ဆဒမ်ဟူစိန် ကျဆုံးခန်း – သစ္စာတည်

အီရတ်နိုင်ငံထဲကို အမေရိကန်စစ်တပ် စတင်ဝင်ရောက်လာတဲ့ ၂၀၀၃ ခုနှစ်၊ မတ်လ ၂၀ ရက်မှာ ဆဒမ်ဟူစိန်ရဲ့ ကျဆုံးခန်းဟာ စတင်လာပါတော့တယ်။

ဆဒမ်ဟူစိန်ကို ဘဂ္ဂဒက်မြို့နဲ့ မိုင် ၁၀၀ လောက်ဝေးတဲ့ မြို့ငယ်လေးတစ်ခုမှာ ချို့ငဲ့တဲ့ မိသားစုတစ်ခုက ၁၉၃၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူ ဆယ်ကျော်သက်အရွယ်မှာ ဘဂ္ဂဒက်မြို့ကို ပြောင်းရွှေ့ခဲ့ပြီး နောက်တစ်ချိန် သူခေါင်းဆောင်ဖြစ်လာမယ့် ပါတီတစ်ခုကို ဝင်ရောက်ခဲ့ပါတယ်။ သူဟာ အာဏာသိမ်းဖြစ်စဉ်တွေထဲမှာ အကြိမ်ကြိမ် ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၆၈ ခုနှစ်၊ ဇူလိုင်လမှာ သူ့ဝမ်းကွဲအစ်ကိုဖြစ်သူကို အီရတ်ရဲ့ အာဏာရှင်အဖြစ် အုပ်ချုပ်နိုင်အောင် တွန်းတင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ၁၁ နှစ်ကြာ၊ ၁၉၇၉ ခုနှစ်မှာ အဲဒီဝမ်းကွဲအစ်ကိုဖြစ်သူဆီက အာဏာကို ရယူခဲ့ပြီး နိုင်ငံကို ၂၄ ကြာ အာဏာရှင်အဖြစ် အုပ်ချုပ်ပါတော့တယ်။ သူတာဝန်ယူစဉ်အချိန်အတွင်း ပြည်သူတွေဟာ ငတ်ပြတ်ပြီး ဆင်းရဲခြင်းကြီးစွာ နေထိုင်နေရပေမယ့် သူကတော့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ခမ်းနားထည်ဝါလှတဲ့နန်းတော်ပေါင်း အခု ၂၀ လောက်မှာ လုံခြုံရေးအပြည့်အစုံနဲ့ လှည့်လည်နေပြီး စည်းစိမ်အပြည့်အဝ ခံစားခဲ့ပါတယ်။

၁၉၈၀ ခုနှစ်အစောပိုင်းကာလတွေမှာ အီရန်နဲ့ ရှစ်နှစ်ကြာစစ်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ပေါင်း လူတစ်သန်းကျော်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီစစ်ပွဲတွေအတွင်းမှာ ဆဒမ်ဟာ အီရန်စစ်သားတွေကို အာရုံကြောထိခိုက်စေတဲ့ ဓာတုဗေဒအဆိပ်တွေ အသုံးပြုတိုက်ခိုက်ခဲ့ပြီး အီရတ်မြောက်ပိုင်းမှာရှိတဲ့ ခါဒစ်ရှ်လူမျိုးတွေ နေထိုင်ရာဒေသကိုလည်း ဓာတုဗေဒလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲကြပါတယ်။ ၁၉၉၀ ခုနှစ်မှာ ကူဝိတ်နိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲပြီး ၁၉၉၁ ခုနှစ်မှာတော့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေ အီရတ်ကို ဝင်ရောက်လာပါတယ်။ ဆဒမ်ဟူစိန်ဟာ ၁၉၉၀ ပြည့်လွန်ကာလတလျှောက်လုံး လေကြောင်းတိုက်ခိုက်မှုတွေ၊ ကုလသမဂ္ဂရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တရားမဝင်ရေနံရောင်းချတာတွေ၊ လက်နက်တည်ဆောက်မှုစွပ်စွဲချက်တွေရှိခဲ့ပြီးတော့ ၂၀၀၃ ခုနှစ်၊ မတ်လမှာ အမေရိကန်နိုင်ငံက အီရတ်နိုင်ငံထဲ ထပ်မံဝင်ရောက်ခဲ့ကာ ဒီတစ်ကြိမ်မှာတော့ ဆဒမ်နဲ့ သူရဲ့အစိုးရကို ဖြုတ်ချမယ့်ရည်ရွယ်ချက်နဲ့ ဝင်ရောက်လာတာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၀၃ ခုနှစ်၊ မတ်လအစောပိုင်းကာလတွေတုန်းက “သစ္စာတော်ခံတွေဟာ ကျူးကျော်မှုတွေအပေါ် အောင်ပွဲခံနိုင်မယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး” လို့ ကြွေးကြော်ခဲ့တဲ့ ဆဒမ်ဟူစိန်ဟာ အမေရိကန်တွေရဲ့ ကျူးကျော်စစ်စပြီး မကြာခင်မှာပဲ လူမြင်ကွင်းကနေပျောက်ကွယ်သွားပြီး သူ့အစိုးရအဖွဲ့လဲ ပြိုလဲသွားခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့ဟာလည်း ဆဒမ်ဟူစိန်နဲ့ သူ့အစိုးရအဖွဲ့တာဝန်ရှိသူတွေကို အပူတပြင်း လိုက်လံရှာဖွေပါတော့တယ်။ ၂၀၀၃ ခုနှစ်၊ ဇူလိုင်လမှာ အမေရိကန်စစ်တပ်ဟာ အီရတ်နိုင်ငံမြောက်ပိုင်း မြို့တစ်မြို့က နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းရှာဖွေတဲ့အခါ အဲဒီမှာရှိနေတဲ့ ဆဒမ်ရဲ့ သားနှစ်ယောက် သေဆုံးသွားခဲ့ပါတယ်။

သားနှစ်ယောက် သေဆုံးပြီးနောက် ငါးလအကြာ ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အမေရိကန်စစ်သားတွေဟာ ဆဒမ်ဟူစိန်ကို သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ တီကရီးမြို့အလွန် ကိုးမိုင်ခန့်မှာ ခြောက်ပေ-ရှစ်ပေသာသာလောက်သာရှိတဲ့ တွင်းလေးတစ်ခုထဲမှာ ပုန်းအောင်းနေတာကို တွေ့ရှိခဲ့ပါတယ်။ အလွန်အသန့်ကြိုက်တဲ့ ဆဒမ်ဟူစိန်ဟာ ဖမ်းဆီးခံရတဲ့အချိန်မှာ မုတ်ဆိတ်မွှေးထူထူ၊ ရွှံ့တွေလူးနေတဲ့ ဆံပင်တွေနဲ့ ညစ်ညစ်သည်းသည်းဖြစ်နေပါတယ်။ အဖမ်းခံရစဉ်မှာလည်း ဘာမှခုခံနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီစစ်ဆင်ရေးမှာပါဝင်တဲ့ အမေရိကန်စစ်သားတစ်ယောက်ကတော့ “အားမတန်လို့ မာန်လျှော့သွားတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အမေရိကန်စစ်တပ်ဝင်ရောက်လာပြီး မကြာခင် ၂၀၀၃ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှာ ဆဒမ်ဟူစိန် အာဏာလွှမ်းစဉ်ကာလတုန်းက ဖရက်ဒို့စ်ပန်းခြံထဲ တည်ဆောက်ထားတဲ့ ဆဒမ်ဟူစိန်ရုပ်တုကြီးကို အမေရိကန်စစ်တပ်နဲ့ အီရတ်ပြည်သူတွေပူးပေါင်းပြီး ဖြုတ်ချပစ်လိုက်ပါတယ်။ ဆဒမ်ဟူစိန်ရုပ်တုကြီး အောက်ကိုကျလာတဲ့အခါ အီရတ်ပြည်သူတွေဟာ အဲဒီရုပ်တုကို ဖိနပ်တွေရိုက်၊ လမ်းပေါ်တရွတ်တိုက်စွဲတာတွေ လုပ်ကြပါတယ်။

ဆဒမ်ဟူစိန်အဖမ်းခံရပြီး ၂ နှစ်လောက်အကြာ ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလမှာ တရားရုံးတင်စစ်ဆေးမှုတွေ စတင်ပြီး ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလမှာ ကြိုးမိန့်ချကာ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကွပ်မျက်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူသေသွားသည်အထိ အမေရိကန်တို့ စွပ်စွဲခဲ့တဲ့ အစုအလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေဆိုတာကိုတော့ နှစ်ရှည်လများစွာ ရှာဖွေပေမယ့် ရှာမတွေ့ခဲ့ပါဘူး။

၂၀၁၆ ခုနှစ်လောက်တုန်းက ဘီဘီစီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသူတစ်ဦးက “ဒီနိုင်ငံမှာ ဆဒမ်ဟူစိန်သေသွားပေမယ့် ဆဒမ်ဟူစိန်အငယ်စားတွေ အများကြီးပေါ်လာတယ်” လို့ သူ့ခံစားချက်ကို ထုတ်ပြောခဲ့ဖူးသလို အီရတ်နိုင်ငံဟာ အခုထိ ပဋိပက္ခတွေနဲ့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

(ဆဒမ်ဟူစိန် သေဆုံးခြင်း ၁၅ နှစ်ပြည့်)

သစ္စာတည်

Saddam Hussein captured ခေါင်းစဉ်နဲ့ History ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဖော်ပြချက်ကို အဓိကထား အကိုးအကားပြုပြီး ဆီလျော်သလို ဗမာဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

ဟစ်တလာကို တော်လှန်တဲ့ ကျောင်းသူ – သစ္စာတည်

သူမနာမည်ဟာ ကမ္ဘာကျော်နာမည်မဟုတ်ပေမယ့် သူမမွေးရပ်မြေဖြစ်တဲ့ ဂျာမဏီနိုင်ငံမှာတော့ ဆိုဖီရှောလို့ အမည်ရတဲ့ သူမဟာ နာမည်ကျော်တစ်ယောက်ဖြစ်ပြီး သူမရဲ့ အကြောင်းဟာလည်း အံ့မခန်းဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
သူမဟာ ၁၉၂၁ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် ယခုနှစ် ၂၀၂၁ ခုနှစ်ဟာ သူမရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့အခါသမယ ဖြစ်ပါတယ်။
သူမရဲ့ ဟစ်တလာကို တော်လှန်ပုန်ကန်ခဲ့ပုံတွေအကြောင်းကို စာအုပ်တွေ၊ ရုပ်ရှင်တွေ၊ ပြဇာတ်တွေမှာ ပြန်လည်ဂုဏ်ပြုကြ ပြီး ဒီနေ့ခေတ်လူငယ်တွေအတွက်လည်း ခွန်အားယူဖွယ်ဖြစ်နေဆဲပါ။
သူမရဲ့ အဖေဖြစ်သူဟာ ဂျာမဏီအနောက်မြောက်ဘက်မှာရှိတဲ့ မြို့တစ်မြို့ရဲ့ မြို့တော်ဝန်တစ်ဦး ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ငယ်စဉ် ကလေးဘဝဟာ သာသာယာယာတင့်တင့်တယ်တယ် ရှိခဲ့ပါတယ်။ သူမ ဆယ်ကျော်သက်အရွယ်မှာ နိုင်ငံကို ဟစ်တလာ အုပ်စိုးလိုက်တယ်။


‘ဒီလုပ်ရပ်တွေဟာ အဖနိုင်ငံတော်အတွက်လို့ လာမပြောနဲ့’


အစောပိုင်းကာလတွေတုန်းက ဆိုဖီနဲ့ သူ့အကိုတို့ဟာ အမျိုးသားဆိုရှယ်လစ်ပါတီကို ထောက်ခံခဲ့ကြပါသေးတယ်။ သူတို့ဟာ အဲဒီဘက်ခေတ်လူငယ်တွေလိုပဲ ပါတီက ဖွဲ့စည်းထားတဲ့အဖွဲ့တွေဖြစ်တဲ့ ဟစ်တလာလူငယ်လှုပ်ရှားမှုကို ဆိုဖီရဲ့အစ်ကိုက ဝင်ရောက်ခဲ့ပြီးတော့ ဆိုဖီကတော့ ဂျာမာန်မိန်းကလေးများအဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပါတယ်။
ဟစ်တလာကို အစဉ်တစိုက်ဝေဖန်နေတဲ့ သူတို့ရဲ့ အဖေဟာ သူ့သားသမီးတွေရဲ့ လုပ်ရပ်အပေါ် အံ့သြတုန်လှုပ်သွားတာ ကြောင့် ဖခင်ဖြစ်သူဟာ သူ့သားသမီးတွေနဲ့ ထမင်းစားရင်းဖြစ်စေ၊ အတွေးအမြင်ဖလှယ်ရင်းဖြစ်စေ နာဇီဝါဒအကြောင်း နေ့စဉ်လိုလို ဆွေးနွေးပါတယ်။ ပိုလန်နိုင်ငံကို ဟစ်တလာကျူးကျော်စစ် စတင်တဲ့အချိန်မှာ အတွေးအမြင်တွေ ပြောင်းလာကြ ပါတယ်။ အဲဒီကျူးကျော်စစ်ကို ဆင်နွှဲဖို့ ဂျာမာန်ယောက်ျားလေးတွေကို စစ်မျက်နှာပြင်ဆီ ပို့တဲ့အခါမှာ ဆိုဖီရဲ့ ရည်းစား ဖြစ်သူလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ အဲဒီအခါ ဆိုဖီဟာ ရည်းစားဖြစ်သူထံ စာရေးပို့တဲ့အခါမှာတော့ အခုလို ပါဝင်ပါတယ်။
“တချို့လူတွေက ဘာလို့ တခြားသူတွေရဲ့ အသက်ကို အဆက်မပြတ် စတေးခိုင်းနေတယ်ဆိုတာ ငါနားမလည်နိုင်ဘူး။ အဲဒါကို ဘယ်တော့မှလည်း နားလည်နိုင်မှာမဟုတ်သလို ဆိုးဝါးပြီး စိတ်ပျက်ဖို့ကောင်းတယ်လို့လည်းထင်တယ်။ ဒီလုပ်ရပ်တွေဟာ အဖနိုင်ငံတော်အတွက်လို့လည်း ငါ့ကို လာမပြောနဲ့။”
ဆိုဖီဟာ သူမအစ်ကိုတက်တဲ့ မြူးနစ်တက္ကသိုလ်မှာ ဇီဝဗေဒဘာသာရပ်ကို ဆည်းပူးခဲ့ပါတယ်။ အဲဒီတက္ကသိုလ်မှာ သူတို့ မောင်နှမတွေဟာ အုပ်စုလေးတွေဖွဲ့ပြီး အနုပညာကိစ္စ၊ ယဉ်ကျေးမှုကိစ္စ၊ အတွေးအခေါ်ကိစ္စတွေ လှုပ်ရှားဆောင်ရွက်ကြ ပါတယ်။ ဆိုဖီကတော့ ကခုန်ရတာကြိုက်နှစ်သက်ပြီး ပီယာနိုတီးတဲ့နေရာမှာ လက်စွမ်းရှိတဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် အာဏာရှင်စနစ်အောက်မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာတော့ သူတို့အဖွဲ့တွေဟာ အာဏာရှင်တော်လှန်ရေးလုပ်ငန်း တွေကို လုပ်ဆောင်လာပါတော့တယ်။


‘ငါတို့ ငြိမ်ခံနေမှာ မဟုတ်ဘူး’


ဆိုဖီရဲ့ အစ်ကိုဖြစ်သူနဲ့ သူ့သူငယ်ချင်းဖြစ်သူတို့ဟာ “နှင်းဆီဖြူ” လို့အမည်ရတဲ့ အုပ်စုတစ်စု စတင်ဖွဲ့စည်းလိုက်ပြီး စတင် ဖွဲ့စည်းခါစမှာ အဖွဲ့ဝင် ၆ ယောက်သာပါရှိခဲ့ပါတယ်။ နောက်တော့မှာ ဆိုဖီနဲ့ အခြားသူအနည်းငယ်ပါဝင်လာကြပါတယ်။ အဲဒီ အနည်းငယ်ထဲမှာ သူတို့ရဲ့ ပါမောက္ခဖြစ်သူတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။
သူတို့ နှင်းဆီဖြူအဖွဲ့ဟာ သူတို့ရဲ့ သူငယ်ချင်းတွေနှင့် အခြားသော မိတ်ဆွေတွေရဲ့ အကူအညီနဲ့ နာဇီအုပ်ချုပ်ရေးကို တော်လှန် ကြဖို့၊ ဂျူးလူမျိုးတွေ သတ်ဖြတ်ခံရမှုကို ရှုတ်ချကြဖို့နဲ့ စစ်ပွဲတွေ အဆုံးသတ်ဖို့ စတာတွေပါဝင်တဲ့ လက်ကမ်းစာစောင်တွေ ရိုက်နှိပ်ဖြန့်ဝေခဲ့ပါတယ်။
“ငါတို့တွေ ငြိမ်ခံနေမှာမဟုတ်ဘူး။ ငါတို့ဟာ မင်းတို့ရဲ့ နတ်ဆိုးဖြစ်တဲ့အတွက် နှင်းဆီဖြူဟာ မင်းတို့ကို လောင်ကျွမ်းပစ်မယ်”
၁၉၄၃ ခုနှစ်အစောပိုင်းကာလများက စတင်ကာ နှင်းဆီဖြူအဖွဲ့ဟာ လက်ကမ်းစာစောင်တွေ ထုတ်ဝေခဲ့ပြီး စုစုပေါင်း ၆ စောင် ထုတ်ဝေနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ခြောက်ခုမြောက်နောက်ဆုံးလက်ကမ်းစာစောင်မှာတော့ အခုလိုရေးသားထားပါဝင်ပါတယ်။
“ဂျာမာန်လူငယ်တွေဟာ မိစ္ဆာဆိုးကို တချိန်တည်းတပြိုင်တည်း မတွန်းလှန်၊ မခုခံကြဘူးဆိုရင် ဂျာမဏီနိုင်ငံဟာ နာမည်ဆိုးနဲ့ ထာဝရတွင်ကျန်ရစ်နေလိမ့်မယ်”
၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဆိုဖီနဲ့ သူ့အစ်ကိုတို့ဟာ တက္ကသိုလ်ပရဝုဏ်ထဲ လက်ကမ်းစာစောင်တွေ လိုက်ဝေ ပါတယ်။ ဆိုဖီကတော့ တက္ကသိုလ်ပင်မအဆောက်အဦရဲ့ အမြင့်တနေရာကနေ လက်ကမ်းစာစောင်တွေ ကျဲချလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ လျှို့ဝှက်ထောက်လှမ်းရေးရဲက တွေ့ရှိသွားတဲ့အတွက် သူမနဲ့ သူမအစ်ကို ဖြစ်သူတို့ကို ဖမ်းဆီးပြီး စစ်ကြောရေးကို ပို့လိုက်ပါတယ်။ ဆိုဖီတို့မောင်နှမနှစ်ယောက် စစ်ကြောရေးမှာ အစစ်ခံရတဲ့အချိန်မှာ ဘယ်လိုပဲစစ်မေး စစ်မေး အခြားသောနှင်းဆီဖြူအဖွဲ့ဝင်တွေအကြောင်း မဖြေကြားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခြားသော နှင်းဆီဖြူအဖွဲ့ သားတွေကိုပါ ဖမ်းဆီးခံခဲ့ပါတယ်။ သူမအပါအဝင် နှင်းဆီဖြူအဖွဲ့သားအချို့ သေဒဏ်ချမှတ်ခံခဲ့ရပြီး အချို့ကတော့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
အမှုကို ခုံရုံးမှာ စစ်ဆေးတဲ့အခါ ဆိုဖီက အခုလိုဖြေခဲ့ပါတယ်။
“ကျွန်မသဘောထားကတော့ အရင်တုန်းကအတိုင်းပါပဲ။ ကိုယ့်နိုင်ငံအတွက် ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံး လုပ်ခဲ့ တယ်လို့ ယူဆတယ်။ ဒါကြောင့် ကျွန်မအပြုအမူအပေါ် နောင်တ တစုံတရာရခြင်းမျိုး မရှိပါဘူး။ ကျွန်မလုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ခံယူပါမယ်။”
ခေါင်းဖြတ်သတ်ဖို့ သေဒဏ်စီရင်ချခံရချိန်မှာ သူမအသက် ၂၁ နှစ်ပဲ ရှိပါသေးတယ်။
အဲဒီခေတ်က ဂျာမာန်သတင်းစာတွေမှာ သူမတို့အဖွဲ့ သေဒဏ်ချမှတ်အသတ်ခံတဲ့အကြောင်း ဖော်ပြမှုမရှိသလောက် နည်းခဲ့ ပေမယ့် နိုင်ငံရပ်ခြားဒေသတွေမှာတော့ စိတ်ဝင်စားမှုရှိခဲ့ကြပါတယ်။ ၁၉၄၃ ခုနှစ်၊ ဧပြီလမှာတော့ နယူယောက်တိုင်းမ် သတင်းစာမှာ ဟစ်တလာကို ဆန့်ကျင်ပုန်ကန်ကြတဲ့ နှင်းဆီဖြူအဖွဲ့ဝင်တွေ သေဒဏ်ချမှတ် အသတ်ခံရကြောင်း သတင်း ဖော်ပြမှုပါလာပါတယ်။ ၁၉၄၃ ခုနှစ်မှာပဲ နှင်းဆီဖြူအဖွဲ့က နောက်ဆုံးထုတ်ဝေခဲ့တဲ့ ခြောက်ခုမြောက် လက်ကမ်းစာစောင်ကို ဗြိတိသျှမဟာမိတ်လေတပ်က လေယာဉ်ပေါ်ကနေ ဂျာမဏီမြို့ပေါ် ကျဲချခဲ့ပါတယ်။
မတရားမှုတွေကို တော်လှန်ခဲ့တဲ့ နှင်းဆီဖြူဟာ ယခုချိန်ထိ သမိုင်းမှာ ကောင်းသတင်းတွေနဲ့ သင်းပျံ့နေဆဲဖြစ်ပြီး အာဏာရှင် ဟစ်တလာကတော့ သမိုင်းမှာ ပြင်လို့ဖျောက်လို့မရတော့တဲ့ အာဏာရူးအဖြစ် ခေတ်အဆက်ဆက် မှတ်တမ်းကျန်ရစ်နေမှာ ဖြစ်ပါတယ်။

သစ္စာတည်

ဘီဘီစီသတင်းထောက် ဂျဲန်နီဟေးလ်ရေးသားပြီး ဘီဘီစီသတင်းဌာနဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ Sophie Scholl: Student who resisted Hitler and inspires Germany ဆောင်းပါးအား အဓိကကိုးကားပြီး ဆီလျော်သလို ဗမာဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။