေးထား သည်။ ဦးဝင်းက အဖော်အဖြစ်သာ ပါခဲ့ခြင်း ဖြစ်သည်။

မည်သို့ဆိုစေ နေဝင်းသည် ကရင် တပ်များ တောခိုသောအခါ တပ်တခုလုံး သူ့လက်သူ့ခြေ လုပ်နိုင်သွားသည်။ စစ်တပ်၏ နံပါတ်တစ်နေရာသို့ ရောက်သည်။ သဲကြီးမဲကြီးစစ်တိုက်နေရသော ကာလဖြစ်၍ နံပါတ် တစ်သည် အာဏာသိပ်ကြီးသည်။ ယနေ့လို စစ်သိပ်မတိုက်ရသောခေတ်နှင့် မတူပါ။ တပ် ရင်း (၄) မှ လူများ နေဝင်းနံပါတ်တစ်ဖြစ်မှ နေရာရ တွင်ကျယ်လာခြင်းဖြစ်သည်။ ဗိုလ် ကျော်ထင်၊ ဗိုလ်အေးကို စသည်များ တပ်ကြပ်မှ ဗိုလ်တွေ ဖြစ်လာသည်။ တပ်များအကြီး အကျယ် တိုးချဲ့ နေချိန်ဖြစ်၍ ရာထူးတိုးတာ မြန်သည်။ (တလက်ကိုင်တပ်ကို နေဝင်းနည်း လုပ်ရကြောင်းသိနေ၍ နဝတ – နအဖ တပ်တွေတရကြမ်း တိုးနေခြင်း ဖြစ်သည်) ၊

ဗမာပြည်အရေး ကျွမ်းကျင်သူဟု အမည်ခံနေကြသော လူဖြူများ (အမေရိကန်၊ အင်္ဂလိပ်၊ ဆွီဒင် စသဖြင့် ရေးနေရလျှင်ရှည်၍ လွယ်အောင် လူဖြူများဟုပဲသုံးလိုက်သည်) သူတို့က ၁၉၅၈ ဖဆပလ အကွဲကြောင့် နေဝင်း လူတွင်ကျယ် ဖြစ်လာသည်ဟု ရေးကြသည်။ ကျွန်တော်တို့ ဒီမိုကရေစီဘက်သားတချို့က ယုံကြသည်။ သံယောင်လိုက်ကြသည်။ မဟုတ် ပါ။ ၁၉၄၈ ကတည်းက ဦးကျော်ငြိမ်းတင်ပေး၍ တွင်ကျယ်နေပြီ။

ဦးကျော်ငြိမ်းမှာ ဦးဗဆွေနှင့်မတူ၊ သူ့ကိုပုဂ္ဂိုလ်အရ ကြည်ညိုသော နောက်လိုက် စစ်ဗိုလ်မရှိ။ သူ့သမိုင်းကလည်း ရှိဖို့မလွယ်။ သူကအလုပ်ထက် အကွက်ကို အလေးထား သည်။ နေဝင်းကို တင်သည်မှာလည်း ဆိုရှယ် လစ်ဗိုလ်များ၏ ထောက်ခံချက်ဖြင့် တင်ခြင်း ဖြစ်သည်။ နေဝင်းမှမတင်လျင် တခြားတင်စရာ လည်း မရှိ။

နေဝင်းတွင်ကျယ်လာပုံကိုကြည့်။ ဦးသိန်းဖေ(မြင့်) က လက်ဝဲခေါင်းဆောင်ကြီး အဖြစ်နှင့် အာဏာသိမ်းခိုင်းသည်။ ဦးဘဖေ (ကြီး)က လက်ယာခေါင်းဆောင်ကြီးအဖြစ် တိုင်းပြည်ကို “ကယ်တင်” ခိုင်းသည်။ ဦးကျော်ငြိမ်းက ဦးနုကိုအယုံသွင်းပြီး နေဝင်းကို ဗိုလ်လက်ျာနေရာရအောင် လုပ်ပေးသည်။

ဝဲ – ယာ သာမက ဦးကျော်ငြိမ်းလို လူကပင် အားထားရသောသူ ဖြစ်လာသော အခါ နေဝင်းမာနတက် ဇာတိပြလာတာ မဆန်း။ တပ်မတော်ကို ခင်ဗျားတို့ဝန်ကြီးတွေ ကာကွယ်ဖို့ ဖွဲ့ထားတာမဟုတ်ဘူးဟု ပြောဝံ့ လာသည်။ ဝန်ကြီးများကို လူရှေ့သူရှေ့မရှောင် ကြိမ်းမောင်းဝံ့လာသည်။

၁၉၄၈ တုန်းက အမျိုးသား လုံခြုံရေးကောင်စီ (National Security Council) NSC ဖွဲ့ထားသည်။ ထို NSC ကို ကြိုးကိုင်ခြယ်လှယ်နေသူများမှာ စမစ်ဒွန်း၊ ဦးထွန်းလှအောင် (သူက အိန္ဒိယပြန်မဟုတ် ကင်ပေတိုင်ထောင်ပြန်ဖြစ်သည်။ ကွန်မြူနစ် ပါတီက “ကင်ပေတိုင်” ထဲသွင်းထားသူ ယူဂျီရဲဘော်၏ ကျေးဇူးကြောင့် အသက်ရှင်လျက် လွတ်လာခြင်း ဖြစ်သည်။ သူပုလိပ်မင်းကြီး ဖြစ်သောအခါ ထိုယူဂျီရဲဘော်ကို ကျေးဇူး ဆပ်ပါရစေ အကြိမ်ကြိမ်ပြောနေသ ဖြစ်သည်) အခြားသူများမှာ စောရှီးရှိုး၊ စောကြာဒိုးနှင့် ဦးတင်ထွဋ်တို့ ဖြစ်သည်။ ဦးတင်ထွဋ်မှာ စစ်တိုက်သည့် အတွေ့အကြုံမရှိ၊ သို့သော် ဂေါ်ရခါးတပ်ကို ကိုင်ထားသူ ဖြစ်သည်။

ထို NSC က မျိုးချစ်ဗမာ့ တပ်မတော်ဟောင်းများဖြင့် ဖွဲ့စည်းထားသော တပ်ရင်းအားလုံးကို လက်နက်ဖြုတ်ရန် ဆုံးဖြတ်သည်ဟု မောင်အောင်မျိုးစာတမ်းက ဆိုသည်။ ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်တို့က သိသွားသည်။ ဦးသိန်းဖေ(မြင့်)ကို ချဉ်းကပ် သည်။ နောက်မှ နေဝင်းကိုသိမ်းသွင်းသည်ဟု ဆိုသည်။

တပ်မတော်သမိုင်းပြတိုက်တခုလုံး မွှေနှောက်ကာ လျှို့ဝှက်စာတမ်းများဖတ်ပြီး စာတမ်းပြုစုနိုင်သော ဩစတြေးလျ အမျိုးသား တက္ကသိုလ်မှ ပညာရှင်မောင်အောင်မျိုး၏ ရေးသားချက် ဖြစ်သည်။ ယုံသင့်မှယုံရန် ဖြစ်သည်။ မောင်အောင်မျိုးသည် ဩစတြေးလျ နှင့် နီးစပ်ဟန်ရှိသော မဟာဗျူဟာ လေ့လာရေးဌာနမှ ဗိုလ်မှူးကြီးသိမ်းဆွေ ၁၉၉၈ တွင်ရေးသည့် စာတမ်းကိုပင် ကိုးကားနိုင်သည် ကို တွေ့ရသည်။

လူမျိုးရေးအလံကိုင်ကြလျင် ဗမာ လူမျိုးကြီးအလံကိုင်သူက စားသွားမည် ဆိုသည်ကို သမိုင်းနှင့်ယှဉ်ပြီးရေးမှ လိပ်ပတ် လည်မည်ဖြစ်၍ ရှည်ရှည်မျောမျော တင်ပြ နေခြင်း ဖြစ်သည်။

ကရင်တပ်များအားလုံး တောခို သောအခါ နေဝင်း၏ကံဇာတာ အတက်ဆုံး ကာလဖြစ်သည်။ နေဝင်းနှင့်အောင်ကြီး ထိုစဉ် ကတည်းကစပြီး တပ်တခုလုံးကို ချုပ်ကိုင် ခဲ့သည်။ မောင်မောင်က သုံ့ပန်းဖြစ်နေသည်။ တပ်မတော်ကို စိတ်နဲ့တောင်မပြစ်မှားနဲ့ဟု ပြောဝံ့သူ၊ အမေရိကန်ထွက်ပြီး “အာဏာ ဟူသမျှ နေဝင်းလက်အပ်” ဟု ကြွေးကြော်ရဲသူ အောင်ကြီးသည်လည်း နေဝင်းနှင့်အတူ ကံဇာတာတက်ခဲ့သည်။ မောင်မောင် လွတ်လာတော့ နေရာကောင်းရသည်။ CIA ၏လူလည်း လုံးလုံးဖြစ်သွားသည်။ နေဝင်းကို တနေ့အန်တုလာနိုင်မည့်သူ ဖြစ်လာ၍ နေဝင်းက မြန်မြန်ဖြုတ်ပစ်ခြင်း ဖြစ်သည်။

အောင်ကြီးသည် ဆိုရှယ်လစ် ပါတီ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး လုပ်နေရာမှ ကာကွယ်ရေးဌာနအတွင်းဝန်၊ နောက်စစ်တပ်ထဲဝင်ကာ နေဝင်းလက်ထောက် လုပ်သည်။ နေဝင်းအပေါ် အောင်ကြီး သံယောဇဉ်ဘယ်တုန်းကမှ မပြတ်ခဲ့ပါ။ ၊

ဖဆပလ အစိုးရက နေဝင်း၊ အောင်ကြီးတို့ကို ၁၉၄၉ ဇန္နဝါရီအကုန် နောက်ဆုံးထားပြီး တပ်ရင်းအသစ်များ ဖွဲ့စေ သည်။ ထိုတပ်များကို BTF (Burma Territorial Force ) ဟု နာမည်ပေးဖွဲ့ရသည်။ ဗြိတိသျှစစ်မစ်ရှင်” ၏ ကန့်ကွက်မှုကို ကျော်လွှားရန် ဖြစ်ပုံရသည်။

ကရင်တပ်များ တောခိုပြီးမှ ဖွဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ်က လက်နက်မရောင်းဘဲ ပိတ်သည်။ အင်္ဂလိပ်ကပိတ်သဖြင့် အမေရိကန် ကလည်း မရောင်း၊ ဒုက္ခတွေ့နေစဉ် အိန္ဒိယ နေရူးအစိုးရက ကူညီသည်။

ကုလားလက်နက် လိုသလောက် ရ၍ BTF တပ်ရင်း အများအပြားဖွဲ့နိုင်သည်။ မေဂျာအောင်ကြီး “လဲဗီးဗိုလ်ချုပ်” ဖြစ်နေ သည်ကတော့ ခပ်စောစောက ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးလက်အောက်တွင် လဲဗီး တပ်ရင်း (၁၈) ရင်းဖွဲ့သည်မှာ ၁၉၄၈ ဧပြီတွင် ဖြစ်သည်။ ပြည်သူ့ရဲဘော်ပင် တောမခိုသေး။ ပြည်သူ့ရဲဘော်က ဇူလိုင်ကျမှ တောခိုရခြင်း ဖြစ်သည်။

လဲဗီးတပ်ကို ဒေသအခြေခံကာ ဖွဲ့ခြင်း ဖြစ်သည်။ ပဲခူး၊ အင်းစိန်၊ ဖျာပုံ၊ မြောင်းမြ၊ မအူပင်၊ ဟံသာဝတီ၊ သာယာဝတီ၊ ပြည်၊ သရက်၊ ပခုက္ကူ၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ထားဝယ်၊ ဟင်္သာတ၊ မင်းဘူး၊ မိတ္ထီလာ၊ တောင်ငူ စုစုပေါင်း (၁၈) ခရိုင်အခြေခံကာ ဖွဲ့သည်။ ကွန်မြူနစ် ချေမှုန်းရေးအတွက်ဖွဲ့သည့်

ဆိုရှယ်လစ်တပ်စစ်စစ်ဖြစ်သည်။ သူတို့ ကလည်း လူတန်းစားရန်ငြိုးဖြင့် ရက်ရက် စက်စက် မီးရှို့၊ လူသတ် လုပ်သည်။

၁၉၄၉ ကာလက မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း စသည်များတွင် သူတို့ပဲ ခေါင်းမာမာခုခံတိုက်သည်။

ချင်းတပ်ရင်းက ဝတ်ကျေတန်းကျေသာ ခုခံသည်။ (စကားချပ်။ သမိုင်းကိုခါးဖြတ်ပြောနေသော တတ်ယောင် ကား အနောက်တိုင်းသားများကြောင့်သာ ဆိုရှယ်လစ်ပါတီအကြောင်း တင်ပြနေခြင်း ဖြစ်သည်။ ဗမာပြည်ဆိုရှယ်လစ်ပါတီ (ဗဆပ) ကို နေဝင်း (မဆလ) က မြောင်းထဲဆွဲခေါ်သွားပြီး ဖြစ်သည်။ သူတို့ မရှိတော့ပါ။) ၊

ကရင်က လူမျိုးရေးအလံထူပြီး တိုက်သောအခါ နေဝင်း၊ အောင်ကြီးတို့က “ပြည်ထောင်စု မပြိုကွဲရေး” ကြွေးကြော်ကာ ဗမာလူမျိုးရေးအလံလွှင့်ပြီး လူစုသည်။ BTF တပ်ရင်းများ အလွယ်တကူဖွဲ့နိုင်သည်။

ကရင်က ကရင်လူမျိုးကိုသာ စည်းရုံးနိုင်သည်။ ကရင်နှင့်အိမ်ထောင်ကျသူ အခြားလူမျိုးကိုပါ စည်းရုံးနိုင်ဦးတော့ သိပ်မများ နိုင်၊ လွန်ရောကျွံရော ဗမာပြည်လက်ရှိလူဦးရေ သန်း ၅ဝ နှင့်တွက်လျှင် (အမေရိကန် နှစ်ချုပ်စာရင်းအရ ကရင် ၇၇ ရှိသည်ထားပြီး တွက်လျင်) ၃ သန်းခွဲ ရှိမည်။ ကရင်နှင့် အိမ်ထောင်ကျသူများကို ထည့်တွက်ဦးတော့ ၅ သန်းထက် မပိုနိုင်။ ကရင်တိုင်းကလည်း “ကရင့်တော်လှန်ရေး” ထောက်ခံကြသည် မဟုတ်။

ဗမာလူမျိုးက သန်း ၃၀ ကျော် သည်။ ယခု နအဖက ၄ သိန်းခွဲ တပ်သား စုထားနိုင်သည်ကို ကြည့်ပါ။ ရိုင်ဖယ်ပေးနိုင်လျှင် ပေးနိုင်သလောက် ထပ်စု၍ရသေးသည်။ အာဏာကိုင်ထားသူဖြစ်၍ လခမပေးနိုင်မှာ မပူရ၊ ဝါဇီရှိနေသရွေ့ ပေးနိုင်သည်။ ထမင်း မကျွေးနိုင်မှာ မပူရ၊ လယ်သမားတွေ လယ်စိုက် နေသရွေ့ ကျွေးနိုင်သည်။ သာမန်လူတွေသာ ငတ်မည်၊ စစ်သားမငတ်။

လူမျိုးရေးအလံကိုထူပြီး အပြိုင် အဆိုင် တိုက်ကြလျင် ဗမာစစ်အုပ်စုက အသာစီးရမည်။ နအဖ၏ဗမာလူမျိုးရေးစိတ်က KNU ထက် ပြင်းထန်သည်။ လူမျိုးခြားနှင့် အိမ်ထောင်ပြုလျှင် ဗမာထဲက ငယ်စာရင်း ပယ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲကြည့်။

ရင်းနှီးသောမိတ်ဆွေကြီး မရန် ဘရန်ဆိုင်း (ကွယ်လွန်) က ကျွန်တော်တို့ကို တခါကတွက်ချက်ပြဖူး၍ လူနည်းစု အမျိုးသား တို့၏ စဉ်းစားပုံကို ကွန်မြူနစ်များသတိပြုမိခြင်း ဖြစ်သည်။ ၁၉၇၉ ခုနှစ်က ဖြစ်သည်။

| KIO – မဆလအစိုးရ ကျိတ်ဝိုင်း ဆွေးနွေးပွဲလုပ်သည်။ အပေးအယူတည့်သည်။ သဘောတူညီချက် (၁၇) ချက် (ထင်သည်) ရသည်။ အနှစ်သာရက လက်နက်ချရေး ဖြစ်သည်။ KIO က မဆလ အခြေခံဥပဒေကို လက်ခံရမည်။ KIA ဖျက်ပြီး လက်နက်များ အပ်ရမည်။

နောက်မှစိစစ်ပြီး အစိုးရလုံထိန်း တပ်အဖြစ် ဖွဲ့ပေးမည်။ လက်နက်သစ် တပ်ဆင် ပေးမည်။ မဆလ အခြေခံဥပဒေအရ နိုင်ငံရေး အဖွဲ့အစည်း ရပ်တည်ခွင့် မရှိသဖြင့် KIO ကို ဖျက်ပေးရမည်။ ကချင်ပြည်နယ် “ပြည်သူ့ ကောင်စီ” တွင် ခေါင်းဆောင်တချို့ ကို နေရာပေးမည် စသည့်အချက်များ ပါသည်ဟု မှတ်မိသည်။ မည်မျှအထိ အသေးစိတ်သနည်း ဆိုလျှင် KIO တွင်းမှ တောခိုကျောင်းသားများ အတွက်ပင် ပါသည်။ တောခိုမသွားမီက နေခဲ့ သည့် အတန်းထက် ၂ ဆင့်ကျော်ပြီး အအောင် ပေးမည်ဟု ပါသည်။ (၈) တန်းက တောခိုသွား သူသည် (၁၀) တန်းအောင်ပြီးသူ ဖြစ်မည်။ တက္ကသိုလ်နောက်ဆုံးနှစ် တက်နေသူဆိုလျှင် ဘွဲ့ရပြီးဖြစ်ရုံမက ဘွဲ့လွန်ပထမနှစ် အောင်ပြီး ဖြစ်နေမည်။ ဤကိစ္စမျိုးတွင် စစ်အုပ်စုက အလွန်လိုက်လျောတတ်ပါသည်။

ဤသို့ အပေးအယူတည့်နေ ကြောင်းကို (ဗကပ) ကြားပါသည်။ နေဝင်းနှင့် ပီကင်းတွင် တွေ့သောအခါ သေချာသွားသည်။

နေဝင်းက ဦးဘရန်ဆိုင်းမျက်နှာ မြင်လိုက်တာနဲ့ ဒီလူရိုးသားတယ်၊ အလုပ်ဖြစ် နိုင်မယ်ဆိုတာ တန်းပြီးသူသိလိုက်ကြောင်း၊ ဒါကြောင့် သူ့လူတွေကို အပေးအယူမျှကြဖို့ ညွှန်ကြားရကြောင်း၊ ပီကင်းကပြန်လျှင် လက်မှတ်ထိုးပွဲ လုပ်ရုံသာကျန်ကြောင်း၊ ဆွေးနွေးပွဲ အောင်မြင်တဲ့အနေနဲ့ မဆလ ထိပ်သီးတွေအားလုံးတက်တဲ့ ထမင်းစားပွဲကြီး လုပ်ပြီး မှတ်တမ်းတင်ထားကြောင်း ကရားရေလွှတ်ကြွားသည်။ (ဗကပ) ကဘာမှတ်ချက် မှ မပေးလိုက်ပါ။ –

ပီကင်းကပြန်လာမှ ဦးဘရန်ဆိုင်း၊ ဦးဇော်မိုင်းတို့ကို တွေ့လိုကြောင်း (ဗကပ) က ဖိတ်သည်။ သူတို့ပန်ဆန်းလာကြသည်။

အတိုချုံးလျှင် (၁၇) ချက်ဟာ လက်နက်ချရေးဖြစ်တာကို သူတို့သိကြောင်း၊ ရေရှည်တိုက်လျှင် ဗမာကကျန်ရစ်ပြီး သူတို့ ကချင်လူမျိုး မျိုးပြုတ်မည်ဖြစ်၍ လက်နက် ချရကြောင်း ပြောပါသည်။ သူတို့ ၏စဉ်းစားချက် မှာ – ဗမာက လူဦးရေသန်းပေါင်း ၃၀ ကျော် ရှိပြီး ကချင်က တသန်းပင် မရှိကြောင်း၊ စစ်တိုက်ရာတွင် ဗမာ ၁ဝ ယောက် – ကချင် ၁ ယောက်နှုန်း သေကြလျှင်ပင် ဗမာက သန်း ၂၀ ကျော် ကျန်ရစ်ပြီး သူတို့ကချင် မျိုးပြုတ်မှာ ဖြစ်ကြောင်း ရှင်းပြပါသည်။ ထို့ကြောင့် ရေရှည်စစ်ပွဲ မတိုက်ချင်တော့ကြောင်း ပြော ပါသည်။

KIO ၏ရှင်းပြချက်ကို ဗကပ က နားလည်မှုရှိပါသည်။ ဆက်ပြီးတောင့်ထားကာ တိုက်လျင် အခြေအနေကောင်း မုချပေါ်မည်။ ဗကပ က ဆက်တိုက်နိုင်ရန် ကူညီမည်ဟု ပြောခဲ့သည်။

သူတို့လက်ခံသွားပါသည်။ တဆက် တည်း သူတို့ မဒတထဲ ပြန်ဝင်မည်ဟု ပြော သည်။ အင်္ဂလန်၊ အမေရိကန် သွားချင်သည်ဟု ပြောသည်။ ဗကပ၏ထင်မြင်ချက် တောင်း သည်။

မဒတထဲဝင်တာ ကောင်းသည်။ အင်္ဂလန်၊ အမေရိကန် သွားချင်တာနဲ့ ပတ်သက်ပြီး နားလည်မှုနှင့် သဘောပေါက်မှု ရှိပါသည်၊ KIO မှာ လွတ်လပ်သည့် အဖွဲ့ အစည်းဖြစ်၍ လွတ်လပ်စွာဆုံးဖြတ်ပါဟု ပြောခဲ့သည်။

အဆမတန်အားနည်းသော လူမျိုး က အားကြီးသောလူမျိုးကို တိုက်နေရလျှင် အားကိုးတခုခုကို ရှာစမြဲဖြစ်သည်။ ခွဲထွက်ရေး ကြွေးကြော်စဉ်က အမေရိကန် ဆီးတိုး (SEATO) ကို အားကိုးဖူးသည်။ အင်္ဂလိပ် “တောင်တန်းသားမိတ်ဆွေများ” ကို ဆက် သွယ်ခဲ့သည်။ ထိုဆက်သွယ်မှုမှာ ဗကပနှင့် မဟာမိတ်ဖွဲ့နေစဉ်ပင် အဆက်မပြတ်ခဲ့ပါ။ သူတို့က မပြောသော်လည်း ကျွန်တော်တို့ သိနေသည်။ ဘာတွေရေးသည် ဆိုသည်ကိုပင် သိသည်။ ဗမာ့အောက်ပစ်မထားခဲ့ဘူးဆိုပြီး ခုတော့ဗမာကို လွတ်လပ်ရေးပေးပြီး ဗမာ့ အောက်ပစ်ထားတယ်ဟု စကားနာထိုးခြင်း ဖြစ်ပါသည်။ (ဗမာပြည်အကြောင်း ရေးကြ သော “လူဖြူကျွမ်းကျင်သူ” များလည်း ထိုစာ များကို ဖတ်ဖူးဟန် ရှိသည်။) ၊

ဤကိစ္စကို မှတ်ချက်တခုရေးပြီး ရပ်ပါမည်။  

(မှတ်ချက်) KIO က ၁၉၇၉ တွင် ဆက်တိုက် သဖြင့် အကျိုးမယုတ်ပါ။ ၁၉၉၀ ခုနှစ်များတွင် ဗကပခွဲထွက်များ ဖောက်ခဲ့သောလမ်းကို သူတို့ လိုက်သည်။ (၁၇) ချက်ထက်သာသော အခွင့် အရေး ရခဲ့သည်။ လက်နက်မချရ။ KIO. KIA မဖျက်ရ၊ နိုင်ငံရေးလုပ်ခွင့် ရှိနေသည်။

မိမိတို့အတွင်းမှပင် ဗကပခွဲထွက် ငြိမ်းအဖွဲ့များပေါ်နေရာ KIO ငြိမ်းအဖွဲ့ လုပ်သည်ကို အပြစ်မပြောပါ။ တရုတ်နယ်စပ် တွင် အားလုံး “ငြိမ်း” ဖြစ်နေချိန် သူက ထီးထီးကြီး ဆက်တိုက်နေ၍ မဖြစ်ပါ။ သိပ်နာ သွားလိမ့်မည်။

ဗကပခွဲထွက် ငြိမ်းအဖွဲ့များကို သူတို့၏မူလနေရာသို့ ပြန်သွားသော “ရဲဘော် မှ မဟာမိတ်ဖြစ်သွားသူ” ဟု သဘောထား သလို KIO ကိုလည်း မဟာမိတ်များအဖြစ်ပင် သဘောထားဆဲ ဖြစ်ပါသည်။

SSPP. KIO တို့သည် ခွဲထွက်ရေး မှ ပြည်ထောင်စုစစ်စစ်မူကို ပြောင်းပြီးပထမဆုံး လက်ခံသူများဖြစ်၍ ဗကပ က သံယောဇဉ်ကြီး ပါသည်။ ။

အထက်တွင်ရေးခဲ့သည်များမှာ ထိပ်တန်းလျှို့ဝှက်ချက်များ မဟုတ်တော့၍ ရေးပါသည်။ နဝတ၊ နအဖ မသိချင်အဆုံး ဖြစ်နေသော ကိစ္စများ ဖြစ်သည်။

(၃) ဘုံလုပ်ငန်းစဉ်မရှိလျှင်

ဘုံရန်သူ ရှိပါသည်။ သို့သော် ဘာ ကြောင့်ရန်သူဖြစ်သလဲ ဆိုသည့်ကိစ္စတွင်ကား မတူကြပါ။ (ဗကပ) က စစ်အုပ်စု၊ စစ်အစိုးရကို စစ်အာဏာရှင်စနစ် ကျင့်သုံးသော စစ်ဗျူရို ကရက် အရင်းရှင်များဖြစ်သောကြောင့် ရန်သူ ဟု သတ်မှတ်ခြင်း ဖြစ်သည်။

“သီးခြားတိုင်းပြည်” “ခွဲထွက် ရေး” ကြွေးကြော်သူများက ဗမာ `နယ်ချဲ့” များဖြစ်၍ ရန်သူဟုသတ်မှတ်ခြင်း ဖြစ်သည်။ အခြေခံချင်းပင် မတူကြပါ။

ကွန်မြူနစ်များက တနှစ်စောပြီး တောခိုသည်။ KNU ကပါ တောခိုလာသော အခါ တောထဲတွင် ပဋိပက္ခဖြစ်ရသည်။ သို့ သော် တောကကျယ်သည်။ သူ့စည်းကိုယ့်စည်း နေလို့ရသည်။ ၁၉၅၈ အထိ ထိုသို့ “ရှဉ့် လျှောက်သာ ပျားစွဲသာ” ပေါ်လစီ လုပ်လို့ ရသည်။

တပ်ပေါင်းစုစကားလည်း အများ အားဖြင့် ပြည်သူ့ရဲဘော်၊ အလံနီတို့နှင့် ပြောရ သည်။ ပြည်သူ့ရဲဘော်နှင့် ဗကပ နီးစပ်သည်။ သူတို့လည်း ပြည်ထောင်စုဘက်သား၊ ဗကပ လည်း ပြည်ထောင်စုဘက်သား။ ၁၉၄၇ ပြည်ထောင်စုအခြေခံဥပဒေမှာ ဗိုလ် အောင်ဆန်း ဦးဆောင်ရေးဆွဲခြင်း ဖြစ်သည်။ (ဗကပ) က ထောက်ခံခဲ့သည်။ ထို့ကြောင့် ပြည်ထောင်စု ပြဿနာတွင် မကွဲကြပါ။

အလံနီက လူမျိုးတမျိုး တိုင်းပြည် တပြည်စနစ်ကို လိုလားသည်။ ပြည်ထောင်စု မလိုချင်၊ သူက ကွဲအက်ရေး ခွဲထွက်ရေးသမား။ အလံနီဘာပြောနေနေ ကိစ္စမရှိပါ။ သူကလူထု အခြေခံမရှိ။ ဗကပ ဖြူလျှင် သူမည်းမည်။

(ဗကပ) က ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးပြောတော့ သူက “ကျွန် ပွဲစားကြီးသခင်သန်းထွန်း” ဟု ပြောသည်။

“သီးခြားတိုင်းပြည်” “ခွဲထွက် ရေး” သမားတို့ကတော့ ပြည်ထောင်စုစကား မကြားချင်၊ နားခါးသည်။ ပြည်ထောင်စုဟု ပြောမိလျှင် ဗမာနီနှင့် ဗမာညို တသံတည်းပဲဟု စွပ်စွဲသည်။

၁၉၅၈ – ၆၀ အိမ်စောင့်ခေတ်က မောင်မောင်၊ အောင်ကြီးတို့ KNU နှင့် တိတ်တိတ် ၃ ကြိမ်တိတိ ဆွေးနွေးသည်။ ဗကပ ကို ဦးတည်တိုက်ရန် KNU ကို စည်းရုံးသည်။ ၁၉၅၈ – ၆၀ သည် ဗကပ အတွက် အနာဆုံး ကာလဖြစ်သည်။ (ဗကပ က KNU အပေါ် ဘယ်တုန်းကမှ အကောက်ကြံခဲ့ဟု KNU ခေါင်းဆောင်ကို မကြာမီကပင် ပြောလိုက်သေးသည်။)

၁၉၅၈ – ၆ဝ မှာ ဗကပတို့ မွေးရာ ဇာတိနှင့်အောင်မြေကို လက်လွတ်ရသော ကာလဖြစ်သည်။ ဗကပ၏မွေးရာဇာတိသည် မင်းဝံတောင် ပဲခူးရိုးမဖြစ်သည်။ အောင်မြေသည် ဧရာဝတီမြစ်ဝှမ်း ဖြစ်သည်။ (မောင်မောင်၊ အောင်ကြီးတို့နှင့် KNU ဘာတွေကျိတ်ပြီး နားလည်မှု ရခဲ့သည် ဆိုသည်ကို သူတို့ပြောမှ ကောင်းမည်ဖြစ်၍ မတင်ပြတော့ပါ။)

ရှမ်းများက SSIA ဖွဲ့ လက်နက် ကိုင်တိုက်ပွဲတိုက်တော့ “ဗမာနီ နယ်ချဲ့တွေ ပြန်သွား” ဟု ရာဇသံပေးသည်။ သီးခြား ရှမ်းပြည်၏ နယ်နိမိတ်သည် မန္တလေးလွင်ပြင် အထိဟု ပြောသည်။ အနီးစခန်းအောက်ဘက် အထိ ဆုတ်ရမည်။ မဆုတ်လျှင် တိုက်မည်ဟု စာရေးသည်။ (ဗကပ) က ရှမ်းပြည်ရောက်နေ သည်မှာ ၁၉၄၉ ကတည်းက ဖြစ်သည်။ ဖဆပလ အစိုးရရှိသည့်နေရာမှာ တိုက်မည်၊ တိုက်နေသည်မှာ ကြာပြီ။ သူတို့သူပုန်ထမှ (ဗကပ) ကို မောင်းထုတ်သည်။ ခြောက်တိုင်း ကြောက်ပြီး ဖိတိုင်းပိလျင် တော်လှန်ရေးသမား မဟုတ်၊ ထို့ကြောင့် ထွက်မသွားပါ။

သူတို့က နယ်နိမိတ်ကိုသက်ညှာစွာ သတ်မှတ်တာဟု ဆိုသည်။ မန္တလေး၊ ပင်းယ၊ အင်းဝအထိ ယူလို့ရသည်၊ သမိုင်းရှိသည်ဟု ဆိုသည်။ ဗကပ နေစရာမရှိမှာစိုး၍ သက်ညှာ တာဟ ပြောသည်။

ကံကောင်းထောက်မစွာ ဗကပ ရှမ်းပြည်မှမဆုတ်ရ။ တိုက်လည်းမတိုက် လိုက်ရပါ။

တိုက်ရသည်က KIO နှင့် ဖြစ်သည်။ စောစောက မတိုက်ရ၊ ၁၉၆၈ အရှေ့မြောက်ပိုင်းပေါ်ပြီးမှ တိုက်ရခြင်း ဖြစ်သည်။ တိုက်ရသည်မှာလည်း နိုင်ငံခြား ပယောဂ ပါသည်။ ။

ဖြစ်စဉ်မှာ

နေဝင်းတကွက်မှား၍ တရုတ် အစိုးရ ဒေါပွသည်။ အင်ဒိုနီးရှား၊ မလေးတို့ မှာလို နေဝင်းက ကွန်မြူနစ်ဆန့်ကျင်ရေး၊ တရုတ်ဆန့်ကျင်ရေး လုပ်မိသည်။ တရုတ် ဆန့်ကျင်ရေးကို ယူနီဖောင်းချွတ် စစ်သား များနှင့် လုပ်ခဲ့သည်။ စစ်သားများကို စစ်ကား ဖြင့် သယ်လာ၊ ယူနီဖောင်းချွတ် လုံချည်ဝတ် စေပြီး အရက်တိုက်ကာ အဓိကရုဏ်း ဖန်တီး စေခြင်း ဖြစ်သည်။

တရုတ်က အမေရိကန်အန္တရာယ် သတိထားချိန်၊ အမေရိကန်က ဗီယက်နမ်စစ် ရှိန်မြှင့်ချိန်၊ နျူကလီယာဗုံးအသေးစား သုံးမသုံး ချိန်ဆနေချိန်၊ ယဉ်ကျေးမှု တော်လှန်ရေးကြောင့် တရုတ်များ အကဲဆတ်နေချိန်နှင့် သွားတိုး သည်။

မကြုံစဖူး ဗကပ လက်နက် ဖောခြင်း သောခြင်း ရသည်။ မဟာမိတ်များကို တသောင်းဂဏန်း ရောက်လုနီးနီး ကူညီနိုင် ခဲ့သည်။ (အကူအညီ လက်ခံခဲ့သူများအားလုံး “ငြိမ်းအဖွဲ့” များ ဖြစ်နေခြင်း၊ နှစ်ပေါင်း ၂၀ ကျော် ၃ဝ နီးပါး ရှိပြီဖြစ်ခြင်းကြောင့် တခါက ထိပ်တန်းလျှို့ဝှက်ကို ဖွင့်ပြောခြင်း ဖြစ်သည်။)

ပထမဆုံးရသည့် မဟာမိတ်ထဲမှာ KIO ပါသည်။ ထိုအခါက KIO ကို ဇော် ညီအစ်ကိုတွေ ခေါင်းဆောင်သည်။ ဇော်တူးက ဗကပထံမှ လက်နက်အကူအညီ ယူသည်။ ထိုင်းတွင်နေသောအစ်ကိုက ကွန်မြူနစ်ပေးတဲ့ လက်နက် ထမ်းရကောင်းလား “လက်နက်နီ”” ၊ မထမ်းနဲ့ဟု ညွှန်ကြားသည်။ (ခွဲထွက်သီးခြား တိုင်းပြည် ထူထောင်ချင်သူတိုင်း ထိုင်းအခြေခံ ကြသည်ချည်း ဖြစ်သည်။ ဟုတ်တာမဟုတ်တာ အပထား ကွန်မြူနစ်တရုတ် ဆန့်ကျင်လျင် လက်နက်ပေးမလိုလို လေသံပေးနေ၍ တနေ့ ရနိုးနိုး စောင့်နေကြသည်။ ရသည်ဟုတော့ မကြားဖူးပါ။ ရွှေငုံးမင်းအမြီးမျှော်ရင်းနှင့် အချိန်တွေသာ ကုန်ခဲ့ကြသည်။)

ဇော်ဆိုင်းအမိန့်ဖြင့် ဇော်တူးက နှစ်ဘက်သဘောတူညီချက်ကို တဖက်သတ် ဖျက်သည်။ ရထားသောလက်နက်တော့ ယူထားပြီး မော်စီတုန်းဩဝါဒ စစ်ရေး ၆ စောင်တို့ကို ဖျက်ဆီးပစ်သည်။

ဗမာနီနယ်ချဲ့ သမားဟု ပြောသည်။ အကွက်ချောင်းနေသော မဆလ စစ်အုပ်စုက ဝင်ပြီး အမြတ်ထုတ်သည်။ ဗကပ တိုက်ရေး အတွက် အားပေးသည်။ ရိက္ခာ၊ ကျည် အနည်းအကျဉ်း ပေးသည်။ မလွှဲမရှောင်သာ စစ်တိုက်ရတော့သည်။ ယခင် ၁၉၆၈ မတိုင်မီက မတိုက်ခဲ့ရပါ။

ဇော်ညီအစ်ကိုများ တယောက်က ဗကပနှင့်တိုက်ရင်း ကျဆုံးသည်။ အကြီး နှစ်ယောက်က သူတို့ချင်းလုပ်ကြံတာ ခံရ သည်။ KIO တခုလုံး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သည်။ ဗကပ က မရန်ဘရန်ဆိုင်း၊ ဇော်မိုင်းတို့ကို လက်နက်ကိုင်တိုက်ပွဲ ဆက် တိုက်ရန် အားပေးသည်။ အကူအညီပေးသည်။

ကချင်က ထိုင်းနှင့်အဝေးကြီး။ နိုင်ငံခြားအမှီရှာလျှင် ကုလား၊ တရုတ်ပဲ မှီလို့ ရသည်။ သူများနှင့် မတူပါ။ ကုလားက သူ့က္ခ နှင့်သူ၊ အရှေ့မြောက်ဒေသတွင် စစ်တိုက်နေ ရသည်။ KIO ကို လက်နက်ပေးလို့ မဖြစ်ပါ။ ထို့ကြောင့် ဗကပထံမှ တရုတ်လက်နက် ယူရသည်။ KIO မှာ ထိုင်းတွင် လုပ်ကြံခံရပြီး ထိုင်းကိုမှီ၍ မဖြစ်။ ထို့ကြောင့် ဗကပနှင့် ပြန်ပြီး မဟာမိတ်ဖွဲ့ သည်။ ပြည်သူ့ဒီမိုကရေစီ လမ်းကြောင်း လက်ခံသည်ဟု ဆိုသည်။

လက်နက်တွင် အဖြူအနီ မရှိ၊ ထမ်းမည့်သူသာ အဖြူအနီရှိသည်ကို KIO ခေါင်းဆောင်မှုအဖွဲ့ သစ်က သိပါသည်။ သူတို့ မှာ ထိုင်းတွင်နေသူများ မဟုတ်ကြ၍ ယူရဲ သည်။ ထိုင်းတွင်နေလျင် လက်နက်အကူအညီ ယူလို့မဖြစ်။ ယူမိလျှင် ကမ္ဘာမီးလောင်မည်။

ဤသို့ဖြင့် လက်နက်အကူအညီ ထောင်ချီပြီး (ဗကပ) က ပေးသည်။ လက်နက် တို့၏သဘောမှာ ကျည်ဆန်ရှိရသည်။ လူ ထမင်းစားသလို သေနတ်က ကျည်ဆန်စား သည်။ မစားရလျှင် တုတ်လောက်ပင် အသုံး မကျ။ နှစ်စဉ် (ဗကပ) က ဖြည့်ကျည် ထောက်ပံ့ ရသည်။

လက်နက်ကို မပေးခင် (ဗကပ) က သင်တန်းပေးသည်။ သူတို့ဗဟိုကလည်း “သွားသင်တန်းတက်ကြ၊ ပြောသမျှ နားထောင်ခဲ့ကြ၊ ပြန်စောဒက မတက်ကြနဲ့၊ လက်နက်ထမ်း ပြန်ခဲ့ကြ” ဟု ညွှန်ကြား လိုက်သည်။ အများကတော့ နာခံသည်။ တယောက်ကတော့ သူတို့ဗဟို ညွှန်ကြားချက် ကို ဖောက်ဖျက်သည်။ တချီတမောင်း တိုက် ထားကြရ၍ မခံချိမခံသာ ဖြစ်နေပုံရသည်။ မအောင့်နိုင်။

ဗကပကို အစဉ်အဆက် ခေါင်း ဆောင်ခဲ့သူများအကြောင်း သင်တန်းပေး အပြီးတွင် အပြန်အလှန်ဆွေးနွေးပွဲ၌ “လောက မှာ သခင်ယေရှုတယောက်ပဲ ကြားဖူးသည်။ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သိန်းဖေ၊ သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ဗသိန်းတင် မကြားဖူးဘူး” ဟု ခွတိုက်သည်။

သူမကြားဖူးတာ ဟုတ်ကောင်း ဟုတ်မည်၊ သူ့အဖေ သူ့အဖိုးခေတ်ကတော့ ဗမာပြည်မှာ လူအမြောက်အမြားဟာ မျက်နှာဖြူဘိုတိုင်းကို သခင်ခေါ်ခဲ့ဖူးသည် ဆိုသည်ကို သင်တန်းဆရာက ပြန်မပြော လိုက်ပါ။ မဟာမိတ်ပြု နေကြသည်ပဲ။

မဒတ၊ ဗကပ ပန်ဆန်းစည်းဝေးပွဲ

အထက်တွင် ဘရန်ဆိုင်းက မဒတ ထဲ ပြန်ဝင်မည်၊ အင်္ဂလန်၊ အမေရိကန် သွားမည်ဆိုသောကိစ္စ တင်ပြပြီးပြီ။ ဘရန်ဆိုင်း ထိုင်းဆင်းသည်။ မဒတ ထဲ ပြန်ဝင်သည်။ အင်္ဂလန်သွားဖြစ်သည်။ တခါက မက်လုံးပေး အလွန်သန်သော “တောင်တန်းသား မိတ်ဆွေကြီးများ” နှင့် သွားတွေ့သည်။ သူတို့ထဲက အများစုက ကွယ်လွန်ပြီ။ ဆရာကြီးချာချီ၊ ဘုရင်ခံဟောင်း ဒေါ်မန်စမစ်တို့ မရှိကြတော့။ ကျန်ရစ်သူများက (Lord) လော့ဘွဲ့ခံပြီး အထက်လွှတ်တော် အမတ်များ လုပ်နေသည်။ သူတို့နှင့် တွေ့သည်။ သူတို့ခေါင်းထဲ “ဗမာပြည်” မရှိတော့။ တောင်တန်းသားများကိုလည်း စိတ်မဝင်စား ကြတော့။ ဘရန်ဆိုင်း စိတ်ပျက်ရသည်။

အမေရိကန်သွားရန် ကြိုးစားသည်။ ကွန်မြူနစ်နှင့်မဟာမိတ်ပြုထားသူဖြစ်၍ အဝင် မခံ လှည့်ပြန်ခဲ့ရသည်။ စိတ်အပျက်ကြီး ပျက်လာသည်။

ဤအချက်များမှာ ဘရန်ဆိုင်း၏ ပြန်လည်ပြောပြချက်ကို ချုပ်ပြီးတင်ပြခြင်း ဖြစ်သည်။

နိုင်ငံခြားအားကို မှီခိုလို့မရရင် ကိုယ့်ပြည်တွင်းပဲ အားကိုးတော့မည်ဟု ဆုံးဖြတ်ပြီး၊ မဒတ ကိုယ်စားလှယ်အဖွဲ့ကြီးကို ခေါ်ကာ KIO ဌာနချုပ်သို့ ပြန်လာသည်။ ဌာနချုပ်ရောက်လျှင် တဖက်က မဒတအဖွဲ့ကို ဗကပနှင့်တွေ့ဖို့ နားချသည်။ တဖက်ကလည်း ဗကပကို မတနှင့်တွေ့ရန် တိုက်တွန်းနေသည်။

ရင်းနှီးသော မိတ်ဆွေ၏ တိုက်တွန်း ချက်ကို (ဗကပ) က လက်ခံသည်။ မဒတ အဖွဲ့ကို နားချ၍လည်း ရသွားသဖြင့် (ဗကပ) က ဖိတ်သည်။

မိမိ၏အောက်ခြေ အဖွဲ့အစည်းများ သို့လည်း ဗဟို၏ဧည့်သည်များ လာကြမည်၊ မိတ်ဝတ်မပျက်ဧည့်ခံကြ၊ သူတို့ထဲက တချို့ သွေးခွဲကြလိမ့်မည်။ ပြန်မတုံ့ပြန်ကြနဲ့ဟု ညွှန်ကြားထားသည်။

ပါတီကတွက်ထားသည့် အတိုင်းပင် သူတို့ထဲကအချို့ က ဗကပဒေသ ဝင်ကတည်း က သွေးခွဲရေး လုပ်သည်။ ကချင်၊ ကရင်၊ ကိုးကန့်၊ ပလောင်၊ ရှမ်း၊ ၀၊ အခါ စသည့် ပါတီ ကေဒါများကို ဗကပမှခွဲထွက်၊ သီးခြားအဖွဲ့ချုပ်များဖွဲ့ကာ မဒတ တွင်း ဝင်ကြဖို့ ပြောကြ ဆွယ်ကြသည်။

လူမျိုးစုကေဒါများကလည်း ဗဟိုသို့ အပြည့်အစုံ ကနဖြင့် အစီရင်ခံသည်။ ဗဟိုက မတုံ့ပြန်နဲ့ ဧည့်ဝတ်စောင်ဝတ်ကျေကြဟု ညွှန်ကြားသည်။ ပန်ဆန်းရောက်ပြီး ဆွေးနွေးပွဲ လုပ်နေချိန်တွင်လည်း ဤသို့ပင် သွေးခွဲမြဲ သွေးခွဲနေကြသည်။ ဗကပ ကိုယ်စားလှယ် အဖွဲ့က လေသံဖြင့်ပင် မကန့်ကွက်ခဲ့ပါ။

ထိုကိုယ်စားလှယ်အဖွဲ့တွင် ပါသူများ အသက် ထင်ရှား ရှိနေကြပါသေးသည်။ သူတို့ကို သက်သေတည်ပါသည်။ )

ဗကပ၏အခြေခံဒေသတွင် သူတို့ လုပ်သလိုမျိုး သူတို့ဒေသတွင် လုပ်ခွင့်ပြုကြ ပါ၏လော။ သူတို့၏ ပြောက်ကျားဒေသတွင် ခေတ္တလာပြီး ရန်သူ့ထိုးစစ်ရှောင် ခိုလှုံသူကိုပင် သတ်ပစ်ပါသည်။ ဘယ်သူတွေ ဘယ်မှာ ဘယ်သူ့အမိန့်ဖြင့် သတ်သည်ကို ပြောနိုင် သော်လည်း ၊ ရန်စကိုတိုစေလို၍ မပြောတော့ပါ။

ကွန်မြူနစ် ဆန့်ကျင်ရေးလုပ်လျှင် ဆုချခံရလိမ့်မည်ဟု ထင်ယောင်မှားမှုများ တနေ့ပျောက်လိမ့်မည်ဟု သဘောပိုက်ကာ အောင့်အည်းနေခဲ့ပါသည်။ “ရန်သူအပေါ် ပြတ်သား၊ မိတ်ဆွေအပေါ် စိတ်ရှည်” ရေးသည် ဗကပ၏မူတခု ဖြစ်ပါသည်။ ။

DAB ဖွဲ့သောအခါ မိတ်ဆွေကြီး ဘရန်ဆိုင်းက ဗကပကို DAB တွင်း ပါဝင် စေချင်ခဲ့သည်။ ထိုင်းကနေ DAB ထဲ ပါမပါ မေးခဲ့သည်။

ဗကပ ပါလျင် အားမဖြစ်ဘဲ၊ အား ပျက်စေသလိုဖြစ်မည်။ ကွန်မြူနစ်ပါလာ၍ အမေရိကန်ဆီက လက်နက်အကူအညီ မရတာဟု ထင်ကြလိမ့်မည်။ မပါဘဲနေတာ ကောင်းသည်။ ဒါကြောင့် ဘေးကနေပဲ ဒီမို ကရေစီရေးလုပ်မည်ဟု အကြောင်းပြန်ခဲ့သည်။

ရည်မှန်းချက်ကြီးကြီး မထားခဲ့၍ ဗကပ – မဒတ ပန်ဆန်းစည်းဝေးပွဲ အောင်မြင် ပါသည်။ စစ်ရေးတပ်ပေါင်းစုသာ ဦးတည်ခြင်း ဖြစ်၍ ပြဿနာပေါ်စရာ မရှိပါ။ ဗကပ၏ ပြည်ထောင်စုမူကို ရှင်းပြရန် တောင်းဆိုတာ တော့ ရှိသည်။ ဗကပတွင် လျှို့ဝှက်ပြီး ပြည်ထောင်စုအခြေခံဥပဒေ ရေးဆွဲထားတာ ရှိသည်ဟု ပြောပြီးမေးခြင်း ဖြစ်သည်။

ဗကပတွင် လျှို့ ဝှက်ရော ဗြောင် ရော ပြည်ထောင်စုအခြေခံဥပဒေ (မူကြမ်း) မရှိပါ။ အခြေခံဥပဒေဆိုသည်မှာ တော်လှန်ရေး အောင်ပွဲရပြီးမှ သရဖူဆောင်းတာဖြစ်ကြောင်း၊ ယုန်မရခင် သံပုရာရှာကြလျှင် အချင်းချင်း စိတ်ဝမ်းကွဲတာပဲ အဖတ်တင်မည့်အကြောင်း ရှင်းပြခဲ့ပါသည်။ သဘောပေါက်ဟန်တော့ မရှိ ပါ။ ဗကပ အနေနှင့် အာဏာမဲ့သူများ ရေးဆွဲ ထားသော အခြေခံဥပဒေ (မူကြမ်း) ကိုလည်း မဝေဖန်ပါ။ ထောက်ခံစရာတွေ့လျှင် တော်သေး သည်။ ကန့်ကွက်စရာတွေ့၍ ကန့်ကွက်မိလျှင် အနည်းဆုံး အားနာစရာတော့ ကောင်းမည်။ ကွန်မြူနစ်ပျက် မိုးဟိန်းသည် သူတို့ခွဲရေး သမားချင်း တပ်ပေါင်းစုလုပ်တိုင်း ဝန်ကြီးချုပ် ဖြစ်လိုက်၊ သမ္မတဖြစ်လိုက် ဖြစ်ခဲ့သည်။ ဒီလိုအလုပ်မျိုး ကွန်မြူနစ်များ လုပ်မည်မဟုတ်၊ လိပ်ပြာမသန့်။

တိုင်းပြည်တစည်းတလုံးတည်း ရှိရေးသည် ပြည်ထောင်စု ဖွဲ့စည်းရေး၏ အရေးကြီးတခု ဖြစ်သည်။ ခွဲထွက်ရေးသမား တွေလို လုပ်၍မဖြစ်။ ခွဲထွက်ရေးသမားကတော့ သီးခြားအခြေခံဥပဒေရေးရန် ဝန်မလေးသလို၊ ဖျက်ဖို့လည်း ဝန်မလေးပါ။

တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ကွဲမည့်ကိစ္စ၊ နယ်မြေပြည့်စုံတည်တံ့မှု ပျက်မည့် ကိစ္စ၊ ရန်တကျက်ကျက်ဖြစ်ပြီး တခြိမ်းခြိမ်း တိုက်နေရမည့် အဖြစ်သို့ရောက်မည့်ကိစ္စတွင် မည်သည့်အခါမျှ ဗကပ မပါခဲ့ပါ။ နောင်တွင် လည်း ပါမည်မဟုတ်ပါ။

အာဏာရှိသူစစ်အစိုးရက ရေးဆွဲ လျှင်တော့ ဝေဖန်သည်။ အဘယ်ကြောင့် ဆိုသော် သူတို့သည် အောင်ပွဲခံပြီးပြီဟု ယူဆ ပြီး ကိုယ့်ကိုယ်ကို သရဖူဆောင်းပေးနေ၍ ဖြစ်သည်။

လက်တွေ့အာဏာ မရှိသော်လည်း လူထုက အာဏာအပ်ထားသော NLD က ရေးဆွဲလာလျင် ဝေဖန်စရာရှိ ဝေဖန်မည်။ ကြိုက်လျှင်ထောက်ခံမည်။ မကြိုက်လျှင် ကန့်ကွက်မည်။ ၁၉၄၇ ကလည်း ထိုသို့လုပ်ခဲ့ သည်။

ဗကပ၊ မဒတ စည်းဝေးပွဲ ဆုံးဖြတ် ချက် လက်မှတ်ထိုးတော့မည့်အခါ တကြိမ်နှင့်၊ အသံလွှင့်တော့မည့်အခါ တကြိမ် သေချာ အောင် KNU ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ကို လက်မှတ်ထိုး၍ ဖြစ်မဖြစ်၊ အသံလွှင့်၍ဖြစ်မဖြစ် (၂) ကြိမ်မေးခဲ့သည်။

KIO. SSPP တို့မှာ အဓိက ခေါင်းဆောင်တွေ ကိုယ်တိုင်ပါနေ၍ မေးစရာ မလိုပါ။ NMSP ကလည်း နိုင်ရွှေကျင် ကိုယ်တိုင် စာရေးထားပြီး ဖြစ်သည်။ အသက်ကြီးနေ၍ သူကိုယ်တိုင် လိုက်မလာ နိုင်ကြောင်း၊ လွှတ်လိုက်သူကို အာဏာကုန် လွှဲလိုက်ကြောင်း ရေးထားပြီး ဖြစ်သည်။

KNU က ထိုသို့ မဟုတ်ပါ။ ခေါင်းဆောင်လာသူကလည်း ကရင်အမျိုးသား မဟုတ်၊ ရခိုင်အမျိုးသား ဖြစ်နေသည်။ အားနာနာနှင့် ခုရှုပ်မှနောင်ရှင်း ပေးရသည်။ “ဖြစ်ပါတယ်၊ ရပါတယ်”ဟု ဆို၍ အသံလွှင့် သည်။ KNU ဥက္ကဌက သူသဘောမတူဟု ကြေးနန်းပို့သည်။ သူ့လူကို ကြိမ်းသည်။ KIO ဇော်ဆိုင်းက သူ့ညီကိုကြိမ်းတာမျိုး ဖြစ်သည်။

တရားဥပဒေကြောင်းအရ ပြော လျှင် ကျွန်တော်တို့တွင် တာဝန်မရှိသော်လည်း အနေရအထိုင်ရ ကျပ်ပါသည်။ KNU ကိုယ် စားလှယ်ခေါင်းဆောင်များကိုတော့ အားပေး ခဲ့သည်။ စိတ်တော့ မကောင်းလှကြောင်း၊ ကြီးကြီးမားမား အပြစ်ပေးခံရမည်ဟု မထင် ကြောင်း ပြောခဲ့သည်။

နောက် KNU တွင်း ဘာဖြစ်သည် မသိပါ။ အမျိုးမျိုး ကြားရပါသည်။ မဒတ၊ ဗကပ စည်းဝေးပွဲအပြီး သိပ်မကြာလှ၊ ဗကပတွင်း “ခွဲထွက်ရေးများ” ဖြစ်သည်။ သူတို့သွင်းခဲ့ သောအပင်း တန်ခိုးပြပြီထင်ပြီး အပြေးအလွှား လာကြသည်။

ဗကပမှ ခွဲထွက်သည်မှာ အာဏာ ရမရ မသေချာသောအဖွဲ့တခုသို့ လွှဲပေးချင်၍ မဟုတ်၊ အာဏာရှိနေသောအစိုးရအောက် လွှဲပေးရန် ဖြစ်သည်။ မည်သည့်အစိုးရ တက်နေနေ ထိုအစိုးရအောက် ရောက်ကြမည်။ နဝတ စစ်အစိုးရတက်နေ၍သာ သူ့အောက် ရောက်ခြင်း ဖြစ်သည်။ မဆလ၊ နဝတ၊ တစည၊ ဒီချုပ် မည်သည့်အဖွဲ့ ဖြစ်စေ အာဏာရနေလျင် ထိုအာဏာအောက် ရောက်ပါလိမ့်မည်။

ထို့ကြောင့် ဗကပ၏ ထုတ်ပြန်ချက်၊ ရေးသားချက်များတွင် သံတမန် အသုံးအနှုန်း ဖြင့် “စစ်အေးခေတ် ကုန်ဆုံးခြင်း၏ အကျိုး ကျေးဇူး” ဟု သုံးခဲ့ပါသည်။ ။

ဖတ်စာဟောင်းများတွင်ပါသည့် ပုံပြင်လို ဖြစ်ပါသည်။

နွားချိုပေါ်နားမိသည့် ယင်ကောင်၏ အထင်ကြီးမှုမျိုး နဝတ၊ နအဖ အထင်ကြီး နေခြင်း ဖြစ်ပါသည်။ ပုံပြင်မှာ ဤသို့ဖြစ်သည်။

နွားတကောင် မြက်စားနေသည်။ မြက်စားရန့်လိုက်ခိုက် ယင်တကောင်က နွားချိုပေါ်နားခိုက် ကြုံသည်။ သူ့အလေးချိန် ကြောင့် နှာခေါင်းငိုက်စိုက် ကျသွားသည်ဟု ယင်ကောင်က ထင်သည်။ ထို့ကြောင့် ယင် ကောင်က သနားမိပြီး ခေါင်းမော့နိုင်အောင် ငါပျံထွက်သွားမည်ဟု စဉ်းစားကာ ပျံထွက်သွား သည်။ ထိုအခိုက် နွားကလည်း မြက်စားပြီး၍ ခေါင်းပြန်မော့သည့်အခိုက် ကြုံမိပြန်သည်။

ယင်ကောင်က သူ့ “ဝိတ်”ကို အလွန်အထင်ကြီးသွားသည်။ ကျေးဇူးတင် လည်း ခံချင်၍ ငါသနားလို့ပျံထွက်ပေးတာဟု ပြောသည်။ ထိုအခါနွားက မင်းနားတာလည်း ငါမသိ၊ မင်းပျံသွားတာလည်း ငါမသိ၊ ငါ့ဘာသာ မြက်စားနေတာပဲဟု ပြန်ပြောလိုက်သည်ဟု ပုံပြင်က ဆိုသည်။

ဖုန်ကြားစင်းခွဲထွက်ပြီး မကြာခင် NLD ရွေးကောက်ပွဲနိုင်သည်။ အစိုးရဖွဲ့နိုင်တော့ မလိုလိုဖြစ်သည်။ ထို့ကြောင့် NLD သို့ စာရေးချဉ်းကပ်လိုခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်ထံ အင်္ဂလိပ်လိုရေးမှ ရမည်ထင်သဖြင့် အင်္ဂလိပ်လိုရေးပေးရန် အပူကပ်ခဲ့ဖူးသည်။ ခွဲထွက်သူများမှာ တက်သည့်အစိုးရ တို့အစိုးရ လုပ်မည်ဆိုသည်ကို သက်သေပြခြင်းမျှသာ ဖြစ်သည်။

နိုင်ငံရေးအရ ဘုံလုပ်ငန်းစဉ်မရှိလျှင် ခိုင်မြဲသောတပ်ပေါင်းစု မရှိနိုင်ပါ။ တပ်ပေါင်းစု ယာယီဖွဲ့ရန်ပင် မလွယ်ပါ။ ပြည်တွင်းရေး ပေါ်လစီတွင်လည်း သဘောတူမှုမရှိ၊ ပြည်ပရေး ပေါ်လစီတွင်လည်းမရှိ ဖြစ်နေလျှင် ဘုံ လုပ်ငန်းစဉ် (မည်မျှပင် အနိမ့်ဆုံးဖြစ်စေဦး) မရှိနိုင်ပါ။

ဗမာပြည်ဒီမိုကရေစီ တော်လှန်ရေး မအောင်မြင်သည်မှာ ထိုကိစ္စအဓိက ဖြစ်ပါ သည်။ ရေရှည်စစ် တိုက်နိုင်သည်မှာ သူက သူ့နည်း၊ ကိုယ်ကကိုယ့်နည်းဖြင့် ဝိုင်းတိုက် နေကြ၍ (ဘုံရန်သူ) ရှိနေ၍ ဖြစ်ပါသည်။ PVO သာ တောမခိုလျင်၊ RBA သာမပေါ်လျင်၊ KNDO သာ မပုန်ကန်လျင် ဗကပ အတော် အကျဉ်းအကျပ် ကျပါမည်။

နောက်တွင်လည်း SSIA. KIA. PSLO (ပလောင်ပြည် လွတ်မြောက်ရေးအဖွဲ့) ပေါ်ပါသည်။ ၁၉၈၈ နောက်ပိုင်းတွင် ပိုများ ပါသည်။ ချင်းကပါ ပုန်ကန်လာပါသည်။ သို့ သော် ကိုယ့်လုပ်ငန်းစဉ်နှင့်ကိုယ် ဖြစ်နေပါသည်။ ပြည်တွင်းပြည်ပပေါ်လစီတွေ သီးခြားဖြစ်နေ ပါသည်။

ဘုံရန်သူရှိရုံနှင့်မပြီး၊ ဘုံလုပ်ငန်းစဉ် ရှိရပါမည်။

အမြော်အမြင်ရှိကြလျှင် စစ်အေး လွန်ကာလတွင် ဘုံလုပ်ငန်းစဉ် ရှိနိုင်သည်ဟု ထင်ပါသည်။

(၄) တောင်တန်းသားမိတ်ဆွေများအကြောင်း

၁၉၄၈ တွင် မလွှဲမရှောင်သာ လွတ်လပ်ရေးပေးရတော့မည့် အခြေအနေတွင် ““တောင်တန်းသား မိတ်ဆွေများအဖွဲ့” အင်္ဂလိပ်အုပ်စိုးသူ အသိုင်းအဝိုင်းတွင် ပေါ်သည်။ နာမည်ကျော် ချာချီကို အမှူးပြုပြီး ဘုရင်ခံဟောင်းဒေါ်မန်စမစ် ခေါင်းဆောင်သည်။ အင်္ဂဗျူရိုကရက်ကြီးများ ပါကြသည်။

“မိတ်ဆွေများ”က တောင်တန်း သားများကို အကူအညီပေးတော့မလိုလို ပြောသည်။ တောင်တန်းသားများကလည်း အကူအညီ ရတော့မလိုလို ထင်ယောင်မှားကြ သည်။

သို့သော် ခေတ်ကြီးက ပြောင်းခဲ့ပြီ။ နယ်ချဲ့ကမ္ဘာ့အခင်းအကျင်း ကုန်ဆုံးသွားပြီ။ နယ်ချဲ့များ နောက်ဆုတ်နေရပြီ။ အင်္ဂလန်တွင် ချာချီအစိုးရ ပြန်တက်တော့လည်း ဗမာပြည် ဘက် လှည့်မကြည့်ပါ။ အင်္ဂလိပ်နယ်ချဲ့က စူးအက်တူးမြောင်းအရှေ့ဘက် ခြေချစို့။

“အင်္ဂလိပ် တောင်တန်းသား မိတ်ဆွေများ” တဇာတ်သိမ်းခဲ့ပြီ။ ယနေ့ ပေါ် နေသည်က “ဗမာပြည်အရေး ကျွမ်းကျင်သူ ပါရဂူ” များ၏ “တောင်တန်းသား မိတ်ဆွေများ” အသစ်ဖြစ်သည်။ သူတို့က အာဏာပိုင်များ မဟုတ်၊ နိုင်ငံရေးပွဲစား၊ လက်သစ် စီအိုင်အေ၊ နိုင်ငံရေးဒေါက်တာ ရမ်းကုများ ဖြစ်သည်။ ထိုအထဲတွင် ဘာတီး လင့်တနာဆိုသူ ပါသည်။

ဘာတီးလင့်တနာသည် အခြား “ပါရဂူ” များထက် တလုံးပိုရှူနိုင်သည်။ သူက “ပန်ဆန်းပြန်”။ သူပန်ဆန်းရောက်သည်မှာ မိတ်ဆွေကြီး ဘရန်ဆိုင်း၏တောင်းပန်ချက်အရ ရောက်ခြင်း ဖြစ်သည်။ စာအုပ်တအုပ် နှစ်အုပ်ရေးပြီး “ဗမာပြည်အကြောင်း ကျွမ်းကျင် သူပါရဂူ” လုပ်နေသူမှာ သူတယောက်တည်း မဟုတ်၊ များသည်။ သူတို့က စာအုပ်ရေးကြ သည်။

သူတို့ရေးသမျှက တောင်တန်း သားကို ချီးကျူးစရာ ရှာချီးကျူးသည်။ ဗမာဆိုလျှင် နီသောဖြူသာမရွေး ဆန့်ကျင် သည်။ ဘာတီးလင့်တနာ ရန်ကုန်ရောက်ပြီး ပြန်လာတော့ ဗိုလ်ခင်ညွန့်က သူ့ကို အင်္ဂလိပ် လို “ကျုပ်တို့တွေ့ကြပြီ” ဟု ပြောကြောင်း၊ တို အင်္ဂလိပ်စကားကို အလွတ်ကျက်ပြီးပြောဟန် တူကြောင်း ကျွန်တော်တို့ထံ စာရေးဖူးသည်။ ဗမာဆိုလျှင် နှိမ်စရာမရှိ ရှာပြီးနှိမ်သည်။

တောင်တန်းသားလည်းဖြစ်၊ ခရစ် ယာန်လည်းဖြစ်လျှင် သူတို့အတွက် ချီးကျူး စရာချည်း။ အင်္ဂလိပ်စစ်သားဟောင်းကြီးက စကော့တလန် ချိုင်းညှပ်လေသွင်းပုလွေ မှုတ်တာကိုပင် ချီးမွမ်းခန်းဖွင့်သည်။ နယ်ချဲ့ လက်ကျန်ကို ထိန်းသိမ်းသဖြင့် ကျေနပ်သည်။

စစ်အေးလွန်ခေတ် “တောင်တန်း သား မိတ်ဆွေများ” အကြောင်းကို အဓိက ရေးချင်သည်မှာ ဤကိစ္စများ မဟုတ်ပါ။ သူတို့ လုပ်ပေါက်ကို မိတ်ဆက်ပေးလိုခြင်းသာ ဖြစ် သည်။

သူတို့ ဆေးမြီးတိုပေးခဲ့သည်၊ ပေး နေသည်။

“အကြမ်းမဖက်ရေး” ဆေးမြီးတို ကြောင့် ပျော့ပျော့ကျန်တော့သည့် လူနာကို ယခု “ရတဲ့ဈေးနဲ့ ထုတ်ရောင်း ချေးများမနေနဲ့” ဟု ဆေးမြီးတို ပေးနေကြပြန်ပြီ။ ရဲဘော်များ၊ မိတ်ဆွေများ သတိရှိကြစေချင်သည်။

ကျွန်တော်တို့တွင် အားနည်းချက် ရှိသည်။ ပြည်တွင်းနိုင်ငံရေးသတင်းကို ထို “ပါရဂူ”များထံမှ ယူနေရသည်။ ပြည်တွင်းရှိ နိုင်ငံရေးပုဂ္ဂိုလ်များကလည်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့် မရှိ၍ လူသိများစေချင် သည့် နိုင်ငံရေးသတင်း၊ အသံလွှင့်ပေးစေချင် သည့် သတင်းကို သူတို့ကို ပေးနေရသည်။

တောင်တန်းသား မိတ်ဆွေ အဟောင်းဖြစ်စေ၊ အသစ်ဖြစ်စေ “ပြည်ထောင် စု ပြဿနာ” ကို ကူညီဖြေရှင်းပေးနိုင်သူများ မဟုတ်ကြ။ သို့သော် သူတို့တွင်ကျယ်နေသည်။ ခြေရှုပ်နေသည်။ ခြေရှုပ်တာကနေ ခြေထိုးလိမ့် မည်။

၁၉၈၈ သည် အလှည့်အပြောင်းနှစ် ဖြစ်သည်။ အလှည့်အပြောင်းတခုမှာ “ခွဲထွက် ရေး” “သီးခြားတိုင်းပြည် ထူထောင်ရေး” ကို အဓိကလူမျိုးစု အင်အားစုများက အတိ အလင်းစွန့်ပယ်ပြီး၊ ဒီမိုကရေစီနှင့် ပြည်ထောင်စု ဘက်သားများ ဖြစ်သွားကြသည်။ ခွဲထွက်ရေး၊ သီးခြားတိုင်းပြည် ထူထောင်ရေးကို ကရင်နီ တိုးတက်ရေးပါတီကပင် သိပ်မပြောတော့။ နော်ဝေးပြည် အော်စလို (OSLO) တွင် ပြောတာဖတ်ရသည်။ ပြည်ထောင်စုဘက်သား ဖြစ်လာသူတိုင်းကို ကြိုဆိုရမည်။

လက်သစ် “တောင်တန်းသားမိတ်ဆွေများ”

သူတို့က အဟောင်းနှင့် လုံးဝ မတူပါ။ အဟောင်းများက ဗျူရိုကရက်ကြီးများ သပ်သပ် ဖြစ်သည်။ ရှင်းသည်။ အသစ်က ဂျာနယ်လစ်၊ NGO ၊ လူ့အခွင့်အရေးသမား အရေခြုံထားကြသည်။ အစစ်အမှန်များ ကြားတွင် ရောနေသည်။ “နိုင်ငံရေးပွဲစား” “နိုင်ငံရေးရမ်းကု” များ လုပ်သည်။ သူတို့ အကြောင်းရေးရင်း ရှုပ်နေတာများလည်း ရှင်းချင်သည်။

ဗကပ ယူဂျီ ၄၈၂၈ ကို ဖမ်းမိတော့ ဗိုလ်ခင်ညွန့် သတင်းစာရှင်းလင်းပွဲများ ကမန်း ကတန်း လုပ်သည်။ လုပ်သည့်ရည်ရွယ်ချက်က ရှင်းသည်။ သူလည်း ပြောထားပြီးဖြစ်၍ ရေးစရာမရှိပါ။ သူ၏ဖုံးကွယ်ထားသော ရည်ရွယ်ချက်ကိုသာ ရေးမည်။

ကွန်မြူနစ် ဆန့်ကျင်ရေးသည် အမေရိကန်၏ သည်းခြေကြိုက်ဖြစ်သည်။ ဒါကို ဗိုလ်ခင်ညွန့်သိသည်။ ထို့ကြောင့် ထိုအချက်ကို ကောက်ကိုင်လိုက်သည်။ တချက်ခုတ် နှစ်ချက် သုံးချက်ပြတ်ရန် ရည်ရွယ်သည်။

 –   ဒီချုပ်သည် ဗကပနှင့်မကင်းဟု စွပ်စွဲရန် (ဤစွဲချက်မှာ အောင်ကြီးစွဲချက်နှင့်တူသည်။)

 – နဝတသည် ဗကပကို အမြစ်ပြတ် ချေမှုန်း နေသည်ဟု အမေရိကန်ကို သတင်းပေးရန်။

 – ထိုင်းနယ်စပ်ရောက် ကျောင်းသားလူငယ် များကို မယုံနှင့်၊ ကွန်မြူနစ်အဆက်အသွယ်တွေ ဖြစ်သည်။ လက်နက်မကူညီနှင့်ဟု ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲစာအုပ်များကို ကြည့်လျှင် တွေ့နိုင်သည်။

ဖြစ်စဉ်ကို ပြန်လှန်လျှင်

လူထုအုံကြွမှုကြီး အရှိန်တက်နေလို့ က တက်ကြွသည့် လူငယ်များ (ရဟန်းသံဃာ တော်တော်များပင် ပါသည်) အတွင်း၌ ရလျှင်ရ – မရလျှင်ချ စိတ်ဓာတ်ရှိသည်။ ချလျင် လက်နက် လိုမည်။ “လက်နက် ထိုင်းနယ်စပ်တွင် ဂိုဒေါင် နှင့် အပြည့်ထည့်ပြီး စောင့်နေသည်။” အမေရိကန်က ပေးလိမ့်မည်။ အိန္ဒိယကလည်း တပ်မဟာ (၂) ခုဟာ လက်နက်ကူညီရန် ပြင်ထားသည်။ ချင်းတွင်းမြစ်အထိ ပို့ပေးမလိုလို သတင်းတွေဖြစ်နေသည်။ (ဗိုလ်ခင်ညွန့်တို့လည်း ကြားလိမ့်မည်။ ဟောပြောပွဲတွင် လည့်ဟောနေသည်ပဲ။)

ထိုထင်ယောင်မှားမှုဖြင့် ထိုင်းဘက် အထွက် များသည်။ အိန္ဒိယဘက် အတော် အသင့် သွားသည်။

ဗကပ၏သဘောထားမှာ ဒီမိုကရေစီ တော်လှန်ရေး၊ စစ်အစိုးရတိုက်ရေး အတွက်ဆိုလျှင် ဘယ်ကရရ ယူသင့်သည်။ မပေးလျှင် တောင်းရမည်။ ပါးစပ်နဲ့ ချည်း မကူပါနဲ့ လက်နက်ကူပါ ပြောရမည်။ လက်နက် ဟူသည် “အဖြူ – အနီ” မရှိ၊ လက်နက်ထမ်း သူသာ “အဖြူအနီ” ရှိသည်ဟု သဘော ထားပြီး သွားကြတာကို အားပေးခဲ့သည်။

မှန်းချက်နှင့်နှမ်းထွက် ပါ စင်အောင် လွဲသည်။ လိုအခါ ဗကပ “နိုင်ငံရေးဦးဆောင် အဖွဲ့” (နိုင်/ဦး) အရေးပေါ် အစည်းအဝေး ထိုင်သည်။ တညီတညွတ်တည်း ဆုံးဖြတ်သည် မှာ

 – ကျောင်းသားများ အမေရိကန်ဆီက မရလျှင် ဗကပ က ပေးရမည်။ လက်နက်ရလျှင် သူတို့ ဧရာဝတီမြစ်ဝှမ်းအခြေခံရန် သွားကြ လိမ့်မည်။ လူထုကလည်း ကြိုဆိုမည်။ လူထုနှင့် ခွဲခဲ့တာ မကြာသေး။

 – ကိုယ့်တပ်ရှိလျှင် ကိုယ်လွတ်မြောက် နယ်မြေ ရှိမည်။ လူထုကိုမှီခိုလျင် အဝတ်အစား၊ ဘဏ္ဍာ ကိုယ့်အားကိုယ်ကိုး လုပ်နိုင်ကြမည်။ နဝတ၏အာဏာ မခိုင်မြဲသေးခင် ဧရာဝတီ မြစ်ဝှမ်း အမြန်ဆင်းနိုင်ဖို့ လိုသည်။ ထို့ကြောင့်

– လက်နက်တသောင်းတိတိ ကူညီရန်၊ ကျောင်းသားတပ်ကို နာမည်ပေးချင်ရာပေး။ “ဒီမိုကရေစီ ပြည်ချစ်တပ်မတော် ” (DPA) ဆိုလျှင်ကောင်းသည်။ ကျောင်းသားများ အသက်ကြီးသွားလည်း ဒီနာမည်နှင့် လိုက်သည်။ ဖြန့်ခွဲထားသော ဂိုဒေါင်များ ထဲက ထုတ်ယူပြီး

အလွယ်တကူလာပြီး ထုတ်ယူနိုင်သောနေရာများတွင် စုစည်းထားရန်။

– ဖက်ဆစ်တော်လှန်ရေးတုန်းကလို ပါတီက နိုင်ငံရေးမှူးများ တွဲပေးလိုက်ရန် ပြင်ဆင် သည့်အနေဖြင့် “DPA နိုင်ငံရေးသင်တန်း” တခု အမြန်ဖွင့်ရန်။

အရေးကြီးသောဆုံးဖြတ်ချက်ဖြစ်၍ ဗဟို ကော်မတီစုံညီအစည်းအဝေးသို့ နိုင်/ဦး အဖွဲ့က တင်ပြသည်။

အများစုကြီးက လက်ခံသည်။ သို့သော် (နောင်အခါ ခွဲထွက်ကြမည့်) ဗဟို ကော်မတီအနည်းစုကလေးက မရဲတရဲ စောဒကတက်သည်။ နိုင်/ဦး အဖွဲ့၏ဩဇာကို လန့်၍ ဗြောင်တော့မကန့်ကွက်ရဲ။ ပါတီရဲ့ “ပြည်သူ့တပ်မတော် ရှိနေပြီပဲ – ကျောင်းသား တပ် ဖွဲ့စရာလိုသေးသလား” ဟု စောဒက တက်ခြင်း ဖြစ်သည်။ (ခွဲထွက်တော့ ဗမာအိုကြီး တွေက ဗမာကျောင်းသားတွေကို လက်နက် ပေးမလို့ လုပ်တာကြောင့် ဆန့်ကျင်ရတာဟု သူ့အောက်ခြေသို့ ပြောသည် )

ဟုတ်သည်။ ပြည်သူ့တပ်မတော် ရှိပြီး ဖြစ်သည်။ သို့သော် သူတို့က ဧရာဝတီ မြစ်ဝှမ်းသို့ မဆင်းနိုင်၊ ၁၉၆၈ မှ ၁၉၈၈ ထိ အကြိမ်ကြိမ်ဆင်းဖို့ ကြိုးစားဖူးသည်။ မြစ်ဖျား ဘက်သို့ဆင်းရန် လုပ်စဉ်က KIO ခံနေသည်၊ စစ်တိုက်ရသည်။ နောက်မဟာမိတ် ဖြစ်ကြ တော့ သူတို့ ကိုမှီခိုပြီး ဆင်းသည်။ သတင်း ပေါက်နေသည်။ အခြေအနေမရင့်မှည့်သေး၍ အကျအဆုံးများကာ မအောင်မြင်ခဲ့၊ ကေဒါ ကောင်းအများအပြား ကျဆုံးခဲ့ရသည်။ ၁၉၈၉ မှာ ကျွန်တော်တို့ အောက်ဘက်ကိုဆင်းလို၍ လမ်းပြပေးရန် သူတို့ကိုပြောတော့ သူတို့နှင့် န၀တ ကျိတ်ဆွေးနွေးနေသည်ကို မပြောပြဘဲ ကျွန်တော်တို့တောင်းဆိုတာကို ပယ်ချခဲ့သည်။

အဓိကဆင်းချင်သည်မှာ ပါတီဗဟို ရှိရာ ပဲခူးရိုးမတောင်ပိုင်းနှင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ် ဖြစ်သည်။ အင်းလေး ပေါင်းလောင်း အထိ ဆင်းသွားဖို့ မှာလွယ်သည်။ ပြဿနာမရှိ။ တောင်ငူ – ကျောက်ကြီးလွယ်ကော်လမ်း၏ မြောက်ဘက်အထိလည်း ပြဿနာမရှိ။ (နေဝင်းဆီ အောင်ကြီးစာရေးစဉ်က သုံးနှုန်း သည့် “ဟိုချီမင်းလမ်း” ဖောက်ခြင်း ဖြစ်သည်။)

ရန်သူက ထိုအကြံအစည်ကို သိသည်။ အပြင်းအထန် မီးကုန်ယမ်းကုန် ဖျက်သည်။ သခင်တင်ထွန်း၊ ဗိုလ်စိုးမောင်၊ ရဲဘော်လှမောင် (တောင်ငူ)၊ ရဲဘော်ဘမောင် (မုံရွာ) တို့ ရှမ်းပြည်အလယ်ပိုင်းတွင် ကျဆုံး ခြင်း၊ ၁၉၇၅ ခုနှစ်တွင် သခင်ဇင်၊ သခင်ချစ် စသူတို့ကျဆုံးခြင်းမှာ ဗကပ၏ စီမံကိန်းကို ဖျက်ရန်လုပ်သည့် ရန်သူ့ ထိုးစစ်များတွင် ကျဆုံးခြင်း ဖြစ်သည်။

မြစ်ဝကျွန်းပေါ် ပြန်လည်ဖော်ထုတ် ရေးစီမံကိန်းကို ယူဂျီနည်းနှင့် စပြီးလုပ်သည်။ သစ္စာဖောက်ကြောင့် တပြုံလုံးရန်သူ့လက် ရောက်သည်။

လမ်းကြောင်းချောမောရန် တပ် ပေါင်းစုလုပ်ငန်းကောင်းအောင် လုပ်ရာတွင် တခြားအဖွဲ့များနှင့် ချောမောသော်လည်း KNU နှင့် မချောမော၊ ဆရာစကော လယ်တောတို့ KNUP ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးရာတွင်လည်း အဆင်မပြေခဲ့ပါ။ အဆင် ပြေလျင် လက်နက်ထောင်နှင့်ချီပြီး ကူညီရန် ပြင်ထားသည်။ သူတို့က လက်နက်အကူအညီ ကိုပင် လက်မခံပါ။ သူတို့တွင်လည်း သူတို့ စဉ်းစားချက် ရှိပါလိမ့်မည်။

နောက်တော့ KNU တပေါင်း တစည်းတည်း ဖြစ်သွားသည်။ တပ်ပေါင်းစု စည်းဝေးပွဲ မရှိတော့။ မဒတ – ဗကပ ပန်ဆန်းစည်းဝေးပွဲကျမှ ပြန်တွေ့ကြသည်။

ပန်ဆန်းစည်းဝေးပွဲတွင် “မြို့ပေါ်မှာ လူထုအုံကြွမှု” ဖြစ်တော့မယ်ဟု (၂) ကြိမ် တိတိ ပြောခဲ့သည်။ အခိုင်အမာပြောလို့ မဖြစ် ၍ ဤမျှလောက်ပြောခြင်း ဖြစ်သည်။ သူတို့ စိတ်မဝင်စားပါ။

“အောင်မာဃထိုးစစ် လာတော့ မယ်” ဟု သခင်စိုးကို ပြောဖူး၍ ဒုက္ခရောက် သည့် သင်ခန်းစာရှိသည်။ ဗိုလ်ကျော်ဇောကို ၊ မသင်္ကာဖြစ်ပြီး နေဝင်းက တပ်မှထုတ်သည်။ ထိုသင်ခန်းစာရှိနေ၍ စောင်းပါးရိပ်ခြည်သာ ပြောဝံ့သည်။ တိုက်ရိုက်ပြောလည်း စိတ်ဝင်စား မည့်ပုံ မပေါ်ပါ။

မဆလ၏ “ဆိုရှယ်လစ် စီးပွားရေး စီမံကိန်း” ပိုလုပ်လေ – မှောင်ခိုဈေးကွက် ပိုကြီးထွားလေ – ဂိတ်ဖွင့်အခွန်ပိုကောက်နိုင် လေ ဖြစ်နေသည်။

အောင်ကြီးပြောသည့် “ဟိုချီမင်း လမ်း” ဖောက်ရေးကို ပြည်သူ့တပ်မတော်က လုပ်ရခက်သည်။ “ပြည်တွင်းစစ် ပြဿနာ” တွင် တင်ပြခဲ့သလို ကျွန်တော်တို့တပ်မှာ ဝ များ၊ ကိုးကန့်များ၊ အခါများ၊ ကချင်များဖြင့် ဖွဲ့ထားရရာ တပ်သုံးစကားမှာ တရုတ်စကား ဖြစ်သည်။ ဗမာစကား မတတ်ကြပါ။ အတွင်း ပိုင်း ပိုးဝင်လျှင် စကားပြန်နှင့်သွားရသည်။ သွားရမည့်နေရာက ဗမာဒေသ။ KNU နှင့် တပ်ပေါင်းစုကလည်း မချောမောတော့ အခက် အခဲအလွန်များသည်။

အကြိမ်ကြိမ် လန်ကျလာသောအခါ ပြည်သူ့တပ်မတော် တပ်မှူးကြီး (ဝ အမျိုးသား များက ၀ တောင်တန်းမှာသာ တိုက်ခိုင်းပါ။ ဒီတောင်ကုန်း ရန်သူ့လက် မကျစေနဲ့ဆိုရင် မကျအောင် အသေခံတိုက်မယ်။ ဗမာဒေသ တွေတော့ စကားမပေါက် ဘာမပေါက်နဲ့ မသွားပါရစေနဲ့တော့ဟု တင်ပြကြသည်။

ဗဟိုစစ်ကော်မရှင်နှင့် ဆွေးနွေးရင်း သူတို့က နည်းလမ်းတခုတင်ပြသည်။ လက်နက် ၂ လက် ထမ်းပြီးဆင်းမည်။ ဟိုမှာရှိတဲ့ ဒေသခံပြောက်ကျားတပ်ကို လက်နက်ပေးခဲ့ပြီး ပြန်လာမည်ဟု တင်ပြသည်။ “မြစ်ဝကျွန်းပေါ် စီမံကိန်း” မှာ ထိုအကြံအစည်ဖြင့် လုပ်ခြင်း ဖြစ်သည်။

သူတို့တင်ပြချက်မှာ အလွန်အကျိုး အကြောင်း ဆီလျော်ပါသည်။ ဗကပ ဗဟိုကလည်း ကိုယ့်ဝမ်းနာကိုယ်သာသိသည်။ တသက်မှာ တခါကြုံမည့် အခါအခွင့်ပေးခိုက် ကြိုးစားချင်သည်။ ဗဟိုနှင့်တပ်မှူးကြီးများ ဤသို့ ပဋိပက္ခဖြစ်နေသည်မှာ နှစ်ချီပြီးကြာခဲ့ပြီ။ ။

ဗမာကျောင်းသားတွေကို လက် နက်တသောင်းပေးရေး ဆုံးဖြတ်သောအခါ ပဋိပက္ခအထွတ်အထိပ်သို့ ရောက်တော့သည်။ လက်နက်တသောင်း မပေးနိုင်ခင် သူတို့က လက်ဦးမှုယူပြီး ခွဲထွက်ကြတော့သည်။ သူတို့ကို အနှစ် ၂ဝ တိုက်ခိုင်းခဲ့ပြီးမှ ဗမာကျောင်းသား တွေကို လက်နက်တသောင်း ပေးရမည်ကို နှမြောတွန့်တိုကြသည်မှာလည်း သဘာဝကျ ပါသည်။

ဤမျှရေးနေရခြင်းမှာ ပန်ဆန်းတွင် နှစ်ရက်တမွန်းတည့် နေခဲ့ရုံ၊ ဥက္ကဌနှင့်တွေ့ခဲ့ရုံနှင့် ဗကပ အကြောင်းနောကြေအောင် သိသူအဖြစ် ကြွားဝါနေသော ဘာတီးလင့်တနာဆိုသူ ပြောသမျှ အဟုတ်ထင်သူတချို့ ရှိနေ၍ ဖြစ်သည်။

ဗိုလ်ခင်ညွန့်က သူတို့နဝတ အကျိုး ကျေးဇူးအတွက် ၁၉၈၈ လူထုအုံကြွမှုကို ဗကပ လက်သို့ ထိုးအပ်သောအခါ ၄၈၂၈ နှင့် မဆက် သွယ်မိသော ကျောင်းသားခေါင်းဆောင်များက “ဗကပနဲ့ဘာမှမဆိုင်ဘူး၊ ငါတို့လုပ်တာ” ဟု ဖြေရှင်းကြသည်။ ဟုတ်ပါသည်။ ဗကပ က ဆိုင်သည်ဟု မပြောခဲ့ပါ။ ဗိုလ်ခင်ညွန့်နေ တာပါ။ ဗကပ ကလည်း ဟုတ်နေလျှင်တောင် မပြောသင့်ဟု ထင်ပါသည်။

ကျောင်းသားများက ပြောမိလျှင် အမေရိကန်ထံမှ လက်နက်ရရေး မျှော်လင့်ချက် သာမက ငွေရရေးပါ လုံးဝပိတ်သွားလိမ့်မည်။ ထို့ကြောင့် မပြောသင့်ပါ။ ပြောလျှင်ပင် မပြော သင့်ကြောင်း ဗကပ က အကြံပေးမည်။

နောက်တကြောင်းမှာ ထိုင်းနယ်စပ် တွင် ဗကပပါဟုပြောလျှင် သက်သာမည် မဟုတ်။ ခေါင်းကောင်း၍ ဓားတောင်းခြင်း ဖြစ်သွားမည်။

ကာယကံရှင် ကျောင်းသား ခေါင်းဆောင်များ ပြောသည်ကို ဗွေမယူပါ။ မဆီမဆိုင် ဘာတီးလင့်တနာက သူ့စာအုပ်တွင် ဗကပနှင့် ၁၉၈၈ အုံကြွမှုမဆိုင်ဟု အတော် ကလေး ရေးသည်။ စာအုပ်ထွက်ကတည်းက ဖတ်ရပါသည်။ အရေးမဟုတ်၍ အလေးမထား ခဲ့ပါ။

ယခုရေးနေသည်မှာ “လက်သစ် တောင်တန်းသား မိတ်ဆွေများ” ၏ အန္တရာယ် ကို သတိပေးလို၍ဖြစ်သည်။ သူတို့သည် “အကြမ်း မဖက်ရေး” ဆေးမြီးတိုပေးပြီး ဒီမို ကရေစီ လက်နက်ကိုင်တော်လှန်ရေးကို သား လျောစေခဲ့ပြီးပြီ။ ယခု ပျော့ပျော့သာ ကျန်သော လူမမာကို “ဈေးမကိုင်နဲ့ ရတဲ့ဈေးနဲ့ ရောင်း ထုတ်” ဟု ပေးနေကြပြန်ပြီ။ ဤဆေးမြီးတို စားမိလျှင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်တော့မည်။ နေဝင်း၊

အောင်ကြီးစစ်အုပ်စုကို မြေမြှုပ်သင်္ဂြိုဟ်ပြီး သုံးချောင်းထောက် နအဖ စစ်အုပ်စုကို အလဲထိုးရမည့်အချိန် ဖြစ်နေ၍ ဤသို့တင်ပြနေခြင်း ဖြစ်သည်။ (ဖွင့်ပြောရန် အချိန် ရောက်နေ၍လည်း ဖွင့်ပြောပါသည်။)

(၅) ၂ ဦး ၂ ဘက် အစွဲအလမ်းများ

ဗမာ၊ ရှမ်း၊ ကချင်၊ ကရင်၊ ၀၊ ပအိုးဝ် စသဖြင့် လူမျိုးအားလုံးတွင် အစွဲအလမ်းများ ရှိကြသည်။ ခွဲထွက်ရေးဒီရေမြင့်ချိန်က ခွဲထွက်ရေးခေါင်းဆောင်များ၏ အစွဲအလမ်းကို အရင်တင်ပြမည်။ နောက်မှ ဗမာလူမျိုးကြီး ဝါဒီတို့၏ အစွဲအလမ်းကို တင်ပြမည်။ “ပြည် ထောင်စုမူ” ကို ပို၍ အန္တရာယ်ပေးသည်မှာ လူမျိုးကြီးဝါဒီ အစွဲအလမ်းဖြစ်သည်။ အခုအထိ ဒုက္ခပေးနေဆဲ ဖြစ်သည်။

၁၉၈၈ – ၉၀ တွင် ခွဲထွက်ရေး ဒီရေက ကျသွားခဲ့ပြီ။ ဒီရေတက်ချိန်ကတော့ ဗမာဆို နီနီ၊ ဖြူဖြူ၊ ညိုညို၊ မည်မည်း မယုံရ၊ အားလုံး လည်သည်၊ လိမ်သည်ဟု စွဲလမ်း သည်။

၁၉၆၃ ခုနှစ်က အတွေ့အကြုံတခု တင်ပြမည်။ ရှမ်းခွဲထွက်ရေး ခေါင်းဆောင် တက္ကသိုလ်ပညာတတ် တယောက်နှင့် တပ် ပေါင်းစုကိစ္စ ဆွေးနွေးစဉ်က ဖြစ်သည်။ ဆွေးနွေးသည်ဆိုတာထက် ခရီးသွားဟန်လွှဲ တွေ့ကြခြင်း ဖြစ်သည်။ သူက စွဲချက်နှစ်ခု တင်သည်။

ပထမစွဲချက်။ ၁၉၄၇ အခြေခံ ဥပဒေသည် ဗမာ ဥပဒေကျွမ်းကျင်သူများက ရှမ်းစော်ဘွား (ဥပဒေနားမလည်သူ) များကို လိမ်ခြင်းဖြစ်သည်ဟု စွပ်စွဲသည်။ သူတို့မိဘများ ပညာမတတ်၍ အလိမ်ခံရခြင်း  ဖြစ်သည်၊ သူတို့ ခေတ်မှာ အလိမ်မခံတော့ဟု ဆိုသည်။ အမှန် မှာ ဖဆပလနှင့်စော်ဘွား အပေးအယူ လုပ်ကြခြင်း ဖြစ်သည်။ စော်ဘွားများသည် အင်္ဂလိပ်အရေးပိုင်၊ နယ်ပိုင်ဝန်ထောက်နှင့် ဈေးဆစ်ဖူးသူများဖြစ်၍ လည်ပါသည်။ သမ္မတ နေရာရအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးနေရာများရအောင်၊ ရွေးကောက်ပွဲ မဝင်ဘဲ အမတ် ၂၅ နေရာရအောင် လုပ်နိုင် သူများ ဖြစ်သည်၊ မအပါ။ အမတ် ၅၀ ရှိသည့် ပြည်နယ်လွှတ်တော်တွင် ၅၀ရအောင် လုပ်သွားခြင်း ဖြစ်သည်။ (စစ်အုပ်စုက ၂၅% သာ တောင်းနေခြင်းနှင့် ယှဉ်ကြည့်ပါ။)

ဒုတိယစွဲချက်။ ဗမာချင်း လက်ဝါး ချင်းရိုက်ပြီး လူမျိုးစုတွေကို လက်နက်ချအောင် လုပ်သည်။ ဤစွဲချက်က ပိုကြီးသည်။ ဗကပကို ဦးတည်သည်။

– သူ့အပြောအရ ၁၉၆၃ စေ့စပ် ဆွေးနွေးပွဲခေါ်တော့ SSIA ကိုယ်စားလှယ်များ သွားကြသည်။ ရန်ကုန်မရောက်။ လွယ်လင် လား၊ တောင်ကြီးလားမသိ အဲဒီက ပြန်ခဲ့ ရသည်။ သူတို့နှင့်တွေ့ရသူက ဗိုလ်တင့်ဆွေ (ထင်သည်။) မဆွေးနွေးရဘဲ လက်ချာ နား ထောင် ပြန်ခဲ့ရသည်။ မင်းတို့ ငါတို့ဟုသုံးပြီး လက်ချာရိုက်လွှတ်လိုက်သည်ဟု ဆိုသည်။

ဗမာချင်းဆွေးနွေးပွဲကျတော့ တန်းတူရည်တူ အကြီးအကျယ်လုပ်ပေးသည်။ လေးလေးစားစား ဆက်ဆံသည်။ စာစောင် စာတမ်းတွေ ထုတ်သည်ဟု စွပ်စွဲသည်။ ရဲဘော် ဌေးနှင့် ဗိုလ်စောမြင့် တမြို့တည်းသား၊ ကျောင်းသားကြီးနှင့် ကျောင်းသားငယ် ဖြစ်ကြောင်း၊ ဗိုလ်ဇေယျနှင့် ဗိုလ်လှဟန် တပ်မှူးကြီးတပ်မှူးငယ်ဖြစ်ကြောင်း ရှင်းပြတော့ စွဲချက်ကြီးတခု ထပ်ပြီးတင်သည်။

ထိုစွဲချက်မှာ ဆွေးနွေးပွဲ မှတ်တမ်း စာအုပ်ကြီးတွင် ကွက်လပ်များပါနေသည်။ ထိုကွက်လပ်များမှာ သူတို့၏ယုံကြည်ရသော အတွင်းပိုင်းသတင်းအရ ဗကပနှင့် တော်လှန် ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် ညှိကြခြင်း ဖြစ်သည်ဟု စွပ်စွဲသည်။ ဟန်တာသာမွှေးက လွဲပြီး လူမျိုးစုတွေအားလုံး တောထဲပြန်ကုန်ပြီ၊ ဘယ်လို လုပ်ကြမလဲ၊ ဗကပ (ဗမာနီ ) က တောထဲပြန်သွားဖို့၊ လူမျိုးစုတွေကို နောက်တခါ တောမောင်းပြီး (ဗမာညို ) စစ်အစိုးရအောက် ရောက်အောင် တောမောင်းပေးဖို့ တိုင်ပင်ကြခြင်း ဖြစ်သည်ဟု စွပ်စွဲသည်။ (သခင်စိုးက “ကျွန်ပွဲစားကြီး” ဟု စွပ်စွဲတာမျိုးနှင့် ဆင် သည်။

မဟုတ်ပါဘူးဟု ပြောသော်လည်း မည်သို့မျှ ပြောမရ။ ထိပ်တန်းလျှို့ဝှက်ကိစ္စဖြစ်၍ သူ့ကို မဟုတ်ပါဘူးထက်လည်း ပိုမပြောနိုင်။ ဤသို့ဖြင့် ဆွေးနွေးပွဲပြီးသွားသည်။

မကြာခင်ကတော့ KNU ခေါင်း ဆောင်တဦးနှင့် မှာလိုက်ရသည်။ သူစွပ်စွဲသလို မဟုတ်ကြောင်း၊ ၁၉၆၃ ဆွေးနွေးပွဲ မစခင်ကတည်းက တော်လှန်ရေးကောင်စီနှင့် နားလည်မှု ယူခဲ့ကြောင်း၊ ဆွေးနွေးပွဲ အောင်သည်ဖြစ်စေ၊ ပျက်သည်ဖြစ်စေ သခင် ဗသိန်းတင်သည် ဗကပ ကိုယ်စားလှယ်၊ အလုပ်ရှိရာ တရုတ်ပြည်သို့ ပြန်သွားမည်ဟု နားလည်မှု ယူထားကြောင်း၊ ဆွေးနွေးပွဲ ပျက်သောအခါ ပြန်သွားရေးဆွေးနွေးကြခြင်း ဖြစ်ကြောင်း၊ တရုတ်ပြည်က အထူးလေယာဉ် လာကြိုရေးကိစ္စပါနေ၍ သုံးဦးသုံးဖလှယ် ဆွေးနွေးရသလို ဖြစ်နေကြောင်း၊ ဆွေးနွေးပွဲ ပျက်ခါမှ အကြာကြီးဆက်ပြီး ဆွေးနွေးကြသည် မှာ ဒါကြောင့်ဖြစ်ကြောင်း မှာလိုက်ရသည်။ ဆွေးနွေးသည်ကလည်း ကိုယ်စားလှယ်အဖွဲ့ ၊ ခေါင်းဆောင်ချင်းဖြစ်နေ – အပြန်အလှန်လည်း အကြာကြီးဆွေးနွေးနေ – ဆွေးနွေးသည့် အတွင်းသဘောကိုလည်း ဖော်မပြောဘဲ ကွက်လပ်ထားနေ – ဆိုတော့ မသင်္ကာစရာ ကြီး ဖြစ်နေသည်။ သူတို့ မသင်္ကာဖြစ်တာ မဆန်းပါ။

စစ်အုပ်စုတွင် လုပ်နည်းတခု ရှိသည်။ ထိုလုပ်နည်းကို ယခုပိုပြီး လုပ်နေသည်။ ထိုလုပ်နည်းမှာ တော်လှန်ရေးအင်အားစုများ အတွင်း သံသယပွားအောင် သတင်းလိမ်ကို တမင်ပေါက်ကြားပေးသည့်နည်း ဖြစ်သည်။ (SSIA ခေါင်းဆောင်များ မည်သည့်နေရာက ထိုသတင်းလိမ်ရသည်ကို ကျွန်တော်တို့ ခန့်မှန်း နိုင်ပါသည်။ မပြောသင့်၍ မပြောတော့ပါ။)

SSIA နှင့်တော့ မတိုက်ခဲ့ရပါ။ KIA နှင့် တိုက်ခဲ့ရသည်။ စစ်အစိုးရက ဝင်ပြီးအမြတ်ထုတ်တာ အကြိမ်ကြိမ်ခံခဲ့ရသည်။ “ငြိမ်းအဖွဲ့များ” ဖြစ်သောအခါ အချင်းချင်းရန်တိုက်ပေးသည့်နည်း စစ်အုပ်စုက အကြီးအကျယ်လုပ်သည်။

အဖွဲ့အစည်းအသီးသီးတွင် အတွင်း ပဋိပက္ခများရှိကြသည်။ ဗကပခွဲထွက်များ အတွင်း ရှိသလို မဟာမိတ်များအတွင်း၌လည်း ရှိသည်။ KIO အဖွဲ့အတွင်း ပဋိပက္ခပြင်းထန် နေသည် ဟုကြားရသည်။ ပါတီဗဟိုက မိမိ ရဲဘော်များအတွင်းရော၊ မဟာမိတ်များ အတွင်းမှာပါ ၊ ပြည်သူတွင်းပဋိပက္ခအဖြစ်နှင့် အကြိမ်ကြိမ်ဝင်ပြီး ဖြေရှင်းပေးခဲ့ရဖူးသည်။ စေ့စပ်ပေးခဲ့သဖြင့် ရန်/ငါ ပဋိပက္ခအဖြစ် မကူးပြောင်းခဲ့ပါ။

ငြိမ်းအဖွဲ့များခေတ်သို့ ရောက် သောအခါ စစ်အုပ်စုက ရန်/ငါ ပဋိပက္ခ အဖြစ်သို့ မရောက်ရောက်အောင် တွန်းပို့ သည်။ ဤသို့ဖြင့် ““ငြိမ်းအဖွဲ့” တချို့ ပျက်စီး သွားသည်။

သွယ်ဝိုက်မနေတော့ဘဲ ရှင်းအောင် ရေးမည်။

ဗကပ လက်ထက်က ကိုးကန့်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မိုးမိတ် ဒေသ များသည် မြောက်ပိုင်းဗဟိုဌာနခွဲအောက်က ဖြစ်သည်။ လူမျိုးစုံသည်။

ခွဲထွက်ကြတော့ အားလုံး ဖုန် ညီအစ်ကိုအောက်ရောက်သည်။ ဖုန်ညီအစ်ကို နှင့် ယန်ညီအစ်ကိုတို့ အတွင်းပဋိပက္ခ ကြီး သည်။ ပါတီထဲ သူတို့ရှိစဉ်ကတော့ ပါတီက ပြည်သူတွင်းပဋိပက္ခအဖြစ် အကြိမ်ကြိမ် ဖြေရှင်း ပေးခဲ့၍ ရန်/ငါ ပဋိပက္ခအဖြစ်သို့ တိုးပွား မသွားခဲ့။

“ငြိမ်းအဖွဲ့” ဖြစ်သောအခါ ပဋိပက္ခ ကို စစ်အုပ်စုက ဆွပေးသည်။ ဆွပေးဖို့လည်း လွယ်သည်။ သူဌေးဖြစ်လမ်း စီးပွားရေး အခွင့်အလမ်းများဖြင့် ဆွပေးလို့ရသည်။ ဘိန်း မူးယစ်ဆေးဝါးလုပ်ငန်းဖြင့်လည်း ဆွပေးလို့ ရသည်။ သစ်ကန်ထရိုက်၊ ကျောက်မျက် တူးဖော်ခွင့် စသည်များဖြင့် ဆွပေးလို့ရသည်။

တိုင်းစစ်ဌာနချုပ်နှင့် ထောက်လှမ်း ရေး အတိုင်အဖောက်ညီညီလုပ်ကာ ပဋိပက္ခကို ဆွပေးသည်။ (ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့် ပဋိပက္ခဟု ထင်ယောင်မှားသွားအောင် တမင် လုပ်ကြသည်။)

ဖုန်နှင့်ယန် ပဋိပက္ခမှာ (စစ်အုပ်စုက မြှောက်ပေး၍) အာဏာသိမ်းပွဲအထိ ဖြစ်သွား သည်။ ယန်ညီအစ်ကို အာဏာရသွားသည်။ ဖုန်တို့ ထွက်ပြေးရသည်။ မကြာပါ၊ ဖုန်တို့က ယန်တို့ကို ဖြုတ်ချကြသည်။ ငါးပျံတလှည့် ဗုံလုံတလှည့် ဖြစ်နေကြသည်။

ဤသို့ အာဏာသိမ်းပွဲ၊ တန်ပြန် အာဏာသိမ်းပွဲ ကိုးကန့်တွင် ဖြစ်နေသောအခါ ကချင်များ၊ ရှမ်းများ၊ ပလောင်များက မုံကိုး ဘက်တွင် သီးခြားထောင်ကြသည်။ သူတို့တွင်း၌လည်း အပြန်အလှန်အာဏာသိမ်းပွဲများ ဖြစ်သည်။ ဗကပလက်ထက်က အမျိုးသား များ ဦးစီးသည့် အများအပြားပါသည့် တပ် မဟာရှိသည်။ ထိုတပ်မဟာနှင့် ကိုးကန့်ပေါင်း ပြီး အာဏာသိမ်းရန် ကြံစည်ကြသည်။ အသေးစိတ် တင်ပြမည်။

အာဏာသိမ်းမည့်အကြောင်း အသေးစိတ်အစီအစဉ်ကို လားရှိုးသို့ ကိုယ် စားလှယ်လွှတ်ကာ ထောက်လှမ်းရေးသို့ သွား ပြောသည်။ ထလရ က ထိုသတင်းကို တိုင်း စစ်ဌာနချုပ်သို့ ပေးသည်။ လာပြောသူ ကိုယ်စားလှယ်ကိုလည်း ဖမ်းထားလိုက်သည်။ သတ်ပစ်သည်ဟုလည်း ကြားရသည်။ မသေ ချာပါ။ ပြန်မရောက်တာတော့ သေချာသည်။

စီစဉ်ထားသည့်အတိုင်း အာဏာ သိမ်းပွဲလုပ်သည်။ လားရှိုးက မီးစိမ်းပြသည် ဟုထင်ပြီး လုပ်ကြခြင်း ဖြစ်သည်။ အာဏာ သိမ်းတပ်ကို နအဖတပ်က ဆွေးနွေးရန်ဟု လိမ်ခေါ်ပြီး ခေါင်းဆောင်၊ တရုတ်ခေါင်းဆောင် များ အပါ တတပ်လုံးကို သတ်ပစ်လိုက်သည်။

အာဏာသိမ်းခံရဆဲ ဖြစ်နေသည့် ကချင်ခေါင်းဆောင်များကိုကား ဆွေးနွေးရန်ဟု လိမ်ခေါ်ပြီး ဖမ်းသည်။ တပ်ကိုလက်နက်ဖြုတ်ပြီး တပ်ဖျက်ပစ်လိုက်သည်။ ဤသို့ဖြင့် ၂ ဘက် စလုံး ချေမှုန်းခံလိုက်ရသည်။

သေသွားသူများရော အဖမ်း ခံရသူများပါ သူတို့ခံရတာ ဗိုလ်ခင်ညွန့် မသိ လိုက်ဘဲ ဗိုလ်မောင်အေးက လုပ်တာဟု ထင်သွားကြသည်။ ဗိုလ်ခင်ညွှန့်သာသိလျှင် ထိုသို့မဖြစ်ဟု ထင်နေကြသည်။ မဟုတ်ပါ။ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့် ပူးပေါင်းပြီး လုပ်လိုက်ခြင်း ဖြစ်သည်။

ကျွန်တော်တို့ သတိပြုသင့်သည်မှာ ထောက်လှမ်းရေး၏တာဝန်မှာ ထောက်လှမ်း ရန်သာဖြစ်သည်။ သူတို့က လက်နက်မဲ့ ရွာသားနှင့် မြို့ပေါ်မှယူဂျီ ဖမ်းနိုင်သည်။ သူတို့ ခြေနိုင်လက်နိုင်ဆိုလျှင် သူတို့လုပ်လိမ့် မည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထား သော ၊ တိုက်ရည်ခိုက်ရည်ဝနေသော တပ် တတပ်ကို ချေမှုန်းချင်လျှင် သူက ထောက်လှမ်း ရေး သတင်းပေးပြီး စစ်တပ်ကိုင်ထားသူ တပ်မှူးကိုသာ တင်ပြရသည်။

ထလရ ဗိုလ်ခင်ညွန့်နှင့် တပ်မှူး ဗိုလ်မောင်အေး ပူးပေါင်းပြီး “စစ်ဦးစီးမှူး” လီညီမွန်၊ “ပြည်သူ့အသံ” ကိုရဲအောင်ဦးစီး သည့် အင်အားသုံးလေးရာတပ်ကို တယောက်မကျန်လုပ်ကြံ ချေမှုန်းလိုက်ခြင်း ဖြစ်သည်။ ဗိုလ်ခင်ညွန့်အစအဆုံးသိသည်။ “ငြိမ်းအဖွဲ့” မှလက်နက်ကိုင်တပ်များ ဘယ်ရောက်ပြီး ဘာလုပ်နေသည်ကို အမြဲ ထောက်လှမ်းပြီး ဗိုလ်ခင်ညွန့်သို့ သတင်းပို့ နေရခြင်း ဖြစ်သည်။ အချိန်နှင့်တပြေးညီ တင်ပြနေရခြင်း ဖြစ်သည်။

လက်နက်ကိုင်တပ် မပြောနှင့် အတိုက်အခံခေါင်းဆောင်များ၏ လှုပ်ရှားမှု တိုင်းကိုပင် ထောက်လှမ်းသတင်းပို့နေရသည်။ ၁၉၈၈ – ၈၉ က ဗိုလ်အောင်ကြီး၏လှုပ်ရှားမှုကို ထောက်လှမ်းရေးက အစီရင်ခံတင်ပြပုံကို ဥပမာပြမည်။

အောင်ကြီး မေမြို့ သို့ ဘယ်ကားစီးပြီး ရောက်လာသည်။ ဘယ်မှာ တည်းသည်။ ဘယ်အချိန် မီးပိတ်ပြီးအိပ်သည် ထင်ရသည်။ မနက်ဘယ်အချိန် ထွက်လာပြီး ဘယ်သွား သည်။ ဘယ်သူ့ကို လက်ပြနှုတ်ဆက်သည်။ ဘယ်အိမ်ဝင်သည် စသဖြင့်ခြေလှမ်းတိုင်း၊ လှုပ်ရှားမှုတိုင်းကို ထောက်လှမ်းရေးဗဟိုသို့ သတင်းပို့နေသည်။

ကျွန်တော်တို့ ရဲဘော် (ဟောင်း) များက လားရှိုးသို့သွားပြီး ဘယ်လိုအာဏာ သိမ်းမည်၊ ဘယ်မှာတပ်တွေစုထားသည် ဆိုသည်ကို အသေးစိတ် ထလရသို့ သံတော်ဦး တင်ကြသည်။ ထိုသတင်းကို ဗိုလ်ခင်ညွန့်က သတင်းထိန်ချန်ထားချင်၍ မရပါ။ ဗိုလ် မောင်အေးကို ပေးရသည်။ ဗိုလ်မောင်အေးက တပ်စုစည်းကာ ချေမှုန်းလိုက်ခြင်း ဖြစ်သည်။ လွယ်လှသည်။ လက်နက်ကိုင် တော်လှန်ရေး ကာလက ဤမျှအထိနာသောဆုံးရှုံးမှုမျိုး မရှိခဲ့ဖူးပါ။ ကျွန်တော်တို့က တော်လှန်ရေး သံယောဇဉ်ဖြင့် နာကျည်းကြေကွဲရသည်။

၁၉၆၂ ခုနှစ် အာဏာသိမ်း ကတည်းက စစ်အုပ်စုတွင်း ဆက်ဆံရေးနှင့် ပတ်သက်ပြီး နေဝင်းက စနစ်တခု လုပ်ထား သည်။ တယောက်အလုပ် တယောက် ဝင် မစွက်ရ (ဘုရင်က နယ်စားပယ်စား ပေးသလို မျိုး)၊ ဝင်စွက်လျှင် သူ့ကိုပြော၊ သူကအရေး ယူမည်။ သူက ထလရများလားပြီးလည်း သတင်းယူသည်။ နံပါတ်တစ်လုပ်နည်းမှာ ဤအတိုင်း ဖြစ်သည်။

ဗိုလ်စောမြင့်ကို အောင်ကြီးနှင့် နီးစပ်သည်ဟု ထင်သောအခါ အမှုရှာ ထုတ်ပစ် လိုက်သည်။ မည်မျှပင်သန့်ရှင်းသူဖြစ်စေ အမှုရှာလို့ ရသည်ချည်းဖြစ်သည်။ ဒီချုပ်ဗိုလ်တင်ဦးအပေါ် အမှုရှာတာ၊ တခြား သူများအပေါ် အမှုရှာခဲ့တာကြည့်ပါ။

ခွေးကိုတော့ ခွေးမလေး၊ လူအို တော့ လူမလေး ဖြစ်သွား၍သာ အခုနေဝင်း ခံလိုက်ရခြင်း ဖြစ်သည်။

နေဝင်းနည်းကို ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ လုပ်ချင်လည်း လုပ်မရပါ။ နဝတ – နအဖခေတ်တွင် နယ်စားပယ်စားများသည် တိုင်းပြည်ချင်း ဆက်ဆံသလို မူကြီး (၅) ချက် အရ ဆက်ဆံနေကြသည်။ လီညီမွန်ကိစ္စတွင် ငြိမ်းအဖွဲ့တွေအကြား ဗိုလ်ခင်ညွန့် ဩဇာ ကျသည်။ မတတ်နိုင်။

ခွဲထွက်များသာမက အမေရိကန်၊ ထိုင်း အိမ်နီးချင်းအားလုံးက ဗိုလ်မောင်အေး သာ (in charge) ဖြစ်သည်ဟု သိသွားသဖြင့် ထိုင်းက ဗိုလ်မောင်အေးကို မရမကဖိတ်သည်။ သူပြန်လာတော့ ဗိုလ်ခင်ညွန့်က ခွဲထွက်များကို ဝက်အူရစ် တင်းသည်။ သတင်းစာများတွင် UWSA. ဖုန်ကြားစင်း ညွှန်ကြားလွှာများ တွေ့လာရသည်။

ရှေ့တွင် ပြောခဲ့ပြီ။ ခွဲထွက် “ခေါင်းဆောင်” များသည် (တက်သည့်အစိုးရ တို့အစိုးရ လုပ်မည်ဟု) တင်ပြပြီးပြီ။ ယခု နောက်ပွင့်မည့် “မင်းဘုရား” ကိုးကွယ်ကြ လိမ့်မည်။

“ခွဲထွက် ခေါင်းဆောင်များ” ဟု သုံးပါသည်။ တဖွဲ့လုံးဟု မသုံးပါ။ ဤနေရာတွင် ကိုယ့်ကိုယ်ကို ဝေဖန်ရေးလုပ်ရမည်။ “ခွဲထွက် အောက်ခြေရဲဘော်များ” အပေါ် ပါတီက တာဝန်မကျေခဲ့ပါ။

အလွန်ပညာဆန်သော မာ့က်စ်ဝါဒ ကွန်မြူနစ်ဝါဒကို နားလည်လိုလျှင် စာတတ် ရသည်။ ကျွန်တော်တို့အနှစ်၂၀ အတူနေခဲ့ပြီး သူတို့ကို စာတတ်သူများ (၀စာ၊ ဗမာစာ၊ တရုတ်စာ ဘာစာမဆိုတခုခု) တတ်အောင် မလုပ်နိုင်ခဲ့ပါ။

ကျေးလက်တွင်အခြေခံလျှင် ပါတီ၏ အသွေးအရောင် (သတိမထားလျင်) ညံ့သွား တတ်သည်။ တပ်မှူးက ပဒေသရာဇ် အတွေး အခေါ်ဝင်ပြီး အောက်ခြေက ကျေးစိတ်ကျွန်စိတ် ဝင်တတ်သည်။ စာတခုခုတတ်အောင် သင် ထားလျှင် သူတို့ကျေးစိတ်ကျွန်စိတ် ဝင်ရန် ခဲယဉ်းသည်။ အချို့ သော ရဲဘော်ဟောင်းများ မူးယစ်ဆေးစွဲ၊ အေအိုင်ဒီအက်စ်ဖြစ်ဟူသော သတင်းများ ကြားရလေ ယူကျုံးမရ ဖြစ်ရလေ ဖြစ်၏။

ယခုလည်း အခြားနေရာများတွင် ထိုသို့အချင်းချင်း ရန်ငါပဋိပက္ခဖြစ်အောင်၊ အာဏာသိမ်းအောင် သွေးခွဲနေကြသည်။ သတိရှိသင့်ကြသည်။ ဗမာလူမျိုးကြီးဝါဒ သမားများသည် လက်နက်ဖြင့် အန်တုဖူးသော မည်သည့်လူမျိုးစု တပ်ဖွဲ့ကိုမဆို အာဃာတ ထားသည်။ အခွင့်သာလျင် တပ်လုံးပြုတ် ချေမှုန်းလိုကြသည်ဟု သတိပေးလိုသည်။

“ငြိမ်းအဖွဲ့”များဖြစ်အောင် စီးပွားရေးမက်လုံးပေးပြီး သိမ်းသွင်းခဲ့ခြင်းဖြစ်ရာ စီးပွားရေးမက်လုံးသည်ပင် စစ်အစိုးရ၏ သွေးခွဲရေးလက်နက် ဖြစ်နေသည်။ မူးယစ်ဆေး – ဘိန်းလုပ်မလား၊ ကုမ္ပဏီထောင်မလား၊ ကျောက်တူးဖော်ရေး လုပ်မလား၊ သစ်ကွက် ကန်ထရိုက် လုပ်မလား၊ သတ္ထုတူးလိုင်စင် ယူမလား၊ ကားသင်းထောင်မလား၊ တိုက်ဝယ် မလားအထိ ထလရကို အားကိုးနေကြရသည်။ ထောက်လှမ်းရေးက လွယ်လွယ်သွေးခွဲ၍ ရနေသည်။

အင်္ဂလိပ်ခေတ်၊ ဖဆပလခေတ်က ရှိခဲ့သည့် တောရှေ့နေအလုပ်မျိုး ထလရတပ်ဖွဲ့ တိုင်းက လုပ်သည်။ တောရှေ့နေသည် ဘာ ဥပဒေမှသင်မထား။ ဘာအာဏာမှလည်း မရှိ။ ဘယ်ကိစ္စ ဘယ်ရုံးသွားရမည်၊ လျှောက်လွှာ ဘယ်လိုတင်ရမည် သိသည်။ ဘယ်လိုအမှုမှာ ဘယ်သူအာဏာပိုင်သည်ကို သိသည်။

ထောက်လှမ်းရေးကလည်း တော ရှေ့နေလိုပဲ သိသည်။ အာဏာပိုင်ဝန်ကြီး ဌာနများသို့ သူကပဲ ဦးဆောင်ခေါ်သွားလေ့ ရှိသည်။ လိုသူကိုအားပေး မလိုသူကိုချောက်ချ လုပ်နိုင်သည်။ ဤနည်း “မက်လုံးပေးခြင်းနည်း” ဖြင့် သွေးခွဲနေသည်။

တောရှေ့နေဦးဆောင်ရသည်က ရွာသားအမှုသည် ဖြစ်သည်။ ထလရ ဦးဆောင် ရသည်က ဒေသအာဏာပိုင် ခွဲထွက်များ ဖြစ်သည်။ အာဏာပိုင်သူ ဖြစ်မှလည်း စီးပွား ရေးလုပ်ငန်းလုပ်ရန် အရင်းအနှီးရှိနိုင်သည်။

အရင်းအနှီး စုဆောင်းတာကတော့ ဘိန်း မူးယစ်ဆေးလုပ်ငန်းဖြင့် စုနိုင်သည်။ တိုတိုရှင်းရှင်းပြောလျှင် “လော်စစ်ဟန်လမ်းစဉ်” ဖြစ်သည်။ ကန်ထရိုက် လိုင်စင်ရှိလျှင် အစုစပ် ဝင်ချင်သူအများကြီး ရှိသည်။

လော်စစ်ဟန်ကို အောင်ကြီးတို့လူစု မွေးစဉ်က လော်စစ်ဟန်မှာ ကိုယ်ပိုင်လက်နက် ကိုင်တပ်ကလေးရှိသည့် သာမန်ဘိန်းသမား ဖြစ်သည်။ စစ်အုပ်စုအဆက်ဆက်နှင့်တွဲရင်း တပည့်ခံရင်း လုပ်ငန်းပေါင်းစုံလုပ်သော လုပ်ငန်းရှင်ကြီး ဖြစ်လာသည်။

“ငြိမ်းအဖွဲ့” ခေါင်းဆောင်များ ကိုလည်း စစ်အုပ်စုက လော်စစ်ဟန်ကို တွဲခေါ် သလို ခေါ်နေခြင်း ဖြစ်သည်။ သို့သော် “ငြိမ်း အဖွဲ့”နှင့် “လော်စစ်ဟန်” အခြေခံချင်း မတူကြပါ။ ကြီးမားသောကွဲလွဲချက် ရှိနေသည်။

ကွဲလွဲချက်ကိုသိရန် သမိုင်းကို လှန် မည်။ တချိန်က လော်စစ်ဟန်ရော ဖုန်ကြားစင်း ပါ ကိုးကန့်စော်ဘွားလက်နက်ကိုင်တပ်မှ ဖြစ်သည်။ နောက်ကျတော့ တယောက်က စစ်အုပ်စုနောက်လိုက် ဖြစ်သွားပြီး တယောက် က ဗကပတပ်ထဲ ရောက်သွားသည်။ ဗကပထဲ ရောက်တာ ခဏမဟုတ်၊ နှစ်၂၀ ကျော်သည်။

လားရှိုးရောက်သည့်ဗိုလ်များက လော်စစ်ဟန်ကို ကွန်မြူနစ်ဆန့်ကျင်ရေး အမာခံအဖြစ် မြှောက်စားကြသည်။ သူတို့ အကျိုးလည်းရှိ၍ အလွန်မြှောက်စားသည်။ သာမန်ဘိန်းကုန်သည်ကနေ သူဌေးကြီး ဖြစ်သွားသည်။

လော်စစ်ဟန်၏ဆရာက များ သည်။ ဗိုလ်အောင်ကြီးဦးစီးသည့် ဆိုရှယ်လစ် ဗိုလ်များကစပြီး နောက်ဆုံး လားရှိုးတိုင်းမှူး အထိ ဖြစ်သည်။ ထိုတိုင်းမှူးများ ဝန်ကြီးတွေ၊ သမ္မတတွေဖြစ်ကြတော့ လော်စစ်ဟန်၏ စီးပွားရေးအင်ပါယာ ကျယ်ပြန့်လာသည်။ လော်စစ်ဟန်သည် ၊ တယောက်တည်း၏ တပည့် မဟုတ်ပါ။ လားရှိုးရောက်သည့် ဗိုလ်တိုင်းက အင်္ဂလိပ်သစ်လုပ်ငန်း မန်နေဂျာ များ “ဘိုကတော်” လွှဲနည်းလွှဲသွားကြ၍ အားလုံး၏တပည့် ဖြစ်သည်။

အင်္ဂလိပ် မန်နေဂျာများသည် ဗမာပြည် စရောက်ရောက်ချင်း တောမယား ယူကြသည်။ လူမျိုးစု အမျိုးသမီးများ “ဘိုကတော်” ဖြစ်ကြသည်။ မန်နေဂျာဟောင်း ဘိလပ်အပြီးပြန်လျှင် နောက်ရောက်သည့် မန်နေဂျာသစ်ကို “ဘိုကတော်” အားလွှဲပေး ခဲ့သည်။ လက်ပြောင်းလက်လွှဲ အများကြီး အလုပ်ခံရသော “ဘိုကတော်”သည် ထိုဒေသ ၏ အကြီးဆုံးသူဌေး ဖြစ်ကျန်ရစ်သည်။ အရွယ် ကျသွား၍ “ဘိုကတော် ဖြစ်သွားလျှင် လည်း မပူပင်ရတော့ပါ။

လော်စစ်ဟန်ကိုလည်း စစ်အုပ်စု ဝင်များ ဘိုကတော်လွှဲသလို လွှဲပေးခဲ့ကြ၍ ဗမာပြည်တွင် အကြီးဆုံးသူဌေး ဖြစ်နေသည်။ (ဖုန်ကြားစင်းသည် လော်စစ်ဟန်ကို အားကျသည်၊ အမှီကောင်း ရသွားသူဟု ထင် သည်။ ဖုန်ကြားစင်းခွဲထွက်တော့ လော်စစ်ဟန် သားအဖ လာပြီး စစ်အုပ်စုနှင့် ခင်ညွန့်နှင့် အောင်သွယ်ပေးခဲ့ခြင်း ဖြစ်သည်။)

ဗကပတပ်ထဲရှိစဉ်က ဖုန်ကြားစင်း ကို စစ်အုပ်စုက “ဖွတ်ကြားရှင် ́ဟု ခေါ်သည်။ “ငြိမ်းအဖွဲ့” ဖြစ်သောအခါ “ဦးဖုန်ကြားရှင် ” ဖြစ်လာသည်။ ဘယ်တော့ ဖွတ်ကြားရှင် ပြန် ခေါ်မည် မပြောတတ်ပါ။

“ငြိမ်းအဖွဲ့” ခေါင်းဆောင်များနှင့် စစ်အုပ်စု တူတာတခု ရှိသည်။ ၎င်းမှာ အာဏာ ကိုင်ပြီး စီးပွားရေးလုပ်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အာဏာကိုအမိအရ ကိုင်ထားရ သည်။ အာဏာမရှိလျှင် ဘာမှမရှိနိုင် – ရှိထား တဲ့ စီးပွားရေးအားလုံး ဆုံးရှုံးရမည်ကိုသိ၍ အာဏာရထားသူက အာဏာကို လက် မလွတ်ရေး၊ အာဏာမရသူကလည်း အာဏာ ရရေး။ ဤပဋိပက္ခ အမြဲရှိနေမည်။ အာဏာ လက်လွတ်သွားသူက အာဏာပြန်ရရေး (နေဝင်း လုပ်သလို) ပဋိပက္ခလည်း ရှိသည်။

ကိုးကန့်၊ မုံကိုးအဖွဲ့မှာ ထလရကို မှီခိုနေရရာ ထလရက သူတို့အတွင်းရေးကို မသိချင်အဆုံး ဖြစ်သည်။ နောက်ဆုံးတွင် အချိန်ကျလာသောအခါ ပဋိပက္ခ ဘက်နှစ်ဘက် စလုံးကို ချေမှုန်းပစ်လိုက်သည်။ ဗကပ ဗဟိုက လုပ်ပေးသလို စေ့စပ်ပေးနေမည်မဟုတ်။

ယခုအထိ မုံကိုမှ လက်နက်ကိုင် လက်ကျန်များက ဗိုလ်ချုပ်ခင်ညွန့်မသိလိုက်လို့ ဖြစ်သွားတာ။ ဗိုလ်ချုပ်မောင်အေးလုပ်လို့ ခံလိုက်ရတာဟု ထင်နေဆဲဖြစ်သည်ဟု ကြားရ သည်။

သူတို့သည် ဗမာလူမျိုးကြီးဝါဒီ စစ်အုပ်စုနှင့် ၁၀ နှစ်ပဲ ဆက်ဆံခဲ့ရသူများ ဖြစ်သည်။ တန်းတူရည်တူလည်း ဆက်ဆံခဲ့ရခြင်း မဟုတ်၊ ညွှန်ကြားသူနှင့် ညွှန်ကြားခံ ဆက်ဆံရေး ဖြစ်သည်။ ဗကပ က နှစ် ၆ဝ ဆက်ဆံခဲ့သည်။ နှစ် ၆ဝ ဟိုဘက်ကလည်း ကျောင်းနေဖက်များ၊ တမြို့တည်းသားများ ဖြစ်သည်။ တချို့ဆိုလျှင် ဆွေမျိုးသားချင်း တောင် တော်ကြသည်။ သူတို့စစ်အုပ်စု အကြောင်း ဗကပလောက်သိသူ မရှိပါ။ ၁၉၄၇ ပင်လုံညီလာခံ ပျက်မလိုလိုဖြစ်တုန်းက အင်္ဂလိပ်က ရှမ်းပြည်ကို သီးခြားတိုင်းပြည် အဖြစ် ဖွဲ့ပေးခဲ့လျင် တိုက်ပစ်ရမည်ဟု ပြောနေ ကြသူများဖြစ်သည်။ ရှမ်းပြည်မှ ပြည်ချစ် ပုဂ္ဂိုလ်များကျေးဇူးကြောင့်သာ ပြည်ထောင်စု တခု ပေါ်ခဲ့ခြင်း ဖြစ်သည်။ အခါအခွင့်သင့်တိုင်း ကွန်မြူနစ်များက ထိုပြည်ချစ်ပုဂ္ဂိုလ်များကို ချီးကျူးဂုဏ်ပြုနေမည် ဖြစ်သည်။

စစ်အုပ်စုသည် လူမျိုးစုများအပေါ် အစွဲအလမ်း ရှိသည်။ လက်နက်ကိုင်ပြီး အန်တု ခဲ့သူများအပေါ်တွင်ကား အစွဲအလမ်းသာမက ရန်ငြိုး ရှိသည်။ ဤအချက်ကို လူမျိုးစုတိုင်း မမေ့သင့်။

ဗမာလူမျိုးကြီးဝါဒ၏အစွဲအလမ်းများ

အကြီးဆုံးအစွဲအလမ်းမှာ အနော် ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား အစွဲ အလမ်းဖြစ်သည်။ နဝတ – နအဖ အစိုးရက အမွှမ်းတင်လွန်းသည်။ အနော်ရထာ၊ ဘုရင့် နောင်၊ အလောင်းဘုရားတို့ကို လွန်လွန် ကျူးကျူး အမွှမ်းတင်လွန်းလျှင် ဗမာလူမျိုးက ကျေနပ်နိုင်မည်ဖြစ်သော်လည်း မွန်၊ ရခိုင်တို့က အနာဟောင်းဆွပေးသလို အခံရခက်ကြမည်။

စစ်အုပ်စုက တမင်လုပ်နေခြင်း ဖြစ်သည်ဟု ကွန်မြူနစ်များကထင်သည်။ စစ်အင်အားနဲ့ထိန်းမှ ငြိမ်မည်၊ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့လို လုပ်မည် ဟု လူမျိုးစုများကို တဖက်လှည့် ခြိမ်းခြောက် နေခြင်းဟု မြင်သည်။

ဒီချုပ်ကိုလည်း လူမျိုးစုများ အရေးမှာ ပျော့ညံ့ညံ့လုပ်လျင် ခံရမည်ဟု ပြောလိုဟန် ရှိသည်။

နယ်ချဲ့ဆန့်ကျင်ရေးကို ဇောင်းပေးစဉ် ဘီအိုင်အေခေတ်က ရာဇာဓိရာဇ်ကိုပါ ထည့်ပေးခဲ့သည်။ ဘီအိုင်အေတပ်တွင် မွန်တွေ အများကြီး ပါနေသည် မဟုတ်လော။ ထို့ ကြောင့် ဖာဖာထေးထေးလုပ်ခြင်း ဖြစ်သည်။

မည်သို့ပင် ဖာဖာထေးထေး လုပ်သည်ဖြစ်စေ ပြီးခဲ့သောသမိုင်းကို ပြင်နိုင်မည် မဟုတ်ပါ။ သမိုင်းကို ပြန်လှန်နေကြလျှင် အနာ ဟောင်းများသာ ကြွထလာလိမ့်မည်။ အားလုံး ကျေနပ်အောင်လည်း လုပ်၍မရပါ။ ထို့ကြောင့် ပဒေသရာဇ် အစွဲအလမ်းများအားလုံးကို ဖျောက်ရပါမည်။ အစွဲအလမ်းများရှိနေလျှင် သွေးကွဲရေးကိုသာ ဖြစ်စေလိမ့်မည်။

ရှေ့ကတင်ပြခဲ့သလို စစ်အုပ်စုသည် လက်နက်နှင့် အန်တုဖူးသူများကို လက်စားချေ ချင်နေသည်။ လေးငါးသိန်းရှိသည့် တပ်ကြီးရှိ ခိုက် အသာစီးမှနေကာ အကြွေးဟူသမျှ ရှင်း ချင်နေသည်။

စစ်အုပ်စု ဤသို့လုပ်နေလျှင် ပြည် ထောင်စုပြဿနာ မရှင်းနိုင်ယုံမက သံသရာ တပတ်လည်ပြီး “သီးခြားတိုင်းပြည်”၊ “ခွဲထွက် ရေး” အယူအဆများ ပြန်၍အားကြီးလာလိမ့် မည်။ ပြည်ထောင်စုပြဿနာလည်း ရှင်း၍ ရတော့မည် မဟုတ်ပါ။

နောက်အစွဲအလမ်းတခုက အမျိုး သားရေးနှင့် ပါတီရေးကို ခွဲခြားခြင်း ဖြစ်သည်။

အမျိုးသားရေးဆိုသည့် အတွေး အခေါ်မှာ ဓနရှင်ခေတ်ပေါ်စမှ ပေါ်သည့် အတွေးအခေါ် ဖြစ်သည်။ ဓနရှင်တွေးခေါ် မြော်မြင်မှု ဖြစ်သည်။

ပဒေသရာဇ်ခေတ်က ဂျာမဏီပြည် ဟူ၍မရှိပါ။ ဂျာမန်လူမျိုးများ၏ ပဒေသရာဇ် တိုင်းငယ်ပြည်ငယ်ကလေးများ ၃ဝဝ ကျော် ရှိသည်ဟု ဆိုကြသည်။ ဟုတ်လိမ့်မည်။ ဗမာ ပြည်တွင်လည်း ထိုမျှလောက်ပင် ရှိခဲ့သည်ဟု ပြောရမည် ထင်သည်။

စစ်ကိုင်း၊ အင်းဝ၊ ပင်းယ တိုင်းပြည် များသည် တခေါ်သာဝေးသည့် တိုင်းပြည်များ ဖြစ်သည်။ အားလုံးကလည်း ဗမာများဖြစ် သည်။ ပဒေသရာဇ်ချင်းသာမက လူထုချင်း ကလည်း ဆွေမျိုးတော်စပ်နေသည်။ သို့သော် တိုက်ချင်လျှင် ထတိုက်ကြသည်။ မိုးညှင်းမှရှမ်း၊ မဏိပူရမှကသည်းတို့နှင့် မဟာမိတ်ပြုပြီး တဖက်တိုင်းပြည်ကို တိုက်ချင်တိုက်သည်။

ယခု ရှမ်းပြည်ဟုခေါ်သော နေရာ တွင်လည်း တိုင်းပြည်တွေ အများကြီးရှိသည်။ ဗမာများက မိုးညှင်း၊ မိုးကုတ်၊ မိုးမိတ်၊ မိုးလို ခေါ်သော “မိုး”များသည်လည်းကောင်း၊ မိုင်းတုံ၊ မိုင်းလုံ၊ မိုင်းရှူး၊ မိုင်းနောင်ဟုခေါ်သော “မိုင်း” များသည်လည်းကောင်း တိုင်းပြည်များ ဖြစ်သည်။ ၁၉၅ဝ ခုနှစ်များအထိ အိမ်ခြေ သုံးလေးရာစီရှိသော ကျောက်ဂူနှင့် နောင်လုံ မှ လူများက ကျောက်ဂူပြည်၊ နောင်လုံပြည်ဟု ခေါ်နေကြဆဲဖြစ်သည်။ လူမျိုးအရတော့ နှစ်နေရာစလုံး ရှမ်းများ၊ ဓနုများ ဖြစ်သည်။ နောင်လုံသားက ကျောက်ဂူသွားလျှင် ကျောက်ဂူပြည်သွားသည်ဟု ပြောကြသည်။ ဗမာ၊ ရှမ်း တွေသာ မဟုတ်၊ မွန်၊ ရခိုင်လည်း ထိုသို့ပင် ဖြစ်သည်။

ပဒေသရာဇ်တိုင်းသည် ထီးဆောင်း မင်းတို့၏ဘုရင် တိုင်းပြည်တရာ၏မင်း ဘွဲ့ခံ လိုကြသည်။ တရာမပြည့် ပြည့်အောင် စစ် အင်အားရှိလျှင် နယ်ပယ်ချဲ့ မည်။ မရှိလျှင်လည်း တရာပြည့်အောင် စာရင်းချမည် ဖြစ်သည်။

အထက်ဗမာပြည် ကွက်ကွက် ကလေးတွင် မင်းလုပ်သော မင်းတုန်းမင်းကို “ရာပြည့်မင်း”ဟု မြှောက်သူက မြှောက်သည်။ မင်းတုန်းမင်းကလည်း ကျေနပ်သည်။ မြှောက် သူရောဘုရင်ပါ စိတ်မသိုးမသန့် မဖြစ်ကြပါ။ ဤမျှရေးနေရခြင်းမှာ ပဒေသရာဇ် ခေတ်က အမျိုးသားရေးစိတ် မရှိကြောင်း တင်ပြလို၍ဖြစ်သည်။ ယခု စစ်အုပ်စုခေတ်တွင် ပါတီရေးနှင့် အမျိုးသားရေးကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်လေဟန် ပြောနေကြသည် ကိုလည်း ကွန်မြူနစ်များသဘောမတူပါ။

ပါတီရေးလုပ်လေတိုင်း အမျိုး သားရေးနှင့် ဆန့်ကျင်သည် မဟုတ်ပါ။ ဘာ လုပ်သလဲဆိုတာက အခရာကျသည်။

နအဖက သူတို့ကို အမျိုးသားရေး ဦးဆောင်မှုအခန်း ပေးရမည်ဟု ပြောနေသည်။ စစ်အုပ်စုလုပ်တာမှန်သမျှ အမျိုးသားရေး၊ ဒီချုပ်လုပ်တာ မှန်သမျှ ပါတီရေးဟု ပြောချင် နေသည်။

ကွန်မြူနစ်တို့အမြင်အရဆိုရလျှင် စစ်အုပ်စုက လုပ်သည်ဖြစ်စေ၊ ဒီချုပ်က လုပ်သည်ဖြစ်စေ ဗမာပြည်၏ အဆင့်နေရာကို နိမ့်ကျအောင်လုပ်လျှင် အမျိုးသားဆန့်ကျင်ရေး ဖြစ်သည်ဟု မြင်သည်။ တိုင်းပြည်အဆင့်နေရာ မြင့်တက်အောင်လုပ်လျှင် မည်သူလုပ်လုပ် အမျိုးသားရေးတာဝန် လုပ်သည်ဟု ယူဆ သည်။

နိဂုံး

အစီရင်ခံခဲ့တာ များလှပြီ။ အောက် ပါအတိုင်း နိဂုံးချုပ်ပါသည်။

ပြည်ထောင်စုစစ်စစ် ထူထောင်ရေး နှီးနှောပွဲတွင် ပြည်ထောင်စုကို လက်ခံသူများ သာ ပါသင့်သည်။

သားသတ်လိုင်စင်စီ ကဇော်သမား ကို “ငါးပါးသီလမြဲရေး အစည်းအဝေး မဖိတ် သင့်သလို ပြည်ထောင်စုစစ်စစ် တည်ဆောက် ရေး နှီးနှောဖလှယ်ပွဲတွင် စစ်အုပ်စုကို မဖိတ် သင့်ပါ။ စစ်အုပ်စုက ငါတို့လည်းပါချင်သည်ဟု ပြောလျှင် နှီးနှောဖလှယ်ပွဲ ဦးစီးကျင်းပသည့် အာဏာပိုင်က သူ့အဖွဲ့ထဲထည့်ပြီး ခေါ်လာလို့ ရသည်။ ဦးနုတုန်းက သူ့သန့်ရှင်းအဖွဲ့လည်း မပါ၊ အစိုးရအဖွဲ့ ကိုယ်စားလှယ်လည်း မပါဘဲ ။ ပြည်ထောင်စုအခြေခံဥပဒေ ပြင်ဆင်ရေး နှီးနှော ဖလှယ်ပွဲ လုပ်ခြင်းသည်မှားသည်။ (သူကလည်း နိုင်ငံရေးကစားချင်၍သာ၊ မဲရရေးမှီခိုခဲ့ရ၍သာ နှီးနှောဖလှယ်ပွဲ လုပ်ပေးခြင်း ဖြစ်သည်။ မရိုး သားပါ။ စေတနာကောင်း မရှိခဲ့ပါ။)

ဤတွင် “စစ်အုပ်စု”ဆိုသည်မှာ – – နှင့်ပတ်သက်သော ကျွန်တော်တို့ အဓိပ္ပာယ် ဖွင့်ချက်ကို တင်ပြပါမည်။

စစ်အုပ်စု ဆိုသည်မှာ နိုင်ငံတော် ကာကွယ်ရေး စစ်တပ်အတွင်း တာဝန်ထမ်း ဆောင်နေရင်း နိုင်ငံရေးလုပ်နေသူများကို ဆိုလိုခြင်း၊ ဖြစ်သည်။ တော်လှန်ရေးကောင်စီ၊ မဆလ အလုပ်အမှုဆောင်၊ န၀တ နအဖ မည်သည့်နာမည်ယူထားထား တာဝန်ထမ်း ဆောင်ဆဲ အစိုးရဝန်ထမ်းက နိုင်ငံရေးလုပ်နေခြင်းကို ဆိုလိုသည်။

စစ်အုပ်စုက အင်အားစုတခုအဖြစ် နှီးနှောဖလှယ်ပွဲတွင် ပါနေလျင် နှီးနှောပွဲ တက်သော တခြားပါတီများ အင်အားစုများက ရိုက်မစစ်ရဘဲ ဖော်ကောင်လုပ်နေရသလို ဖြစ် လိမ့်မည်။

ဒီမိုကရေစီရှိသည်ထင်ပြီး စွတ်ပြော ကြလျှင် ဒုက္ခတွေ့မည်။ စပ်ရွှေသိုက်၊ စပ်ခွန်ချို၊ စပ်ကြာဆိုင်တို့ နမူနာထက် ပိုဆိုးလိမ့်မည်။ သူတို့မကြိုက်တာ ပြောမိလျှင် အာဏာသိမ်း လိမ့်မည်။ သူတို့လုပ်နေသော “အမျိုးသား ညီလာခံ” မျိုးဆိုလျှင်လည်း အဓိပ္ပာယ်မရှိ။ ဒီချုပ် သပိတ်မှောက်သလို မှောက်ရလိမ့်မည်။

နောက်ရှင်းစရာက စစ်အုပ်စုဝင် ဟောင်းများပြဿနာ ဖြစ်သည်။ အကျယ် တင်ပြစရာ မရှိပါ။ ဒီချုပ်နှင့် တစညတို့ကိုပဲ ကြည့်ပါ။ သူတို့သည် စစ်တပ်ကထွက်လာပြီး နိုင်ငံရေးလုပ်နေကြခြင်း ဖြစ်သည်။ ကြိုဆိုပါ သည်။

န၀တ နအဖ လက်ထက်တွင် စစ် အုပ်စုဝင်ဟောင်းများချည်း နိုင်ငံရေးလုပ်နေ ကြသည် မဟုတ်လော။ သူများတွေ ထောင်ထဲတွင် အရိုးထုတ်ရမလို ဖြစ်နေခိုက် သူတို့သာ ဘေးကင်းရန်ကင်း ဖြစ်နေသည်။ ဒေါ်အောင် ဆန်းစုကြည်နှင့် အလွန်နီးစပ်သော ဗိုလ် တင်ဦးတယောက်သာ ထောင်ထဲရောက်သည်။ နျူရင်ဘာ့ဂ်ဟု အာချောင်မိသော ဗိုလ်ကြည် မောင် စတိသဘော ထောင်ထဲရောက်သည်။ စိတ်မဆိုးဘဲ ကျွဲမြီးတိုသောဗိုလ်ခင်ညွန့် ပညာပြလိုက်ခြင်း ဖြစ်လိမ့်မည်။ နောက်တော့ ဗိုလ်ကြည်မောင် လေသံပျော့သွားသည်။ သူလည်း “သက်တော်ရှည်ဝန်ကြီး” လက်မှတ် ရလိုက်ဟန် ရှိ၏။

အောင်ကြီး အမေရိကန် ထွက်ပြော တာမျိုး ဒီချုပ်ရောက်ဗိုလ်များ ပြောကြည့်ပါ။ “သက်တော်ရှည်” ဘဝက လျှောကျမည် မလွဲ ပါ။

တစည သည်လည်း တပ်ထွက် စစ်ဗိုလ်တွေ ဖြစ်သည်။ သူတို့နိုင်ငံရေးလုပ်တာ ကြိုဆိုသည်။ သူတို့အခုလုပ်နေတာ သိပ်အား မရလို့ များများကြေညာချက်ထုတ်ပါ များများ ပြောပါဟုပင် ဗကပက အားပေးနေသည်။

န၀တ နအဖ ဗိုလ်ချုပ်ကြီး၊ ဒု ဗိုလ်ချုပ်ကြီးများကိုလည်း အထူးတလည် ပန်ကြားလိုပါသည်။ တပ်ကထွက်ပြီး နိုင်ငံရေးလုပ်ကြပါ။ ပြည်ထောင်စုစစ်စစ် ဖော်ထုတ် ရေး နှီးနှောဖလှယ်ပွဲတက်ပြီး တိုင်းပြည်အတွက် ပြောကြဆိုကြ အကြံပေးကြပါဟူ၍။

၁၉၄၅ ကတည်းက ဗမာပြည် နိုင်ငံရေးလောက အသွင်ပြောင်းခဲ့ပါသည်။ တော်လှန်ရေးသမားတွေ၊ စစ်ဗိုလ်ဟောင်းတွေပဲ နိုင်ငံရေးလောကတွင် တွင်ကျယ်သည်။ ခေတ်ဟောင်းနိုင်ငံရေးသမားများ ဘေးထိုင် ဘုပြော ဖြစ်သွားသည်။

ယခု နှစ်ပေါင်း ၅၇ နှစ်ရှိသောအခါ ထိုမျိုးဆက်ပြတ်တော့မည်။ မျိုးဆက်သစ် ခေတ်တွင် ဗိုလ်ချုပ်ကြီးများ တပ်ထွက်ပြီး နိုင်ငံရေးလောကသို့ ဝင်သင့်ပါကြောင်း တင်ပြ ရင်း အစီရင်ခံစာကို နိဂုံးချုပ်ပါသည်။

(အစီရင်ခံစာ ၂ စောင်တွင် ပြဿနာများအားလုံး ပြွတ်သိပ်နေအောင် ထည့်ပေးပြီးဖြစ်၍ နောက်ထပ်အစီရင်ခံစာရေး တင်ပြရန် မရှိတော့ပါ။)

၂၀၀၂ ခုနှစ် အောက်တိုဘာလထုတ် ပြည်သူ့အာဏာ အမှတ် ၂၂ မှ

ပြည်သူသာလျှင် ပဓါန (ဟွန်ဆန်၏ ခရီးစဉ်ကို ရှုမြင်ကြည့်ခြင်း) – လင်းသူ့ဟန်

၂၀၂၁ နှစ်ကုန်ပြီဖြစ်လို့ ၂၀၂၂ နှစ်ကူးခဲ့ပြီ။ တော်လှန်ရေးကား ရပ်တန့်မသွား။ ဆက်လက် ချီတက်နေဆဲ။
ယခု ၂၀၂၂ ခုနှစ်အတွင်း လာတော့မယ့် မိုးမတိုင်မီ ၆ လတာကာလဟာ တော်လှန်ရေးအတွက် အရေးပါသော ကာလတွေဖြစ်လာမယ်လို့ အားလုံး ခန့်မှန်းခဲ့ကြပြီးပြီ။ စကစ ဘက်မှလည်း တော်လှန်ရေးကို ဖျက်ဆီးနိုင်ရန် ဘက်စုံမှ ကြိုးစားလာမှာမလွဲ။ ဘဏ္ဍာရေးဖက်ကလည်းကောင်း၊ သံတမန်ရေးဖက်ကလည်းကောင်း၊ စစ်ရေး ဖက်ကလည်းကောင်း ဘက်စုံမှ ဖိဖို့ ကြိုးစားလာမယ်ဆိုတာ ကြိုတင်တွက်ဆလို့ရနိုင်ကောင်းတဲ့အရာ။
ယခု နှစ်ဆန်းမှာ မြန်မာနိုင်ငံကို ကမ္ဘာဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်လာမယ်လို့ သိထားရတယ်။ (အမှန်စင်စစ် လာဖြစ်၊ မလာဖြစ်ကို တပ်အပ် မပြောနိုင်သေး။ လာဖို့ ရာခိုင်နှုန်းတော့ များ) တကယ်တော့ ဟွန်ဆန်ရဲ့ ကမ္ဘော ဒီးယားဟာ အာဆီယံရော၊ အာရှအသိုက်အဝန်းမှာရော၊ ကမ္ဘာ့ဇာတ်ခုံမှာပါ ဘာမှမဟုတ်။ သို့သော် အာဆီယံ အလှည့်ကျဥက္ကဌနေရာက နှစ်ကူးပြီမို့ လွှဲပြောင်းပေးရတော့မှာဖြစ်ပြီး လက်ရှိ ဘရူနိုင်းဆီကနေ ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားက လက်လွှဲယူရမှာဖြစ်တယ်။ ဒါကြောင့် ဟွန်ဆန်လာမယ့် ခရီးစဉ်နဲ့ ပတ်သက်လို့ စိတ်ပူပန်မှု တွေ မြင့်တက်လာတာဖြစ်တယ်။
ဟွန်ဆန်လာရခြင်းရဲ့ ဦးတည်ချက်ကို အကြမ်းဖျဉ်း ဆဝါးကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်က အာဆီယံနဲ့ စကစ သဘောတူထားခဲ့တဲ့ အာဆီယံမူ ၅ ချက်ဆီကို သွားဖို့အရေးအတွက် ဦးတည်နိုင်ပြီး စကစကို အာဆီယံ အစည်းအဝေးတွေ၊ အခမ်းအနားတွေဆီ (အဲဒီကနေမှ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံဆီ) ပြန်ခေါ်ယူဖို့ ကြိုးစားမယ့် ခြေလှမ်းဖြစ်တယ်ဆိုတာ အထင်းသားသိမြင်နိုင်တယ်။ တကယ်တော့ ဒါဟာ အထူးအဆန်းမဟုတ်။ ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားဟာလည်း တရုတ်ရဲ့ လွှမ်းမိုးမှုသြဇာအောက်မှာ ပြားပြားဝပ်နေတဲ့ နိုင်ငံ။ ဆိုတော့ ဟွန်ဆန်ဟာ လည်း တရုတ်အလိုကျ နယ်ရုပ်နောက်တစ်ရုပ်။
တရုတ်ရဲ့ လိုလားချက်က မြန်မာ့အရေးကို ဖြစ်နိုင်ရင် အာဆီယံအတွင်း မှာပဲ ဖြေရှင်းစေချင်တယ် ( အနောက်အင်အားစုတွေ ပါဝင်လာတာမျိုး၊ အဲဒီကနေမှ သူ့ဆီထိ ဂယက်ရိုက်လာမှာကို မလိုချင်ဘူး)၊ အများဆုံး ၂၀ဝ၈ အောက်ကို ပုံစံတမျိုးနဲ့ ပြန်သွားတာကိုပဲ လိုချင်တယ် ( စစ်တပ်က တင်သွင်းနေတဲ့ ၁၂ ပါတီ PR စနစ်ကို ဆိုလိုတာဖြစ်နိုင်တယ်)၊ သူ့ရဲ့ အကျိုးစီးပွားတွေ အများစု ထည့်ဝင်ထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအခင်းအကျင်းသစ်ပေါ်လာတာမလိုချင်သလို၊ သူနဲ့ အပြိုင်သြဇာလွှမ်း မိုးမှုသစ်တွေ ပေါ်လာတာကို မလိုချင်ဘူး၊ အကျိုးစီးပွာမှာလည်း သူသာလျှင် တဖက်သတ် (ပေါပေါလောလော နှုန်းထားနဲ့) ကြီးစိုး လက်ဝါးကြီး အုပ်ထားလိုတယ်။ ဒါတွေသာလျှင် ဖြစ်တယ်။
ဆိုတော့ မြန်မာ ပြည်သူတို့ ကြိုးစားနေတဲ့ ဖက်ဒရယ်နိုင်ငံတစ်ခုပေါ်ပေါက်ရေး၊ အာဏာရှင်တစ်စုလက်ပါးစေ စစ်တပ်မှသည် ပရော်ဖက်ရှင်နယ်စစ်တပ်တစ်ခုဖြစ်လာရေး၊ လူမှုနိုင်ငံရေးအခင်းအကျင်းသစ်တွေနဲ့ လင်းပွင့် လူ့အဖွဲ့အစည်းပေါ်ပေါက်လာရေး၊ ကိုယ့်ကြမ္မာ ကိုယ်စီဖန်တီးနိုင်ရေး၊ တန်းတူညီမျှရေးတို့ဆိုတာဟာ တရုတ် လိုလားချက်တွေ လုံးလုံးလျားလျားမဟုတ်။ ဒါကြောင့် တရုတ်လိုလားချက်ကို အကောင်းဆုံး ပုံဖော်ပေးနိုင်မယ့် စစ်တပ်က အဓိက ထင်သလိုကြီးစိုးခွင့်ရနိုင်တဲ့ ၂၀ဝ၈ အောက်ကိုသာ ပြန်သွားစေချင်တာလည်းဖြစ်တယ်။ ဒီ အတွက် အကျိုးဆောင်အဖြစ် ဟွန်ဆန်ကို ကြားဝင်စေတယ်။ ကမ္ဘောဒီးယားက အာဆီယံဥက္ကဌနေရာကို လက် လွှဲယူရမယ့်နှစ်ဖြစ်နေတာကလည်း သူတို့အတွက် မျက်နှာသာရနေစေတယ်။
သို့သော် ပြန်လည် စဉ်းစားကြည့်ရမယ်ဆိုရင် အာဆီယံဟာ ဘယ်လောက်အရေးပါတဲ့ အသိုက်အဝန်းဖြစ်သလဲ ဆိုတာကိုလည်း ပြန်လည်ချင့်တွက်ရမယ်။ အာဆီယံဟာ ဥရောပသမဂ္ဂလိုမျိုး အင်အားကောင်းလှတဲ့ အစုအဖွဲ့ မျိုးလည်းမဟုတ်ဘူး။ တစ်နိုင်ငံချင်းစီမှာလည်း နိုင်ငံရေးသြဇာထင်ရလောက်အောင် မရှိဘူး။ ပထဝီနိုင်ငံရေးအ ရ နိုင်ငံကြီးတွေက ထိတွေ့ဆက်ဆံဆွေးနွေးတာမျိုး၊ အရာသွင်းတာမျိုးခံရလောက်ပေမဲ့ စုစည်းညီညွတ်မှုအ ပြည့်နဲ့ အင်အားကောင်းနေတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ အာဆီယံထဲမှာကိုက အာဏာရှင်တပိုင်းတွေ၊ အသွင် ပြောင်းတွေ၊ တပိုင်းတစဒီမိုကရေစီတွေ၊ တပါတီစနစ်တွေသာ ကြီးစိုးနေတာဖြစ်တယ်။ အဲဒီအပြင် အာဆီယံရဲ့ မူကလည်း တနိုင်ငံရဲ့အရေးကို တနိုင်ငံက ဝင်ရောက်စွက်ဖက်ခွင့်မပြုထားဘူး။ အချင်းချင်းကြားမှာလည်း ပွတ် တိုက်မှုက အပြည့်။
ဒါကြောင့် မြန်မာနိုင်ငံအရေးမှာ အာဆီယံက တိုက်ရိုက်ပါဝင်ပတ်သက်လာနိုင်မယ့်နေရာဟာ သံတမန်ခင်းပိုင်း မှာ နေရာတခုပေး၊ အသံပေးထွက်၊ စကားပေးပြောတာလောက်သာရှိနိုင်မယ်။ အဲဒီအပြင် သူ့ကတိနဲ့ သူ ခြေ ချုပ်မိထားတဲ့ စကစဟာ အာဆီယံမှာ လူယောင်ပြနိုင်ဖို့အတွက် အာဆီယံမူ ၅ ချက်ကိုလည်း အကောင်အ ထည်ဖော်ပြဖို့လိုမယ်။ အဲဒီမူ ၅ ချက်ဟာ လက်ရှိပြည်တွင်းအခြေအနေမှာ စကစ အကောင်အထည် လုံးဝမ ဖော်ချင်တဲ့အခြေအနေသာဖြစ်တယ်။ ဆိုတော့ အာဆီယံမှာ ခုံတနေရာ ပြန်ရဦးတော့ လိပ်ခဲတည်းလည်း အခြေမှာသာ ရှိနေမှာဖြစ်ပြီး စကစ အတွက် အချိန်ဝယ်ပေးထားနိုင်ရုံသာ ရှိမယ်။ ဒါကိုပဲ တရုတ်ရော၊ စကစ ရောက လိုလားတာလည်းဖြစ်နိုင်တယ်။ လာတော့မယ့် ၆ လတာကာလအတွင်း ပြည်တွင်းမှာ စစ်ရေးနဲ့ဖိလာ ဖို့အတွက် အချိန်ဝယ်ထားဖို့ဖြစ်နိုင်တယ်။
သို့သော် စကစအတွက် အာဆီယံမှသည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံဆီဆိုတဲ့ အကွက်ဟာ ထင်သလောက်တော့ ဖြောင့်ဖြူးနေတဲ့ ခရီးမဟုတ်ဘူး။ အဲဒီလို မဖြောင့်ဖြူးအောင် သူတို့ဘဲ လုပ်ခဲ့ကြတာဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်က အာဆီယံက ခုံတစ်နေရာမပေးတာ၊ ကုလမှာလည်း ကိုယ်စားပြုနေရာမရတာ၊ အထီးကျန်ရပ်တည်ရတာ (အာ ဏာရှင်အချင်းချင်း လက်သိပ်ထိုး ကူညီတာကလွဲလို့) ဟာ ပြည်တွင်းက ပြည်သူရဲ့ ဆန့်ကျင်မှုကြောင့် ၅၀ % ပါမယ်ဆိုရင် ကျန်တဲ့ ၅၀%က သူတို့ ဗြောင်ကျကျ ကျူးလွန်ခဲ့တဲ့ ကြီးလေးလှတဲ့ ရာဇဝတ်မှုကြီးတွေကြောင့် ဖြစ်တယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရာနဲ့ချီ အစုလိုက်၊ အပြုံလိုက် ပစ်သတ်တယ်၊ ဖမ်းဆီးပြီး နှိပ်စက်ကာ လူမဆန် စွာ သတ်ဖြတ်တယ်၊ ကင်းမလို ရွာတွေကို မီးရှို့တယ်၊ ထန်တလန်မြို့လိုမျိုးကို မီးလောင်တိုက်သွင်းတယ်၊ စစ်ကိုင်း တကြောက ရွာတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးနေတယ်၊ လူပေါင်းများစွာကို အရှင် လတ်လတ် မီးရှို့သတ်တယ်၊ ပစ်သတ်ပြီး ဂုဏ်သိက္ခာမဲ့စွာ စွန့်ပစ်တယ်၊ ကလေးသူငယ်တွေပါ သတ်ဖြတ်ခံရတဲ့ အထဲမှာ ပါခဲ့တယ်။ ဒီမတိုင်ခင်က ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတွေကို လူမျိုးပြုန်းသတ်ဖြတ်မှုကြီးကလည်း ကျန်လို့နေသေးတယ်။ ဒါကြီးတွေကို အခုလို ပွင့်လင်းလှတဲ့၊ သတင်းအချက်အလက် လျင်မြန်လွယ်ကူစွာ စီး ဆင်းနေတဲ့ ခေတ်ကြီးမှာ ဗြောင်ကျကျကျူးလွန်ပြခဲ့တာကြောင့် ကမ္ဘာက အဆက်အသွယ်ဖြတ်တာ၊ ပိတ်ဆို့အ ရေးယူလာတာဖြစ်တယ်။ ဒါကြောင့် ဟွန်ဆန် ဘယ်လိုပဲ ကြိုးစား အရာသွင်းသွင်း လူသတ်ကောင်ကို ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ နေရာပေးဖို့ ယဉ်ကျေးသော ကမ္ဘာကြီးက ငြင်းဆန်ကြမှာပဲလို့ ယူဆတယ်။ ငြင်းဆန် ကြအောင်လည်း ပြည်သူတွေက ဖိအားပေးတောင်းဆိုကြရမယ်။ ယုတ်စွအဆုံး ဟွန်ဆန်ရဲ့ ကြိုးစားမှုဟာ အာဆီယံအတွင်းမှာကို ရိုက်ခတ်မှုတွေရှိလာနိုင်ပြီး သဘောထားကွဲလွဲမှုတွေနဲ့ အကွဲအပြဲတွေ ရှိလာနိုင်တယ် လို့ တချို့က သုံးသပ်ကြတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ အာဆီယံဆီကနေ ဘာမှ များများစားစား မျှော် လင့်ထားဖို့မရှိဘူး။
ပြီးခဲ့တဲ့နှစ်အတွင်းကလည်း အာဆီယံအဖွဲ့ဝင်လည်းဖြစ် အိမ်နီးချင်းလည်းဖြစ်တဲ့ နိုင်ငံတွေဟာ မြန်မာ့အရေး ကို နှုတ်ဆိတ်၊ မျက်ကွယ်ပြုနေခဲ့ကြသလို တဖက်တလမ်းကနေ စက်သုံးဆီတွေရောင်း၊ ငွေလွှဲပြောင်းမှုကြားခံ တွေလုပ်ပေး၊ လက်နက်နဲ့ သတင်းအချက်အလက်ပိုင်းတွေ ကူညီပေး၊ နယ်စပ်တွေကို ပုံစံမျိုးစုံနဲ့အသုံးပြုခွင့် ပေးထားခဲ့ကြတာပဲမဟုတ်လား။ နှစ်ကုန်ခါနီး အမေရိကန်နဲ့ အနောက်အင်အားစုက ဖိအားပိုမိုပေးလာသလို ဘလင်ကင် ခရီးစဉ် ရောက်လာအပြီးမှသာ လက်သည်းဖွက်ကုန်ကြတာဖြစ်တယ်။ ဒါကြောင့် ကြောင်သူတော် ကြွက်သူခိုး အိမ်နီးချင်းတွေဆီကနေ ဘာမှ ထူးထူးထွေထွေ မျှော်လင့်နေဖို့မရှိဘူး။ ကိုယ်တိုင် ကြိုးစားကြဖို့သာ ပဓါနဖြစ်တယ်။
ဟွန်ဆန်ခရီးစဉ်ဟာ စကစရဲ့တရားဝင်မှုရရှိရေးအိပ်မက်ဆီကို လှမ်းတဲ့ ခြေလှမ်းတစ်လှမ်းပဲဖြစ်တယ်။ ဒီကနေ ၂၀ဝ၈ ဆီ ပြန်သွားဖို့၊ ရွေးကောက်ပွဲပြန်လုပ်နိုင်ဖို့ဆီကို ဦးတည်အောင် တရုတ်အပါအဝင် အိမ်နီးချင်း အာဏာရှင်၊ ဒီမိုကရေစီယောင် နိုင်ငံတွေက တွန်းပို့လောက လုပ်ကြမှာဖြစ်သလို ပြည်တွင်းက ပညာရှင်ဆိုသူ ကြောင်သူတော်တွေကလည်း အသံမြည်လာကြဦးမှာဖြစ်တယ်။ သို့သော် ဒီခြေလှမ်းတွေ ယိုင်ရွဲယိမ်းနွှဲ့သွား အောင် လုပ်နိုင်တဲ့ အင်အားက ပြည်သူတွေဆီမှာ အပြည့်အဝရှိနေတယ်။ ကြံစည်ကြိုးကုတ်ပြီး ညီညီညွတ်ညွှတ် အားထုတ်ကြဖို့သာလိုတယ်။
အခုလာတော့မယ့် ဟွန်ဆန်ရဲ့ခရီးစဉ်ကို ကန့်ကွက်ကြောင်း၊ ဒါဟာ လူမျိုးပြုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတို့လို ကြီးလေးလှတဲ့ ရာဇဝတ်မှုကြီးတွေရဲ့ တရားခံတွေကို သံတမန်ခင်းထဲ ပြန်ပို့ဖို့ ကြိုးစားနေတဲ့ ရှက်ဖွယ်လိလိ လုပ်ရပ်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းပေါင်း များစွာက ဝိုင်းဝန်းထုတ်ပြန်တောင်းဆိုကြဖို့ တိုက်တွန်းချင်သလို၊ ပြည်သူအများဆန္ဒပြု ပါဝင်နိုင်မယ့် ကမ်ပိန်း တွေ၊ လှုပ်ရှားမှုတွေကို စီစဉ်အကောင်အထည်ဖော်ကြဖို့ကိုလည်း သပိတ်ကော်မတီများကို အကြံပြုလိုပါ တယ်။ အဲဒီသပိတ်ကော်မတီတွေက ချမှတ်လိုက်တဲ့ အစီအစဉ်တွေ၊ ကမ်ပိန်းလှုပ်ရှားမှုတွေမှာ ပြည်သူတွေ ညီညီညွတ် ညွတ်ပါဝင်ကြဖို့ အလေးအနက် ဆော်သြပါတယ်။
အဲဒီအပြင် စကစ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအားလုံးကို ကမ္ဘာသိ ထုတ်ပြနိုင်မယ့် ဝက်ဘ်ဆိုက်ဒ်တွေ၊ ဘလော့ခ် တွေ၊ စာမျက်နှာတွေကို အချက်အလက် မှန်မှန်ကန်ကန် အထောက်အထားအပြည့်အဝနဲ့ စုစည်း တင်ပြထား နိုင်ဖို့လည်း လိုအပ်ပြီး ဝိုင်းဝန်းအားထုတ်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ သံတမန်ခင်းမှာသာမက အခြားသောကိစ္စ ရပ်များမှာပါ အဲဒီလို ဝက်ဘ်ဆိုဒ်တွေ၊ ချန်နယ်တွေ၊ ဘလော့ခ်တွေ၊ စာမျက်နှာတွေ၊ Documentary တွေက အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုရှိနေမှာဖြစ်တာကြောင့် အရေးတယူ အားထုတ်ကြဖို့ လိုအပ်ပါတယ်။
ဆိုတော့ မူလ အကြောင်းအရာကို ပြန်ချုပ်ရရင် ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ စကစကို လူတောပြန်ထုတ်၊ လူရာ ပြန်သွင်းဖို့ ခြေလှမ်းအစတစ်ခုသာဖြစ်သလို၊ နိုင်ငံတကာနဲ့ ပြည်သူရဲ့တုံ့ပြန်မှုအပေါ် သွေးတိုးစမ်းမှုတစ်ခုသာ ဖြစ်ပါတယ်။ ဒီကနေမှ စကစဟာ သူ့ကတိကဝတ်ပြုထားတဲ့ အာဆီယံမူ ၅ ချက် အကောင်အထည်ဖော်ရေး ကို ပြန်ရောက်သွားမှာဖြစ်ပြီး ဒါဟာ စကစ အတွက်တော့ ပျော်စရာအခြေအနေချည်းပဲလည်း မဟုတ်ပြန်ပါဘူး။ ရာဇဝတ်မှုကြီးပေါင်းများစွာကို ကမ္ဘာသိ ဗြောင်ကျကျကျူးလွန်ထားတဲ့အပြင် နိုင်ငံတကာ တရားရုံးတွေမှာပါ အမှုဖွင့် စစ်ဆေးခံနေရတဲ့အတွက် ဆင့်ခေါ်စာ၊ သမ္မာန်စာ အဝင်ကိုပင် လက်မခံနိုင်ဖြစ်နေတဲ့ စကစ အတွက် တရားဝင်ဖြစ်ရေး ခရီးလမ်းဟာ ထင်ထားသလို ဖြောင့်တန်းနေမှာလည်း မဟုတ်ပြန်သလို၊ ထင်ထားတာထက် လည်း ပိုမိုခက်ခဲပါလိမ့်မယ်။ ပိုမို ခက်ခဲစေဖို့၊ လုံးဝပျက်သုဉ်းစေဖို့လည်း ဝိုင်းဝန်းအားထုတ်ကြရမှာဖြစ်ပါတယ်။
လာတော့မယ့် ၂၀၂၂ ထဲမှာ စကစအပါအဝင် အာဏာရှင်စနစ်ဆိုး၊ အမွေဆိုးအားလုံးကို အမြစ်ဖြတ်ပြီး အနာ ဂတ်သစ်ဆီ ချီတက်နိုင်ရေး စီမံခွင့်ဟာ ကျွန်တော်တို့ ပြည်သူတွေလက်ထဲမှာသာ ရှိပါတယ်။ အင်ပြည့်အားပြည့် အားထုတ်မယ်ဆိုရင် မလွဲမသွေရောက်နိုင်မယ့် ခရီးတစ်ခုပါပဲ။ သို့သော် ခက်ခဲတော့ ခက်ခဲပါလိမ့်မယ်။ ထွက် ပေါက်မဲ့နေတဲ့ စကစဟာ နိဂုံးပိုင်းနဲ့ နီးလာလေ ပိုမို ရက်စက်လာလေလေဖြစ်လာမှာဖြစ်သလို၊ ကာလကြာလေ လေ တော်လှန်ရေးဘက်တော်သားတွေထဲမှာ ပွတ်တိုက်မှုတွေ ပိုများ၊ အထိအခိုက်တွေပိုများ၊ အဆုံးအရှုံးတွေ ပိုများလာသလို၊ ပြည်သူတွေဘက်မှာလည်း ကာလကြာလေ ခံနိုင်ရည်ပိုတင်းထားရလေ၊ ပိုပင်ပန်းလေဖြစ်လာ မှာ မလွဲဧကန်ဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ ဆက်လက် အံကိုခဲထားနိုင်ရပါမယ်။ မာရသွန်ခရီးတိုင်းဟာ ပန်းဝင်ခါနီးမှာ ပိုပင်ပန်းတတ်စမြဲပါ။ တဆင့်ချင်း တဆင့်ချင်း၊ တလှမ်းချင်း တလှမ်းချင်း လက်တွဲကျော်ဖြတ် ကြဖို့ စိတ်ပိုင်းဖြတ်ထားမယ်၊ လုပ်ဆောင်ကြမယ်ဆိုရင် အောင်ပွဲဆီ တဖြည်းဖြည်း ပိုမို နီးကပ်လာတော့မှာသာ ဖြစ်ပါကြောင်း

လင်းသူ့ဟန်

ပြည်တွင်းစစ်ပြသနာ – ရဲဘော်ကြင်မောင်

ပြည်တွင်းစစ်ပြသနာနှင့် ပြည်ထောင်စုပြသနာ
ရဲဘော်ကြင်မောင်
ပြည်သူ့အာဏာ အမှတ် (၂၁) နှင့် (၂၂) တွင် ဖော်ပြပါရှိပါတယ်။

ပြည်ထောင်စုပြဿနာကို နောက်တစ်ပုဒ် ဆက်လက်ဖော်ပြပါမည်

၁။ ပြည်တွင်းစစ်ပြသနာ

     အစီရင်ခံသူအမှာ

ပြည်တွင်းစစ်ပြသနာဟာ မျိုးဆက်သစ်များ ဖြေရှင်းရမည့် အဓိက ပြသနာဖြစ်ပါတယ်။ ပါတီအတွင်းမျိုးဆက်သစ်များသို့ သိလိုက်မီလိုက်သမျှကို ပုဂ္ဂလိက အစီရင်ခံစာအဖြစ် တင်ပြတာဖြစ်ပါတယ်။ ဒီမိုကရေစီတော်လှန်ရေးမျိုးဆက်သစ်များလည်း (စိတ်ဝင်စားလျှင်) ဖတ်ရန် ပြည်သူအာဏာတွင် ဖော်ပြလိုက်ပါတယ်။

ပြည်တွင်းစစ်အကြိုနှင့် အစောပိုင်းကာလက ကိစ္စရပ်များကို အဓိက ဇာတ်ဆောင်များဖြစ်ကြတဲ့ ဦးနု၊ သိန်းဖေ(မြင့်) နှင့် ဦးကျော်ငြိမ်းတို့သာ ရေးခဲ့ပါတယ်။ တခြားတဖက်က ခေါင်းဆောင်ကြီးများ မရေးနိုင်ခဲ့ပါ။

နု၊ သိန်း၊ ငြိမ်းတို့လည်း သူတို့ ရေးခဲ့စဉ် ကာလက သူတို့ရဲ့ နိုင်ငံရေးလိုအပ်ချက်အရသာ

ခဲ့တာဖြစ်ပါတယ်။ တစ်ခုလုံးလွှမ်းခြုံပြီး သုံးသပ်ခဲ့တာ မဟုတ်ပါ။

ဦးသိန်းဖေ (မြင့်)  ရဲ့ “ကျော်ငြိမ်း” စာအုပ်မှာ ဦးကျော်ငြိမ်း “နိဒါန်း” ဆိုတာပဲ ရေးပါတယ်။ ဦးသိန်းဖေ (မြင့်) ကလည်း ဦးကျော်ငြိမ်းလက်ခံနိုင်တာပဲ ရေးပါတယ်။ သူ့စာအုပ်အဖွင့်မှာပါ “ပက်လက်ကုလား ထိုင်မှာ အမြိန့်သား မျက်နှာချင်းဆိုင်၍ထိုင် – စမြုံ့ပြန်ခြင်း ဆိုတာဟာ ရှေးဟောင်းနှောင်းဖြစ် ပြောရုံသက်သက် မဟုတ်ပါ။

ဦးနုကို အရှုံးပေးလိုက်ရတဲ့ အမတ် ပြုတ်နှစ်ဦး ဦးနုကို ဆန့်ကျင်ဖို့ နိုင်ငံရေး တိုက်ကွက် ရှာကြတာ၊ ညှိနှိုင်းကြတာဖြစ် ပါတယ်။ စာအုပ်ရေးတဲ့နှစ်က (၁၉၆၁) ခုနှစ်ပါ။ ဦးနု၊ (ပထစ) အစိုးရတက်နေချိန် ဖြစ်ပါတယ်။ နေဝင်းအုပ်စုလည်း အာဏာမသိမ်းရ သေးပါ။ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေ အစရှိတဲ့ စစ်ဗိုလ်ကြီး (၁၃) ယောက်ကို တပ်က ထုတ်ပြီးကာစဖြစ်ပါတယ်။  ဗိုလ်မောင်မောင် ဟာ ဦးကျော်ငြိမ်းနဲ့ လုပ်ဖော်ကိုင်ဖက် ဆိုတာလည်း သတိပြုသင့်ပါတယ်။ ။

အဲဒီ နိုင်ငံရေးနောက်ခံနဲ့ ရေးတဲ့ စာအုပ်ဖြစ်လို့ ယထာဘူတ မကျ၊ အဖြစ် မှန်နဲ့မကိုက်တာတွေ အများကြီး ပါနေပါတယ်။

ဦးကျော်ငြိမ်းရဲ့ နိဒါန်းကြည့်ရင် လည်း သူ့နိုင်ငံရေးရပ်တည်ချက်ကို ခုခံကာကွယ် လျှောက်လဲနေတာ  ဖြစ်ပါတယ်။ သူဟာ ဘာကြောင့် လူမုန်းများရတယ်၊ ဦးနုက လူပေါ်လူဇော်လုပ်တယ်ဆိုတာကို ပေါ်အောင် ရေးပါတယ်။

ဦးနုက ၁၉၉၈ ခုနှစ်ထုတ် “တာတေ စနေသား” ရေးပြန်တော့လည်း ကွန်မြူနစ် ဆန့်ကျင်ရေးမှာ သူသာလျှင် စိတ်ချရတယ် ဆိုတာ နယ်ချဲ့သမားတွေ အထူးသဖြင့် အမေရိကန်သိအောင် ရေးဖို့က အဓိက ဖြစ်နေပါတယ်။ ပြည်တွင်းစစ် ဖြစ်တဲ့ကိစ္စကို ဦးသိန်းဖေ (မြင့်)၊ ဦးကျော်ငြိမ်းတို့နဲ့ တလေသံ တည်း ရေးပါတယ်။ ပြည်တွင်းစစ် စတင်လုပ်ခဲ့ တာတော့ သူမဟုတ်ဘူးလို့ ငြင်းပါတယ်။

ဗိုလ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗသိန်းတင်တို့က ရေးမသွားနိုင်ကြပါ။ ဗိုလ်အောင်ဆန်းက လက်ဝဲညီညွတ်ရေး ပျက်တာကိုပဲ မြင်သွားရသူပါ။ သခင်သန်းထွန်း၊ သခင်ဗသိန်းတင်တို့ကသာ ၁၉၄၈ ပြည်တွင်း စစ် ပြဿနာကို ပိုပြီးအတွင်းကျကျ ရေးနိုင်မှာ ဖြစ်ပါတယ်။

“ ပြည်တွင်းစစ် ပြဿနာ ဖြေရှင်း ရမယ့်တာဝန်ဟာ မျိုးဆက်သစ်ရဲ့ ပခုံးပေါ် ရောက်နေပါပြီ။ ကွန်မြူနစ်တို့ဘက်က အမြင်ကို မိမိအနေနဲ့ သိလိုက်လိုက်သမျှ ရေးပါတယ်။

မှီငြမ်းကိုးကားရန်သာ ဖြစ်ပါတယ်။

အစီရင်ခံသူ။ ပြည်တွင်းစစ် ပြဿနာ၏ ဇာစ်မြစ်

ဗမာပြည်ကို လွတ်လပ်ရေးပေးရင် ပြည်တွင်းစစ် ဖြစ်လိမ့်မယ်လို့ စပြောသူက ချာချီ ( Churchill ) ပါ။ သူကလည်း စော၊ စိန်၊ မော် (ဦး စော၊ သခင်ဗစိန်၊ ဒေါက်တာဗမော်) အားကိုးနဲ့ ပြောတာပါ။ သူပြောသလိုမဖြစ်ခဲ့ပါ။ လက်ဝဲညီညွတ်ရေးရဲ့ အင်အား၊ ပြည်သူတွေရဲ့ အင်အား ရှိနေလို့ မဖြစ်တာပါ။

ပြည်တွင်းစစ်ဖြစ်တာက လက်ဝဲညီညွတ်ရေး ပြိုကွဲတော့မှ ဖြစ်ပါတယ်။ လက်ဝဲ ညီညွတ်ရေးသာ မပြိုကွဲရင် ပြည်တွင်းစစ်ကို ဘယ်သူတွေကပဲ လှုံ့ဆော်နေနေ မဖြစ်နိုင်ပါ။ ဒါဟာ ဗမာပြည်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။

လက်ဝဲညီညွတ်ရေး ပြိုကွဲတဲ့ဇာတ်လမ်း

လွန်ခဲ့တဲ့ နှစ် ၆ဝ ကျော်က ဖြစ်ခဲ့တဲ့ဇာတ်လမ်းမို့ ဇာတ်ရည်လည်အောင် ရှည်ရှည်ရေးရပါမယ်။ မူကွဲတွေ လည်း ရှိနိုင်တာဖြစ်လို့ ပုဂ္ဂလိကတင်ပြချက်အဖြစ်ပဲ သဘောထားပါ။ အဓိကဇာတ်ကောင် ခေါင်းဆောင်ကြီး တွေ မရှိတော့လို့လည်း တင်ပြရတာ စိတ်မသန့်ပါ။

ဒါပေမဲ့ ပြဿနာဖြေရှင်းမယ့်သူတွေ သိထားမှ အဖြေရှာနိုင်မှာဖြစ်လို့ တာဝန်အရ တင်ပြပါတယ်။

လက်ဝဲညီညွတ်ရေး စပြီးပြိုကွဲတာ (ဗကပ) ထဲက ပါ။ ၁၉၄၆ မှာပါ။ ဘရောက်ဒါဝါဒသွင်းလာသူလို့ စွပ်စွဲခံရတဲ့ ဦးသိန်းဖေ (မြင့်) နဲ့ သခင်စိုး (သူ့ကိုယ်သူ ဘရောက်ဒါဝါက ဖျက်ဆီးခံလိုက်ရတဲ့ အပျိုစင်လို့ သတ်မှတ်သူ) ရဲ့ ပဋိပက္ခက စပါတယ်။ ဘရောက်ဒါဝါဒကို အကြောင်းပြုပြီး တိုက်ကြတာပါ။ ဂိုဏ်းဂဏတွေနဲ့ပေါင်းပြီးတော့ မကျေနိုင်မချမ်းနိုင် တိုက်ကြ ပါတယ်။ အတွင်းပိုင်း ကျိတ်ပြီးတိုက်နေရာက ပဋိပက္ခကို မကြိတ်ချေနိုင်ဘဲ ပေါက်ကွဲသွားတာပါ။ ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုအရ အများစုကြီးက သခင်ဗဟိန်း၊ ဦးသိန်းဖေ (မြင့်)၊ သခင်သန်းထွန်းတို့ ရဲ့ ခေါင်းဆောင်မှု ခံယူပါတယ်။ အဲဒီတော့ သခင်စိုးက သူ့လူတချို့နဲ့ ပါတီခွဲထောင်ပါတယ်။ သခင်စိုးက ဗကပ ကိုရော၊ ဖဆပလ ကိုပါ ထောင်တိုက်ပါတယ်။

ဗကပ ကို တိုက်ရင် သိန်းသန်း (သိန်းဖေ၊ သန်းထွန်း) ကို ဦးတည်ပါတယ်။ အချောင် သမားလို့ ဆဲပါတယ်။ ဖဆပလ ကို တိုက်ရင် ဗိုလ်အောင်ဆန်းကို ဦးတည်ပါတယ်။ ဂျပန်နဲ့ ပေါင်းသူ၊ “ဆောင်ကြာမြိုင်ဗိုလ်ချုပ်” လို့ သူကဆဲပါတယ်။ ဗိုလ်အောင်ဆန်းက ဘုရားငဆောင်လို့ ပြန်ပက် ပါတယ်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို မတိုက်ပါဘူး။ ဘေးမဲ့ပေးပါတယ်။ အလေးထားစရာလို့ မထင်လို့ပါ။

“ဆွေငြိမ်း” တို့ကလည်း သူတို့အပြစ်နဲ့သူတို့မို့ သိမ်ငယ်နေပါတယ်။ ဟဲဗီးဝိတ် အတန်း တက်မထိုးသေးပါ။ ဦးနုကိုတော့ နိုင်ငံရေးထဲ အတင်းဆွဲခေါ်ထားရချိန်ပါ။ တနေ့မှာ ဝန်ကြီးချုပ်ဖြစ်မယ့်သူလို့ ဘယ်သူမှ မထင်ခဲ့ပါ။ အဖြစ်အပျက်တခု တင်ပြပါမယ်။

ဖဆပလ ဗဟိုက အထက်ဗမာပြည်သို့ စည်းရုံးရေး ပထမဆုံးဆင်းစဉ်က အဖြစ်အပျက် ကလေးပါ။

ဗိုလ်အောင်ဆန်း၊ သခင်သန်းထွန်း (ဥက္ကဌနဲ့ အထွေထွေအတွင်းရေးမှူး) ခေါင်းဆောင်ပြီး ဆင်းလာတာပါ။ ဦးကျော်ငြိမ်း၊ ဦးဘဖေ၊ ဦးမြ (၂) မြ စသူများ ပါလာပါတယ်။ တမျိုးသားလုံး စည်းလုံးညီညွတ်ရေးရဖို့ စည်းရုံးရေးဆင်းတာပါ။ ကိုလိုနီခေတ်ဟောင်း နိုင်ငံရေးသမားကြီးတွေကို အစည်းအဝေးခေါ်၊ ဖဆပလ သဘောထားရှင်းပြကြတာပါပဲ။ အဓိကရှင်းပြသူက ဗိုလ်အောင်ဆန်း နဲ့ သခင်သန်းထွန်းပါ။ ကျန်တဲ့ခေါင်းဆောင်တွေက ဘာမှဝင်မပြောပါဘူး။ ဦးဘဖေပဲ တခါဝင်ပြော ပါတယ်။ နိုင်ငံရေးလုပ်တဲ့ ဆရာတော်တပါးက “ဗမာပြည်နဲ့အင်ဒိုနီးရှား ဘယ်သူအရင် လွတ်လပ် ရေးရမလဲ” လို့ မေးပါတယ်။ ဗိုလ်အောင်ဆန်း၊ သခင်သန်းထွန်း (အထူးသဖြင့်သခင်သန်းထွန်း) တို့က စပြီးရှင်းပြပါတယ်။ အမျိုးသားစည်းလုံးရေးရှိသူက အရင်လွတ်လပ်ရေးရမယ် ဆိုတဲ့ သဘော ရှင်းနေတုန်း ဦးဘဖေက နိုင်ငံရေးသမားဟောင်းချင်းမို့ ခြေမြင်ပြီး “ဆရာတော်မေးတဲ့ မေးခွန်းက “academic question ” ပဲ၊ ဖြေစရာမလိုဘူး” ဆိုတဲ့သဘော ပြောလိုက်ပါတယ်။ သခင်သန်းထွန်းလည်း ဆက်ရှင်းစရာမလို၊ အဲဒီ ဘုန်းကြီးလည်း ငြိမ်သွားပါတယ်။ (နောက်ပိုင်း လွတ်လပ်ရေးရပြီးတော့ အဲဒီဆရာတော် ဖဆပလမှာ တွင်ကျယ်နေပါတယ် ) ၊

ဦးကျော်ငြိမ်းကတော့ ဘာတခုမှ ဝင်မပြောပါ။ သူက ညပိုင်း “လက်ဝဲ” အချင်း ချင်း (လက်တွေ့လုပ်နေကြတဲ့ ကေဒါတွေနဲ့ အစည်းအဝေး၊ ဦးဘဖေ၊ ဦးမြတို့ မပါဘူး) ဆွေးနွေးပွဲမှာ ပြောပါတယ်။ သူပြောတာက ဖဆပလ ဆိုင်းဘုတ်နဲ့ ဗကပဆိုင်းဘုတ်ယှဉ်ပြီး အဆောက်အဦတခုတည်းမှာ တင်ထားတာ ကို ကန့်ကွက်တာပါ။

ဗိုလ်အောင်ဆန်းက “တကယ်လုပ် တဲ့လူ နေရာရမှာပဲ” လို့ ပိတ်ပြောလိုက်တော့ ငြိမ်သွားပါတယ်။ စောဒကမတက်ပါ။

သခင်စိုး၊ ဗိုလ်အောင်ဆန်း အပြန် အလှန်အပုပ်ချပွဲ (သခင်စိုးက စတာ) ကျမှ ဗိုလ်အောင်ဆန်းကို ပစ်ပြီးထောက်ခံကာ ဦးကျော်ငြိမ်းတို့ ဆရာမွေးပါတယ်။ ဖဆပလ ကွန်မြူနစ်ကွဲတော့ သူတို့ပိုပြီး တွင်ကျယ်လာ ပါတယ်။ အထွေထွေအတွင်းရေးမှူးနေရာကို အပိုင်စီးကြပါတယ်။

နိုင်ငံရေးအမွေဆိုတာမှာ ကောင်း မွေရော ဆိုးမွေပါ ရှိပါတယ်။ သခင်စိုးရဲ့ ဂိုဏ်း ဂဏက ဆိုးမွေပါ။ ဖဆပလ အတွင်း လက်ယာ ဂိုဏ်းကို အားတက်စေပါတယ်။ ဦးသိန်းဖေ (မြင့်) ရဲ့ သခင်စိုးအပေါ်ထားတဲ့ တန်ပြန် ဂိုဏ်း ဂဏကလည်း (ဗကပ) ကို မနာလိုမရှုစိမ့် ဖြစ်နေတဲ့ ဆိုရှယ်လစ်ပါတီကို အားတက်စေ တာပါပဲ။ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်စုဟာ ဖက်ဆစ်တော်လှန်ရေးမှာ မတက်ကြွခဲ့ပါဘူး။ အချောင်ခိုပါတယ်။ ဒါလူတိုင်းအသိပါ။ (ဗကပ) ထဲက အလံနီခွဲထွက်တော့ (ဗကပ) သိက္ခာကျ ပါတယ်။ ဆိုရှယ်လစ်ပါတီအတွက် အကွက် ကောင်းပါ။ သူတို့က ဦးသိန်းဖေ (မြင့်) ကို စည်းရုံးရမယ့်ပစ်မှတ်ထား ချဉ်းကပ်ပါတယ်။ ။

(စကားချပ်) ဘရောက်ဒါဝါဒ အကြောင်းပြုပြီး “ရှားစောင်းစေးနဲ့မျက်ချေး” ဖြစ်နေတဲ့ သခင်စိုးနဲ့ ဦးသိန်းဖေ ( မြင့် ) တို့ဟာ နောက်ဆုံးတော့ မဆလ ခြံထဲ ရောက်ကြ ပါတယ်။ သူတို့ချင်း စည်းလုံးမိကြပါတယ်။ သင့်မြတ်စွာအတူနေကြပါတယ်။ ဗိုလ်နေဝင်းကို အားတက်သရော အလုပ်အကျွေးပြုကြပါ တယ်။ သက်တမ်းအတိုင်းနေပြီး သေဆုံးသွား ကြပါတယ်။ ပါတီရဲ့ သမိုင်းမှာ အထွေထွေ အတွင်းရေးမှူးသုံးယောက်၊ ဥက္ကဌသုံး ယောက် ခေါင်းဆောင်ခဲ့ပါတယ်။ ပထမဆုံး အထွေထွေ အတွင်းရေးမှူး သခင်အောင်ဆန်းက ရန်သူ့ လက်ချက်နဲ့ ကျဆုံးပါတယ်။ “ကြက်ခေါင်းဆိတ် မခံ” ဖြစ်ကြတဲ့ သခင်စိုးနဲ့ ဦးသိန်းဖေ (မြင့်) နှစ်ယောက်ပဲ သစ္စာဖောက်ဖြစ်ပြီး (မဆလ) ကို အလုပ်အကျွေးပြုသွားကြပါတယ်။ ဥက္ကဌ နှစ် ယောက် (သခင်သန်းထွန်းနဲ့ သခင်ဇင်) က ရန်သူ့လက်ချက်နဲ့ ကျဆုံးပါတယ်။ ဥက္ကဌ တယောက် (သခင်ဗသိန်းတင်) က အခြေ အနေအရ ပြည်ပမှာ ကွယ်လွန်ခဲ့ပါတယ်။

အလံနီက ဂိုဏ်းခွဲတော့ ဖဆပလ ထဲက လက်ယာဂိုဏ်း တစခန်းထသလို ဗမာပြည်ဆိုရှယ်လစ်ပါတီကလည်း တဖြည်း ဖြည်းချင်း လက်ယာဘက်သို့ တိမ်းညွတ်သွား ပါတယ်။ ဖဆပလက ဘုရင်ခံအမှုဆောင် အဖွဲ့ထဲ ဝင်မိတော့ အလိုတော်ရိ ဦးတင်ထွဋ်နဲ့ ပေါင်းမိပါတယ်။ ပိုပြီးလက်ယာဘက် ယိမ်း ပါတယ်။ အင်္ဂလိပ်နဲ့စေ့စပ်ရေးကို တက်တက် ကြွကြွ လုပ်ပါတယ်။ “ရရင်ရ မရရင်ချ” ဆိုတဲ့ ဗိုလ်အောင်ဆန်းလမ်းစဉ်ကိုတောင် မရဲတရဲ ဆန့်ကျင်ပါတယ်။ “ချရေး” ကို ပယ်ပြီး “ရရေး” ကို ဇောက်ချလုပ်ပါတယ်။ (ဗကပ) က “ချရေး” ကို ဇောင်းပေးပါတယ်။ ဗိုလ် အောင်ဆန်း ကျဆုံးတော့ သူတို့လွတ်လွတ် ကျွတ်ကျွတ် လက်ယာယိမ်းသွားကြပါတယ်။ ဦးနုကို မှုစရာလို့ သူတို့ဘယ်တုန်းကမှ သဘော မထားပါ။

(ဗကပ) နဲ့ ဗိုလ်အောင်ဆန်းတို့ လုပ်နေတဲ့ ဖဆပလ ကွန်မြူနစ် ညီညွတ်ရေး (လက်ဝဲညီညွတ်ရေး ပြန်လည်တည်ဆောက် ရေး) လည်း ဗိုလ်အောင်ဆန်းကျဆုံးလို့ သဲထဲရေသွန် ဖြစ်ရပါတယ်။ လွတ်လပ်ရေး မရခင်က ဆိုရှယ်လစ်ပါတီက ဖဆပလ ကွန်မြူနစ်ညီညွတ်ရေးကို ဟန်ပြကိုင်စွဲပြီး (ဗကပ) ကို အညွန့်ချိုးဖို့ လုပ်ပါသေးတယ်။ အညွန့်ချိုးတဲ့နည်းက အများစုက ဆုံးဖြတ်ထား တာကို မဝေဖန်ရဆိုတာပါ။ ဖဆပလ တပ် ပေါင်းစုဟာ တူတာတွဲလုပ်၊ မတူတာခွဲလုပ်ဖို့ ဖွဲ့ထားတာပါ။ ပါတီမဟုတ်ပါဘူး။ မတူရင် ဝေဖန်ခွင့် ရှိရမှာပါ။

လွတ်လပ်ရေးရတော့ အညွန့်ချိုး ရေးက တဆင့်တက်ပြီး (ဗကပ) ချေမှုန်းရေး လုပ်ပါတယ်။ (ဗကပ) အညွန့်ချိုးရေးနဲ့ ချေမှုန်းရေးဟာ အနှစ်သာရအရ ပြောရင် “လက်ဝဲအင်အားစု” ဆန့်ကျင်ရေးပါပဲ။

နောက်တော့ တခြားလက်ဝဲ အင်အားစု ပြည်သူ့ရဲဘော်တွေ၊ တပ်တွင်း လက်ဝဲသမားတွေ (ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်သိန်း၊ ဗိုလ်လှမော်၊ ဗိုလ်စိုးမောင် စသူများ) တောခိုကြရပါတယ်။ နောက်ဆုံးမှာတော့ ဆိုရှယ်လစ်ပါတီထဲက လက်ဝဲအင်အားစုတွေတောင် ဖဆပလ အစိုးရရဲ့ အတိုက်အခံ ဖြစ် သွားရပါတယ်။ သူတို့ဟာ မြေပေါ် “ကွန်မြူနစ်” လို့ စွပ်စွဲခံရပြီး အနှိမ်ခံကြရပါတယ်။

အဲဒီကာလက အရေးကြီးဖြစ်စဉ် တချို့ တင်ပြပါမယ်။ “လက်ဝဲပြန်လည်ညီညွတ်ရေး” ကို ဗိုလ်အောင်ဆန်းလုပ်ခဲ့သလို ဦးနုနဲ့ ဦးသိန်းဖေ (မြင့်) တို့ လုပ်ခဲ့ပါသေးတယ်။

ဦးနုက “နုမူ” ဆိုတာ တင်ပြပြီး “လက်ဝဲညီညွတ်ရေး” လုပ်ပါတယ်။ “ရဲဘော် မူ” ဆိုတာကို ပြည်သူ့ရဲဘော်က စင်ပြိုင်တင် ပါတယ်။ ဆိုရှယ်လစ်ပါတီက ခြေထိုးဖျက်ဆီး ပါတယ်။

“နု” လုပ်စက အင်္ဂလိပ်က ဦးနုရဲ့ “ပရိယာယ်ဝေဝုစ် ” ကို နားမလည်ပါဘူး။ “ဗမာပြည် နီသွားပြီ ” လို့ ထင်ပါတယ်။ နောက် မှ ဦးနုရဲ့ လှည့်ကွက်ဆိုတာ သိသွားပါတယ်။ ပြည်သူ့ရဲဘော်ကတော့ ဗိုလ်အောင်ဆန်း မရှိတော့ကတည်းက အဖမဲ့သား ဖြစ်နေတာပါ။ ဆိုရှယ်လစ်ပါတီက နု၊ ရဲဘော်မူ ပဋိပက္ခမှာ ပြည်သူ့ရဲဘော်ကို မဖျက်သိမ်းနိုင်တော့ (၂) ခြမ်းခွဲပစ်လိုက် ပါတယ်။ အနည်းစုကို သိမ်း သွင်း၊ အများစုကြီးကို တောထဲမောင်းပို့ ပါတယ်။

ဗိုလ်အောင်ဆန်းရှိစဉ်က ပြည်သူ့ ရဲဘော်ကို ဆိုရှယ်လစ်ပါတီ မထိရဲပါဘူး။ ၁၉၄၇ အထွေထွေရွေး ကောက်ပွဲမှာ ဗိုလ်အောင်ဆန်း က ပြည်သူ့ရဲဘော်ဗိုလ်တွေကို လွှတ်တော်ထဲ အမတ်အဖြစ် ပို့ပေးထားတာ မနည်းပါဘူး။

(စကားချပ်။ တော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့တပ်ကို အမတ်နေရာ ပေးတာနဲ့ တလက်ကိုင်ကြေးစားတပ်အတွက် အမတ်နေရာတောင်းတာ (အမတ် လေးပုံတပုံ တောင်းတာ) အနှစ်သာရချင်း မတူပါဘူး။)

ပြည်သူ့ရဲဘော်အမတ်က ဆိုရှယ်လစ်ပါတီအမတ်နဲ့ အင်အားချင်းဆတူလောက် ဖြစ်နေတာကို ဆိုရှယ်လစ်တွေ မနှစ်မြို့ပါဘူး။ “သိန်းဖေမြင့်၏ ကျော်ငြိမ်း” စာအုပ်မှာ ဦးကျော်ငြိမ်းက ပြည်သူ့ရဲဘော်ကို ကမ္ဘာ့ဗဟု သုတ ဘာမှမရှိသူတွေလို့ ရေးတာကို ကြည့်ပါ။ ပြည်သူ့ရဲဘော်ကို အမြန်ဖျက်သိမ်းဖို့လည်း သူလုပ်ခဲ့တာကို ဝန်ခံထားပါတယ်။

နုမူ ရဲဘော်မူ အငြင်းပွားမှုကို ချက် ကောင်းယူပြီး လက်ဝဲအင်အားစု ပြည်သူ့ ရဲဘော်ကို ဖဆပလထဲက မောင်းထုတ် တော ထဲပို့ ချေမှုန်းရေးလုပ်ခဲ့ပါတယ်။ ဒီလိုညစ်ပတ် နည်းမျိုးကို (ဗကပ) အပေါ်လည်း ၁၉၄၈ မတ်လက လုပ်ခဲ့ဖူးပါတယ်။ ဖဆပလ ကွန်မြူနစ် ညီညွတ်ရေး ဆွေးနွေးဖို့ဆိုပြီး ကွန်မြူနစ်ပါတီက ယုံကြည်လောက်တဲ့ လူတွေပါတဲ့အဖွဲ့ ဖွဲ့ပါ တယ်။ ဆွေးနွေးပွဲရက်ချိန်း သူတို့ပေးပါတယ်။ ပြီးတော့ အဲဒီရက်မှာပဲ ပြည်ထဲရေးဝန်ကြီးက ပါတီခေါင်းဆောင်စုကိုဖမ်းဖို့ ဝရမ်းထုတ်ထား ပါတယ်။ တကယ်က များခေါ်ပြီး ဖမ်းဖို့ပါ။

ဦးနု “လက်ဝဲညီညွတ်ရေး” နဲ့ နိုင်ငံရေးကစားတာနဲ့ မရှေးမနှောင်း ဦးသိန်းဖေ (မြင့်) ကစားပါတယ်။

ဦးသိန်းဖေ (မြင့်) ရဲ့ “လက်ဝဲ ညီညွတ်ရေး” လုပ်နည်းကတမျိုး ဖြစ်ပါတယ်။ ဗစိန် ထွန်းအုပ် လက်ယာဂိုဏ်းသား ဗိုလ် နေဝင်းကို ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး တို့က လက်ဝဲစာရင်းဝင်ဖြစ်အောင် လုပ်ပေး ခဲ့ပြီး၊ ဦးသိန်းဖေ (မြင့်) က ဗိုလ်နေဝင်းကို လက်ဝဲ သမားထိပ်သီးဖြစ်အောင် လုပ်ပေးကာ အာဏာသိမ်းခိုင်းတာပါပဲ။ ဦးသိန်းဖေ (မြင့်) ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ သံသယဖြစ်စရာ ချည်းပါပဲ။ တို့ဗမာအစည်းအရုံးခေတ်က ဦးသိန်းဖေ (မြင့်) ဟာ ပုလိပ်သတင်းပေးပါလို့ ဗိုလ်နေဝင်းက အတိအကျ စွပ်စွဲပါတယ်။ ပုလိပ် မင်းကြီး ၊ ပရက်စကော့ကားပေါ် တက်လိုက် သွားတာ သူ့မျက်မြင်ပဲလို့ “ပီကင်းဆွေးနွေးပွဲ ၁၉၇၉” တုန်းက ပြောပါတယ်။ တီတူးရင်း မြင်တာလို့တော့ မပြောပါ။

အခုကိစ္စမှာလည်း ဦးသိန်းဖေ (မြင့်) က ဦးကျော်ငြိမ်းနဲ့ ညှိပြီးလုပ်တာလို့ သံသယ ရှိစရာပါ။ ဗိုလ်နေဝင်းကို ကာကွယ်ရေးဝန်ကြီး အသေအလဲခန့်ချင်နေတဲ့ ဆိုရှယ်လစ်ပါတီက ဦးသိန်းဖေ (မြင့်) ကို အသုံးချပြီးလုပ်တဲ့ လှည့်ကွက်လို့ ထင်ရပါတယ်။

စစ်အုပ်စုဝင်တွေ ရေးတဲ့ပြောတဲ့ ထဲမှာ ဗိုလ်ဇေယျကို ကာကွယ်ရေးဝန်ကြီး မလုပ်ရလို့ တောခိုသူဖြစ်အောင် ရေးကြ ပြောကြပါတယ်။ ဗိုလ်ဇေယျလုပ်တာက ဗိုလ် နေဝင်း (ဆိုရှယ်လစ်) ကာကွယ်ရေးဝန်ကြီး မဖြစ်ဖို့ပါ။

ဦးကျော်ငြိမ်းက ဗိုလ်နေဝင်းကို ကာကွယ်ရေးဝန်ကြီးခန့်ဖို့ ဦးနုကို စည်းရုံးပြီးသားပါ။ ဦးနုရေးတဲ့ “တာတေစနေသား” မှာ ပါပါတယ်။

ပြည်တွင်းစစ်ကို အပြုတ်တိုက်ရေးလမ်းစဉ်နဲ့ တိုက်မယ့်သူ၊ နိုင်ငံတော်စစ်တပ်ကို ဆိုရှယ်လစ်ပါတီရဲ့ တလက်ကိုင်တပ်ဖြစ်အောင် လုပ်မယ့်သူဟာ ဗိုလ်နေဝင်းပါ။ ဦးကျော်ငြိမ်းဟာ လူရွေးကောင်းပါတယ်။ ဗိုလ်ဇေယျရှိနေရင် ဗိုလ်နေဝင်းကို ကာကွယ်ရေးဝန်ကြီးထားဖို့ မလွယ်ပါ။ ပြည်တွင်းစစ်ကို ဆိုရှယ်လစ်ပါတီအလိုကျ တိုက်ပေးမယ့်သူမဟုတ်လို့ ဗိုလ်ဇေယျကို ပယ်ရပါမယ်။

ဦးသိန်းဖေ (မြင့်) ရဲ့ “လက်ဝဲညီညွတ်ရေး” က လက်တွေ့အရတော့ ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်သိန်း၊ ဗိုလ်လှမော်၊ ဗိုလ်စိုးမောင်စတဲ့ လက်ဝဲဆန်တဲ့၊ ဆိုရှယ်လစ်မဟုတ်တဲ့ ရဲဘော်တွေ တောခိုရတာပါပဲ။ ဗိုလ်နေဝင်း တလက် ကိုင်တပ်ဖြစ်ဖို့ လမ်းရှင်းပေးလိုက်သလို ဖြစ်သွား ပါတယ်။

နောက်တော့ ဦးသိန်းဖေ (မြင့်) ကိုယ်တိုင်လည်း ဦးကျော်ငြိမ်းက အိမ်ကိုဖိတ် ကားလွှတ်ခေါ်ပြီး အိမ်ဝ က စောင့်ဖမ်းခိုင်းတာ ခံရပါတယ်။ ထောင်ထဲခဏ ရောက်ပြီး ထောင်ကလွတ်တော့ ဘေးမဲ့နိုင်ငံရေး သမား ဖြစ်သွားပါတယ်။ အလွန်ကို မသင်္ကာစရာကြီးပါ။

ဦးနု၊ ဦးသိန်းဖေ (မြင့်) တို့ရဲ့ “လက်ဝဲညီညွတ် ရေး” လှည့်ကွက်တွေ ပြီးကတည်းက မြို့ပေါ်မှာ “လက်ဝဲညီညွတ်ရေး” လုပ်တာ မရှိတော့ပါ။ ပုံစံသစ်နဲ့ လက်ဝဲညီညွတ်ရေးသာ ရှိပါတော့တယ်။ ဘယ်သူကမှလည်း ဗဆွေ ကျော်ငြိမ်း ဆိုရှယ်လစ်ပါတီကို လက်ဝဲအင်အားစုလို့ မသတ်မှတ်တော့ပါ။

“လက်ဝဲညီညွှတ်ရေး” ပျက်ရုံနဲ့ ပြည်တွင်းစစ်ဖြစ်တာဟာ ဗမာပြည်ရဲ့ ထူးခြားတဲ့ အခြေအနေနဲ့ အချက်အလက်တွေကြောင့် ဖြစ်ပါတယ်။

ဗမာပြည်ရဲ့ ထူးခြားတဲ့ အခြေအနေနဲ့ အချက်အလက်ကဘာလဲ။ ဒီကိစ္စကို ဆက်ပြီး တင်ပြပါမယ်။

ထူးခြားတဲ့ အခြေအနေနဲ့ အချက်အလက်

ဗမာပြည် နိုင်ငံရေးဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ အိန္ဒိယနဲ့ လမ်းကြောင်းချင်း အခြေခံကနေပြီး ကွဲသွားပါတယ်။ ဟိုတုန်းကတော့ နိုင်ငံရေးချင်းတွဲနေတာပါ။ ကိုလိုနီချင်း တူကြလို့ပါပဲ။ ဟိုက အဟိံသ ( Ahimsa ) ဆို၊ ဒီက အဟိံ သ။ ဟိုက ဟုမ္မရူး ( Home – rule ) ဆို၊ ဒီက ဟုမ္မရူး။ နောက်က လိုက်လုပ်ပါတယ်။

ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်တော့ တသီးတခြားလုပ်ကြဖို့ ဖြစ်လာပါတယ်။ နိုင်ငံခြား အဆက်၊ လက်နက်ရရာရေသောက်မြစ် ရှာကြတော့ ဟိုမှာ သူဘတ်ချန်ဒရာဘို့စ် ( Subhash Chandra Bose ) တယောက်ပဲ ထွက်ရှာပါတယ်။ ဗမာပြည်မှာက တို့ဗမာအစည်းအရုံး လက်ဝဲဂိုဏ်းနဲ့ ကျောင်းသားသမဂ္ဂရော လက်ယာဂိုဏ်းပါ လူငယ်အင်အားစုတိုင်း ထွက်ရှာ ပါတယ်။ ဟိုက ဂျာမဏီနဲ့အဆက်ရပြီးမှ ဂျပန်ရောက်ပါတယ်။ ။

ဗမာက ဂျပန်နဲ့ အရင်တွေ့ပါတယ်။ တွေ့ပုံကလည်း တမျိုးဆန်းပါတယ်။

လက်ဝဲဂိုဏ်းက အားလုံးသိတဲ့အတိုင်း တရုတ်ပြည်သွားတာပါ။သခင်အောင်ဆန်း၊ သခင်လှမြိုင်အကြောင်းက အတော်များများရေးထားလို့ လူတိုင်းသိပြီးပါ။ ထပ်မရေးတော့ပါ။ သခင်ဗဟိန်းခရီးလည်း ဒဂုန်တာရာရေးလို့ သိပြီးပါပြီ။

အများမသိကြတဲ့ကိစ္စ ရေးပါမယ်။ ကိုဗဟိန်းဟာ သူကိုယ်တိုင်သွားမရတော့ သွားလို့ရတဲ့ ရဲဘော်တယောက် လွှတ်ပါတယ်။ ရောက်ပါတယ်။ တရုတ်ကွန်မြူနစ်က တရုတ်ပြည် မြောက်ပိုင်းမှာ ဂျပန်ကို တိုက်နေရတာပါ။ လက်နက်ကူဖို့ မဖြစ်နိုင်ပါ။ အတွေးအခေါ်နဲ့ စာနာထောက်ခံတာပဲ ကူညီနိုင်ပါတယ်။ ကိုဗဟိန်းလွှတ်လိုက်တဲ့ ရဲဘော်နဲ့ကျွန်တော်တို့ အဆက်ပြန်ရပုံကလည်း ဆန်းပါတယ်။ (ဗကပ) နဲ့မရပါ။ အရင်ဆုံးရတာက ဦးနု၊ ဗိုလ် အောင်ကြီး တို့နဲ့ပါ။

ဦးနုနဲ့ ချိုအင်လိုင်း ဝန်ကြီးချုပ်ချင်း ဆွေးနွေးပွဲမှာ စကားပြန်အခက်အခဲဖြစ်နေလို့ လျှို့ဝှက်ပြီးနေရတဲ့ ကိုဗဟိန်းလွှတ်တဲ့ ရဲဘော် က ဝင်ဘာသာပြန်ပေးရပါတယ်။ ဝါးခယ်မသား ချင်းပေမယ့် ဦးနုက မမှတ်မိပါ။ ဦးနုနဲ့ပါသွားတဲ့ ဗိုလ်အောင်ကြီးက ချက်ချင်းမှတ်မိပါတယ်။ တက္ကသိုလ်မှာ တရုတ်ကပြားချင်းမို့ သူတို့ချင်း သိကြပါတယ်။ ဒီလောက်နဲ့တော့ မှတ်မိဖို့ မလွယ်ပါဘူး။ ကွဲသွားတာကြာပါပြီ။ ချက်ချင်း မှတ်မိစေတာက ဂျပန်ခေတ်မှာ ဗိုလ် အောင်ကြီးက အဲဒီရဲဘော် နှမနဲ့ရတယ်။ သူ့ ဇနီးက တရုတ်ပြည်သွားတဲ့ သူ့အစ်ကို စစ်ပြီး လည်း ပြန်မရောက်၊ စာလည်း မလာလို့ တနေရာရာမှာ သေပြီလို့ ထင်နေတယ်။ သေချာအောင်စုံစမ်းခဲ့ဖို့ မှာလိုက်တယ်။ ဒါကြောင့် တွေ့တွေ့ချင်း မှတ်မိတာပါ။

ဟိုတုန်းက အကူအညီကို တကယ် ပေးမယ်ဆိုပေးနိုင်တာက ကေအမ်တီ (KMT) ပါ။ အင်္ဂလိပ်က ခေါ်သွင်းလို့ KMT တပ်မကြီး တွေ ဗမာပြည်ထဲ ရောက်ကြပါတယ်။ တောင်ငူ မန္တလေး လမ်းတလျှောက် ဂျပန်ကို ခံတိုက် ကြပါတယ်။ မနိုင်လို့ဆုတ်လာရင်း KMT ရဲ့ ထုံးစံအတိုင်း လူထုဆီက လုယက်ပါတယ်။ ကျောက်သံပတ္တမြားနဲ့ ရွှေပဲ လုတာပါ။

မန္တလေးမှာ ဘုရားကြီးကရွှေ ခွာဖို့ လုပ်ပါတယ်။ မအောင်မြင်ပါ။ စစ်ကိုင်းတောင်ရိုး မှာတော့ အများကြီးရသွားပါတယ်။ လုပ်ပုံက သင်းပါတယ်။ တပြည်လုံးက သူဌေးတွေ လာခို နေတဲ့ စစ်ကိုင်းတောင်ရိုးမှာ လူကြီးတွေ အစည်း အဝေးခေါ်ပါတယ်။ လူကိုပြန်ပေးဆွဲပြီး ရွှေ၊ကျောက်သံပတ္တမြား ကြေးပစ်ပြီး ရွေးခိုင်း ပါတယ်။ ပြေးရင်းလွှားရင်း ပြန်ပေးဆွဲတာ ဆိုတော့ နေ့ချင်းပြီး ရွေးယူခိုင်းတာပါ။ မပေး နိုင်လို့ ၊ ငွေတိုက်ဝန်ထောက် ဦးရွှေသား အသတ် ခံလိုက်ရပါတယ်။

သူဌေးတွေက ပေးနိုင်လို့ လွတ်ပါ တယ်။ တရုတ်ပြည်မှာတော့ ငွေတိုက်အရာရှိ ဆိုတာ သူဌေးအကြီးဆုံးပါ။ အဲဒီစံချိန်နဲ့ တောင်းလို့ ကိုလိုနီ ငွေတိုက်ဝန်ထောက် မပေးနိုင်ပါ။ တဆွေလုံးတမျိုးလုံး လိုက်စုပြီး သွားရွေးတော့ တောင်းသလောက်မပြည့်လို့ သတ်ခဲ့ပါတယ်။ ။ လူလည်းသတ်၊ ရသလောက် လည်း ယူသွားပါတယ်။

သခင်နု၊ သခင်စိုး၊ သခင်မြသွင်တို့ KMT တပ်နဲ့ လိုက်သွားတဲ့အကြောင်းတော့ လူသိများပါတယ်။ KMT ဗိုလ်ချုပ်က ထားပစ်ခဲ့ ထောင်ထဲပြန်ထည့်ခဲ့တဲ့ အကြောင်းလည်း လူသိများပါတယ်။

ဒီလိုဘာကြောင့်လုပ်ခဲ့သလဲ ဆိုတာ တော့ ရေးကြတာ မတွေ့ပါ။ သီပေါ ဂျပန် သိမ်းသွားလို့ ဆိုတာပဲ ရေးကြပါတယ်။ စဉ်းစားကြည့်ပါ။

– ချန်ကေရှိတ် KMT ဟာ တရုတ်ကွန်မြူနစ်ကို တိုက်နေတာပါ။ ဗမာ ကွန်မြူနစ်ကို မကူညီနိုင်ပါဘူး။ (သခင်နုလည်း “လူမွဲတို့ထွက်ရပ်လမ်း” ဘာသာပြန်ထားသူပါ။ KMT ကတော့ ကွန်မြူနစ်ထဲ စာရင်းသွင်း မှာပါ။)

– ခေါ်မရလို့ လွှတ်ခဲ့တာလည်း မဟုတ်ပါ။ ထောင်ထဲ ပြန်ထည့်ပါတယ်။ အင်္ဂလိပ်အငြိုအငြင် မခံချင်ပါဘူး။

– အဲဒီ KMT တပ်တွေတော့ တရုတ်ပြည် ပြန်ရောက်ပါတယ်။ လုသွားတဲ့ ရွှေတွေ၊ ရတနာတွေလည်း ပါသွားပါတယ်။ (နု၊ စိုး၊ သွင်) ကို ခေါ်ချင်ရင် ခေါ်သွားနိုင်လျက်နဲ့ ထားခဲ့တာ ရှင်းပါတယ်။

– နောက်ပိုင်းမှာ ဦးသိန်းဖေ (မြင့်) ချုံကင်းရောက်တော့လည်း မကူညီပါ။

တို့ဗမာအစည်းအရုံး လက်ယာ ဂိုဏ်းကတော့ ဖက်ဆစ်ဂျပန်ပဲ ရှာတာပါ။ သူတို့က မာ့က်စ်ဝါဒ ဆန့်ကျင်ပါတယ်။ နစ်ရှေး (Nietzsche ) အဆိုအမိန့် ကို လက်ခံပါတယ်။ နာဇီဝါဒ အားကျပါတယ်။ သူတို့ ဂျပန်ရောက် သွားတာဟာ ရောက်ချင်တဲ့နေရာ ရောက်တာပါ။ နောက်တော့လည်း ဖက်ဆစ်ကို မတော် လှန်ပါ။ ဂျပန်စစ်ရှုံးတော့ အင်္ဂလိပ် အလိုတော်ရိ ဖြစ်ပြီး နိုင်ငံရေးဇာတ် သိမ်းသွားပါတယ်။

စော (ဦးစော)၊ စိန် (သခင်ဗစိန်)၊ မော် (ဒေါက်တာဗမော်) “စောစိန်မော်” အဖြစ်တွဲမိပြီး ဖဆပလ ဆန့်ကျင်ရေးလုပ်ရင်း ဇာတ်သိမ်းပါတယ်။

သူတို့ ဇာတ်သိမ်းတာဟာ ကိုလိုနီ ခေတ် လက်ယာဂိုဏ်း လုံးဝချုပ်ငြိမ်းတာပါပဲ။

လက်ယာဂိုဏ်းဟောင်းနေရာကို ဆွေငြိမ်းလက်ယာဂိုဏ်းသစ် ယူလာပါတယ်။

လက်နက်နဲ့စစ်ပညာ မမျှော်လင့်တဲ့နေရာကရခြင်း

ဂျပန်၊ အင်္ဂလိပ် နဲ့ (အမေရိကန်တောင်ပါသေး) အဲဒီက ရပါတယ်။ ဖောချင်းသောချင်း ရတာကတော့ စစ်မြေပြင်ကပါ။ အင်္ဂလိပ်အပြေးနဲ့၊ ဂျပန်အပြေးမှာ ရပါတယ်။

စစ်ပြီးတော့ ကိုလိုနီပြန်လုပ်မယ့် အစီအစဉ်ရှိထားတဲ့ အင်္ဂလိပ်က ဂျပန်တော်လှန်ရေး တပ်တွေဆီက လက်နက်ပြန်သိမ်းပါတယ်။ အထက်ဗမာပြည်မှာဆိုရင် စကတည်းက လက်နက် ငှားတယ်ဆိုပြီး ငှားရတာပါ။ မြို့သိမ်းမိတော့ သူတို့တပ်ထဲဝင်ပါ၊ ဗိုလ်တွေကို နဂိုရာထူးအတိုင်း ထားမယ်။ အားလုံးကို သူ့စနစ်အတိုင်း လစာ ပေးမယ်လို့ မြူဆွယ်ပါတယ်။ မဝင်ဘူးဆိုမှ ငှားထားတဲ့ လက်နက်အားလုံး ပြန်အပ်ခိုင်း ပါတယ်။ လက်ပစ်ဗုံး တလုံးတောင် မချန်ပါ။

သူ့ကွပ်ကဲမှုနဲ့ ဂျပန်ကိုတိုက်တဲ့ တခြား လူမျိုးစုတပ်တွေဆီက လက်နက်ပြန်သိမ်းတယ် မကြားမိပါဘူး။

အင်္ဂလိပ်က လက်နက်ကိစ္စမှာ အကဲ ဆတ်ပေမယ့် အမေရိကန်ကတော့ ဂရုမထားပါဘူး။ သူက ဧည့်သည်ပဲ၊ စစ်နိုင်ဖို့ပဲ ပဓာန။ ထုတ်ပေးတဲ့လက်နက် စေ့စေ့စပ်စပ်ပြန်မသိမ်းပါ။ စစ်ပြီးတော့လည်း သူတို့လက်နက်တွေကို ကျင်းထဲ ထည့် ဓာတ်ဆီလောင်း မီးရှို့ပြီး မြေပြန်ဖုံး ထားခဲ့တာပါ။ အလေးခံပြီး ပြန်ယူမသွားပါဘူး။

(အဲဒီလက်နက်တွေ တော်လှန်ရေးက ပြန်သုံးနိုင်ပါတယ်။ ဘူးနွယ် ( spring ) တွေပဲ သုံးမရပါ။ ကြက်ပေါင်ကြိုးတပ်ပြီးပစ်ရင် ရပါတယ်။ စစ်ပြီးတာမကြာသေးလို့ ပြောင်းတွေ၊ ကိုယ်ထည်သံတွေ ကောင်းပါသေးတယ် )

အနောက်တိုင်းသားတယောက် ရေးတဲ့စာအုပ်ရဲ့ နောက်ဆက်တွဲမှာ အမေရိကန် (၁၀၁) နဲ့ အင်္ဂလိပ် (၁၃၆) တပ် တာဝန်ခံ အရာရှိတွေကိုယ်တိုင်ရေးတဲ့စာ ပါပါတယ်။ အဲဒီစာမှာ လက်နက်ထုတ်ပေးတဲ့ စာရင်းတချို့ ပါပါတယ်။ ဖတ်ကြည့်ရင် သူတို့ရဲ့ သဘောထား သိနိုင်ပါ တယ်။

၁၀၁ တပ်မှူးရေးတဲ့စာမှာ သူတို့အတွက်တော့ ရယ်စရာ။ ဗမာပြည်အတွက်တော့ နာကျည်းစရာတခုကို တွေ့ပါတယ်။

သူရေးပုံက ဗမာပြည်မြောက်ပိုင်း တိုင်းရင်းသားတွေက စစ်အတွင်း ကူညီခဲ့တာ အတွက် သူကောင်းပြုတံဆိပ်ပေးဖို့ တောင်းကြကြောင်း သူကအထက်ကိုတင်ပြပြီး အိန္ဒိယမှာ ရွှေတံဆိပ်ကြီးတွေလုပ်ပြီး ပေးခဲ့ကြောင်း၊ စစ်မှာကူညီခဲ့တာကို အသိအမှတ်ပြုတယ်လို့ အဓိပ္ပာယ် ရတဲ့ CMA တံဆိပ်ပေးခဲ့ကြောင်း  (CMA ဆိုတာ Citation of Military Assistance) ကြေးနန်းရိုက်ရမှာ (comma) ကိုအတိုကောက် CMA လို့ သုံးကြောင်း။ ဒါကြောင့် သူတို့ချင်းတော့ CMA တံဆိပ်ကို “ကော်မာ” လို့ပဲ နောက်ပြောင်ကြကြောင်း ရေးပါတယ်။

အမေရိကန်က ကိုလိုနီပြန်လုပ်ဖို့လာတာ မဟုတ်လို့ မျက်နှာလွဲခဲပစ် လုပ်နိုင်ပါတယ်။ အင်္ဂလိပ်ကတော့လုပ်လို့ မရပါ။ အဲဒီတံဆိပ်ကိုလည်း အသိအမှတ်မပြုပါ။

နိုင်ငံရေးအဆက်နဲ့ လက်နက်ရှာလိုက်ရတာ လက်နက်က ရမယ့်ရတော့ တော်လှန် ရေးသမားသာမက လယ်သမားတွေပါ ရကြပါတယ်။

စစ်လက်နက်ပညာကို လယ်သမား ကတော့ ကျောင်းကရတာ မဟုတ်ပါ။ လက်တွေ့ က ရပါတယ်။ ဒီတိုနေတာ (detonator) ယမ်းကို အပ်နဲ့ထွင်လို့လက်ပြတ်၊ ဗုံးကိုတူနဲ့ထုလို့ တကျောင်းလုံး ဘုန်းကြီး၊ ကိုရင်၊ ကျောင်းသား တွေ ပျံလွန်သေဆုံးကြပြီးမှ ပညာရကြပါတယ်။ လက်နက်ငယ်ကတော့ စနစ်တကျသာမရှိတာ လယ်သမား အတော်များများ ပစ်တတ်ကြ ပါတယ်။ မတော်တဆ သေနတ်ထွက်လို့ သေတာလည်း မနည်းပါ။ ဘာပဲပြောပြော လက်နက်ကို ကိုင်တတ်သုံးတတ်ကြတဲ့ လယ်သမားတွေ လက်နက်ရကြပါတယ်။

၁၉၄၅ မှ ၁၉၄၈ ထိ ဗမာပြည်အခြေအနေ

ဗမာပြည် ကွန်မြူနစ်ပါတီဟာ တရားဝင် (ဥပဒေတွင်း) ပါတီ ဖြစ်နေပြီ။ “လက်ဝဲညီညွတ်ရေး” ကို ကျောရိုးပြုတဲ့ ဖဆပလ အဖွဲ့ကြီး ရှိနေပြီ။ ဖက်ဆစ် တော်လှန်ရေးအတွင်း စစ်ကိုဦးစီးတဲ့ အတွေ့ အကြုံရှိ ကေဒါတွေ ရှိနေပြီ။

အင်္ဂလိပ်ကိုလိုနီအစိုးရ ပြန်လာ တယ်။ သူတို့နဲ့ ပါလာတာက နိုင်ငံရေးစီမံကိန်း၊ စီးပွားရေး စီမံကိန်းတွေပဲ။ အိန္ဒိယမှာ စစ်ပြေး အစိုးရအဖြစ်နေရင်း ဆင်းမလား (Simla) မှာ စိမ်ပြေနပြေ ရေးဆွဲလာတဲ့ စီမံကိန်းတွေ ဖြစ် တယ်။

ဒါပေမဲ့ သူတို့စီမံကိန်း (project) တွေဟာ အတွေးအခေါ်ဟောင်းတွေနဲ့ ဆွဲထား တဲ့ စီမံကိန်းတွေ ဖြစ်နေတယ်။ ဗမာပြည်ကို ပြန်သိမ်းပြီးရင် စက်မှုလက်မှုလုပ်ငန်းတွေ ဘယ်လိုလုပ်လိုက်မယ်၊ ကောက်ပဲသီးနှံ စီမံ ကိန်းကဘယ်လို၊ သစ်ထုတ်လုပ်ရေးကို ဘယ် ပုံလုပ်လိုက်မယ်ဆိုတဲ့ စီမံကိန်းတွေချည်းပဲ။ စစ်အတွင်းလက်လွတ်သွားသမျှကို အတိုးချပြီး အင်္ဂလိပ်နယ်ချဲ့ ကုမ္ပဏီတွေ လုပ်ဖို့ စီမံ ကိန်း ချည်း ဖြစ်တယ်။ စီမံကိန်းတွေကို ဘုတ် (Boards) အဖွဲ့တွေနဲ့ စီမံဆောင်ရွက်ဖို့ပဲ။

နိုင်ငံရေးစီမံကိန်းကတော့ နယ်ချဲ့ ဆန့်ကျင်ရေး အင်အားစုတွေကို ဖိနှိပ်ဖို့နဲ့ တဖြည်းဖြည်းချင်း ဒိုမီနီယံအုပ်ချုပ်ရေးဆီသို့ သွားဖို့ ဖြစ်တယ်။

အင်္ဂလိပ်နဲ့ ပြည်သူ ထိပ်တိုက် တွေ့ကြတဲ့ကာလက ၁၉၄၅ နဲ့ ၁၉၄၆ စက်တင် ဘာလအထိ ဖြစ်တယ်။

၁၉၄၆ စက်တင်ဘာ အုံကြွမှု နောက်ပိုင်းမှာ လက်ဝဲညီညွတ်ရေး ပြိုကွဲတယ်။ နောက် ၁၉၄၇ နှစ်ဆန်းမှာ လက်ဝဲညီညွတ်ရေးကို ပြန်လည်တည်ဆောက်ဖို့ လုပ်တယ်။ အလားအလာကောင်းတယ်။ ဗိုလ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက်မှာ ကောင်းတဲ့အလား အလာတွေ တဖြည်းဖြည်းချင်း ကွယ်ပျောက် ကုန်တယ်။ လက်ဝဲညီညွတ်ရေး ပြိုကွဲမှုက ပြည်တွင်းစစ်ဆီသို့ ဦးတည်ခဲ့ပြီ။

ဖဆပလကို လက်ယာအင်အား စုတွေ တစတစအုပ်စီးမိလာနေပြီ။ ဆင်းမလား စီမံကိန်းတွေကို ဒိုင်ခံပြီးဆွဲခဲ့တဲ့ ဦးတင်ထွဋ် ဖဆပလမှာ လူတွင်ကျယ် ဖြစ်လာတယ်။ ဗမာပြည်ဆိုရှယ်လစ်ပါတီကလည်း လက်ဝဲဝါဒ ကို စွန့်ပစ်နေပြီ။ လက်ယာဘက်သို့ ရွေ့လျား နေပြီ။

နိုင်ငံရေးမှာ အဲဒီလိုပြောင်းလဲနေ ချိန်မှာ တပြည်လုံးရဲ့ အခြေအနေကလည်း အလွန်ကို တင်းမာနေတဲ့ကာလ ဖြစ်တယ်။

ဘုတ်အဖွဲ့မျိုးစုံရဲ့ ဖြစ်ညှစ်သွေးစုပ် မှုကို လယ်သမားတွေ၊ အလုပ်သမားတွေ ခံနေ ရတယ်။ စစ်အတွင်း မွဲပြာကျနေတာမှာ ထပ်ပြီး “လဲရာသူခိုးထောင်း” ခံရတော့ လယ်သမား သူပုန်တွေ ပေါ်လာတယ်။ အလုပ်သမား သပိတ်တွေ ပေါ်လာတယ်။

လယ်သမားသူပုန်ဆန်ဆန် ဓားပြ ဂိုဏ်းကြီးတွေ ပေါ်နေတယ်။ အင်အားရာချီ ရှိတဲ့၊ အမြောက်စိန်ပြောင်း စက်သေနတ်တွေ ရိုင်ဖယ်တွေ အပြည့်ရှိတဲ့ ဓားပြဂိုဏ်းတွေပဲ။ စစ်ပြီးကတည်းက ရှိနေတာ ဖြစ်တယ်။

ဒီဓားပြဂိုဏ်းကြီးတွေက ခွာစစ်ဆင် တဲ့ဂျပန်နဲ့ ထိုးစစ်ဆင်တဲ့အင်္ဂလိပ် အကြိတ် အနယ်တိုက်ခဲ့တဲ့ စစ်တလင်းဒေသတွေမှာ ပေါ်နေတာ ဖြစ်တယ်။ ဧရာဝတီ မြစ်ကူး တိုက်ပွဲကြီးတွေ တိုက်ခဲ့ရာဒေသမှာ ဖြစ်တယ်။

မတ်လ ၂၇ ဖက်ဆစ် တော်လှန်ရေး ဖြစ်တော့ ဂျပန်ကပြေးစစ် ဖြစ်သွားပြီ။ အင်္ဂလိပ်က လိုက်စစ်။ အဲဒီတော့ စစ်မြေပြင်ကို မရှင်းနိုင်ဘဲ အင်္ဂလိပ်က အတင်းလိုက် သွားတယ်။ လက်နက်ခဲယမ်းတွေ ပြန့်ကျဲကျန် ရစ်တယ်။ အဲဒီလက်နက်တွေကို ဆင်းရဲသား လယ်သမားတွေရပြီး ဓားပြဂိုဏ်းကြီးတွေ ပေါ်တာပဲ။

မြသန်းတင့်ရေးလို့ ရှင်မတောင် ခင်မောင်ဂိုဏ်းကို လူသိများပါတယ်။ အဲဒီလို ဂိုဏ်းမျိုးက ဆယ်ခုမက ရှိပါတယ်။

ဒီလယ်သမားသူပုန်ဆန်တဲ့ ဓားပြ ဂိုဏ်းတွေဟာ နိုင်ငံရေး နလပိန်းတုံးတွေ မဟုတ်ပါ။ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ် ရှိပါတယ်။ ဖဆပလကိုထောက်ခံပါတယ်။ ရှေးတုန်းက “မင်းလောင်း” လှုပ်ရှားမှုလိုလည်း မဟုတ်ပါ။ သူတို့ရဲ့ အတွေးအခေါ်က ခေတ်မီ တော်လှန်ရေးဆန်ပါတယ်။ သူတို့အခြေခံတဲ့ ဒေသလူထုကို အလုပ်အကျွေးပြုပါတယ်။ တခြားဒေသ အစိုးရအုပ်ချုပ်ရေးရှိရာ ဒေသ ကိုသာ သွားဓားပြတိုက်ပါတယ်။

အင်္ဂလိပ်အုပ်ချုပ်ရေး ပုလိပ်က သူတို့ကို မယှဉ်ဝံ့ပါ။ စစ်တပ်နဲ့နှိမ်ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်တော့ အင်္ဂလိပ်က စစ်တပ်ကို ခဏခဏ ထုတ်မသုံးနိုင်ပါဘူး။ တခါတလေမှ သုံးပါတယ်။ ဒါကြောင့် လယ် သမားသူပုန်ဆန်တဲ့ ဓားပြဂိုဏ်းတွေဟာ ကြာလေကြီးလေ ဖြစ်လာပါတယ်။

ဖဆပလဟာ ဘုရင်ခံအမှုဆောင် အစိုးရအဖွဲ့မှာ ပါသွားတော့ အင်္ဂလိပ်ရဲ့ ပေါ်လစီအတိုင်း ဓားပြဂိုဏ်းကို နှိမ်ပါတယ်။ ရွာမီးရှို့ပါတယ်။ ဆိုရှယ်လစ်တွေဦးစီးတဲ့ “အထူးလက်နက်ကိုင် ပုလိပ်တပ်ဖွဲ့” ဆိုတာ တွေနဲ့ နှိမ်နင်းတာပါ။

ကွန်မြူနစ်ပါတီရဲ့ ပေါ်လစီက သူတို့ ပေါ်လစီနဲ့ မတူပါဘူး။ ကွန်မြူနစ်ပေါ်လစီက

– ဘုတ်အဖွဲ့တွေရဲ့ သွေးစုပ်မှု ကြောင့် ချွတ်ခြုံကျနေတဲ့ ဆင်းရဲသား လယ်သမားတွေရဲ့ ရုန်းကန်မှုလို့ သဘောထား ပါတယ်။ နှိမ်နင်းရေးထက် ဖျောင်းဖျပညာပေး ရေးကို အဓိကထားပါတယ်။ ။

– မှားယွင်းတဲ့နည်းနဲ့ နယ်ချဲ့ကို တုံ့ ပြန်ကြတာဖြစ်တယ်။ သူတို့ကို တော်လှန်တဲ့ နည်း ပေးအပ်ရမယ်လို့ သဘောထားပါတယ်။

ဆင်းရဲသားလယ်သမားတွေရဲ့ ဒုက္ခကို ကွန်မြူနစ်တွေက ကြည့်နေလို့ မဖြစ် ပါဘူး။ သူတို့ဟာ ဂျပန်တော်လှန်ရေးတုန်းက ကူညီခဲ့သူတွေပါ။ သူတို့ရဲ့ အခက်အခဲ ဖြေရှင်း ပေးရပါမယ်။ ဒါကြောင့် အငတ်တပ်ချီတက်ပွဲ လုပ်ပါတယ်။ လိုအပ်ရင် ( SAMB ) ဂိုဒေါင် ထဲက စပါးလုပါတယ်။ “ခေါင်းပါးရေးလမ်း” ဖောက်ဖို့ တောင်းဆိုပါတယ်။ (“ခေါင်းပါးရေး လမ်း” ဆိုတာက ငတ်နေသူတွေ ကိုယ့်တူရွင်း၊ ပေါက်ပြားနဲ့လာပြီး လမ်းဖောက်ကြ။ အစိုးရက နေ့တွက်လုပ်ခအဖြစ် ဆန်ထုတ်ပေး။ အဲဒီလိုနဲ့ မိသားစုအငတ်ဘေးကို နွေရာသီအတွက် ကျော်လွှားရတာဖြစ်တယ်။ ဆန်တွေက အစိုးရ ဂိုဒေါင်ထဲချည်း စုနေလို့ လုပ်ရတဲ့ တိုက်ပွဲပါ။) စစ်ကြီးအပြီးမှာ ဆန်ဈေးကကောင်း၊ ဆန်က လည်း ရောင်းကောင်းနေလို့ အင်္ဂလိပ်က ဆန်တွေ ပြည်ပချည်း ထုတ်ရောင်းနေတယ်။ ပြည်တွင်းမှာ ငတ်တယ်။

၁၉၄၅ က ၁၉၄၆ စက်တင်ဘာ အထိ ဆိုရှယ်လစ်ပါတီနဲ့ သိပ်ပြီးပြဿနာ မဖြစ်ခဲ့ပါဘူး။ ဆိုရှယ်လစ်ပါတီက သူတို့ သာ မလုပ်တာ အင်္ဂလိပ်နဲ့ အတိုက်အခံလုပ်နေရတဲ့ကာလမို့ ကွန်မြူနစ်ပါတီ လုပ်တာကို ထောက်ခံခဲ့တယ်။ ၁၉၄၆ စက်တင်ဘာနောက်ပိုင်း ဖဆပလက အစိုးရအဖွဲ့ထဲဝင်မိတော့ တမျိုးဖြစ်သွားတယ်။ ကွန်မြူနစ်တွေလုပ်တာဟာ သူတို့ကို တိုက်တာပဲ လို့ ထင်လာတယ်။

လယ်သမားတွေ ငတ်နေတယ်ဆိုတာကို သူတို့မယုံပါဘူး။ ( အခုစစ်အစိုးရအပါအဝင် အစိုးရအဆက်ဆက်ကလည်း မယုံကြပါဘူး။) ကွန်မြူနစ်က လူတွေငတ်နေပြီပြောပြီး တိုက်ပွဲဆင်ချင်လို့ လုပ်တာလို့ ထင်ပါတယ်။ သူတို့ အခြေခံထားတဲ့ လူတချို့ မငတ်တာကိုကြည့်ပြီး အားလုံးမငတ်ဘူးလို့ ထင်ကြပါတယ်။ ဒါဟာ လူတန်းစားရပ်ခံချက်ပြဿနာ၊ လူတန်းစားအမြင် ပြဿနာ ပါပဲ။

“လက်ဝဲညီညွတ်ရေး” ကို အလေးထားတဲ့ ဗိုလ်အောင်ဆန်းရှိတုန်းက ပြဿနာ မကြီးခဲ့ဘူး။ သူမရှိတော့ ပြဿနာက ကြီးလာတယ်။

လက်ယာဆိုရှယ်လစ်တွေက အင်္ဂလိပ် အလိုမကျ မှာနဲ့ ဖဆပလထဲ တွင်ကျယ်လာတဲ့ အလိုတော်ရိ ဦးတင်ထွဋ်တို့လို လူတွေရဲ့ ထောက်ခံမှု မရမှာဘဲ စိုးကြတယ်။ “လက်ဝဲညီညွတ်ရေး” ကို စတေးပြီး “လက်ယာညီညွတ်ရေး” ကို တည်ဆောက်ကြ တော့တယ်။

လွတ်လပ်ရေးရလာတော့ ကွန်မြူနစ်ပါတီကို အပြတ်ရှင်းပစ်ဖို့ အချိန်တန်ပြီလို့ ဆိုရှယ်လစ် လက်ယာဂိုဏ်းက ထင်လာတယ်။ အပြတ်ရှင်းရင် ဦးသိန်းဖေ (မြင့်) ရဲ့ ထောက်ခံမှုရမယ်။ အင်္ဂလိပ်ရဲ့ အားပေးမှုရမယ်။ (၆ လ) ရှင်းလိုက်ရင် ပြတ်မယ်လို့ထင်ပြီး ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း အစီအစဉ်နဲ့ ကွန်မြူနစ်ပါတီကို အလစ်အငိုက် တိုက်ခဲ့တာ ဖြစ်တယ်။ ပုဒ်မ (၅) ဟာ ပြည်ထဲရေးဝန်ကြီးရဲ့ ၀ရဇိန်လက်နက်ပဲ။

နောက်ပိုင်းကျတော့ ဝန်ကြီးနှစ်ဦး ဦးတင်ထွဋ်နဲ့ ဗိုလ်စိန်မှန် ဝန်ကြီးအဖြစ်က နုတ်ထွက်ပြီး ဗိုလ်လုပ်ကာ တိုက်ကြတယ်။ ဒါဟာ အင်္ဂလိပ်အလိုတော်ရိနဲ့ လက်ယာ ဆိုရှယ်လစ်တို့ရဲ့ “ညီညွတ်မှု” ပြယုဂ်ပါပဲ။

ပြည်တွင်းစစ် စတုန်းက အင်္ဂလိပ်စစ်မစ်ရှင် ရှိနေပါတယ်။ အင်္ဂလိပ်အလိုတော်ရိ ဦးတင်ထွဋ်က ဗိုလ်တင်တွင်လုပ်ဖို့ လိုပါတယ်။ ဦးတင်ထွဋ်မှာ စစ်တိုက်တဲ့ အတွေ့အကြုံ မရှိပါ။ ဒါပေမဲ့ အင်္ဂလိပ်ရဲ့ ထောက်ခံမှုရအောင် သူသာလုပ်နိုင်တယ်။ ဂေါ်ရခါးစစ်သား နီပေါကနေ စုနိုင်တယ်။

ပြည်တွင်းစစ်အစပိုင်းမှာ အစိုးရခိုင်းသမျှ လုပ်တဲ့တပ်က လူမျိုးစုတပ်တွေနဲ့ ဂေါ်ရခါး တပ်တွေပဲ။ ရွာတွေမီးရှို့၊ လူတွေသတ်တာကို သူတို့က ကြေးစားစိတ်နဲ့ ဗမာလူမျိုးမုန်းတီးရေးစိတ် ပေါင်းပြီး အပြတ်သားဆုံး လုပ်ကြပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်တွေက လက်ရဲဇက်ရဲ လုပ်နေတာ မဟုတ်ပါ။ “ဥပဒေ” အရ လုပ်တယ်လို့ဖြစ်အောင် အရေးပိုင် (ခရိုင်ရာဇဝတ်တရားသူကြီး) က စစ်တပ်အကူအညီတောင်း၊ စစ်တပ်ကပစ်သတ် ဆိုတာဖြစ်အောင် စီစဉ်ပါတယ်။

(ဥပမာ) ပျဉ်းမနားမှာ အရေးပိုင် “စည်သူအောင်ဖေ” က စစ်ဆင်ရေးကြီးတိုင်းမှာ လိုက်ပါရပါတယ်။ “စည်သူအောင်” သံချပ်ကာကားပေါ်ကနေ ဟောပြောနေတဲ့ပုံကို အဲဒီခေတ် က ထုတ်တဲ့ သတင်းစာမှာ တွေ့နိုင်ပါတယ်။

၁၃၀၀ ပြည့် အရေးတော်ပုံတုန်းကလည်း အဲဒီပုံမျိုးပါပဲ။ အရေးပိုင် (ခရိုင်ရာဇဝတ် တရားသူကြီး) က အုံကြွမှုကို နှိမ်နင်းဖို့ စစ်တပ်ကို အကူအညီတောင်း စစ်တပ်က အကြမ်းဖက် နှိမ်ပါတယ်။

ဗိုလ်အောင်ကြီးကလည်း ၁၉၈၈ အရေးတော်ပုံတုန်းက တံတားနီအရေးအခင်း မှာ အဲဒီလို ဥပဒေအတိုင်း စစ်တပ်က မလုပ်လို့ သာ အပြစ်တင်ပါတယ်။ သူ့စာကို မှတ်မိကြ မယ် ထင်ပါတယ်။

ဥပဒေကို လက်တလုံးခြားလှည့်ပြီး လုပ်နေရတာ အရစ်ရှည်တယ်။ ခက်လည်း ခက်တယ်။ ဒါကြောင့် လွယ်အောင် အခုတော့ တိုင်း၊ ခရိုင် အုပ်ချုပ်ရေးတာဝန်ခံတွေအဖြစ် စစ် ဗိုလ်တွေကိုပဲ ထားပါတယ်။ “စည်သူ အောင်ဖေ” လို “ကြားလူ ́မလိုအောင် လုပ် ထားပါတယ်။

စစ်ဆင်ရေးဆင်းတဲ့ စစ်ဗိုလ်တိုင်း လူသတ်လိုင်စင် ရနေပါတယ်။ ဦးနု၊ ဦးကျော်ငြိမ်းတို့ တွက်ခဲ့သလို ပြည်တွင်းစစ်ကလည်း ၆ လနဲ့ မပြီးပါ။ အနှစ် (၅၀) ကျော်တဲ့အခုအထိ မပြီးပါ။

လက်ဝဲညီညွတ်ရေး ပျက်ပြားခြင်းနဲ့ ဘရောက်ဒါဝါဒအမှား ဆက်စပ်မှု

ဖက်ဆစ် တော်လှန်ရေးအတွင်း တည်ဆောက်ခဲ့တဲ့ “လက်ဝဲညီညွတ်ရေး” ကို ကျောရိုးပြုပြီး ဖဆပလကို တိုးချဲ့ ဖွဲ့စည်းခဲ့တယ်။ ပြန်လာတဲ့ အင်္ဂလိပ်ကို အမျိုးသား ညီညွတ်ရေးနဲ့ ရင်ဆိုင်ဖို့နဲ့ လုံးဝလွတ်လပ်ရေးသို့ ချီတက်ဖို့ ဖြစ်တယ်။ ဒီစည်းရုံးရေးလမ်းစဉ်ဟာ မှန်ကန်ပါတယ်။ မျိုးချစ်ပါတီက ဟင်္သာတဦးမြ၊ ဓားမပါတီက ပျော်ဘွယ်ဦးမြ၊ ငါးပွင့်ဆိုင် ဦးဘဖေ စသူတွေကို တိုးချဲ့ စည်းရုံးခဲ့ပါတယ်။ ဒါလည်း မှန်ပါတယ်။ –

နိုင်ငံရေး အင်အားစုတိုင်းကို ဖဆပလ အလံအောက် ရောက်အောင်လုပ်တဲ့ စည်းရုံးရေးလမ်းစဉ်ဟာ အခြေခံအားဖြင့် မှန်ပါတယ်။ မှားတာက သူတို့ရဲ့ နိုင်ငံရေး အမြင်တွေကို တိုက်ပွဲမဆင်တာပါပဲ။ ဒီလို ဖြစ်တာဟာ “ဘရောက်ဒါဝါဒ” အတွေးအခေါ် ကြောင့်ပဲ။ ဖဆပလထဲမှာ ဒိုမီနီယံလောက်နဲ့ တင်းတိမ်နိုင်သူတွေနဲ့ အင်္ဂလိပ်ပေးမယ့်ရာထူး မက်သူတွေ အများကြီးပါလာပါတယ်။ သူတို့ ကို လက်ဝဲညီညွတ်ရေးတပ်ဦးက အတွေး အခေါ်ရေးအရနဲ့ စည်းရုံးရေးအရ ပြတ်ပြတ် သားသား ခေါင်းဆောင်ရပါမယ်။

ယူဂန်ဒါ (Uganda) ထောင်ပြန် ဂဠုန်ဦးစော၊ ဂျပန်ထောင်ပြန် ဒေါက်တာ ဗမော်နဲ့ ဂျပန်က သံအမတ်ခန့်နယ်နှင်ရာက ပြန်လာတဲ့ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ကိုလည်း စည်းရုံးပါတယ်။ သူတို့က ဖဆပလထဲ မဝင်ဘဲ “စောစိန်မော်” ဂိုဏ်း ထောင်ပါတယ်။ ဖဆပလနဲ့ စင်ပြိုင်လုပ်ပါတယ်။ ဖဆပလကို အပြင်ကနေ ဖြိုခွဲပါတယ်။ ဘုရင်ခံအလိုကျ လုပ်ကြပါတယ်။

ဘုရင်ခံက အစိုးရအဖွဲ့ (ဘုရင်ခံ အမှုဆောင်အဖွဲ့) ဖွဲ့တော့ ရာထူးတွေပေးဖို့ ကမ်းလှမ်းပါတယ်။ ဖဆပလက မူပေါ်အခြေခံပြီး တောင်းဆိုချက်တင်တယ်။ စောစိန်တို့ကတော့ ဝမ်းမြောက်ဝမ်းသာ လက်ခံတယ်။ (ဒေါက်တာဗမော်ကို အင်္ဂလိပ်က မကြည်ဖြူပါဘူး။ ရာထူးမပေးပါဘူး။ သူတို့လက်ခံရုံနဲ့ အားမရဘဲ ဖဆပလထဲရောက်နေတဲ့ သူတို့ဂိုဏ်းသားတွေပါ ဆွဲတယ်။ တချို့ပါကုန်ကြတယ်။

ကျန်ရစ်သူက ဦးမြ နှစ်မြနဲ့ ဦးဘဖေ စသူတို့ပဲ။ သူတို့က သူတို့အကြောင်းနဲ့ သူတို့ မပါတာဖြစ်တယ်။ သူတို့က စောစိန်မော်အောက် ပြန်မရောက်ချင်ဘူး။ ဦးဘဖေကတော့ ဒေါက်တာဗမော်နဲ့ ကမ္ဘာရန် ဖြစ်နေလို့ပဲ။ ဘာပဲပြောပြော သူတို့ရဲ့ ရပ်တည်မှုကို ကြိုဆိုသင့် ပါတယ်။ ဖဆပလထဲရှိတဲ့ လက်ယာဂိုဏ်းအဖြစ် လေးစား ရမှာ ဖြစ်တယ်။ စောစိန်မော် အလိုတော်ရိ လက်ယာဂိုဏ်းထဲ ရောက်မသွားတာဟာ ကောင်းမှုပြုတာလို့ သတ်မှတ်ရပါမယ်။

ဖဆပလထဲက လက်ဝဲဂိုဏ်းသာ ညီညွတ်နေရင် သူတို့ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး။ ဦးဘဖေက ဒိုမီနီယံရလည်း ကျေနပ်မယ်လို့ ပြောနေပေမယ့် ဖဆပလ ဆုံးဖြတ်ချက် လိုက်နာပြီး လုံးဝလွတ်လပ်ရေးလို့ ပြောနေ တာပါ။

ဆိုရှယ်လစ်ပါတီထဲက ဗိုလ်အောင်ကြီးတို့လို စစ်ဗိုလ်တွေက (ဗကပ) ရဲ့ ဘရောက်ဒါဝါဒအမှား ရောင်ကို မလွတ်တမ်းဆွဲလေ့ ရှိပါတယ်။ သူတို့ဆရာတွေကတော့ မဆွဲပါ။ သူတို့ ၁၉၄၇ – ၄၈ မှာ လုပ်တာနဲ့ လွတ်လပ်ရေးယူခဲ့တာဟာ ဘရောက်ဒါဝါဒ အဆို အမိန့်အတိုင်း လိုက်လုပ်ခဲ့တာပဲ ဆိုတာကို သိလို့ပါ။ အလိုတော်ရိ လက်ယာဂိုဏ်း (ဟောင်း) သာယာဝတီ ဦးပုကတော့ လွတ်လပ်ရေးကို ဂန္ဒီဝါဒအရ လုပ်ခဲ့လို့ ရတာလို့ ရေးပါတယ်။ ဘရောက်ဒါဝါကို စာရင်းမသွင်းပါဘူး။

ဘရောက်ဒါဝါဒကြောင့် (ဗကပ) ထဲမှာ အကွဲအပြဲဖြစ်တာ မှန်ပေမယ့် ကွန်မြူနစ် ဆိုရှယ်လစ်ကွဲတာ အဲဒါကြောင့်မဟုတ်ပါ။ လက်ဝဲညီညွတ်ရေးပြိုကွဲတာဟာ ဆိုရှယ်လစ်ပါတီက လက်ယာဘက်ရွေ့ သွားလို့ ဖြစ်ပါတယ်။ ဦးသိန်းဖေ (မြင့်) ရဲ့ “ကျော်ငြိမ်း စာအုပ်ထဲမှာ ဦးကျော်ငြိမ်းက သူ့တသက် အကြီးဆုံးအမှားက ဆိုရှယ်လစ်ပါတီက မာ့က်စ်ဝါဒကို လက်ခံနေတာ ကို မတွန်းလှန်ခဲ့မိတာပဲလို့ပြောကြောင်း ပါပါတယ်။

ဦးကျော်ငြိမ်းကလည်း သူ့နိဒါန်းမှာ ငြင်းမထားပါဘူး။ စကတည်းက ဆိုရှယ်လစ်ပါတီကို ဥရောပက ဆိုရှယ်ဒီမိုကရက်တစ် ပါတီတွေလို လက်ယာပါတီအဖြစ် ဖွဲ့ခဲ့ရရင် အကောင်းသား လို့ ပြောတာပါ။

ဒါက ဦးကျော်ငြိမ်း စိတ်ကူးယဉ်တာပါပဲ။ လက်ဝဲအလံမလွှင့်ရင် ဆိုရှယ်လစ်ပါတီဟာ ဖဆပလထဲ ရောက်မှာတောင် မဟုတ်ပါဘူး။ ဗိုလ်အောင်ဆန်း (ဗကပ) ကပါ သူတို့ကို နေရာ ပေး ဆက်ဆံတာက လက်ဝဲအလံလွှင့်ထားလို့ပါ။ ဗိုလ်အောင်ဆန်း မရှိမှ လက်ဝဲအလံကို သူတို့ လွှင့်ပစ်ရဲတာပါပဲ။ တူဖြစ်ခိုက်နာနာနှက်ချင်သူများ

၁၉၄၈ ခုနှစ်ဟာ လွတ်လပ်ရေးရတဲ့နှစ်နဲ့ ပြည်တွင်းစစ် စဖြစ်တဲ့နှစ်အဖြစ် သမိုင်းတွင် နေပါလိမ့်မယ်။ ပြည်တွင်းစစ် ဘာကြောင့်ဖြစ်သလဲဆိုတာမှာ ပြည်တွင်းအခြေအနေနဲ့ အကြောင်း အချက်က အဓိက ဖြစ်ပါတယ်။

ဇဒါးနော့ဗ် အစီရင်ခံစာကြောင့်လို့ ဦးနု၊ ဦးကျော်ငြိမ်းတို့က ပြောပါတယ်။ ဦးနုက မဆီမဆိုင် ညစ်ညစ်ပတ်ပတ် ဒါးနော့ဗ် ဗမာ ပြည်ချစ်တာ “ဒို့ ဗိုလ်ချုပ်အောင်ဆန်း ပြဲနေ သလောက်ရှိတယ်” လို့ ရေးပါတယ်။ ဇဒါး နာ့ဗ် အစီရင်ခံစာက နယ်ချဲ့စနစ် ကိုလိုနီဝါဒ ဆန့်ကျင်ရေးကို ရေးထားတာပါ။ ပြည်ချစ်ဝါဒ ရေးတာ မဟုတ်ပါဘူး။ ရုရှားတယောက်ဟာ ရုရှပြည်ချစ်ဝါဒပဲ ရှိမှာပေါ့။ ဗမာပြည် ပြည်ချစ် ဝါဒ မရှိနိုင်ပါ။ ဦးနုရဲ့ စာအုပ်က စစ်အေးခေတ် ကာလ ရေးတာဆိုတော့ “မော်စကိုတပည့်” “ပီကင်းတပည့် ” ဆိုတာတွေပါတာ မဆန်းပါ။ (အခု စစ်အေးလွန်ကာလမှာတော့ (ဗကပ) က “ပီကင်းတပည့်” မဟုတ်တော့ဘူးလို့ ဆိုနေကြ ပြန်ပြီ။)

ဦးနုက ပြည်တွင်းအကြောင်း အချက်တခုကို ထည့်ရေးပါတယ်။ ဦးကျော်ငြိမ်း ရဲ့ “ကိုယ်က ဦးအောင်ချရေး” လုပ်ဟန် ရေးပါတယ်။ ဦးကျော်ငြိမ်းအပြောကို အခြေခံတဲ့ “လန်ကြတ်” ဇာတ်လမ်းကလေး “ကပိုင်က အဖြစ်အပျက်” ကို ဦးနုက သက်သေပြပါတယ်။

မကြာခင်ကထုတ်တဲ့ လူထုဦးလှ နှစ် (၉၀) ပြည့် စာအုပ်ထဲက “ပြည်ထောင်စု လမ်းသွယ်က မောင်နု” ဆောင်းပါး ဖတ်ရတော့ မှ ဦးနုရဲ့ ပရိယာယ်ကို သိရပါတယ်။ တကယ်က “နံပါတ်တစ်တရားခံ” နေရာကို ဦးကျော်ငြိမ်း လွှဲပေးနေတာကိုး။ (တကသ အဆောက်အဦ ကိစ္စမှာ နံပါတ်တစ်နေရာ ဗိုလ်နေဝင်းက ဗိုလ်အောင်ကြီးကို လွှဲပေးနေသလိုမျိုး။)

ဘယ်သူလုပ်လုပ်ပါ။ ပြည်တွင်းစစ် တကယ်ဖြစ်ခဲ့ပါတယ်။ အစိုးရရဲ့ ပေါ်လစီတွေ ကပဲ ပြည်တွင်းစစ်ဖန်တီးတာပါ။ ပေါ်လစီကို ချတဲ့လူနဲ့ ပေါ်လစီကို အကောင်အထည် ဖော်တဲ့လူက ဘယ်သူတွေလဲ။ ပေါ်လစီက ဘာ တွေလဲ။ ဒီကိစ္စ အရေးကြီးပါတယ်။ ပြဿနာ ရှင်းချင်ရင် ပေါ်လစီကို ကိုင်ရပါမယ်။ လူက တချိန်ချိန်မှာ သေပါတယ်။ ဒါပေမဲ့ လူသေရုံနဲ့ ပေါ်လစီမသေပါ။ ကျန်ရစ်ပါတယ်။ ပေါ်လစီ သေမှ ပြဿနာပြေပါတယ်။

ပေါ်လစီချသူတွေဟာ ဗိုလ် အောင်ဆန်း မရှိတဲ့ခေတ်မှာ ဆိုရှယ်လစ် ပါတီပါ။ ဒါကြောင့် ကြာကြာဝါးမှ ခါးမှန်းသိပြီး ဦးနု ဖဆပလကို ခွဲခဲ့ရတာ မဟုတ်လား။

ဆိုရှယ်လစ်ပါတီမှာ ဦးနှောက် အလှုပ်ရှားဆုံးသူက ဦးကျော်ငြိမ်းပါ။ ဒါကြောင့် ဦးနုက “နံပါတ်တစ်” နေရာ ပေးနေတာပါပဲ။ ဒါပေမဲ့ ဝန်ကြီးချုပ်ဆုံးဖြတ်မှ ပေါ်လစီဖြစ်တာပါ။ ဦးနုကပယ်ရင် ပေါ်လစီဖြစ်မလာနိုင်ပါဘူး။

လွတ်လပ်ရေးရတော့ ဖဆပလ အစိုးရက အင်္ဂလိပ် ချခဲ့တဲ့ပေါ်လစီကိုပဲ ဆက် လုပ်ပါတယ်။ အောက်ခြေသိမ်း ပြောင်းလဲမှု လုံးလုံးမလုပ်ပါ။

သူတို့ လှုပ်လှုပ်ရှားရှား အလုပ် ဆုံးက လူစားထိုးရေးပါ။ ဘုရင်ခံအမှုဆောင် အဖွဲ့ကို ဖဆပလဝန်ကြီးအဖွဲ့နဲ့ အစားထိုးတာ၊ ဘုရင်ခံနေရာ သမ္မတနဲ့ အစားထိုးတာ လုပ်ပြီး တဲ့နောက် ပြန်သွားတဲ့ အင်္ဂလိပ်တွေ၊ ကုလား တွေရဲ့ ရာထူးကြီးနေရာတွေ အစားထိုးရ ပါတယ်။ တချို့ရာထူးက ပညာအခြေခံတဲ့ ရာထူး၊ အတွေ့အကြုံ အခြေခံတဲ့ရာထူးတွေပါ။ ဒီနေရာမျိုးမှာ နဂိုရှိရင်းစွဲ တိုင်းရင်းသား ဗျူရိုကရက်တွေနဲ့ပဲ အစားထိုးပါတယ်။ ပညာမင်းကြီး၊ တိုင်းမင်းကြီး၊ ဟိုမင်းကြီး ဒီမင်းကြီး စသဖြင့် အစားထိုးရင် အဲဒီဌာနက တိုင်းရင်းသား ဝါရင့်အရာရှိနဲ့ အစားထိုး ပါတယ်။ အခုခေတ်လို တန်မတန် ရာမရာ မစဉ်းစားဘဲ စစ်ဗိုလ်နဲ့ အစားမထိုးပါဘူး။

နိုင်ငံရေးလုပ်တဲ့ သမဂ္ဂကျောင်းသား ကို “လူမိုက်” လို့ ကြိမ်းမောင်းခဲ့တဲ့သူက ပညာမင်းကြီး ဖြစ်လာပါတယ်။ လယ်သမား သူပုန် ကြိုးပေးခဲ့သူက တရားသူကြီးချုပ် စသဖြင့် ဖြစ်လာပါတယ်။ “လွတ်လပ်ရေး အရသာ” သူတို့စတင်ခံစားကြပါတယ်။ ဖဆပလ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေကို သူတို့ အရိုအသေ အလွန်ပေးပါတယ်။ ဒါဟာ ဖဆပလ ဆိုရှယ်လစ်တွေနဲ့ ဗျူရိုကရက်များရဲ့ မဟာမိတ်ဖွဲ့မှုကြီးပါပဲ။ ဖဆပလမှာ တော်လှန် တဲ့ လက္ခဏာ မကျန်တော့ပါဘူး။

လစ်လပ်သွားတဲ့ ဘုတ်အဖွဲ့ဝင် နေရာနဲ့ ကော်မတီနေရာတွေက နိုင်ငံရေး နေရာတွေပါ။ ဆိုရှယ်လစ်တွေနဲ့ ဦးနုရဲ့ အပေါင်း အသင်းတွေအတွက် “ရှယ် ” နေရာတွေပါပဲ။ စစ်ဗိုလ်တွေက အစိုးရအမှုထမ်းတွေဖြစ်နေလို့ အဲဒီ ဓာတ်တော်ဝေခန်းမှာ မပါကြရပါ။ သူတို့ နိုင်ငံရေးနေရာတွေနား မကပ်နိုင်ပါဘူး။ စစ်တပ် ထဲပြန်မဝင်ဘဲ နိုင်ငံရေးဝင်လုပ်တဲ့ BIA. BDA ဗိုလ်ဟောင်းတွေ “လွတ်လပ်ရေးအရသာ” ခံစားကြတာကြည့်ပြီး မနာလိုရုံမှတပါး ဘာမှ မတတ်နိုင်ပါ။

“ဝန်ကြီးလုပ်နေတဲ့ သခင် – – ဟာ BDA တုန်းက ဗိုလ်ဘယ်သူပဲ၊ သူက ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ပြီး ရူးသွားတာ အခုသူက ဝန်ကြီးဖြစ်နေတယ်၊ သူလာရင် တို့က အလေး ပြုနေရတယ် ” လို့ ဗိုလ်မှူးကြီးတချို့က မကျေမချမ်း ပြောပါတယ်။ သူတို့လုပ်တာမျိုး တို့ လည်း လုပ်တတ်တယ်ဆိုတဲ့စိတ် အဲဒီကတည်း က ပေါ်နေပါပြီ။

ဆိုရှယ်လစ်ပါတီ ဥက္ကဌကြီးက သိန်း ၄၀ ဘုံးတာ အဲဒီခေတ်ကပါပဲ။ SAMB တို့ STD တို့ RTB တို့ ဆိုတဲ့ နိုင်ငံတော် ကောက် ပဲသီးနှံ ရောင်းဝယ်ရေးဘုတ်အဖွဲ့၊ နိုင်ငံတော် သစ်လုပ်ငန်းဘုတ်အဖွဲ့၊ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး ဘုတ်အဖွဲ့စတဲ့ ဘုတ်တွေဟာ ဖဆပလ သိုရှယ်လစ်တွေရဲ့ စားကျက်တွေပါပဲ။ ဆိုရှယ်လစ်နဲ့ ဆိုရှယ်လစ်မဟုတ်တဲ့ ဖဆပလ တို့ရဲ့ စားကျက်လုပွဲတွေ တခြိမ်းခြိမ်း ဖြစ်ပါ တယ်။ (၁၉၅၈) ခုနှစ် ဖဆပလ အကွဲဟာ အဲဒီက မြစ်ဖျားခံပါတယ်။ စစ်အာဏာသိမ်းပွဲရဲ့ မြစ်ဖျားကလည်း အဲဒီကပဲ စပါတယ်။

လွတ်လပ်ရေးအရသာ မြိန်မြိန် ရှက်ရှက် ခံစားနေရင်း တို့ကိုဘယ်သူ လက်ညှိုး ထိုးမလဲ၊ ဘယ်သူဝေဖန်မလဲလို့ မျက်စိ ဒေါက်ထောက် ကြည့်ပါတယ်။ ဝေဖန်ရင် သူတို့ရဲ့ “ရန်သူ” တွေ ဖြစ်ကြတော့တာပါပဲ။

ဥပဒေတွင်းရန်သူကို ရှင်းဖို့က “ပြည်ထဲရေးဝန်ကြီး” တာဝန်။ ထောင်ထဲ မရောက်ဘဲ တောထဲရောက်ရင် အပြတ်ရှင်း ဖို့က “ကာကွယ်ရေးဝန်ကြီး” တာဝန်။ ဒါကြောင့်ပဲ ဒီနှစ်ဌာနကို ဆိုရှယ်လစ်က လက် မလွတ်အောင် လုပ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး နေရာကို လွတ်လပ်ရေး မရခင်ကတည်းက သူတို့ရထားပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်နေဝင်းရအောင် ဦးသိန်းဖေ (မြင့်) ကို ၊ ဘယ်လိုအသုံးချခဲ့တယ်ဆိုတာ ရှေ့မှာတင်ပြပြီး ပါပြီ။

ပြည်ထဲရေးဌာနကို ဗိုလ်ခင်မောင် လေး၊ သခင်သာခင်တို့ ကိုင်တော့လည်း ဦးကျော်ငြိမ်းချခဲ့တဲ့ ပေါ်လစီပဲဆက်လုပ်ပါတယ်။

အဲဒီပေါ်လစီက “တူဖြစ်ခိုက် နာနာနှက် ” ပေါ်လစီပါ။ (သူတို့ဟာ ပေအဖြစ် ခံရတော့ အသည်းနုပါတယ်။ ဗိုလ်ခင်မောင် လေးက လူထုဦးလှကို ထိခြင်းငါးပါးနဲ့ ကန်တော့ပြီး သံဝေဂရသွားပါတယ်။ သခင်သာခင်က ပြည်ပပြေးနိုင်ဖို့ (ဗကပ) ကို အကူ အညီတောင်းသူ ဖြစ်သွားပါတယ်။ ဦးကျော်ငြိမ်း လည်း နောက်ပိုင်းမှာ သံဝေဂ ရသွားပါတယ်။)

(ဗကပ) ဟာ ဘယ်နေရာရောက် ရောက် ရဲရဲဝေဖန်ပါတယ်။ ဝေဖန်တဲ့နည်းနာ ပြောင်းရင်သာ ပြောင်းမယ် ဝေဖန်ရေးကို မလျှော့ပါ။ ဒါကြောင့် (ဗကပ) ဟာ ဖဆပလ အစိုးရရဲ့ နံပါတ်တစ်ရန်သူ ဖြစ်သွားပါတယ်။

ဦးသိန်းဖေ (မြင့်) ကတော့ ဦးနု၊ ဦးကျော်ငြိမ်းတို့လို ဇဒါးနော့ဗ်ကို စွဲချက်မတင် ပါဘူး။ သူက (ဗကပ) ရဲ့ အထွေထွေအတွင်း ရေးမှူးတောင် လုပ်ခဲ့သူပဲ။ နု – ငြိမ်းတို့လို ဗလန်းပြောလို့ မဖြစ်ပါ။ ဇဒါးနော့ဗ်၊ စတာလင် စသူတွေကြောင့် ဗမာပြည်မှာ ပြည်တွင်းစစ် ဖြစ်ရတယ်ပြောလျှင် လူရယ်စရာပဲ ဖြစ်မှာကို သူသိပါတယ်။

သူက ရဲဘော်ဂိုရှယ်ကို ဦးတည် တယ်။ သခင်သန်းထွန်း၊ သခင်ဗသိန်းတင်တို့ရဲ့ “ဂိုဏ်းဂဏဝါဒ” ကို ထိုးနှက်တယ်။ [(စကားချပ်) ဗိုလ်နေဝင်းလည်း ဦးသိန်းဖေ (မြင့်) ထံမှ (ဗကပ) ၏ “ဂိုဏ်းဂဏဝါဒ” ဆိုသည်ကို ငှား၍ တရုတ်ပြည်သွားတိုင်း သုံးလေ့ရှိတယ်။ တရား ဝင်ဆွေးနွေးရာတွင်ကား မသုံးပါ။ မှတ်တမ်း မဝင်သည့် ဘေးပန်းတွင် လှိုင်လှိုင်သုံးလေ့ ရှိတယ်။

“ဂိုဏ်းဂဏဝါဒ” (ဗကပ) တွင် ရှိနိုင်ပါတယ်။ ဒါပေမဲ့ “ပြည်တွင်းစစ်” ဖြစ်စေတဲ့ ဂိုဏ်းဂဏအထိ ဘယ်သူ့ဆီကလာသလဲ။ ပြည်သူ့ရဲဘော်၊ RBA (တော်လှန်တဲ့ ဗမာ့ တပ်မတော် ) တောခိုရတာကော (ဗကပ) ရဲ့ “ဂိုဏ်းဂဏ” ကြောင့်လား။ ဒါကို ဦးသိန်းဖေ (မြင့်) ရေးမသွားပါ။ သူ့ကိုယ်သူ ဝေဖန်ရေး လုပ်သလိုလိုနဲ့ လျောချလိုက်တယ်။ လက်နက် နဲ့ အာဏာသိမ်းတဲ့နည်းဘက် သွေဖီသွားမိလို့ ဟု သုံးသပ်လိုက်တယ်။ အမှားကို တညနဲ့ တမနက်ခင်းမှာ အမှားမြင်လိုက်တယ်လို့ ဆိုပါတယ်။

ဦးသိန်းဖေ (မြင့်) က ဦးကျော်ငြိမ်း လိုလည်း စတာလင်သေပြီးနောက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေရေး လမ်းစဉ်သစ်ကြောင့် အိန္ဒိယ၊ မလေး၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့က ရဲရဲဝံ့ဝံ့လက်နက်ချတယ်။ (ဗကပ) က ပြည်တွင်း စစ် ဆက်တိုက်နေတယ်လို့ မရေးပါ။ ဦးကျော်ငြိမ်းဟာ ဟိုတိုင်းပြည်တွေက သမိုင်း ကြောင်းတွေ မသိဘဲ ရမ်းတုတ်လိုက်ကြောင်း သူသိလို့ ဖြစ်ပါလိမ့်မယ်။

နိုင်ငံခြားရေးဝန်ကြီး ခဏခဏ လုပ်ခဲ့တဲ့ ဦးကျော်ငြိမ်းဟာ လက်နက်ခဲယမ်း ရေသောက်မြစ်ရဖို့ပဲ အင်္ဂလိပ်၊ အမေရိကန်ဆီကို သွားခဲ့ပါတယ်။ အိန္ဒိယအကြောင်း လေ့လာ ခဲ့ဟန် မတူပါဘူး။ အဲဒီတိုင်းပြည်မှာ ပြည်တွင်းစစ် ဘယ်တုန်းကမှ မဖြစ်ပါ။

(ဗကပ) ဟာ ပြည်တွင်းစစ် နှစ် (၅၀) အတွင်းမှာ “အစိုးရက ချီးမြှင့်တဲ့” ဘွဲ့ထူး ဂုဏ်ထူးတွေ သိပ်ရခဲ့ပါတယ်။

“မော်စကိုတပည့်” ဘွဲ့ကို စရပါတယ်။ “ပီကင်းတပည့်” ဘွဲ့က ၁၉၆၇ နောက်ပိုင်းမှ ရပါတယ်။ အခုတော့ အဲဒီဘွဲ့တွေ မရှိတော့ပါ။ “ပီကင်းတပည့်” ဘွဲ့တော့ အမေရိကန်က ပြန်ယူပြီး တခြားပေးလိုက်ပါတယ်။

ဖဆပလအစိုးရခေတ်မှာ (သကသ) သောင်းကျန်းသူဘွဲ့ ရပါတယ်။ (နဝတ) က ပြန်သိမ်းသွားပါတယ်။ ဝ တွေ၊ ကိုးကန့်တွေ၊ ကချင်တွေ၊ ပအိုတွေ၊ မွန်တွေကို (သကသ) လို့ သွားခေါ်ရင် မိုးမီးလောင်မှာမို့ ပြန်သိမ်း သွားတာ ဖြစ်ပါတယ်။

(နဝတ) က (ဗကပ) ဆီက ပြန်သိမ်းတဲ့ထဲမှာ “အမျိုးသား သစ္စာဖောက် ” ဘွဲ့လည်း ပါသွားပါတယ်။ NLD ကို ပေးပါတယ်။ (အခုတော့ စကားပြောပွဲ လုပ်တုန်းမို့ ပြန်သိမ်းထားပါတယ်။)

မူးယစ်ဆေးဝါး လုပ်တယ်ဆိုတဲ့ “ဘိန်းရာဇာ” ဘွဲ့ကတော့ (ဗကပ) ဆီက ပြန်သိမ်းပါတယ်။ တခြားဘယ်သူ့မှလည်း မပေးဝံ့လို့

သူတို့ပဲ ယူထားကြပါတယ်။ (ဗကပ) ရတဲ့ဘွဲ့ထဲမှာ “ဓမ္မန္တရာယ် ”” ဘွဲ့လည်း ပါပါတယ်။ ဒါကတော့ ကမ္ဘာမှာ ပေးနေကျဘွဲ့ပါ။

ပြည်တွင်းစစ်ကို ဇဒါးနော့ဗ် (ရုရှားကွန်မြူနစ်)၊ ရာနာဒီဗေး (အိန္ဒိယကွန်မြူနစ်) တို့ကြောင့် ဖြစ်လေဟန် ပြောကြရေးကြခြင်းဟာ (ဗကပ)  ကို ပြည်တွင်းစစ် တရားခံအဖြစ် လုပ်ကြံစွပ်စွဲချင်လို့ပါပဲ။

ဗမာပြည် ပြည်တွင်းစစ်ဟာ ပြည်တွင်းဖြစ်စစ်စစ် ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ စစ်ပြီးခေတ် အခြေအနေကို ချုပ်ကြည့်လိုက်ရင်

(၁) (ဗကပ) ဟာ စစ်တိုက်တဲ့အတွေ့အကြုံရှိတဲ့ပါတီ၊ ပြည်သူ့ရဲဘော်ကလည်း ဦးကျော်ငြိမ်း အဆိုအရဆိုရင် ၁၉၄၇ ခုနှစ်မှာ တော်လှန်ရေးလုပ်ခဲ့တဲ့ ရဲဘော် (၂၀၀၀) လောက်နဲ့ တပ်ဖွဲ့ဝင် (၂၀၀,၀၀၀) လောက် ရှိတယ်။ အစိုးရတပ်ထဲမှာလည်း ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်စတဲ့ ဆိုရှယ်လစ်ပါတီကို မလိုလားတဲ့ တပ်မှူးကြီးတွေ၊ တပ်မှူးတပ်သားတွေ ရှိနေတယ်။ သူတို့က လက်ဝဲတွေ ပြည်ချစ်ဝါဒီတွေပဲ။

(၂) ဖက်ဆစ်တော်လှန်ရေးတုန်းက အချောင်ခိုနေကြပြီး လောလောဆယ် အာဏာ ကို  လက်ဝါးကြီးအုပ်ထားတဲ့ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်စုက အကြမ်းဖက်ဖိနှိပ်လာတယ်။

(၃) အလုပ်သမား၊ လယ်သမား၊ ဓနရှင်ပေါက်စတွေ တော်လှန်ရေးစိတ် အလွန် နိုးကြားနေချိန်ဖြစ်တယ်။

(၄) အင်္ဂလိပ် နဲ့စေ့စပ်ပြီးရထားတဲ့ “လွတ်လပ်ရေး” က စိတ်ကြိုက်မဟုတ်ဘူး။ အင်္ဂလိပ်နှောင်ကြိုးတွေ တန်းလန်းနဲ့ ဖြစ်နေတယ်။ လက်ယာအင်အားစုတွေ၊ အလိုတော်ရိတွေ၊ ဗျူရိုကရက်ကြီးတွေကို ဖဆပလ အစိုးရက ချော့ပြီးပေါင်းနေရတယ်။

(၅) ကျေးလက်မှာ စစ်လက်ကျန်လက်နက်တွေ ရှိနေတယ်။ လယ်သမားသူပုန်ဆန်တဲ့ ဓားပြဂိုဏ်းကြီးတွေ ရှိနေတယ်။

ဒီလို အခြေအနေမှာ (ဗကပ) နဲ့ တခြားတော်လှန်ရေး အင်အားစုတွေကို တယောက်မှ မကျန်အောင် ရှင်းပစ်နိုင်ရင်တောင် ပြည်တွင်းစစ်က ပေါက်ကွဲလာမှာပဲ။

အထက်ပါ အခြေအနေမျိုး အိန္ဒိယမှာ အရှေ့တောင်အာရှ တိုင်းပြည်တွေမှာ မရှိဘူး။ အဲဒီလို အခြေအနေရှိတဲ့ ဗမာပြည်မှာ “ကိုယ်ကဦးအောင်ချရေး” ဟာ အလုပ်မဖြစ်နိုင်ပါဘူး။

ပေါ်လစီဟူသမျှ ဦးကျော်ငြိမ်းကလို့ပြောရင် တရားမျှတမှုမရှိပါ။ ဟုတ်လည်းမဟုတ်ပါ။ နိုင်ငံရေးအကွက်ဆင်တာ သူဖြစ်နိုင်ပါတယ်။ သူတို့ထဲမှာ ဦးနှောက်အလှုပ်ရှားဆုံးက သူပါ။ ပြည်ထဲရေးကိစ္စ သူ့လက်သူ့ခြေပါ။ ကာကွယ်ရေး၊ လုံခြုံရေး သူ့အခန်းအဓိက မဟုတ်ပါ။ “မူ” ကိုပဲ သူချပါတယ်။

နိုင်ငံခြားရေးမှာလည်း “မူ” ကိုသာ ကိုင်ပြီး ဦးတင်ထွဋ်ကို လွှဲထားပါတယ်။ တောင်သူလယ်သမားကိစ္စကျတော့ သခင်တင် တို့ ၊ အပိုင်စားရာနယ်ပယ်ပါ။ ကုလားအုပ် ကျောပေါ် နောက်ဆုံးကောက်ရိုးတစ တင်ပေး (သတင်းစာတိုက်ရိုက်ချိုး) တာမှာ သူ့ပရောဂ ပါပါတယ်။ တိုက်ရိုက်တော့မပါပါဘူး။ ဒဂုန် တာရာရဲ့ ဂျာနယ်ကျော်မမလေး ရုပ်ပုံလွှာမှာ ဦးကျော်ငြိမ်းလို့ မပြောပါ။ ခြောက်လုံးပြူး ခါးကြားထိုးထားသူလို့ ဆိုပါတယ်။

ဦးကျော်ငြိမ်းက “အတိုက်အခံ ဟူသမျှ ချေမှုန်းကြ” ဆိုတဲ့ဆောင်ပုဒ် ချမှတ်သူ နဲ့ ဆော်ဩသူအဖြစ် တာဝန်ရှိပါတယ်။ (ဗကပ) ချေမှုန်းရေး အကွက်ဆင်သူအဖြစ် တာဝန်ရှိ ပါတယ်။

တခြားသတင်းစာတိုက်တွေ ရိုက် ချိုးအပြီးမှာ ကွန်မြူနစ်ပါတီရဲ့ “ပြည်သူ့ အာဏာ” ဂျာနယ်နဲ့ “ကွန်မြူနစ်နေ့စဉ်” သတင်းစာတိုက် ရိုက်ချိုးဖို့အစီအစဉ် ရှိပါတယ်။

ယူနီဖောင်းချွတ်ထားတဲ့ စစ်သား အုပ်နဲ့ ပုဂ္ဂလိက သတင်းစာတိုက် ရိုက်ချိုးလို့ ဖြစ်ပေမယ့် (ဗကပ) ကို အဲဒီလိုလုပ်လို့ မဖြစ်တာ ဦးကျော်ငြိမ်းသိပါတယ်။ ဒါကြောင့် ဗိုလ်နေဝင်းကိုအရဆွယ်ပြီး စစ်တပ်အင်အားနဲ့ (ဗကပ) ဌာနချုပ် (ပုံနှိပ်တိုက်ရှိတယ်) ဝင်သိမ်းဖို့ စည်းရုံးခဲ့တာပါ။ (ဗကပ) ဌာနချုပ်မှာ လက်နက် အပြည့်အစုံနဲ့ တပ်ရင်းတရင်း လျှို့ဝှက်ချထား တယ်လို့ ဗိုလ်နေဝင်းကိုပြောပြီး စည်းရုံးတာပါ။

ဗိုလ်နေဝင်းက “ကိုကျော်ငြိမ်း ဒီ အပေါင်ဆိုင် (ဗကပ ဌာနချုပ်ဟာ အရင်က အပေါင်ဆိုင်) ပေါ် ဘယ့်နှယ့်လုပ်ပြီး တပ်ရင်း တရင်း နေနိုင်ပါ့မလဲ” လို့ ပြန်ပြောရတယ်လို့ ဗိုလ်နေဝင်းကိုယ်တိုင် ပြောပါတယ်။ ။

တကယ့်အဖြစ်မှန်က ပုဂ္ဂလိက သတင်းစာတိုက်တွေ ရိုက်ချိုးခံရတဲ့နေ့က ယူနီ ဖောင်းချွတ်လူအုပ်ကြီးလာရင် ရင်ဆိုင်ဖို့ ပါတီ ဌာနချုပ်က ရဲဘော်တချို့နဲ့ စမ်းချောင်းလူငယ် တွေပဲ စုစည်းထားခဲ့ပါတယ်။ အဲဒီနေ့က ထိပ် တိုက်မတွေ့ပါ။

နောက်မှလိုရမယ်ရ သခင်တင်ထွန်း အစီအစဉ်နဲ့ ပျဉ်မနားကရဲဘော် လေးငါးယောက် ခေါ်လိုက်ရတာ ဖြစ်တယ်။ လက်နက် ယူလာလို့မဖြစ်ပါ။

(ဗကပ) ကို ချိုးဖို့ဆိုရင် ယူနီဖောင်း ချွတ်လူအုပ်နဲ့ မဖြစ်ပါ။ ဉာဏ်နီဉာဏ်နက် များတဲ့ ဦးကျော်ငြိမ်းဟာ တပ်တွင်း ဆိုရှယ်လစ်တွေနဲ့ မုချတိုင်ပင်ရပါမယ်။ လက် တွေ့အလုပ်ဖြစ်ရေးဝါဒသမား ဗိုလ်နေဝင်းက (ဗကပ) နဲ့တွေ့တုန်း အပိုအမိုပြောတယ်ထား မတ်လ ၂၈ အလစ်ဖမ်းပွဲ စီမံကိန်းကို သူသိ နိုင်ပါတယ်။ တခြားဆိုရှယ်လစ်ဗိုလ်တွေလည်း သိနိုင်ပါတယ်။ ။

အဖြစ်အပျက်က (၅၄) နှစ် ရှိပါ တော့မယ်။ ချေးခြောက်ရေနူးနေတာ မဟုတ် ပါ။ အဲဒီခေတ်က ဆိုရှယ်လစ်ပါတီထိပ်သီးတွေ အခုမရှိတော့ပေမယ့် ဆိုရှယ်လစ်ဗိုလ်တွေ ကျန်နေပါသေးတယ်။ တစုတစည်းတည်းတော့ မဟုတ်၊ ဟိုရောက်ဒီရောက်ပါ။ နိုင်ငံရေး ပါတီတွေ (တချို့ အစိုးရပါတီ၊ တချို့ အတိုက်ခံ ပါတီ) ထဲမှာ ရှိနေပါတယ်။ မျိုးဆက်သစ်က ပြည်တွင်းစစ်ပြဿနာ ရှင်းမယ်ဆိုရင် သူတို့ အကူအညီ ရဖို့ လိုလို့ ရေးနေခြင်း ဖြစ်ပါတယ်။

ကြာလေရှုပ်လေဖြစ်တဲ့ ဗမာပြည် ပြည်တွင်းစစ်

ချာချီအဖို့ကတော့ BIA. PBF အနွယ် ဖဆပလဆိုရင် ဝဲဝဲယာယာ သူတို့နဲ့ မစေ့စပ်ရေးပဲ။ စေ့စပ်ရင် “စောစိန်မော် ” ကိုပဲ စိတ်ချတယ်။ သူတို့က အလိုတော်ရိဂိုဏ်း၊ ပြည် တွင်းက အလိုတော်ရိအားလုံး သူတို့အောက် မှာ ရှိတယ်။ သူတို့နဲ့စေ့စပ်ရင် အင်္ဂလိပ် အတွက် ပိုအကျိုးရှိမယ်လို့ မြင်တယ်။

ဖဆပလနဲ့စေ့စပ်ပြီး လွတ်လပ်ရေး ပေးခဲ့တာကို အင်္ဂလိပ်ခေါင်းမာဂိုဏ်း ချာချီ၊ တောင်တန်းသားမိတ်ဆွေ စသူများက မကျေနပ်ဘူး။ ပြည်တွင်းအလိုတော်ရိတွေကလည်း အင်္ဂလိပ်က သူတို့အပေါ် သစ္စာဖောက်သွား တယ်လို့ ထင်ပါတယ်။

ချာချီဟောကိန်းထုတ်တဲ့ “ပြည် တွင်းစစ် ” မျိုး မဖြစ်ခဲ့ပေမယ့် “လက်ဝဲ ညီညွတ်ရေး” ပြိုကွဲပြီး ပြည်တွင်းစစ်ဖြစ်တော့၊ ပြည်တွင်းစစ်ဟာ ကျယ်ပြန့်သွားတယ်။ ရည်မှန်းချက်အမျိုးမျိုးနဲ့တိုက်တဲ့ ပြည်တွင်းစစ် ဖြစ်သွားတယ်။

ကွန်မြူနစ်နဲ့ တခြားလက်ဝဲ အင်အားစုတွေက ပြည်သူ့ ဒီမိုကရေစီအတွက် တိုက်တာ (အဲဒီထဲမှာလည်း အမြင်တညီတည်း မဟုတ် ) ၊ လူမျိုးစု အင်အားစုတွေက ရည် ရွယ်ချက်တမျိုး (သူတို့လည်း တညီတည်းမဟုတ် ) ၊ ဒါကြောင့် ပြည်တွင်းစစ် ပြဿနာကို ဖြေရှင်းဖို့ဟာ တခုကောင်းနဲ့ မရှင်းနိုင်ပါဘူး။ ဘက်စုံဖြေရှင်းမှရမယ့်ကိစ္စ ဖြစ်ပါတယ်။

ရန်သူ့ဘက်ကလည်း ဒီလိုပဲ။ ဖဆပလအစိုးရ (၁၀) နှစ်မှာ ဦးနု တမျိုး၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းကတမျိုး၊ စစ်တပ်ကတမျိုးပဲ။ ပြည်တွင်းစစ်ပြဿနာ ဖြေရှင်းချင်ပုံချင်း တညီတည်း မဟုတ်ဘူး။ ဆိုရှယ်လစ်နဲ့ စစ်တပ်က အပြတ်ချေမှုန်းရေးက တပြားသားမလျော့ဘူး။

နောက် နေဝင်းရဲ့ စစ်အစိုးရ ဖြစ်လာတော့ ပါလီမန်အစိုးရလို ဟိုညိုဒီညှိ လုပ်နေစရာ မလိုတော့ဘူး။ ဗိုလ်နေဝင်းခေါင်းငြိမ့်ရင် ပြီးတယ်။ ဒါကြောင့် သူ့ခေတ်မှာ နှစ်ခါတောင် “စေ့စပ် ဆွေးနွေးပွဲ လုပ်နိုင်ခဲ့တာပဲ။

“ပြည်တွင်းစစ်” မှာ ပါဝင်ပတ်သက်လာတဲ့ နိုင်ငံခြားအင်အားစုများကိစ္စမှာ အပြောင်းအလဲတွေ ရှိပြန်တယ်။

ဗမာပြည် ပြည်တွင်းစစ်မှာ စိတ်ဝင်စားသူက ကြာလေများလေ ဖြစ်လာတယ်။ ချာချီနဲ့ “တောင်တန်း သား မိတ်ဆွေများ” ချည်း မဟုတ်တော့ဘူး။ ချာချီက မရှိတော့ဘူး။ သူ့ပါတီကလည်း ဗမာပြည်အရေးကို ရေးကြီးခွင်ကျယ် သဘောမထားတော့ဘူး။ “တောင်တန်း သားမိတ်ဆွေများ” ကတော့ အိုနာကျိုးကန်း ဖြစ်သူပဲ ကျန်တယ်။ KIO က ဦးဘရန်ဆိုင်း ၁၉၈ဝ နှစ်တွေထဲမှာ အင်္ဂလန်သွားတွေ့တော့ အိုမင်းမစွမ်းတွေ၊ အင်္ဂလိပ် အထက်လွှတ်တော်မှာ လော့ဒ် (Lord ) တွေ ဖြစ်နေ တယ်။ ဗမာပြည်အရေး သူတို့ဦးနှောက်ထဲမှာ မရှိတော့ ဘူး။ သိပ်လည်း စိတ်မဝင်စားတော့ဘူး။

၁၉၉ဝ နှစ်တွေမှာ ပြည်ပက စိတ်ဝင်စားသူတွေက အလွန်များလာတယ်။ (ဗကပ) အနေနဲ့ အားလုံးကို မသိပါ။ သိတာလည်း မဖော်ပြလိုပါ။ ကျွန်တော်တို့ မိတ်ဆွေတွေ၊ ရဲဘော်တွေဟာ အခြေအနေကိုကြည့်ပြီး စခန်းသွားနေရလို့ ဖြစ်ပါတယ်။ အခုတင်ပြချင်တာက “ပြည်တွင်းစစ်ပြဿနာ” ဖြေရှင်းရေးမှာဝင်ပြီး သြဇာပေးချင်တဲ့၊ ပါဝင်ပတ်သက်ချင်တဲ့၊ အကြံ ပေးချင်တဲ့၊ ဆေးမြီးတိုပေးချင်တဲ့လူတွေ များတဲ့အကြောင်းပါး ဆေးမြီးတိုနဲ့တည့်သွားရင် ဂုဏ်ယူ ပြောဆို၊ မတည့်လို့သေရင် အလုပ်မဖြစ်ဘူးဆိုတဲ့ ပညာတခုတော့ တိုးတာပဲလို့ သဘောထားမယ့် သူတွေလည်း များပါတယ်။ အခုခေတ်က စစ်အေးလွန်ခေတ်ပါ။ သတင်းနည်းပညာ ( IT ) ခေတ်။ ဟိုခေတ် ဒီခေတ် ဆိုတာကြီးပါ။

ဗမာပြည်ကလူတွေ ပြည်ပထွက်နေတာလည်း များပါတယ်။ အိမ်ခင်တတ်တဲ့လူမျိုးတွေ နိုင်ငံခြားထွက် အလုပ်လုပ်နေရပါတယ်။

အခု ပြည်တွင်းစစ်ကို နိုင်ငံခြားစစ်မျက်နှာတခုဖွင့်ပြီး တိုက်နေကြရပါတယ်။ အင်တာနက်ပေါ်ကတိုက်ပွဲ၊ စစ်အစိုးရက တင်လိုက်တဲ့သတင်းမှားတွေ စသဖြင့် ရှုပ်ထွေးပွေလီတဲ့ ပြည်တွင်းစစ် ဖြစ်လာနေပါတယ်။

တမယ်ကောင်း ဆေးတဖုံနဲ့ ပြည်တွင်းစစ်ပြဿနာ မရှင်းနိုင်တော့ပါဘူး။

 ပြည်တွင်းစစ် တာရှည်ရခြင်း၏အကြောင်း

အရှုံးအနိုင်ပြတ်မသွားဘဲ နှစ် (၅၀) ကျော် ရှည်ကြာရခြင်းရဲ့ အကြောင်းက နှစ်ဘက် စလုံးမှာ ရှိပါတယ်။ အပြတ်ချပစ်လိုက်ဖို့ နှစ်ဘက်စလုံးက အားထုတ်ကြတာပါပဲ။ ဖဆပလ က (၆) လအတွင်း အပြုတ်တိုက်ရေးလုပ်သလို (ဗကပ) ကလည်း “၂ နှစ်အတွင်း စစ်နိုင်ရေး” လုပ်ပါ တယ်။ ဘယ်သူမှ မအောင်မြင်ပါ။

ဖဆပလအစိုးရဘက်ကလည်း PVO, RBA နဲ့ KNU ကိစ္စတွေ ဆက်တိုက်လို ပေါ်နေလို့ (ဗကပ) ကို အပြုတ်တိုက်ပစ်ဖို့ မလွယ်ပါ။ ရန်ကုန်အစိုးရအဖြစ်တောင် ရောက်သွားပါတယ်။ (ဗကပ) ကလည်း ကိုရီးယားစစ် ဖြစ်တဲ့နှစ်က “၂ နှစ်အတွင်း စစ်နိုင်ရေး” လုပ်ပါတယ်။ လုပ်ကြည့်ပြီး မဟန်တော့လို့ ရပ်လိုက်ရပါတယ်။

အစိုးရကို လက်နက်ကိုင် တိုက်ကြ တဲ့ အင်အားစုတွေမှာ ဘုံရန်သူရှိပေမယ့် ဘုံလုပ်ငန်းစဉ် (အနိမ့်ဆုံးလုပ်ငန်းစဉ်) မရှိပါ။ အခြေအနေက ဘယ်လိုပဲပေးနေပါစေ ရန်ကုန် အစိုးရကို အပြုတ်ချပစ်ဖို့ အခွင့်မသာခဲ့ပါ။

ဘာကြောင့် အခွင့်မသာသလဲ ဆိုတာဟာ ဗမာပြည်တော်လှန်ရေးရဲ့ ထူးခြား ချက်ကြောင့်ပါ။ ဘာတွေထူးခြားသလဲ ဥပမာတချို့ ပြပါမယ်။

(ဗကပ) PVO. RBA တို့ တပ် ပေါင်းစုဖွဲ့မိပါတယ်။ လက်ဝဲတပ်ပေါင်းစုလို့ ခေါ်နိုင်ပါတယ်။ ဒါပေမဲ့ လမ်းစဉ်တွေတူအောင် ညှိမရပါ။ (အလံနီကို တပ်ပေါင်းစုအင်အားထဲ မထည့်နိုင်တာက သူ့ရဲ့ ဂိုဏ်းဂဏကြောင့်ပါ။ အလံနီဟာ ဂိုဏ်းတခုအဖြစ်ကနေ လူထု အခြေခံရှိတဲ့ နိုင်ငံရေးအင်အားစုအဖြစ် ဘယ် တုန်းကမှ မတက်ခဲ့ပါ။ နောက်ဆုံးဇာတ်သိမ်း တဲ့အထိ ဂိုဏ်းကလေးအဖြစ်က မတက်ခဲ့ပါ။ နေဝင်းစစ်အုပ်စုက တောထဲမှာ တမင်မွေးထား တယ်လို့ ထင်စရာတွေ အများကြီး ရှိပါတယ်။ သူ့ကိစ္စကို ရေးမှာမဟုတ်လို့ ချန်ခဲ့ပါမယ်။)

တော်လှန်ရေး အင်အားစုတွေဟာ ကျေးလက်ကို အခြေခံရတော့ မြေယာနဲ့ ကျေးလက်ပေါ်လစီ ရှိရပါတယ်။ (ဗကပ) ပေါ်လစီကတမျိုး၊ PVO ပေါ်လစီကတမျိုး ဖြစ်ကြပါတယ်။

(ဗကပ) ပေါ်လစီက ဆင်းရဲလယ် သမားနဲ့ ကျေးလက်ပစ္စည်းမဲ့အလွှာကို အလွန်အကျွံမှီခို အလုပ်အကျွေးပြုထားတဲ့ လမ်းစဉ်ဖြစ်နေပါတယ်။ “မြေတွေ အကုန်သိမ်း အကုန်ဝေ” ဆိုတော့ အလတ်လယ်သမားနဲ့ ချမ်းသာလယ်သမားပိုင် မြေတွေပါ အသိမ်းခံ ရပါတယ်။

မြေပြန်ဝေတော့ ဆင်းရဲတွေက ဝေစုများများ ရသွားပါတယ်။ မြေမဲ့ယာမဲ့ ကလည်း မြေမရှိရာက မြေပိုင်ဖြစ်သွားပါတယ်။ အလတ်နဲ့ချမ်းသာကတော့ သိမ်းသွားတဲ့မြေ ထက် လျော့ပြီးရရုံမက လက်ငုတ်ကောင်း တွေ လက်လွတ်ပြီး မြေညံ့တွေရကြပါတယ်။

“ဆင်းရဲ အခြေခံ၊ အလတ် မဟာမိတ်ပြု၊ ချမ်းသာကြားထား၊ မြေရှင် ဦးတည်တိုက်ရေး” မူနဲ့ မကိုက်ပါဘူး။ ဆင်းရဲ အခြေခံမိပေမယ့် အလတ်မဟာမိတ်ပြုရေးနဲ့ ချမ်းသာကြားထားရေး မဟုတ်တော့ပါဘူး။

PVO ရဲ့ လမ်းစဉ်က တမျိုးပါ။ အလတ်နဲ့ချမ်းသာလယ်သမား အလုပ်အကျွေး ပြုရေး ဖြစ်နေပါတယ်။ ဆင်းရဲနဲ့ မြေမဲ့ယာမဲ့ လယ်သမားကို ဒုံရင်းအတိုင်း ရှိစေပါတယ်။

ဒီလို ပေါ်လစီနှစ်ခု စင်ပြိုင်ဖြစ်နေ တာနဲ့ နယ်မြေအငြင်းပွားမှုတွေ ပေါင်းမိတော့ အချင်းချင်း စစ်တိုက်ကြရတဲ့အထိ ဖြစ်ပါတယ်။

အဲဒီတုန်းက ရေနံမြေက ကိုယ့် လက်ထဲရောက်လုနီး ဖြစ်နေပါတယ်။ အင်္ဂလိပ် ပိုင် ကုမ္ပဏီကြီး ( BOC) က “နုအက်တလီ စာချုပ်” အရ တရားဝင်ရှိနေပါတယ်။ ဒီ ကုမ္ပဏီကို နိုင်ငံပိုင်လုပ်ရေးပေါ်လစီမှာ PVO နဲ့ (ဗကပ) မကွဲပါ။ (ဦးဘဖေက ဗိုလ်နေဝင်းကို စစ်တပ်အာဏာသိမ်းပွဲလုပ်ဖို့ BOC ရဲ့ ကိုယ်စားလှယ်လုပ်ပြီး ချဉ်းကပ်တယ်ဆိုတာ အဲဒီအချိန်ကပါ။ ဗိုလ်နေဝင်း မလုပ်ရဲပါ။ ဦးဘဖေကို ဖွင့်ချပါတယ်။ အဲဒီကတည်းက ဦးဘဖေ နာလန်မထူတော့ပါ။) ၊

RBA နဲ့ (ဗကပ) က ပေါ်လစီ ဆိုင် ရာ အငြင်းပွားမှုမရှိပါ။ တောထဲရောယောင် ပါလာတဲ့ ဗိုလ်တင်ထွန်းအောင်တို့ ကြံစည်မှုကို ဖြိုခွင်းရတာပဲ ရှိပါတယ်။

KNU နဲ့ ပြဿနာကျတော့ ပိုပြီး ရှုပ်ပါတယ်။ PVO နဲ့ မြေယာပေါ်လစီ ကွဲတာက ပြင်ဆင်လိုက်နိုင်ပါတယ်။ (ဗကပ) က လွန်နေတာလျော့၊ PVO ကလည်း ဆင်းရဲ လယ်သမား အခြေခံရေးလုပ်လိုက်တော့ ပြေလည်သွားပါတယ်။

KNU နဲ့ ပြဿနာကတော့ အခု အထိ ပြေလည်တယ် ပြောမရပါ။ နောက်ပိုင်း စစ်အစိုးရခေတ်မှာ ပေါ်လာတဲ့ လူမျိုးစုအခြေခံ လက်နက်ကိုင် အင်အားစုတွေနဲ့ကျတော့ မဖြေရှင်းနိုင်တဲ့ ပြဿနာကြီး ဖြစ်လာပါတယ်။

ကွန်မြူနစ်ပါတီက လူတန်းစားနဲ့ လူတန်းစားတိုက်ပွဲကို ယုံကြည်ပါတယ်။ လူမျိုး တိုင်းမှာ လူတန်းစားကွဲပြားမှု ရှိတယ်လို့ သတ် မှတ်ပါတယ်။ သက်ဆိုင်ရာလူမျိုးဟာ ဘယ် စနစ်ထဲရောက်နေသလဲ။ ကျေးပိုင်ကျွန်ပိုင် အဆင့် ရောက်နေရင် ကျွန်ပိုင်နဲ့ ကျေးကျွန် လူတန်းစား ရှိမှာပါပဲ။

ပဒေသရာဇ်စနစ် အဆင့်ဆိုရင် ပဒေသရာဇ်မြေရှင်နဲ့ လယ်သမားလူတန်းစား ရှိနေပါလိမ့်မယ်။ ရောင်းကုန်ထုတ်လုပ်ရေး အဆင့်ရောက်နေရင်တော့ ဓနရှင်နဲ့ အလုပ် သမား၊ အတိုးကြီးစားနဲ့ မြီစားရှိမှာပါပဲ။

အဲဒီအယူအဆကို လူမျိုးစုအဖွဲ့ တိုင်းလောက်က လက်မခံပါ။ သူတို့မှာ လူမျိုးပဲ ရှိတယ်။ လူတန်းစားမရှိဘူးလို့ ဆိုပါတယ်။ ရှမ်းက ရှမ်းအမျိုးသားရေးဝါဒ၊ ကချင်က ကချင် အမျိုးသားရေးဝါဒ ဒါပဲလိုတယ်လို့ ယူဆကြ ပါတယ်။ ရန်သူက ဗမာလူမျိုးပဲလို့ သတ်မှတ် ပါတယ်။ (နောက်တော့ ဗမာစစ်အစိုးရလို့ ပြင်ပါတယ်။)

KIO ခေါင်းဆောင်တွေနဲ့ တပ် ပေါင်းစုဆွေးနွေးပွဲတခုမှာ ဒီကိစ္စပေါ်ပါတယ်။ သူတို့က (-ism ) (ဝါဒ) တွေကြောင့် ခက်နေ တာလို့ ပြောပါတယ်။ သူပြောချင်တာက (Communism. Socialism) ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ အဲဒီဝါဒတွေကို ဆိုလိုတာပါ။ ခင်ဗျားတို့လည်း – ism ရှိတာပဲဆိုတော့ မရှိဘူး ငြင်းပါတယ်။ Nationalism လေလို့ပြောမှ ဟုတ်တယ်လို့ ပြောပါတယ်။ ။

ဒါတွေကြောင့် ဗမာပြည် တော်လှန် ရေးမှာ “ပြည်သူ့ဒီမိုကရေစီ” လို့ ကွန်မြူနစ် တွေကပြော၊ သူတို့က“အမျိုးသားဒီမိုကရေစီ” လို့ ပြော မလိုအပ်ပဲ ငြင်းနေကြရပါတယ်။

NDF ဆိုတာ ဗမာမပါပဲ ဖွဲ့ကြ ပါတယ်။ သူတို့အနေနဲ့ (ဗကပ) က ဗမာထဲမှာ လူတန်းစားရေးလုပ်တာတော့ ကြိုက်ပါတယ်။ ဗမာချင်းတိုက်ပွဲမှာ အမြတ်ထုတ်နိုင်လို့ပါ။ သူတို့ကတော့ အမျိုးသားရေးပဲ လုပ်မယ်လို့ ဆိုပါတယ်။ ဗမာက BIA လုပ်ခဲ့သလို သူတို့လည်း – IA တွေ ဖွဲ့ကြပါတယ်။ (SSIA. KIA စသဖြင့်)

အခုတော့ မျိုးဆက်သစ်တချို့က ဗမာမပါရေးသာ မကတော့ပါ။ ဗမာစကား မပြောရေး၊ အင်္ဂလိပ်ဘာသာကို ဘုံဘာသာ လုပ်ရေးအထိပြောသံ ကြားရပါတယ်။ စိတ်ကူး ယဉ်တာပါပဲ။ စိတ်ကူးယဉ်ခွင့် လူတိုင်းမှာရှိလို့ ဗွေမယူနိုင်ပါ။

တခါတုန်းက (KNUP) ဖွဲ့ပါတယ်။ သူတို့က လူတန်းစားနဲ့ လူတန်းစားတိုက်ပွဲ သဘောတရားကို လက်ခံပါတယ်။ (ဗကပ) နဲ့ အတော်ကလေး နီးစပ်ခဲ့ဖူးပါတယ်။ ။

ကွန်မြူနစ်တို့ရဲ့ အယူအဆက နိုင်ငံရေးလှုပ်ရှားမှုတိုင်းဟာ ပေါ်လစီတခုခုကို လုပ်နေတာလို့ ယူဆပါတယ်။ အသိရှိစွာ ဖြစ်စေ၊ အသိမဲ့စွာဖြစ်စေ လုပ်နေကြတာချည်း ပါပဲ။ ပေါ်လစီတိုင်းဟာလည်း လူတန်းစား တခုခုကို ကိုယ်စားပြုတာ အလုပ်အကျွေးပြုတာ ချည်းပါပဲ။ တမျိုးသားလုံးကို ကိုယ်စားပြု တယ်လို့ ပြောကောင်းပြောပါလိမ့်မယ်။ မဟုတ်ပါ။ စစ်အစိုးရက “အမျိုးသားရေး တာဝန်” “အမျိုးသားနိုင်ငံရေး” လို့ ပြောနေ တာမျိုးပါပဲ။

“ရန်ကုန်အစိုးရ ဖြစ်နေပြီ” ပြုတ်ကျ ဖို့ တဲတဲကလေးလိုတယ်။ ဘာကြောင့် အဲဒီ တုန်းက (ဗကပ)၊ RBA. PVO. KNU ပေါင်းပြီး ရန်ကုန်မသိမ်းသလဲလို့ မျိုးဆက်သစ် တချို့က ပြစ်တင်ချင်ကြပါတယ်။

ပြောသလောက်မလွယ်ပါ။ စဉ်းစား နိုင်အောင် အဲဒီတုန်းက အခြေအနေ လိုသလောက် တင်ပြပါမယ်။

၄၈ ခုနှစ် တနှစ်လုံး ပါတီက ထိုးစစ် တွေ ကြံ့ကြံ့ခံနေရပါတယ်။ ထိုးတဲ့တပ်တွေက ကရင်၊ ကချင်၊ ချင်း၊ ဂေါ်ရခါး တပ်တွေပါ။ သူတို့ပဲ ဖဆပလ အစိုးရအမိန့်နာခံပါတယ်။ ဗမာတပ်တွေက တချို့ တောခို၊ တချို့ ကပျက်၊ ဗိုလ်တချို့က သုံ့ပန်းဖြစ်၊ ဗိုလ်တချို့က “စစ် ဆိုရင် ရေတောင်စစ်မသောက်ချင်ဘူး” လို့ ပြောပြီး ဘုန်းကြီးဝတ်ပါတယ်။

၄၉ မှာ ကရင်တပ်တွေ တောခိုမှ (ဗကပ) အသက်ရှူချောင်ပါတယ်။ ကရင်တပ် တွေ မန္တလေးတက်လာပါတယ်။ မန္တလေး ရောက်ခါနီး မြစ်ငယ်တံတားရောက်တော့ တန့်သွားပါတယ်။ အစိုးရတပ်၊ PVO နဲ့ ဆိုရှယ်လစ်တပ်တွေက မြစ်ငယ်တဖက်ကမ်းက ခံနေပါတယ်။

ဦးစီးလာတဲ့ ကရင်တပ်မှူးတွေဆီ ပါတီက စစ်ရေးတပ်ပေါင်းစု ယာယီဖွဲ့ဖို့ ကမ်းလှမ်းပါတယ်။ တချိန်တည်းမှာ အစိုးရ ဘက်က တိုက်နေတဲ့ PVO တပ်ကို (ဗကပ၊ PVO ၊ ကရင်) စစ်ရေးပူးပေါင်းပြီး မန္တလေး အရယူဖို့ ကမ်းလှမ်းပါတယ်။ PVO က ဆိုရှယ် လစ်ကို မုန်းတီးနေလို့ ပထမတော့ လက်ခံသလို ပြန်စာပေးပါတယ်။

တရားဝင် သုံးဖွဲ့ လက်မှတ်ထိုး ကြေညာချက်ထုတ်မယ်လုပ်တော့ PVO က လိပ်ပြာမသန့်လို့ နောက်ဆုတ်သွားပါတယ်။ (ဗကပ) နဲ့ ကရင်တပ်ပဲ လက်မှတ်ထိုးထုတ်ပြန် လိုက်ရပါတယ်။ တခုကောင်းသွားတာက PVO က မန္တလေးစစ်မျက်နှာကနေ သူ့ သဘောနဲ့သူ ဆုတ်သွားပါတယ်။ ကွန်မြူနစ်နဲ့ ကရင်တပ်ကို ခံမတိုက်ပါ။ ကျန်ခဲ့တဲ့ အစိုးရတပ် (ချင်းတပ် ) နဲ့ ဆိုရှယ်လစ်တပ်က မန္တလေးက မခံဝံ့ပါဘူး။ ဒါကြောင့် လွယ်လွယ်ပဲ မန္တလေး သိမ်းမိပါတယ်။

KNU ထူထောင်မယ့် ကော်သူ လေပြည်ထဲမှာ မန္တလေးမပါပါ။ ကရင်က မန္တလေးကို ကြာရှည်သိမ်းထားဖို့ လာတာ လည်း မဟုတ်ပါ။ မေမြို့မှာ လက်နက်ဖြုတ် အဖမ်းခံထားရတဲ့ ကရင်တွေကို ကယ်ထုတ်ဖို့ပဲ လာတာပါ။ သူတို့ရဲ့ စစ်ရေးတာဝန်ပြီးတော့ ပြန်ပါတယ်။

(ဗကပ) ကလည်း အာဃာတ မထားဘဲ လက်တွဲဖို့ ဦးအောင်ကမ်းလှမ်း ပါတယ်။ “ရန်ကုန်အစိုးရ” ဘဝ ရောက်သွား ရတာ မန္တလေး ကျသွားလို့ပါပဲ။

နောက်တော့ အစိုးရက မန္တလေး ပြန်သိမ်းပါတယ်။ မန္တလေးမြို့ သိမ်းရာမှာ PVO တွေ ပါလာပါတယ်။ အဲဒီအခါ ဒုတိယအကြိမ် မန္တလေးကို တော်လှန်ရေးတပ်က တခါထပ် သိမ်းပါတယ်။ အစိုးရတပ်ထဲက ဗိုလ်လှဖေတို့ အင်အားတွေရယ် (ဗိုလ်လှဖေဆိုတာ ရဲဘော် ချစ်ကောင်း၊ ရဲဘော်အုန်းမောင်၊ မန်းဝင်းမောင် တို့ရဲ့ အိန္ဒိယခရီးမှာပါတဲ့ ဗိုလ်လှဖေပါ။) PVO ရယ်၊ (ဗကပ) ရယ် သုံးဖွဲ့ပေါင်းပြီး သိမ်းတာပါ။ ဒါက နိုင်ငံရေးတပ်ပေါင်းစုပါ။ မန္တလေးမှာ ကြာကြာမနေနိုင်ပါ။ ပြန်ဆုတ်ခဲ့ရပါတယ်။

စစ်ရေးသဘောတူညီချက် ယာယီ ယူပြီး မန္တလေးသိမ်းသလို ရန်ကုန်သိမ်းလို့ မဖြစ်ပါ။ အနိမ့်ဆုံးနိုင်ငံရေးလုပ်ငန်းစဉ် ရှိမှ ဖြစ်ပါမယ်။ ရန်ကုန်က မြို့တော်ပါ။ အင်္ဂလိပ် စစ်မစ်ရှင်လည်း ရှိပါတယ်။ သံရုံးတွေလည်း ရှိပါတယ်။ “ရန်ကုန်သိမ်းမိခဲ့သော် ” ဆိုတာနဲ့ စဉ်စားကြည့်ပါ။

(ဗကပ) က အသံလွှင့်ရုံသိမ်းပြီး “နု အက်တလီစာချုပ် ပယ်ဖျက်လိုက်တယ်။ ဗြိတိသျှ စစ်မစ်ရှင်ထွက်သွားပါ။ BOC နိုင်ငံ ပိုင်သိမ်းလိုက်ပြီ။ မြေရှင်စနစ် ဖျက်သိမ်းလိုက်ပြီ။ “လယ်လုပ်သူတွေလယ်ပိုင်ကြ” လို့ ကြေညာ တယ် ဆိုပါတော့ KNU သဘောတူပါ့မလား။

နောက်တမျိုး KNU က အသံလွှင့် ရုံသိမ်းပြီး ကော်သူးလေပြည် ထူထောင် ကြောင်းကြေညာ၊ ဗြိတိသျှ ဓနသဟာယထဲ ပြန်ဝင်မယ်လို့ပြော၊ ကော်သူးလေပြည်ထဲ ဘယ်ဒေသတွေပါတယ်လို့ ကြေညာရင် (ဗကပ) ကရော၊ တခြားအဖွဲ့တွေ၊ ပါတီတွေ ကပါ လက်ခံနိုင်မှာ မဟုတ်ပါ။ ကော်သူးလေ ပြည်ရဲ့ အဝန်းအဝိုင်းကို KNU တွေက ပြော ထားပြီးသားပါ။ လျှို့ဝှက်ချက် မဟုတ်ပါ။

ဒါက ၁၉၄၉ ကို ဥပမာပေးတာပါ။ ၁၉၆၉ ဦးနုတို့တောခိုတော့ တရုတ်ပြည်က ဆင်းလာတဲ့ အနီလှိုင်း အရှေ့တောင်အာရှ မပြန့်အောင် ထိုင်းဗမာနယ်စပ်မှာ တာရိုးကြီး တည်ဆောက်ပြီး ကာကွယ်ဖို့ လုပ်ကြတယ်။    

(ဗကပ) က အနီလှိုင်းစီးနေတယ်။ ဦးနုတို့က အနီလှိုင်းတားနေတယ်။ ဒါလည်း အနိမ့်ဆုံး လုပ်ငန်းစဉ် မရှိတာကြောင့် ဖြစ်တာပဲ။ စစ်အေးခေတ်မှာ အဲဒီလို အနိမ့်ဆုံးလုပ်ငန်းစဉ် ရှိဖို့ကလည်း မလွယ်ပါဘူး။

နောက် ဦးနုတို့၊ ဗိုလ်လက်ျာတို့ အခက်အခဲတွေ့တယ်ဆိုတာ ကြားပါတယ်။ သူတို့မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်နေပြီ။ KNU နဲ့ ပဋိပက္ခတွေဖြစ်နေပြီဆိုတာ ကြားပါ တယ်။ ဒါလည်း အနိမ့်ဆုံးလုပ်ငန်းစဉ် သူတို့ထဲ မရှိကြလို့ပါပဲ။

လက်နက်ကိုင် တိုက်နေသူများမှာ ဘုံလုပ်ငန်းစဉ်မရှိရင် ပြည်တွင်းစစ်က တာရှည် ပါလိမ့်မယ်။ ဥပဒေတွင်းက အကြမ်းမဖက်ရေး လမ်း လိုက်နေသူများမှာ ဘုံလုပ်ငန်းစဉ်မရှိရင် ဒီမိုကရေစီ ရေစုန်မျောပါမယ်။

၁၉၈၈ က သာဓကကိုပဲ ကြည့်ပါ။ (ယာယီ) (ကြားဖြတ်) အစိုးရ မဖွဲ့နိုင်ပါ။ ဒီမိုကရေစီ ဖခင်ကြီးကတမျိုး၊ ရာသက်ပန် ဝန်ကြီးချုပ်ကတဖုံ ဖြစ်ပြီး စစ် အုပ်စုကပဲ စားသွားပါတယ်။

ဗမာပြည် ပြည်တွင်းစစ်အပေါ် ကမ္ဘာ့စနစ်၏ အကျိုးသက်ရောက်မှု

ဗမာပြည် ပြည်တွင်းစစ်ဟာ “ပြည် တွင်းဖြစ်စစ်စစ်” ဖြစ်ပါတယ်။ ပြည်တွင်း ပကတိအခြေအနေနဲ့ ပြည်တွင်းပကတိ အချက် အလက်တွေကြောင့် ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ပါ။ ဘယ်သူ့ပယောဂမှ မပါပါဘူး။ ဒါပေမဲ့ ကမ္ဘာ့ စနစ်ရဲ့ အကျိုးသက်ရောက်မှု ရှိတန်သလောက် ရှိပါတယ်။

ဗမာပြည် ပြည်တွင်းစစ်ရဲ့ သမိုင်းကို ပြန်ကြည့်ရင် ကမ္ဘာ့စနစ်သုံးမျိုးရဲ့ အကျိုး သက်ရောက်မှု ရှိတာတွေ့နိုင်ပါတယ်။

ပထမဆုံးစနစ်က နယ်ချဲ့ ကမ္ဘာ့ စနစ်ပါ။ ဒါပေမဲ့ နေဝင်ချိန်စနစ်ဖြစ်လို့ သိပ် ကြာကြာ မဖြတ်သန်းရပါဘူး။ ချာချီတို့ ဒေါ်မန်စမစ်တို့က အသိရှိစွာဖြစ်စေ၊ အသိ မဲ့စွာဖြစ်စေ လက်နက်တွေတော့ ဖြန့်ပေးခဲ့ ပါတယ်။ ပြည်တွင်းစစ်ကို လက်နက်ရှိသူမှ တိုက်နိုင်ပါတယ်။

ဒုတိယစနစ်က စစ်အေးခေတ် ကမ္ဘာ့စနစ်ပါ။ အစ အလယ် အဆုံး ဖြတ်သန်း ခဲ့ရပါတယ်။ စစ်အေးခေတ်ကို ဖြတ်သန်းကြ တာမှာ တိုင်းပြည်တခုနဲ့တခု မတူပါဘူး။ ထိုင်း က တမျိုးပါ။ အမေရိကန်ဘက် ပြတ်ပြတ်ရပ်ပြီး ဖြတ်သန်းခဲ့တယ်။ နောက်ကျမှ တဖြည်းဖြည်း ခွာတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှ ကြားနေဂိုဏ်း ထဲမပါခဲ့ပါ။ အခု ပုံစံသစ်အာဆီယံ (ASEAN) ခေတ်မှာတောင် အမေရိကန်နဲ့ပဲ နီးစပ်ပါတယ်။

ဗမာပြည်ကတော့ တမျိုး။ အိန္ဒိယနဲ့ တရုတ်ကြား နေရတဲ့တိုင်းပြည်ဆိုတော့ ထိုင်း လုပ်သလိုလုပ်လို့ မရပါဘူး။ ၁၉၄၈ ကနေ ၁၉၅ဝ ခုနှစ်တွေရဲ့ အစပိုင်းအထိ အမေရိကန်နဲ့ ရင်းနှီးလိုပါတယ်။ ဒါပေမဲ့ ပြတ်ပြတ်လည်း မရပ်ရဲပါ။ အိန္ဒိယ (နေရူး) နဲ့ တရုတ် (ချိုအင်လိုင်း) တို့ နှစ်ဘက်ညှပ်ပြီး ဆွဲဆောင်လို့ ဘက်မလိုက်ကြားနေ ဖြစ်လာပါတယ်။ ငြိမ်းချမ်း စွာ ယှဉ်တွဲနေရေး မူကြီး (၅) ချက်ကို ကမကထ ပြုသူထဲ ပါလာပါတယ်။

ဒီလိုဖြစ်တာ တိုင်းပြည်နဲ့ ပြည်သူ အတွက်တော့ အကျိုးရှိပါတယ်။ အမေရိကန် ရော ဆိုဗီယက်ပါ ကြားနေတာကို နှစ်သက်ကြ တာ မဟုတ်ပါဘူး။ အထူးသဖြင့် အမေရိကန်က မနှစ်သက်ပါဘူး။ ကြားနေတယ်ဆိုတာ သိက္ခာ မဲ့တာပဲလို့ သူကထင်ပါတယ်။ ကမ္ဘာကြီးမှာ အမေရိကန်ဂိုဏ်း၊ ဆိုဗီယက်ဂိုဏ်းနဲ့ ကြားနေ ဂိုဏ်းကြီး ရှိနေတာ ကောင်းပါတယ်။ ကမ္ဘာ့ ငြိမ်းချမ်းရေးကို တစုံတရာ ထိန်းသိမ်းနိုင်တာ ဖြစ်လို့ပါပဲ။

ဗမာပြည်အစိုးရတွေမှာ ပြည်တွင်း စစ်တိုက်ဖို့ လက်နက်ရေသောက်မြစ် မခက်ခဲ ပါဘူး။ ရန်ကုန်အစိုးရခေတ်ကပဲ ယာယီခက်ခဲ ခဲ့ပါတယ်။ ဒါလည်း အိန္ဒိယက ဝင်ဖြေရှင်းပေး ခဲ့ပါတယ်။ နောက်တော့ လုံးဝမခက်တော့ပါဘူး။ ငွေရှိဖို့ပဲလိုပါတယ်။

(ဗကပ) အတွက်ကတော့ စစ်လက် ကျန် ဂျပန်လက်နက်တွေ ဟောင်းမြင်းပျက်စီး တော့၊ ကျည်ဆံမရှိတော့ ကြာလေခက်လေ ပါပဲ။ လက်နက်တလက်၊ ကျည်တတောင့်၊ ငွေ တကျပ် ပြည်ပ ဘယ်ဆီကမှ မရခဲ့ဖူးပါဘူး။ ဇဒါးနော့ဗ် မြှောက်ပေးတာဆိုရင် သူတို့ကို ဆိုဗီယက်က ကူရမှာပေါ့။ မကူပါဘူး။ (ဗကပ) ကို ကူတာ အသက်ဆက်ပေးတာဟာ ဖဆပလ အစိုးရပါပဲ။ ပြည်သူ့ရဲဘော်တို့၊ RBA တို့ ပေါ်လာလို့၊ KNU ပေါ်လာလို့ ဂျပန်သေနတ် တွေ အနားပေးပြီး အင်္ဂလိပ်လက်နက်နဲ့ အသက်ဆက်ခဲ့တာပါပဲ။ လက်နက်တလက်၊ ကျည်တတောင့်၊ ငွေတကျပ်ကို ကိုယ်အား ကိုယ်ကိုး ရှာခဲ့တာဖြစ်ပါတယ်။ ဘယ်သူ့ဆီကမှ မရပါဘူး။

ကွန်မြူနစ်ချင်း ကျိတ်ပြီးပေးမယ် မထင်ပါနဲ့။ တီးတိုးကဆိုရင် တပ်မဟာ တခုစာလက်နက် ဖဆပလအစိုးရကိုပဲ ပေးပါ တယ်။ ယူဂိုဆလဗ်စိန်ပြောင်းကို အတော် ကြာကြာ သူတို့စစ်တပ် သုံးခဲ့တာပါပဲ။

ကရူးရှက်ဗ်ကလည်း အတွေးအခေါ် အရ၊ နိုင်ငံရေးအရ ဖဆပလအစိုးရကိုပဲ ထောက်ခံပါတယ်။ ဒါကြောင့်လည်း ကရူးရှက်ဗ် ကို ဦးကျော်ငြိမ်းက အမွှမ်းတင်ပြီး ဦးသိန်းဖေ (မြင့်) က ကိုးကွယ်ပါတယ်။

တီးတိုးဖြစ်ဖြစ်၊ ကရူးရှက်ဗ်ဖြစ်ဖြစ် ဖဆပလအစိုးရကို ကူတာက သူတို့ရဲ့ နိုင်ငံရေး အကျိုးကြည့်ပြီး ကူတာပါ။ ဆိုရှယ်လစ်ဂိုဏ်း အတွင်းက ပဋိပက္ခမှာ ဗမာပြည်ကို အသုံးချ တာပါပဲ။

ဘာပဲဖြစ်ဖြစ် မူကြီး (၅) ချက် ချမှတ် တာကို ကြိုက်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူကို အကျိုးပြုတာဖြစ်လို့ လိုလားနှစ်သက်ပါတယ်။

မူကြီး (၅) ချက် ကျေးဇူးကြောင့် အိန္ဒိယနဲ့တရုတ် ခဏထပြီး စစ်တိုက်ကြ တော့တောင် ဗမာပြည်ကို ဘယ်သူကမှ ယမ်းချေးမပန်းခဲ့ပါဘူး။ ကြားညပ်မခံရလို့ မူကြီး (၅) ချက်ကို ကျေးဇူးတင်စရာပါပဲ။

ဒါပေမဲ့ သမိုင်းရဲ့ လှည့်ကွက် ပြောရ မလား၊ ရယ်ရတယ် ပြောရမလား (ဗကပ) လက်နက်တွေ ဒလဟောရအောင် လုပ်ပေး တာက ဗိုလ်နေဝင်း ဖြစ်ပါတယ်။ စစ်တိုက်နေ သူတိုင်း လက်နက်ရချင်တာ ဓမ္မတာပါ။ ရရင် ဘယ်သူမယူဘဲနေမလဲ။ ယူတာပေါ့။ ဗိုလ်နေဝင်း တွက်ကိန်းမှားလို့ (ဗကပ) လက်နက် တွေ မကြုံဖူးအောင် ရပါတယ်။

ဗိုလ်နေဝင်းဟာ တွက်ကိန်းသမား ပါ။ ဗိုလ်အောင်ကြီးပြောသလို ၁၉၆၇ ခုနှစ်က ကွန်မြူနစ်တရုတ်ပြည် ဆန့်ကျင်ရေး၊ တရုတ် လူမျိုး ဆန့်ကျင်ရေး လုပ်တာဟာ နေဝင်းရဲ့ ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ မှတ်ချက်ပေး လိုက်တဲ့စကားကို အောက်ခြေက ပေါ်လစီ လုပ်လိုက်လို့ဆိုတာ လုံးဝမဟုတ်ပါဘူး။ အမှု ပေါ့အောင် ပြောတာပါ။ ဓားစာခံရှာပြီး နေဝင်း လွတ်အောင် လုပ်ပေးတာပါ။

ဗစိန် ထွန်းအုပ် ဂိုဏ်းသားကနေ ဆိုရှယ်လစ်ဖြစ်တာ၊ ဦးဘဖေ၊ ဦးသိန်းဖေ (မြင့်) တို့ အာဏာသိမ်းဖို့ အခါပေးတာကို ငြင်းပယ် တာ၊ ၁၉၅၈ မှာ ခဏပဲ အာဏာသိမ်းပြီး ရွေးကောက်ပွဲလုပ်ပေး စစ်တန်းလျားပြန်တာ၊ ၁၉၆၂ မှာကျမှ အပြီးအပိုင် မလွှတ်တမ်း အာဏာသိမ်းတာ၊ ဒါတွေလုပ်တာဟာ တွက် ကိန်းသမားမှ လုပ်တတ်ပါတယ်။ အချိန်ကောင်း ရွေးတတ်တာပြတဲ့သာဓကတွေပါပဲ။

၁၉၆၇ ခုနှစ်က ကိစ္စဟာ ဆန်ကိစ္စနဲ့ အငတ်ဘေးကြောင့် ထွက်ပေါက်ရှာတာပဲလို့ ပြောကြတာဟာ နေဝင်းကို ကာကွယ်ကြ တာပါ။ အဲဒီ ဆန်ကိစ္စက အဓိကမဟုတ်ပါဘူး။ ဆန်ကိစ္စက လူထုပါအောင် လှုံ့ဆော်ဖို့သုံးတဲ့ ပရိယာယ်ပါ။ နေဝင်းက တွက်ချက်ပြီး ထလုပ် လိုက်တာပါ။ သေနင်္ဂဗျူဟာ ဘက်ပြောင်းမှုကြီး လုပ်လိုက်တာပါပဲ။

နေဝင်းရဲ့ တွက်ကိန်း (သေနင်္ဂဗျူဟာအရ တွက်ချက်မှုက)

(၁) မူကြီး (၅) ချက် ဖျက်ပြီး အမေရိကန်ဘက် ပြတ်ပြတ်သားသား ကပ်ဖို့အချိန် ရောက်ပြီ။ ၁၉၆၀ ခုနှစ်ကစပြီး ဗီယက်နမ် ပြဿနာမှာ အမေရိကန်က ပါနေတယ်။ စစ်အရှိန်လည်း မြှင့်ပြီးရင်းမြှင့်နေတယ်။ အမေရိကန် နိုင်မှာပဲ။ သူက ဘယ်တုန်းကမှ စစ်ရှုံးဖူးတာ မဟုတ်ဘူး။ နိုင်တဲ့ဘက်ဝင်ပေါင်းမှ အမြတ်ထွက်မယ်။

(၂) အင်ဒိုနီးရှားနဲ့ မလေးမှာ တရုတ်ဆန့်ကျင်ရေး၊ ကွန်မြူနစ်ဆန့်ကျင်ရေး လုပ်ခဲ့ကြလို့ အမေရိကန်က ဆုချခံရတယ်။ အမေရိကန်က သူဌေးဆိုတော့ ဘီလျံလိုက် ရကြတယ်။ အာရှကျားတွေ ဖြစ်လာတော့ မယ်။ သူတို့လို အခုလုပ်ထားမှ နေရာကျမယ်။ အမေရိကန် ဈေးကွက်ထဲဝင်ရောင်းရရင် စားပေရော့ တသက်လုံး။

(၃) ပြည်တွင်း ကွန်မြူနစ်ပြဿနာ၊ ပြည်တွင်းစစ် ပြဿနာကို ကြားနေရေးတွေ၊ မူကြီး (၅) ချက်တွေနဲ့ လုပ်နေရင် အမြစ်ပြတ်မှာ မဟုတ်ဘူး။ အမေရိကန်ဘက် ပြတ်ပြတ်ရပ်တဲ့ နိုင်ငံတွေမှာ အမြစ်ဖြတ်ပစ်နိုင်နေပြီ။

နေဝင်းက အဲဒီသုံးချက် တွက်ပြီး လုပ်ခဲ့တာပါ။

မူကြီး (၅) ချက်တာရိုးကို ချိုးပေး လိုက်တော့ အနီဒီလှိုင်းကြီး ဒလဟောစီးဆင်း လာတယ်။ ဗိုလ်အောင်ကြီးရဲ့ “နယ်စပ်ကနေ ပဲခူးရိုးမအထိ “ဟိုချီမင်းလမ်း” ဖွင့်ခွင့် (ဗကပ) ကို မပေးလိုက်ပါနဲ့၊ တရုတ်နဲ့အမြန်ချဉ်းကပ်ပါ။ ဦးနုနဲ့ သူ့ကို တရုတ်ပြည်လွှတ်ပါ။ ဟိုတုန်းက သူတို့

မော်စီတုန်းကို တက်ပြောခဲ့လို့ တရုတ် ပြည်ရောက် (ဗကပ) တွေကို ဗမာပြည် ပြန်ခွင့် မပေးဘဲထားခဲ့ဖူးတယ်။ အခုလည်း (ဗကပ) ကို မကူညီဘဲ ပြန်ခေါ်အောင်လုပ်ဖို့ သူတို့ (နု၊ အောင်ကြီး) ကို လွှတ်ပါလို့ စာရေးခဲ့တယ်။ ဗိုလ်အောင်ကြီးစာကို မရခင် ကတည်းကတွက်ကိန်းမှားသွားပြီဆိုတာ နေဝင်းသိပါတယ်။ ဒါကြောင့် တရုတ်ပြည်ကို အမျက်ဖြေစကားတွေ ပြောနေတာပါပဲ။ ဆိုဗီယက်က တရုတ်ပြည် ချောက်ကျအောင် နေဝင်းကို ဒီကိစ္စ ကုလသမဂ္ဂ တင်စေချင်တယ်။ တရုတ်က ကုလသမဂ္ဂထဲ မဝင်နိုင်သေးချိန် ဖြစ်တယ်။ (၁၉၇၁ ကျမှ ဝင်ခွင့်ရတာ)

နေဝင်းအတွက် လွဲသွားတာက နိုင်ငံကြီးတွေရဲ့ နိုင်ငံရေးကို တွက်ချက်ရတာ ဖြစ်လို့ပဲ။ ဗမာပြည်နိုင်ငံရေးကို တွက်ရတာက လွယ်တယ်။ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေ ( မြင့် )၊ ဦး – – ၊ ဗိုလ် – – ၊ သခင် – – စသူတွေ ဘယ်လိုတုံ့ပြန်မယ် ဆိုတာကို တွက်ရတာ လွယ်ပါတယ်။ ပြီးတော့လည်း အာဏာရယ်၊ ထောက်လှမ်းရေးရယ်၊ ပုလိပ် ရယ်၊ ထောင်ရယ်ကလည်း ကိုယ်ပိုင်မဟုတ် လား။

အခုတွက်ရတာက ကြီးငါးကြီးထဲက သုံးကြီး (အမေရိကန်၊ ဆိုဗီယက်၊ တရုတ် ) ကို တွက်ရတာပဲ။ သူတို့ဘာလုပ်နေတယ်၊ ဘာ လုပ်လိမ့်မယ်၊ ဘာတွေဖြစ်မယ်ဆိုတာ တွက်ဖို့ ဆိုတာ မလွယ်ပါဘူး။

နေဝင်းတွက်ကိန်းမှားတော့ အမေရိကန်ရဲ့ ဆုမရဘဲ တရုတ်ရဲ့ ဒဏ်ပေးတာပဲ ခံရပါတယ်။ ၁၉၆၇ ဆိုတာ တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေး စဖြစ်ပြီး အရှိန်ရနေ ချိန်ပါ။ ပြည်ပအန္တရာယ် သိပ်သတိထား နေပါတယ်။ ဗီယက်နမ်စစ်မီး ကျယ်ပြန့်လာ မလားဆိုတာ စောင့်ကြည့်နေချိန် ဖြစ်ပါတယ်။ တရုတ်ပြည်က အလွန်အကဲဆတ်နေချိန်မှာ သွားပြီးရန်စသလိုလုပ်မိလို့ ဒုက္ခတွေ့တာပါ။ ဒွေးရော ဥပဒ်ရော တိုးသွားလို့ ဒဏ်ချခံရတာပါပဲ။

ဗမာပြည်က အင်ဒိုနီးရှား၊ မလေးတို့လို ရေမြေခြားနေတာ မဟုတ်ပါ။ ရေမြေတကြော တည်း ဖြစ်ရုံမက နယ်စပ်မှာ လက်နက်ကိုင်တပ်မျိုးစုံ ရှိနေပါတယ်။ အစိုးရစစ်တပ်နဲ့ နားလည်မှု ရထားတဲ့ KMT တပ်တွေ ရှိနေပါတယ်။ KMT ဆန့်ကျင်တဲ့ တပ်တွေလည်းရှိပါတယ်။

ဒဏ်ချဖို့ အချက်အလက်ကလည်း အဆင်သင့်ရှိနေလို့ လွယ်တာပါ။ အဓိက အကျဆုံး အချက်က ဗမာပြည်မှာ ပြည်တွင်းစစ် ဖြစ်နေတာပါ။ ငြိမ်းချမ်းစွာယှဉ်တွဲနေရေး မူကြီး (၅) ချက် ချမှတ်လိုက်လို့ (ဗကပ) ခေါင်းဆောင်တွေနဲ့ ကေဒါတွေ အများကြီး တရုတ်ပြည်ထဲမှာ သောင်တင် နေပါတယ်။ KNU နဲ့အတူတောခို၊ ကချင်ပြည် (ဝန်ပေါင်) တိုင်းပြည်ထူထောင်ရေးအတွက် PNDF ဖွဲ့ပြီး တိုက်ရာကနေ တရုတ်ပြည်ထဲ ပြေးဝင်သွားတဲ့ ဗိုလ်နော်ဆိုင်းတပ်ကလည်း ရာချီရှိနေတယ်။ သူတို့ကလည်း တရုတ်ပြည်ရဲ့ ပညာပေးမှုကြောင့် တော်လှန်ရေးပညာ ရနေတယ်။ အမိမြေပြန်ပြီး တပွဲတလမ်း စမ်းချင်နေကြတယ်။

မူကြီး (၅) ချက်တာရိုးကို နေဝင်းကချိုးပေးလိုက်တော့ အဲဒီရဲဘော်တွေ ပြန်နိုင်သွား ပါတယ်။ ဗမာပြည်တော်လှန်ရေးသမားက ဗမာပြည် ပြန်တာပါ။ အဲဒီကတဆင့် အနီဒီလှိုင်းကြီး ဖြစ်လာတာပါပဲ။

ဗိုလ်အောင်ကြီးဟာ သူဘာကောင်မှ မဟုတ်မှန်း သိပါတယ်။ ဒါကြောင့် ဦးနုကို ရှေ့တင်ပြီး တရုတ်ပြည်သွားဖို့ စီမံကိန်းချတာပါ။

ဦးနုကလည်း ခေတ်သစ်ရှင်ဒီသာပါမောက် တာဝန် မယူဝံ့ပါဘူး။ သူ့မှာလည်း သူ့စီမံကိန်း ရှိနေပါတယ်။ အက်ဒဝပ်လောရုံ စီမံကိန်းပါ။ ထိုင်းဗမာနယ်စပ်သွားပြီး အနီဒီလှိုင်းတားဖို့ တာရိုးကြီးဆောက်ဖို့ စီမံကိန်းပါ။ အရှေ့ တောင်အာရှကို အနီရောင်မလွှမ်းစေဖို့ လုပ်တဲ့စီမံကိန်းကြီးမို့ လုပ်ပျော်တယ်လို့ ဦးနုထင်ပါတယ်။ အမေရိကန် အကူအညီ လည်း ဒလဟောရလာမယ်လို့ ထင်ပါတယ်။ 

ရှေ့တန်းမှာ နေဝင်းက “အနီလှိုင်း” တား၊ နောက်တန်းက ဦးနုက တာရိုးသစ်ဆောက်၊ စီမံကိန်းတခုလုံးရဲ့ ညွှန်ချုပ်က အမေရိကန်။

ဦးနုမှာ ခေါင်းဆောင်မှုအင်အား တောင့်ပါတယ်။ အက်ဒဝပ်လောရုံရဲ့ စည်းရုံးရေး ကြောင့် ထိပ်သီးတွေ စုမိပါတယ်။ အစိုးရအဖွဲ့ တဖွဲ့စာရှိတဲ့ခေါင်းဆောင်တွေ စုမိတာပါ။ နိုင်ငံခြား မှာသွားပြီး အခြေချနေသူတွေတောင် လန်းဆန်းတက်ကြွလာပါတယ်။ အမေရိကန် အကူအညီ သာ ရလို့ကတော့ မိုးဒူးနဲ့တိုက်မယောင်ပါပဲ။ ဒါပေမဲ့ လူထုလက်မခံပါ။ အမေရိကန်ဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် ဝင်လာမှာ လက်မခံနိုင်ပါ။ စစ်အတွင်း ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်တိုက်၊ အင်္ဂလိပ်နဲ့ ပေါင်းပြီး ဂျပန်တိုက်တာကို (၃) နှစ်အတွင်း လုပ်နိုင်ပါတယ်။ နောက် (၃) နှစ်အတွင်း လွတ်လပ်ရေး ရပါတယ်။ စစ်အေးခေတ်မှာ ဒီလောက်လွယ်မှာ မဟုတ်ပါ။ လွယ်လွယ်ထွက်သွားမှာ မဟုတ်ပါ။

စီမံကိန်းကြီးထဲပါနေတဲ့ ဇာတ်ကောင်တွေမှာ ကိုယ်စီရည်မှန်းချက် ရှိပါတယ်။ ဗိုလ်နေဝင်းကလည်း မဆလ တပါတီစစ်အာဏာရှင်စနစ်က မလျော့နိုင်၊ ဦးနုကလည်း ပါလီမန် ဒီမိုကရေစီကို အပွန်းမခံနိုင်၊ KNU. NMSP တို့ကလည်း ရည်မှန်းချက်ကိုယ်စီ ရှိနေတော့ “ညွှန်ချုပ် ” လည်း ဘာမှမတတ်နိုင်ပါ။

(ဗကပ) ရဲ့ အနီလှိုင်းကိုစီးရေးကလည်း “ပါတီတွင်းတော်လှန်ရေးလမ်းစဉ်” ကြောင့် ရှေ့မတိုးနိုင်။ အနီလှိုင်းတာရေးဘက်ကလည်း တညီတညွတ်တည်းမရှိ အီလယ်လယ်ဖြစ်နေခိုက် မှာပဲ –

တရုတ်ပြည်က သေနင်္ဂဗျူဟာ အကွက်တကွက် ရွှေ့လိုက်ပါတယ်။ ၁၉၇၁ ကစ်ဆင်ဂျာ ရဲ့ လျှို့ဝှက်တရုတ်ပြည်ခရီးနဲ့ အမေရိကန်သမ္မတရဲ့ တရားဝင် ၁၉၇၂ ခရီးပါ။ ရဲဘော်မော်စီတုန်း၊ ရဲဘော်ချိုအင်လိုင်းတို့ ရွှေ့လိုက်တဲ့အတွက်ပါ။ တရုတ်ပြည်ကို အမေရိကန်ရဲ့

သေနင်္ဂဗျူဟာ မိတ်ဖက်အဖြစ် ပြောင်းသွားစေတဲ့အတွက် ဖြစ်ပါတယ်။ စစ်အေးခေတ်မှာ နေရာယူမှုအသစ် ဖြစ်သွားစေပါတယ်။ တရုတ်ရော အမေရိကန်ပါ သဘောတူလို့ သေနင်္ဂဗျူဟာ မိတ်ဖက်ဖြစ်ကြ တာပါ။

“အနီလှိုင်း” တားဖို့ အမေရိကန် က တာရိုးသစ်ဆောက်ဖို့ မလိုတော့ပါဘူး။ ဦးနုတို့ “အိမ်ပြန်” ရုံမှတပါး တခြားလုပ်စရာ မရှိတော့ပါဘူး။ ဗိုလ်နေဝင်းရဲ့ အိမ်ပြန်ခဲ့ဖို့ ခေါ်သံကို သူပစ်ပယ်လို့ မဖြစ်တော့ပါ။

တရုတ်နဲ့ အမေရိကန် နေရာယူမှု အသစ် ဖြစ်မယ်ဆိုတာကို ဘယ်သူမှ မမှန်း နိုင်ခဲ့ပါဘူး။ ဆိုဗီယက်က ဒေါအပွဆုံးပါ။ ဆိုဗီ ယက်ကို ပိုပြီးထိပါတယ်။

ဗိုလ်နေဝင်းလည်း အာပတ်ဖြေဖို့ တရုတ်ပြည် အကြိမ်ကြိမ် သွားပါတော့တယ်။ တကြိမ်မှာတော့ ဝန်ကြီးချုပ်ချင်း ဆွေးနွေး စရာတွေ ဆွေးနွေးပြီးလို့ ဗမာပြည် ပြန်ခါနီးမှာ ဥက္ကဌမော်ကို သွားနှုတ်ဆက်ပါတယ်။ လုပ်နေ ကျထုံးစံမို့ လုပ်တာပါ။ နှစ်ဘက် ထူးထူး ထွေထွေပြောလေ့ မရှိပါ။

ဒီတခါမှာတော့ မထင်မှတ်ဘဲ ရဲဘော်မော်စီတုန်းက ဗမာပြည်ပြည်တွင်းစစ် ပြဿနာ ဖြေရှင်းဖို့ (ဗကပ) နဲ့ (၈၀) ဥက္ကဌချင်းစကားပြောဖို့ တိုက်တွန်းပါတယ်။ ဗိုလ်နေဝင်းကလည်း သူ့အနေနဲ့ စကားပြောဖို့ သဘာတူကြောင်း၊ သူ့လူတွေနဲ့တိုင်ပင်ပြီး နှစ်ဘက်ဆွေးနွေးဖို့ တရားဝင် အကြောင်းပြန် မယ့်အကြောင်း ပြောပါတယ်။

ရဲဘော် ဟွကိုဖုန်းလက်ထက်၊ ရဲဘော်တိန့်ရှောင်ဖင် လက်ထက်လည်း အဲဒီလိုပဲ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။ ၁၉၅၉ နဲ့ ၁၉၉၀ ခုနှစ်ကျမှ “စကားပြောပွဲ” လုပ်ဖြစ်တာ ပါ။

ကမ္ဘာ့စနစ်က ဗမာပြည် ပြည်တွင်း စစ်ကို ဘယ်လိုအကျိုးသက်ရောက် စေသလဲ ဆိုတာသိဖို့ အသေးစိတ်တင်ပြတာပါပဲ။

ကိစ္စတွေက ပြီးခဲ့ပါပြီ။ ထပ်တကျော့ ပြန်လာမှာ မဟုတ်ပါ။ ဒါပေမဲ့ ကမ္ဘာ့စနစ် အပြောင်းအလဲဟာ မမျှော်လင့်ဘဲဖြစ်ဖက် ကြောင်းကို အတွေ့အကြုံနဲ့ သင်ခန်းစာထုတ် ယူဖို့ လိုပါတယ်။

စစ်အေးခေတ်တုန်းက အိန္ဒိယက ဗမာပြည်နဲ့ သိပ်မပတ်သက်ခဲ့ပါဘူး။ စစ်အေးခေတ်လို့ ပီပီပြင်ပြင်မဖြစ်ခင်တုန်းက “ရန်ကုန် အစိုးရ” ကို ကယ်ခဲ့ပြီးနောက် မူ (၅) ချက်နဲ့ပဲ ဗမာပြည်ကို ထိန်းထားပါတယ်။ အဓိကအာရုံပြု တာက စင်တိုး ( CENTO ) ထဲ ပါနေတဲ့ ပါကစ္စတန်ပါ။

တရုတ်ကတော့ သမိုင်းအမွေအဖြစ် ကွန်မြူနစ်ချင်းစိတ်ဓာတ်အရ ဆက်ဆံပါတယ်။ ဆီးတိုး (SEATO) ရှိနေတာ၊ ဗီယက်နမ်စစ် ဖြစ်နေတာကလည်းရှိတော့ ဗမာပြည်အရေးကို စိတ်ဝင်စားပါတယ်။ လူကြီး (၅) ချက်ကို နှစ်ဘက်ကထိန်းသိမ်းဖို့ အလွန်အမင်း လိုလားပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်ထဲ ဝင်မပါမိအောင် အလွန်သတိထားပါတယ်။ (ဗကပ) ကို ကျည်တတောင့်၊ လက်နက် တလက် မကူသလို ၊ အစိုးရဘက်ကိုလည်း လက်နက် ကျည်မရောင်းပါဘူး။ စစ်ဝတ်စုံ ချုပ်နိုင်တဲ့ပိတ်၊ စစ်ဖိနပ်တောင် မရောင်းခဲ့ပါဘူး။

မူကြီး (၅) ချက်ပြန်ပြီး ထိန်းကြ တာရယ်၊ စစ်အေးလွန်ခေတ် ရောက်တာ ရယ်က မရှေးမနှောင်းဖြစ်ပါတယ်။ နယ်စပ်မှာ ပြည်တွင်းစစ် မရှိစေချင်ရုံမက နိုင်ငံရေးလည်း တည်ငြိမ်စေချင်တဲ့ဆန္ဒ သိပ်ကိုပြင်းပြပါတယ်။

စစ်အေးလွန်ကာလရောက်တာနဲ့ တရုတ်ပြည်ရဲ့ ပြုပြင်ရေးနဲ့ တံခါးဖွင့်ရေး ကလည်း မရှေးမနှောင်း ပေါ်တာပါ။ ဒါကြောင့် ရောင်းနိုင်တာအားလုံးရောင်း၊ ဝယ်နိုင်တာ အားလုံး ဝယ်ပါတယ်။ ။

မူကြီး (၅) ချက် ပျက်နေတုန်းက (ဗကပ) ကို ကူညီနေတုန်းကဆိုရင် “သစ်တတို၊ စပါးတစေ့” မဝယ်ပါ။ (ဗကပ) က စပါးထွက်တဲ့ ဒေသကနေ တရုတ်ပြည်ဖြတ်ပြီး စားစရာ မလုံလောက်တဲ့ ဝ နယ်ကို ဆန်သယ်ပါရစေ၊ ဗမာပြည် မြောက်ဖျားမှာ အလေ့ကျပေါက်ပြီး တောထနေတဲ့သစ်တွေ ရောင်းပါရစေလို့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။

တို့ကူတာဟာ ဗမာပြည်က ဆန် တွေ၊ သစ်တွေ လိုချင်လို့ကူတာလို့ အပြောခံ ရမယ်။ ဒါကြောင့် သစ်တတို၊ စပါးတစေ့ တရုတ်ပြည်ထဲ မသွင်းပါနဲ့ ၊ ဝနယ် သယ်သွား တဲ့စပါး လူတွေသိမှာမဟုတ်ဘူး၊ တရုတ်ပြည်ထဲ သွင်းတာပဲသိကြမှာဆိုပြီး ယတိပြတ်ပယ်ချ ပါတယ်။ ရဲဘော်ချိုအင်လိုင်းကိုယ်တိုင် ပယ်ချ တာပါ။ ဝနယ်မှာ စားစရာမရှိရင် ဆန်ပေးမယ် ဆိုပြီး ဆန်တွေ နှစ်တိုင်းပေးနေပါတယ်။

မူကြီး (၅) ချက် ပြန်ဖြစ်လာတာ ဟာ နယ်စပ်က လူမျိုးစုရဲဘော်တွေကို ငြိမ်းချမ်း ရေးအဖွဲ့ (ဒီစကားလုံးက (ဗကပ) သာသုံးတာပဲ၊ စစ်အစိုးရက တတ်နိုင်သမျှရှောင်တဲ့ ဝေါဟာ ရပါ) တွေ ဖြစ်စေတာပါပဲ။ နယ်စပ်အရောင်း အဝယ်တွေလည်း ဖွံ့ဖြိုးလာစေပါတယ်။ ရောင်းကြဝယ်ကြတာမှာ ဘာတွေရောင်းပြီး ဘာတွေဝယ်တယ်ဆိုတာ ဗမာစီးပွားရေး မဂ္ဂဇင်းတွေမှာ တွေ့နိုင်ပါတယ်။

လွတ်လွတ်လပ်လပ် ရောင်းကြ ၀ယ်ကြတော့ ဒါကို အမေရိကန်က မလိုလား ပြန်ဘူး။ စစ်အေးခေတ်တုန်းက သူတို့ ပြောခဲ့ ဟောခဲ့တာတွေကို ၁၈၀ ဒီဂရီ လှည့်ပစ်လိုက် တယ်။ ပိတ်ရမယ် ဆို့ရမယ် ဖြစ်လာတယ်။

ကမ္ဘာကြီးက ဒီတခုတည်းပါပဲ။ လည်မြဲလည်နေပါတယ်။ ဒါပေမဲ့ စစ်အေးလွန် ကာလ ရောက်လာတော့ တမျိုးဖြစ်လာတာ ပါပဲ။ တရုတ်ပြည်ဟာ သေနင်္ဂဗျူဟာ မိတ်ဖက် လား၊ ပြိုင်ဘက် (ရန်ဘက်လို့ မသုံးဝံ့သေးဘူး) လား၊ တယောက်တမျိုး ပြောလာပါတယ်။ စစ်အေးခေတ်တုန်းကတော့ မိတ်ဖက်၊ စစ်အေး လွန်ခေတ်မှာ ပြိုင်ဘက် ဗလောင်းဗလဲ လုပ်ပါ တယ်။

အဲဒီလို ဗလောင်းဗလဲ အမေရိကန် လုပ်တာကို ဖာဖို့ထားဖို့ ကြိုးစားနေကြသံ ကြားရပါတယ်။ ကွန်မြူနစ်နဲ့ ဖက်ဆစ် အတူတူ ပဲလို့ပြောသံ ကြားရပါတယ်။ ကလေး ကတောင် မတူဘူးဆိုတာ သိနေတဲ့ကိစ္စကို ဘာ့ကြောင့် ဗလောင်းဗလဲ ဖြစ်လာသလဲ ဆိုတော့ အမေရိကန် ဆရာကြီးကိုယ်တိုင်က ဗလောင်းဗလဲလုပ်လို့ပါပဲ။ ကိုယ့်မိတ်ဆွေတွေ ပြောတာကို တာဝန်အရ ပြောတာတွေပဲလို့ သဘောထားလိုက်ပါတယ်။

စစ်အစိုးရကို ဖက်ဆစ်လို့ (ဗကပ) က ဘယ်တုန်းကမှ မပြောပါ။ ဘာကြောင့်လဲ ဆိုတော့ ဖက်ဆစ်စနစ်က နယ်ချဲ့ လက်ဝါးကြီး အုပ် အရင်းရှင်ကြီးတွေက မွေးထုတ်တဲ့ဝါဒ၊ နယ်ချဲ့ နိုင်ငံတွေမှာသာ ပေါ်နိုင်တဲ့စနစ် ဖြစ်လို့ ပါ။ ဗမာပြည်လို ကိုလိုနီမဖြစ်အောင် ရှောင်နေ ရတဲ့တိုင်းပြည်မှာ ဖက်ဆစ်စနစ် မပေါ်နိုင်လို့ ပါပဲ။ ဖက်ဆစ်ဆန်တာတော့ ရှိပါတယ်။ ဗမာ့နည်းဗမာ့ဟန် ဖက်ဆစ်ဝါဒပဲဖြစ်မယ့် အလားအလာ ရှိပါတယ်။

စစ်အေးလွန်ခေတ်ဟာ ခဏပဲ ရှိမှာပါ။ ကမ္ဘာ့စနစ်သစ်တခု အနှေးနဲ့အမြန် မပေါ်မီ ယာယီရှိတဲ့ကာလကလေးပါပဲ။ ခွင်လုံးကျွတ်နိုင်လိုက်ပြီထင်တဲ့ အမေရိကန်နဲ့ အနိုင်အရှုံးမရှိတဲ့ပွဲလို့ထင်တဲ့ အင်အားကြီး နိုင်ငံတွေ လွန်ဆွဲနေချိန်ဖြစ်ပါတယ်။

ဗမာပြည်အနေနဲ့ အနေတတ်ရမယ့် ကာလ ဖြစ်ပါတယ်။

သဘောထားမှန်ကြမှ ပြည်တွင်းစစ် ရပ်နိုင်လိမ့်မယ်

စစ်မြေပြင်မှာ မရနိုင်တာကို စားပွဲပေါ်မှာ တောင်းနေကြလို့တော့ ဘာမှ ဖြစ်မလာနိုင်ပါ။ ဦးကျော်ငြိမ်းစခဲ့တဲ့ “သန္ဓေသား ဖျက်ချရေး” ပေါ်လစီ အလုပ်မဖြစ်ခဲ့ဘဲ ပြည်တွင်းစစ်က အသက်ငါးဆယ်ကျော်ပါပြီ။

(ဗကပ) အနေနဲ့ စေ့စပ်ဆွေးနွေးပွဲ တခါနဲ့ စကားပြောပွဲတခါ လုပ်ခဲ့ပါတယ်။ စေ့စပ် ဆွေးနွေးပွဲတုန်းက ဖြစ်စဉ်တွေက ဦးအောင်စော ဦးရဲ့ နှစ် ၅၀ စာအုပ်မှာ ပါပါတယ်။ ပြည့်စုံ ပါတယ်။ စကားပြောပွဲကိုတော့ စစ်အစိုးရက ဘာမှ မထုတ်ပြန်ပါ။ အပြီးအပိုင်ဖျက်သိမ်းတယ် ၊ ဆိုတာပဲကြေညာပါတယ်။ ။

၁၉၆၃ စေ့စပ်ဆွေးနွေးပွဲတုန်းက ဘာအခြေခံဥပဒေမှ မရှိပါ။ ၁၉၄၇ အခြေခံ ဥပဒေ ဖျက်သိမ်းထားပါတယ်။ စကားပြောပွဲ ကျတော့ အခြေခံဥပဒေရှိပါတယ်။ ဒါပေမဲ့ မဆလ တပါတီသာရှိရမယ့် ဥပဒေပါ။ (ဗကပ) အတွက်သာမက မဆလ ကလွဲလို့ တခြား ဘယ်ပါတီမှ မရှိနိုင်ပါ။

အဲဒီစကားပြောပွဲပျက်တော့ ပြည် တွင်းစစ် တကယ်ရပ်ချင်ရင် ရပ်နိုင်မယ့် နည်းလမ်းကို (ဗကပ) က ရှာပါတယ်။ ပါတီစုံဒီမိုကရေစီ အခြေခံဥပဒေရှိမှဖြစ်မယ်လို့ သိလို့ တင်ပြပါတယ်။ ၁၉၈၀ ခုနှစ်မှာပါ။

၁၉၈၈ အုံကြွမှုကြီး အထွတ်အထိပ် ရောက်နေတုန်းက ပြည်တွင်းစစ်ရပ်စဲရေး နည်း လမ်းတခု ပေါ်လာတယ်ထင်လို့ မြို့ပေါ်က အင်အားစုတွေ အားလုံးစုစည်းပြီး ကြားဖြတ် ခေါ်ခေါ် ယာယီခေါ်ခေါ် ညွန့်ပေါင်းအစိုးရ တခုပေါ်ရင် (ဗကပ) က အဲဒီအစိုးရကို ထောက် ခံမှာပါ။ အစိုးရတပ်ထဲကလည်း ယာယီအစိုးရ ကို ထောက်ခံမယ့်သူတွေ တွေ့ထားပါတယ်။ အဲဒီလိုဆိုရင် ပြည်တွင်းစစ်ကို လူထုနည်းနဲ့ ရပ်ပစ်နိုင်လိမ့်မယ် ထင်ခဲ့ပါတယ်။

ဗိုလ်အောင်ကြီးနဲ့ ဦးနုထွက်ပြီး ပွဲဖျက်ကြလို့ ယာယီဒီမိုကရေစီ ညွှန့်ပေါင်း အစိုးရဖွဲ့ရေး ပျက်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲရေး အလားအလာပါ ပျက်စီးသွား ပါတယ်။

အခု ခြေလှမ်းသုံးလှမ်းပေါ်လစီ ချထားပါတယ်။ ၁၉၈၈ နောက်ပိုင်းပေါ်လာတဲ့ NLD. DPNS. ABSDF ဗကသ စတဲ့ အဖွဲ့တွေ အရင်ဆုံးဆွေးနွေး၊ နောက် ငြိမ်း အဖွဲ့တွေနဲ့ ဆွေးနွေး၊ တတိယ ခြေလှမ်းကျမှ (ဗကပ) ဆွေးနွေးကြဖို့ပါပဲ။ ဒါဟာ ပြည်တွင်း စစ်ရပ်စဲရေးကို တရစ်ချင်းလုပ်သွားဖို့ ရည်ရွယ် လို့ တင်ပြတာပါ။

ပြည်တွင်းအခြေအနေကို အကဲ ဖြတ်ပြီး ပြည်တွင်းစစ်ရပ်စဲရေး နည်းလမ်းတွေ (ဗကပ) က ရှာနေဦးမှာပါပဲ။ ပြည်တွင်းစစ် ရပ်ချင်တဲ့ သဘောထား ဘက်အားလုံးမှာရှိကြမှ ရပ်လို့ ရပါလိမ့်မယ်။ ငါတို့နိုင်ပြီးပြီ၊ စေ့စပ်စရာမလို ဆိုတဲ့သဘောထား ထားနေရင် ဘာမှဖြစ်လာမှာ မဟုတ်ပါ။

အဲဒီလို နိုင်လိုက်ပြီလို့ ထင်တာဟာ နဝတ နအဖ မှ မဟုတ်ပါ။ ၁၉၅ဝ နှစ်တွေတုန်း ကတည်းက ဖဆပလလည်း ထင်ခဲ့တာပါ။ ကောက်သင်းကောက်စရာပဲ ကျန်တယ်လို့ ပြောပါတယ်။ စိုက်တာရိတ်တာက သုံးလေးနှစ်၊ ကောက်သင်းကောက်တာက နှစ် ၄၀ ကျော် ဆိုတော့ လူရယ်စရာပဲ ဖြစ်ပါလိမ့်မယ်။

အခုလည်း ပြည်တွင်းစစ် ရပ်တာ မဟုတ်ကြောင်း “ငြိမ်းအဖွဲ့” တွေ ရှိနေတာက ပြပါတယ်။ ခြံထဲကကြက် ရိုက်စားထားတဲ့ ခွန်ဆာအဖွဲ့ကိုတောင် ပြတ်အောင်နိုင်လိုက် ပါသလား။ မနိုင်ဘူးဆိုတာ စစ်အစိုးရ သိပါ တယ်။

အမေရိကန်ထွက်ပြီး ကျွတ်ကိုက်လို့ သေတဲ့မသာအဖြစ် နတ်သံနှောသွားတဲ့ ဗိုလ်အောင်ကြီးလည်း အပြတ်မနိုင်တာမှန်း သိပါတယ်။ သူပြောတဲ့ “ကျွတ်” တွေဆိုတာ အများစုက သူတို့ ၁၉၅၅ က ၁၉၅၈ အထိ လုပ်ခဲ့တဲ့ လက်နက်ချပွဲကြီးတွေမှာ ပါနေတဲ့ အောက်ခြေက ရဲဘော်တွေ မဟုတ်ပါလား။

သဘောထားမမှန်ကြရင် ဘယ် ဘက်ကမှားမှား ပြည်တွင်းစစ် မရပ်နိုင်ပါ။ အရှုံးအနိုင်ပြတ်အောင် တိုက်ကြရမှာပါပဲ။

နိဂုံး

အခုတင်ပြခဲ့တာဟာ (ဗကပ) ထဲ က တယောက်ရဲ့ ပုဂ္ဂလိကအမြင်ပါ။ မျိုးဆက် သစ်တွေခေတ်မှာ ပြည်တွင်းစစ် ပြဿနာ ပြေလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် တွဲပြီး (၁၃) နှစ်ခရီး ဖြတ်သန်းခဲ့ပါပြီ။ ရှေ့မှာ မျိုးဆက်သစ်များချည်း ချီတက်ကြရပါမယ်။ ကမ္ဘာ့စနစ်သစ်လည်း မရှိသေး၊ ပြည်တွင်းနိုင်ငံရေးလည်း မတည်ငြိမ်သေးတဲ့ အချိန်မှာ အခြေအနေတွေ ရှုပ်ရှုပ်ထွေးထွေး ရှိပါလိမ့်မယ်။

၁၉၃၈ ကနေ ၁၉၄၈ ဆယ်နှစ် ကာလဟာလည်း ရှုပ်ထွေးခဲ့ပါတယ်။ အရှုပ်ထဲ ကနေ ပြည်တွင်းစစ် ပေါက်ကွဲခဲ့ပါတယ်။ ဒါကိုလည်း သင်ခန်းစာယူသင့်တာယူ၊ အတွေ့ အကြုံ ဆက်ခံသင့်တာ ဆက်ခံကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ။

ဆဒမ်ဟူစိန် ကျဆုံးခန်း – သစ္စာတည်

အီရတ်နိုင်ငံထဲကို အမေရိကန်စစ်တပ် စတင်ဝင်ရောက်လာတဲ့ ၂၀၀၃ ခုနှစ်၊ မတ်လ ၂၀ ရက်မှာ ဆဒမ်ဟူစိန်ရဲ့ ကျဆုံးခန်းဟာ စတင်လာပါတော့တယ်။

ဆဒမ်ဟူစိန်ကို ဘဂ္ဂဒက်မြို့နဲ့ မိုင် ၁၀၀ လောက်ဝေးတဲ့ မြို့ငယ်လေးတစ်ခုမှာ ချို့ငဲ့တဲ့ မိသားစုတစ်ခုက ၁၉၃၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူ ဆယ်ကျော်သက်အရွယ်မှာ ဘဂ္ဂဒက်မြို့ကို ပြောင်းရွှေ့ခဲ့ပြီး နောက်တစ်ချိန် သူခေါင်းဆောင်ဖြစ်လာမယ့် ပါတီတစ်ခုကို ဝင်ရောက်ခဲ့ပါတယ်။ သူဟာ အာဏာသိမ်းဖြစ်စဉ်တွေထဲမှာ အကြိမ်ကြိမ် ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၆၈ ခုနှစ်၊ ဇူလိုင်လမှာ သူ့ဝမ်းကွဲအစ်ကိုဖြစ်သူကို အီရတ်ရဲ့ အာဏာရှင်အဖြစ် အုပ်ချုပ်နိုင်အောင် တွန်းတင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ၁၁ နှစ်ကြာ၊ ၁၉၇၉ ခုနှစ်မှာ အဲဒီဝမ်းကွဲအစ်ကိုဖြစ်သူဆီက အာဏာကို ရယူခဲ့ပြီး နိုင်ငံကို ၂၄ ကြာ အာဏာရှင်အဖြစ် အုပ်ချုပ်ပါတော့တယ်။ သူတာဝန်ယူစဉ်အချိန်အတွင်း ပြည်သူတွေဟာ ငတ်ပြတ်ပြီး ဆင်းရဲခြင်းကြီးစွာ နေထိုင်နေရပေမယ့် သူကတော့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ခမ်းနားထည်ဝါလှတဲ့နန်းတော်ပေါင်း အခု ၂၀ လောက်မှာ လုံခြုံရေးအပြည့်အစုံနဲ့ လှည့်လည်နေပြီး စည်းစိမ်အပြည့်အဝ ခံစားခဲ့ပါတယ်။

၁၉၈၀ ခုနှစ်အစောပိုင်းကာလတွေမှာ အီရန်နဲ့ ရှစ်နှစ်ကြာစစ်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ပေါင်း လူတစ်သန်းကျော်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီစစ်ပွဲတွေအတွင်းမှာ ဆဒမ်ဟာ အီရန်စစ်သားတွေကို အာရုံကြောထိခိုက်စေတဲ့ ဓာတုဗေဒအဆိပ်တွေ အသုံးပြုတိုက်ခိုက်ခဲ့ပြီး အီရတ်မြောက်ပိုင်းမှာရှိတဲ့ ခါဒစ်ရှ်လူမျိုးတွေ နေထိုင်ရာဒေသကိုလည်း ဓာတုဗေဒလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲကြပါတယ်။ ၁၉၉၀ ခုနှစ်မှာ ကူဝိတ်နိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲပြီး ၁၉၉၁ ခုနှစ်မှာတော့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေ အီရတ်ကို ဝင်ရောက်လာပါတယ်။ ဆဒမ်ဟူစိန်ဟာ ၁၉၉၀ ပြည့်လွန်ကာလတလျှောက်လုံး လေကြောင်းတိုက်ခိုက်မှုတွေ၊ ကုလသမဂ္ဂရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တရားမဝင်ရေနံရောင်းချတာတွေ၊ လက်နက်တည်ဆောက်မှုစွပ်စွဲချက်တွေရှိခဲ့ပြီးတော့ ၂၀၀၃ ခုနှစ်၊ မတ်လမှာ အမေရိကန်နိုင်ငံက အီရတ်နိုင်ငံထဲ ထပ်မံဝင်ရောက်ခဲ့ကာ ဒီတစ်ကြိမ်မှာတော့ ဆဒမ်နဲ့ သူရဲ့အစိုးရကို ဖြုတ်ချမယ့်ရည်ရွယ်ချက်နဲ့ ဝင်ရောက်လာတာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၀၃ ခုနှစ်၊ မတ်လအစောပိုင်းကာလတွေတုန်းက “သစ္စာတော်ခံတွေဟာ ကျူးကျော်မှုတွေအပေါ် အောင်ပွဲခံနိုင်မယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး” လို့ ကြွေးကြော်ခဲ့တဲ့ ဆဒမ်ဟူစိန်ဟာ အမေရိကန်တွေရဲ့ ကျူးကျော်စစ်စပြီး မကြာခင်မှာပဲ လူမြင်ကွင်းကနေပျောက်ကွယ်သွားပြီး သူ့အစိုးရအဖွဲ့လဲ ပြိုလဲသွားခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့ဟာလည်း ဆဒမ်ဟူစိန်နဲ့ သူ့အစိုးရအဖွဲ့တာဝန်ရှိသူတွေကို အပူတပြင်း လိုက်လံရှာဖွေပါတော့တယ်။ ၂၀၀၃ ခုနှစ်၊ ဇူလိုင်လမှာ အမေရိကန်စစ်တပ်ဟာ အီရတ်နိုင်ငံမြောက်ပိုင်း မြို့တစ်မြို့က နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းရှာဖွေတဲ့အခါ အဲဒီမှာရှိနေတဲ့ ဆဒမ်ရဲ့ သားနှစ်ယောက် သေဆုံးသွားခဲ့ပါတယ်။

သားနှစ်ယောက် သေဆုံးပြီးနောက် ငါးလအကြာ ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အမေရိကန်စစ်သားတွေဟာ ဆဒမ်ဟူစိန်ကို သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ တီကရီးမြို့အလွန် ကိုးမိုင်ခန့်မှာ ခြောက်ပေ-ရှစ်ပေသာသာလောက်သာရှိတဲ့ တွင်းလေးတစ်ခုထဲမှာ ပုန်းအောင်းနေတာကို တွေ့ရှိခဲ့ပါတယ်။ အလွန်အသန့်ကြိုက်တဲ့ ဆဒမ်ဟူစိန်ဟာ ဖမ်းဆီးခံရတဲ့အချိန်မှာ မုတ်ဆိတ်မွှေးထူထူ၊ ရွှံ့တွေလူးနေတဲ့ ဆံပင်တွေနဲ့ ညစ်ညစ်သည်းသည်းဖြစ်နေပါတယ်။ အဖမ်းခံရစဉ်မှာလည်း ဘာမှခုခံနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီစစ်ဆင်ရေးမှာပါဝင်တဲ့ အမေရိကန်စစ်သားတစ်ယောက်ကတော့ “အားမတန်လို့ မာန်လျှော့သွားတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အမေရိကန်စစ်တပ်ဝင်ရောက်လာပြီး မကြာခင် ၂၀၀၃ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှာ ဆဒမ်ဟူစိန် အာဏာလွှမ်းစဉ်ကာလတုန်းက ဖရက်ဒို့စ်ပန်းခြံထဲ တည်ဆောက်ထားတဲ့ ဆဒမ်ဟူစိန်ရုပ်တုကြီးကို အမေရိကန်စစ်တပ်နဲ့ အီရတ်ပြည်သူတွေပူးပေါင်းပြီး ဖြုတ်ချပစ်လိုက်ပါတယ်။ ဆဒမ်ဟူစိန်ရုပ်တုကြီး အောက်ကိုကျလာတဲ့အခါ အီရတ်ပြည်သူတွေဟာ အဲဒီရုပ်တုကို ဖိနပ်တွေရိုက်၊ လမ်းပေါ်တရွတ်တိုက်စွဲတာတွေ လုပ်ကြပါတယ်။

ဆဒမ်ဟူစိန်အဖမ်းခံရပြီး ၂ နှစ်လောက်အကြာ ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလမှာ တရားရုံးတင်စစ်ဆေးမှုတွေ စတင်ပြီး ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလမှာ ကြိုးမိန့်ချကာ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကွပ်မျက်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူသေသွားသည်အထိ အမေရိကန်တို့ စွပ်စွဲခဲ့တဲ့ အစုအလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေဆိုတာကိုတော့ နှစ်ရှည်လများစွာ ရှာဖွေပေမယ့် ရှာမတွေ့ခဲ့ပါဘူး။

၂၀၁၆ ခုနှစ်လောက်တုန်းက ဘီဘီစီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသူတစ်ဦးက “ဒီနိုင်ငံမှာ ဆဒမ်ဟူစိန်သေသွားပေမယ့် ဆဒမ်ဟူစိန်အငယ်စားတွေ အများကြီးပေါ်လာတယ်” လို့ သူ့ခံစားချက်ကို ထုတ်ပြောခဲ့ဖူးသလို အီရတ်နိုင်ငံဟာ အခုထိ ပဋိပက္ခတွေနဲ့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

(ဆဒမ်ဟူစိန် သေဆုံးခြင်း ၁၅ နှစ်ပြည့်)

သစ္စာတည်

Saddam Hussein captured ခေါင်းစဉ်နဲ့ History ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဖော်ပြချက်ကို အဓိကထား အကိုးအကားပြုပြီး ဆီလျော်သလို ဗမာဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

ရွေ့အောင်တွန်းရင်း ရွဲ့ – သစ္စာတည်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစခဲ့တဲ့ အာဏာရှင်တော်လှန်ရေးခရီးဟာ ကိုးလကျော်လာပါပြီ။ တော်လှန်ရေးဆိုတာ နိုင်ငံကို အရွေ့တစ်ခုဆီရောက်ဖို့ ဝိုင်းတွန်းကြတာပါ။ အဲဒီလိုတွန်းကြတဲ့အခါ မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းပေါ်ကနေ တွန်းကြဖို့လိုသလို၊ ကိုယ်တိုင်ကလည်း ရွေ့အောင်တွန်းရင်း ရွဲ့မသွားဖို့ လိုအပ်ပါတယ်။ ရွဲ့သွားတယ်ဆိုတဲ့နေရာမှာ တော်လှန်ရေးသမားတွေရဲ့ ဂုဏ်သိက္ခာပိုင်းရော၊ လုပ်ငန်းပိုင်းတွေပါ ရွဲ့မသွားဖို့ပါ။


လူမှန်ရင် အမြှောက်ကြိုက်တတ်ကြပါတယ်။ ချီးမွမ်းခံချင်ကြပါတယ်။ မြှောက်စားခံချင်ကြပါတယ်။ ဒါဟာ ဘုရားရဟန္တာ မဖြစ်သရွေ့ လူတိုင်းလိုလိုမှာ ရှိတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်မထိန်းဖြစ်ရင် အဲဒီချီးမွမ်းမှုတွေ၊ မြှောက်စားမှုတွေမှာ သာယာလွန်ပြီး အမှားတွေကို အမှန်ထင်သွားတတ်ပါတယ်။ ကိုယ့်ကို ဝန်းရံနေတဲ့ ကိုယ့်အနားမှာရှိတဲ့ လူ့အဖွဲ့အစည်းလေးထဲမှာ မျောနေပြီး ကိုယ်တစ်ခုခုအမှားလုပ်ခဲ့ရင်သော်မှ ကိုယ့်ကိုယ်ကိုယ် အပြစ်မရှိသယောင်၊ တာဝန်ခံစရာမလိုသယောင် အထင်မှားသွားတတ်ကြပါတယ်။ အဲဒီအမှားကို သိချိန်နောက်ကျပြီးမှ သိသွားခဲ့ရင် ပြင်ရတာ ခက်သထက်ခက်လာနိုင်ပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ ဒီလိုကိစ္စတွေဟာ ပိုဂရုပြုစရာပါ။ အလှူငွေကိစ္စတွေ၊ ထောက်ပံ့ရေးကိစ္စတွေကြောင့် ကိုယ့်ဂုဏ်သိက္ခာတွေ ပွန်းပဲ့မသွားအောင် အထူးဂရုထားဖို့သလို ကိုယ်က လုပ်နိုင်ကိုင်နိုင်စွမ်းဆောင်နိုင်သူအဖြစ် နာမည်ရလာတဲ့အခါမှာလည်း ကိုယ့်ကိုတိုက်ခိုက်ထိုးနှက်မယ့်သူ အချိန်မရွေးပေါ်လာနိုင်တဲ့အတွက် တော်လှန်ရေးလိပ်ပြာသန့်အောင် ပြင်ဆင်ထားသင့်ပါတယ်။
နောက်ပြီး လူဆိုတာ အမှားနဲ့ မကင်းတတ်ကြသူမို့ ကိုယ့်ပြောဆိုလုပ်ကိုင်မှု တစ်ခုခုမှားသွားခဲ့ရင်လည်း
အမှားကိုဝန်ခံပြီး တောင်းပန်တတ်တဲ့ အလေ့အကျင့်လုပ်ထားရပါမယ်။ ဒါဟာ တော်လှန်ရေးမှာ အရွေ့တစ်ခုကို တွန်းကြရင်း ဂုဏ်သိက္ခာပိုင်းမှာ ရွဲ့မသွားအောင် ဂရုပြုကြဖို့ဖြစ်ပါတယ်။


နောက်တစ်ခုက လုပ်ရပ်ပိုင်းပါ။ တစ်ဖက်ကို ပြောချင်ဇောကြီးတဲ့အခါမှာ ကိုယ့်ဖက်ကိုယ်ပါ နင်းမိလိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာပြောရရင် ရုပ်ရှင်မင်းသားရန်အောင် စစ်ကောင်စီကဖိတ်တဲ့ပွဲသွားတက်လို့ ဝေဖန်တဲ့အခါ သူရဲ့ ပြင်ပပုံပန်းသဏ္ဍာန်နဲ့ ကွဲပြားတဲ့လိင်စိတ်ခံယူမှုကိုပေါင်းကာ “ငါ- မ ‌‌ေ-ာက်ခြောက်” အခြောက်စိတ်နဲ့ ဘာဖြစ်ညာဖြစ်လို့ ဆဲရေးတိုင်းထွာပြီး ပြောဆိုမိတတ်ပါတယ်။ ဒါဟာ သတိပြုစရာပါ။ ဒီနွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ကွဲပြားတဲ့လိင်စိတ်ခံယူမှုရှိသူတွေကိုပါ ထိခိုက်သွားစေသွားပါတယ်။ အာဏာရှင်တွေနဲ့ ပလူးပလဲလုပ်တဲ့သူတွေကို ဆန့်ကျင်တာမှန်ပေမယ့် ဒီလိုမျိုး ဖြစ်တည်မှုသွင်ပြင်ကို တိုက်ခိုက်တာဟာ ကျင့်ဝတ်အရ သေးသိမ်တဲ့ဘက်ကို ရောက်သွားစေနိုင်တာ သတိပြုဖို့လိုပါတယ်။ အဲဒါထက်ဆိုးတာက ကိုယ့်ဘက်သားမဟုတ်သူတွေကို လူမှုပြစ်ဒဏ် (Social Punishment) လုပ်တဲ့အခါ လူမှုရေးအရတိုက်ခိုက်တဲ့ (Personal Attack) ဘက်ကို ရောက်သွားတာပါ။ “ဒီ-င်ခံ -ီးစုပ်ရတာကြိုက်တဲ့ကိုဘယ်သူကတော့ နန်းစီဒီအမ် (Non-CDM) လောက်ကောင်ပါနော်” ဆိုတာမျိုးနဲ့ လူမှုကွန်ရက်ပေါ်မှာ လူမှုပြစ်ဒဏ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ရေးတာမျိုးတွေပါ။ ဒီတော်လှန်ရေးမှာ ကွဲပြားတဲ့လိင်စိတ်ရှိသူတွေ အမြောက်အများဟာလဲ တိုက်ပွဲရဲ့ တစ်ထောင့်တစ်နေရာက ပါဝင်နေကြတယ်ဆိုတာကို သတိပြုစေချင်ပါတယ်။အဲဒါအပြင် လူတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ ပိုင်ဆိုင်မှုကို နှိမ်ချပြောတဲ့အချက်ပါ။“အိမ်မပိုင်ဘူးတဲ့ကောင်တွေဟာ အိမ်ရဲ့တန်ဖိုးကို နားလည်မှာ မဟုတ်ဘူး” ဆိုတဲ့ အပြောမျိုးပါ။


သေချာစဉ်စားကြည့်ရင် အရာတစ်ခုအပေါ်မှာ လူတစ်ယောက်ရဲ့ တန်ဖိုးထားမှုဟာ သူပိုင်ဆိုင်ထားခြင်း၊ မပိုင်ဆိုင်ထားခြင်းနဲ့ မဆိုင်ပါဘူး။ ဒီတော်လှန်ရေးရဲ့ တိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေတဲ့သူတွေထဲမှာလည်း အိမ်တစ်လုံး မပိုင်ပေမယ့် အဖိုးစားနားကို နားလည်တန်ဖိုးထားတဲ့သူတွေ ပါဝင်နိုင်ပါတယ်။ ဒါကြောင့် ပိုင်ဆိုင်မှုရှိခြင်း၊ မရှိခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်းတွေနဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ကို တိုက်ရိုက်ချိတ်ဆက်ကြည့်လို့ မရနိုင်ပါဘူး။


ဒီတော်လှန်ရေးဟာ အရွေ့တစ်ခုစီရောက်ဖို့ ကိုယ်နိုင်ရာကနေ ဝိုင်းတွန်းကြရတာပါ။ အဲဒီလို တွန်းကြတဲ့အခါမှာ တွန်းနေရင်းနဲ့ ရွဲ့စောင်းသွားတာမျိုးဖြစ်သွားရင် ပိုပင်ပန်းကြရပါတယ်။ကိုယ့်လူကိုယ်ထိန်းကျောင်းရတဲ့ တာဝန်တစ်ခု ပိုတိုးလာပါတယ်။ ခွေးဆိုးတစ်ကောင်ကို ရှင်းပစ်ဖို့ ကိုယ်တိုင်က ခွေးလိုကိုက်စရာ မလိုပါဘူး။ ဒီနွေဦးတော်လှန်ရေးဟာ အာဏာရူးတွေကို အမြစ်ဖြတ်တာအပြင် အတွေးအခေါ်တွေပါ တော်လှန်နေတဲ့အတွက် ခေတ်အဆက်ဆက်ကအရိုးစွဲလာတဲ့ ပုံဖျက်ခံအတွေးအခေါ်တွေနဲ့ အသိတရားတွေကိုပါ တစ်ပါတည်း တော်လှန်ကြဖို့လိုအပ်ပါတယ်။


သစ္စာတည်

မြို့မငြိမ်းသီချင်းထဲက အမျိုးသမီးအရေး – သစ္စာတည်

“ယောက်ဖ တိုက်ပွဲနိုင်အောင်တိုက်

မိန်းမ မရမှာမပူနဲ့

ငါ့ညီမရှိတယ်”

တလောဆီက နွေဦးတော်လှန်ရေးဆန္ဒပြပွဲတစ်ခုမှာ တွေ့ရတဲ့ စာတန်းပါ။ ဒီစာတန်းကိုရေးတဲ့ ဆန္ဒထုတ်ဖော်သူ တွေရဲ့ မူလရည်ရွယ်ချက်ကိုတော့ ဆန္ဒထုတ်ဖော်သူတွေကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဘယ်အတိုင်းအတာ၊ ဘယ် အတိမ်အနက်ဆိုတာကိုလည်း မူလရေးသူတွေပဲ သိပါလိမ့်မယ်။ ဒါပေသိ အမျိုးသမီးအရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်သံ စီစီညံညံထွက်ခဲ့တဲ့ စာတန်းတစ်ခုတော့ဖြစ်ခဲ့ပါတယ်။ တကယ်တော့ အမျိုးသမီးတွေကို ဇိမ်ခံပစ္စည်း ကဲ့သို့၊ အရာဝတ္ထုပစ္စည်းကဲ့သို့ ပက္ကာဆက်ကြတာ ပဒေသရာဇ်ခေတ်ရဲ့ အပြုအမူပါ။

တချို့ကလည်း ဒီစာတန်းပတ်သက်ပြီး အရမ်းအတွေးမလွန်ဖို့၊ အပျော်သဘောရေးတာဖြစ်ပြီး တကယ်လဲ ကိုယ့်ညီမကို ပြီးစလွယ် သူများလက်ထဲ ထည့်လိုက်မှာမဟုတ်ကြောင်း ပြောဆိုတာတွေ့ရပြန်ပါတယ်။

ဒီလို အငြင်းအခုံ အဖြစ်အပျက်တွေနဲ့ ဆက်စပ်ပြီး ခေါင်းထဲရောက်လာတာက တေးပြုစာဆို မြို့မငြိမ်းရဲ့ “တောင်ပြုံး” ဆိုတဲ့ သီချင်းပါ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးရွာမှာ ကျင်းပတဲ့ ဘုရားပွဲနဲ့ နတ်ပွဲကို မြို့မ အသင်းသားများနဲ့အတူ လိုက်ပါသွားတဲ့ မိန်းမပျိုလေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို မြို့မငြိမ်းက ပေါ်ပေါ်လွင်လွင် ရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ထိကပါးရိကပါးစနောက်ကာ ပါးစပ်အရသာခံတတ်တဲ့ ကိုကိုကာလသားတွေအကြောင်း အဓိကပါဝင်ပါတယ်။ ဒီလို သားပြောမယားပြော စနောက်မှုမျိုးဟာ မဖြစ်သင့် ကြောင်း ပြောသူရှိသလို၊ ထုံးစံဖြစ်တာကြောင့် သည်းညည်းခံသင့်ကြောင်း အဲဒီခေတ်က နှစ်ဖက်အငြင်းအခုံ ဖြစ်ခဲ့ဟန်တူပါတယ်။

တောင်ပြုံးသီချင်းက မိန်းကလေးအဆိုရှင်ရဲ့ သီချင်းပါ။ လေပါတီမြရင် သီဆိုခဲ့တဲ့ အငြိမ့်သီချင်းပါ။ “ဪ.. တောင်ပြုံးခေါ် ပွဲတော်ကြီး နီးလာပြီ။ လာ… ကိုမြို့မ.. မြ,နဲ့တွဲ.. သွားပါရစီ” လို့ လေပါတီမြရင်ရဲ့ ဟန်လေးအတိုင်း သူ့နာမည် အဖျားစွတ်ကလေးထည့်ဆိုပြီး သီချင်းကို စထားပါတယ်။ ဒါကြောင့် မြို့မငြိမ်းဟာ ဒီသီချင်းကို မိန်းကလေးဘက်က ခံစားရေးတာလို့ ကောက်ချက်ချနိုင်ပါပြီး မိန်းကလေးတစ်ယောက်အပေါ် ကာယိန္ဒြေ ပျက်အောင် ထိကပါးရိကပါးပြောကြတာကို မနှစ်မြို့ကြောင်း ပြောထားတဲ့ စာသားတွေ တွေ့ရပါတယ်။

တောင်ပြုံးပွဲတော်လာ မိန်းကလေးတစ်ယောက်ရဲ့ ထိကပါရိကပါးပြောခံရတဲ့ အဖြစ်အပျက်ကို မြို့မငြိမ်းရဲ့ သီချင်းစာသားတွေတဆင့် ခံစားကြည့်ကြည့်ရအောင်ပါ။

ပြောခဲ့သလို ဒီသီချင်းထဲမှာ လေပါတီမြရင်ဟာ မြို့မအဖွဲ့သားတွေနဲ့အတူ တောင်ပြုံးပွဲတော်ကို သွားကြပါတယ်။ တောင်ပြုံးပွဲတော်ဟာ အင်မတန်စည်ကားတဲ့ ပွဲဖြစ်တာကြောင့် မန္တလေးကနေ တောင်ပြုံးရွာကို သွားရာလမ်း တလျှောက် ကြက်ပျံမကျ ကျိတ်ကျိတ်တိုးလေ့ရှိပါတယ်။ အဲဒီခေတ်က မော်တော်ကား ပေါများတဲ့ခေတ် မဟုတ်လေတော့ ရထားနဲ့ လှည်းနဲ့ သွားကြတာ ပိုများမယ်လို့ ထင်ပါတယ်။ အဲဒီတော့ လမ်းတလျှောက် လူအုပ်ကြီးနဲ့ စတွေ့ကတည်းက မမြရင်တစ်ယောက် စတာနောက်တာ ခံရပါပုံရပါတယ်။

“ဪ.. နောက်ကနေ.. ယောက်ဖရေ.. ခေါ်နေသည်” လို့ မမြရင်ခဗျာ အတူသွားတဲ့ ယောက်ျားသားတွေဖြစ်တဲ့ မြို့မအသင်းက အစ်ကိုတွေ၊ မောင်တွေကို ပြောရှာပါတယ်။ ဒါပေမယ့် အစ်ကိုတွေ၊ မောင်တွေက “ပျို.. သည်းညည်းခံ.. သည်းညည်းခံ… ထုံးစံပါအတည်” ဆိုပြီး ဒီပွဲမှာ ဒီလို စနောက်တာတော့ ထုံးစံပဲလို့ ပြန်ပြောတော့ “အိမ်ကို… မြန်မြန်… ပြန်ပါ… ကလေးတွေ ငိုကုန်ပြီ” လို့ နောက်ကနေ ကာလသားတစ်သိုက် ထိကပါးရိကပါး အော်ဟစ်ပြောနေတာကို ကြားနေပေမယ့် တောင်ပြုံးပွဲလာ မမြရင်တစ်ယောက် ပါးစပ်လေးပိတ် ငြိမ်နေလိုက် ရပါတယ်။ ဒါပေမယ့် “ပန်တော်ပန်းဝယ်… နန်းလယ်မရောက်မီ.. နောက်က စ နေသည်.. ကြောက်စရာ့ လှကေသီ… မိန်းမသားမို့.. ရှက်အားပိုပါသည်… ကျွန်မတယောက် ဒါလောက်စနေပြီ” ဆိုပြီး စတာနောက်တာ တဆင့်တက်ပြီး ကြမ်းတမ်းလာတာကို သူသည်းညည်းမခံနိုင်တော့ကြောင်း ပြောလာပါတယ်။

ပွဲခင်းထဲလည်း ရောက်နေပြီဖြစ်တာမို့ သူသည်းခံနိုင်သလောက် သည်းခံပေမယ့် စတာနောက်တာဟာ အတော်လေးဆိုးဝါးလာပုံကို “နှမချင်းရယ်တဲ့ မစာနာ.. အလွန်တရာ.. ကြမ်းတမ်းလှပါသည်.. စာနာဦးအတည်” လို့ ထုတ်ပြောလာရပါတော့တယ်။ တောင်ပြုံးပွဲတော်ဟာ အင်မတန် လူစည်ကားတဲ့ ပွဲတော်ဖြစ်တဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း အတင်းတိုးဝှေးကြရင်း ကာလသားတွေ ပါးစပ်ကလည်း အသံပေါင်းစုံထွက်နေလောက် ပါတယ်။ အဲဒီအချိန်အထိ မြို့မအသင်းက အစ်ကိုတွေ၊ မောင်တွေက “ထုံးစံမို့ မမုန်းရန် တောင်းပန်သည်” လို့ ပြောနေလေတော့ မမြရင်ခဗျာ ဒေါသကို မျိုချလိုက်ပေမယ့် “ကောင်းပါပေ့မောင်ရယ်… လူသွားလူလာ များတဲ့နေရာ မယားလောက်မက ဆိုသည်၊ တအားမြှောက်ကြလို့ ရီ” ဆိုပြီး သားပြောမယားပြောတွေ ပြောနေရာကနေ အဆင့်တွေလွန်လာပြီး မယားလောက်မကတဲ့အထိ ရိသဲ့သဲ့ပြောလာတော့ မမြရင်တစ်ယောက် သည်းခံနိုင်စွမ်း ကုန်လုလုဖြစ်သွားတယ် ထင်ပါတယ်။ “တော်ပြီ တန်ပြီ ရှေ့နှစ်ခါတော့ သည်နတ်ပွဲကို လာမယ်လဲ မကြံစည်” လို့ ထုတ်ပြောရလောက်အောင်ကို စိတ်ကုန်သွားရှာပါတယ်။

အတူသွားတဲ့ မြို့မအသင်းက အစ်ကိုတွေ၊ မောင်တွေဟာလည်း ကိုယ့်နှမ၊ ကိုယ့်အစ်မ သည်လောက် သားပြော မယားပြော ပြောခံနေရတာကို နည်းနည်းလေးမှ မဟန့်ဘဲ သည်းခံဖို့ကိုသာ ပြောနေလေတော့ “မြို့မဆိုတဲ့ အသင်းကလူသည်၊ နှစ်ဖော်သူတို့ ပေါင်းဖို့ကြံစည်… ဪ… သူတို့ကောင်းတို့ပါတီ… အပျော်သူတို့ စလိုကြသည်” ဆိုပြီး အတူလာတဲ့ မြို့မအစ်ကိုတွေ၊ မောင်တွေလည်း စိတ်ဆိုးဆိုးနဲ့ မောင်တို့တွေလည်း ဒီတောင်ပြုံးပွဲကို ဒီလို ပါးစပ်အရသာခံ စနောက်ဖို့ လာကြတာပေါ့၊ တကျိတ်တည်း တဉာဏ်ထဲတွေပေါ့ သူတော်ကောင်းကြီးတို့ရဲ့လို့ စိတ်ဆိုးဆိုးနဲ့ ပြောလိုက်ပါတယ်။

ဒီသီချင်းတောက်လျှောက်မှာ မြို့မငြိမ်းဟာ အဆိုရှင်အမျိုးသမီးဘက်က အမျိုးသမီးတွေရဲ့ ခံစားချက်ကို အဓိကထားပြီး ရေးထားသလို အဲဒီခေတ်က တောင်ပြုံးပွဲဟာ အမျိုးသမီးတွေကို ကာယိန္ဒြေပျက်အောင် စကြတာ ကိုလည်း ပေါ်ပေါ်လွင်လွင်ရေးဖွဲ့ထားပါတယ်။ ဒီလိုစတာနောက်တာဟာ “ချစ်လို့လား… စကြသည်… စကြသည်… ကြိုက်လို့လား… စကြသည်… စကြသည်…” လို့ ချစ်စနိုးနဲ့ စနောက်တာလို့ ကာပြော,ပြောတဲ့ အုပ်စုလည်း အဲဒီ ခေတ်က ရှိခဲ့ကြောင်းကို သီချင်းထဲကနေတဆင့် သိနိုင်ပါတယ်။

လေပါတီမမြရင်တို့ခေတ်က အခုခေတ်လို အမျိုးသမီးအရေးလှုပ်ရှားသူတွေ မရှိလေတော့ ဒီလိုမျိုး အမျိုးသမီး တွေရဲ့ ခံစားချက်တွေ၊ နစ်နာမှုတွေ၊ မလုံခြုံမှုတွေကို ပြောပေးမယ့်သူ သိပ်ရှိခဲ့မယ် မထင်ပါဘူး။ ဒါကြောင့် မြို့မငြိမ်းက ‘တောင်ပြုံး’ သီချင်းထဲကနေတဆင့် အမျိုးသမီးတွေရဲ့ ဘဝမလုံခြုံမှုကို လှစ်ဟာပြလိုက်တယ်လို့ ခံစားမိပါတယ်။ တနည်းပြောရရင် အမျိုးသမီးတစ်ယောက်ရဲ့ မလုံခြုံမှုတွေကို အမျိုးသားတစ်ယောက်က အသံထွက်ပေးတာပါ။

အမေရိကန် စာရေးဆရာ ဂျက်ဆန်ကဇ်ပြောဖူးတာရှိတယ်။

“ကျွန်တော်တို့တွေဟာ ပြီးခဲ့တဲ့နှစ်က အမျိုးသမီးတွေ ဘယ်လောက် အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့အကြောင်း ပြောကြပေမယ့် အမျိုးသားဘယ်နှစ်ယောက်က အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်ဆိုတာ မပြောကြပါဘူး။ ကျောင်းတွေမှာ မိန်းကလေးဘယ်လောက် နှောင့်ယှက်ကလူပြုခံရတဲ့အကြောင်း ပြောပေမယ့် ယောက်ျားလေး ဘယ်နှစ်ယောက်က မိန်းကလေးတွေကို ဒီလိုလုပ်ခဲ့တယ်ဆိုတာကို မပြောကြပါဘူး။ ဒီလိုပါပဲ ဆယ်ကျော်သက် မိန်းကလေး ဘယ်နှစ်ယောက် ကိုယ်ဝန်ရခဲ့ကြောင်းပြောကြပေမယ့် ဆယ်ကျော်သက်ယောက်ျားလေး ဘယ်လောက်က မိန်းကလေးတွေနဲ့ ကိုယ်ဝန်ရခဲ့သလဲဆိုတဲ့အကြောင်း မပြောကြပါဘူး။ ‘အပြုခံ’ တွေကိုပဲ ရှေ့တန်းတင် ပြောဆိုကြပြီး ‘ပြုလုပ်သူ’ ယောက်ျားလေးတွေ ပျောက်နေတယ်ဆိုတာ မြင်နိုင်ပါတယ်။ နောက်ဆုံး ‘အမျိုးသမီးများ အကြမ်းဖက်ခံရမှု’ ဆိုတဲ့ စကားလုံးမှာကိုက ပြဿနာရှိနေပါတယ်။ အပြုခံဘက်ကို ဦးတည် တည်ဆောက်ထားတဲ့ စကားလုံးဖြစ်ပြီး ပြုလုပ်သူ မပါတာ တွေ့ရပါလိမ့်မယ်။ အမျိုးသားဆိုတဲ့ စကားလုံး အစိတ်အပိုင်းတစ်ခုအနေနဲ့တောင် မပါပါဘူး။”

တေးပြုစာဆိုမြို့မငြိမ်းက ဂီတကနေတဆင့် အမျိုးသမီးတွေဘက်ကနေ အသံထွက်ပေးခဲ့သလို အမျိုးသားတွေ အနေနဲ့ အမျိုးသမီးအရေးဟာ အမျိုးသမီးတွေကိစ္စလို့ မမှတ်ယူဘဲ အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်လာရင် အမျိုးသားတွေကိုယ်တိုင်ကလည်း ပါဝင်ဆောင်ရွက်ပေးဖို့ အထူးလိုအပ်လှပါတယ်။

သစ္စာတည်