မြို့မငြိမ်းသီချင်းထဲက အမျိုးသမီးအရေး – သစ္စာတည်

“ယောက်ဖ တိုက်ပွဲနိုင်အောင်တိုက်

မိန်းမ မရမှာမပူနဲ့

ငါ့ညီမရှိတယ်”

တလောဆီက နွေဦးတော်လှန်ရေးဆန္ဒပြပွဲတစ်ခုမှာ တွေ့ရတဲ့ စာတန်းပါ။ ဒီစာတန်းကိုရေးတဲ့ ဆန္ဒထုတ်ဖော်သူ တွေရဲ့ မူလရည်ရွယ်ချက်ကိုတော့ ဆန္ဒထုတ်ဖော်သူတွေကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဘယ်အတိုင်းအတာ၊ ဘယ် အတိမ်အနက်ဆိုတာကိုလည်း မူလရေးသူတွေပဲ သိပါလိမ့်မယ်။ ဒါပေသိ အမျိုးသမီးအရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်သံ စီစီညံညံထွက်ခဲ့တဲ့ စာတန်းတစ်ခုတော့ဖြစ်ခဲ့ပါတယ်။ တကယ်တော့ အမျိုးသမီးတွေကို ဇိမ်ခံပစ္စည်း ကဲ့သို့၊ အရာဝတ္ထုပစ္စည်းကဲ့သို့ ပက္ကာဆက်ကြတာ ပဒေသရာဇ်ခေတ်ရဲ့ အပြုအမူပါ။

တချို့ကလည်း ဒီစာတန်းပတ်သက်ပြီး အရမ်းအတွေးမလွန်ဖို့၊ အပျော်သဘောရေးတာဖြစ်ပြီး တကယ်လဲ ကိုယ့်ညီမကို ပြီးစလွယ် သူများလက်ထဲ ထည့်လိုက်မှာမဟုတ်ကြောင်း ပြောဆိုတာတွေ့ရပြန်ပါတယ်။

ဒီလို အငြင်းအခုံ အဖြစ်အပျက်တွေနဲ့ ဆက်စပ်ပြီး ခေါင်းထဲရောက်လာတာက တေးပြုစာဆို မြို့မငြိမ်းရဲ့ “တောင်ပြုံး” ဆိုတဲ့ သီချင်းပါ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးရွာမှာ ကျင်းပတဲ့ ဘုရားပွဲနဲ့ နတ်ပွဲကို မြို့မ အသင်းသားများနဲ့အတူ လိုက်ပါသွားတဲ့ မိန်းမပျိုလေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို မြို့မငြိမ်းက ပေါ်ပေါ်လွင်လွင် ရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ထိကပါးရိကပါးစနောက်ကာ ပါးစပ်အရသာခံတတ်တဲ့ ကိုကိုကာလသားတွေအကြောင်း အဓိကပါဝင်ပါတယ်။ ဒီလို သားပြောမယားပြော စနောက်မှုမျိုးဟာ မဖြစ်သင့် ကြောင်း ပြောသူရှိသလို၊ ထုံးစံဖြစ်တာကြောင့် သည်းညည်းခံသင့်ကြောင်း အဲဒီခေတ်က နှစ်ဖက်အငြင်းအခုံ ဖြစ်ခဲ့ဟန်တူပါတယ်။

တောင်ပြုံးသီချင်းက မိန်းကလေးအဆိုရှင်ရဲ့ သီချင်းပါ။ လေပါတီမြရင် သီဆိုခဲ့တဲ့ အငြိမ့်သီချင်းပါ။ “ဪ.. တောင်ပြုံးခေါ် ပွဲတော်ကြီး နီးလာပြီ။ လာ… ကိုမြို့မ.. မြ,နဲ့တွဲ.. သွားပါရစီ” လို့ လေပါတီမြရင်ရဲ့ ဟန်လေးအတိုင်း သူ့နာမည် အဖျားစွတ်ကလေးထည့်ဆိုပြီး သီချင်းကို စထားပါတယ်။ ဒါကြောင့် မြို့မငြိမ်းဟာ ဒီသီချင်းကို မိန်းကလေးဘက်က ခံစားရေးတာလို့ ကောက်ချက်ချနိုင်ပါပြီး မိန်းကလေးတစ်ယောက်အပေါ် ကာယိန္ဒြေ ပျက်အောင် ထိကပါးရိကပါးပြောကြတာကို မနှစ်မြို့ကြောင်း ပြောထားတဲ့ စာသားတွေ တွေ့ရပါတယ်။

တောင်ပြုံးပွဲတော်လာ မိန်းကလေးတစ်ယောက်ရဲ့ ထိကပါရိကပါးပြောခံရတဲ့ အဖြစ်အပျက်ကို မြို့မငြိမ်းရဲ့ သီချင်းစာသားတွေတဆင့် ခံစားကြည့်ကြည့်ရအောင်ပါ။

ပြောခဲ့သလို ဒီသီချင်းထဲမှာ လေပါတီမြရင်ဟာ မြို့မအဖွဲ့သားတွေနဲ့အတူ တောင်ပြုံးပွဲတော်ကို သွားကြပါတယ်။ တောင်ပြုံးပွဲတော်ဟာ အင်မတန်စည်ကားတဲ့ ပွဲဖြစ်တာကြောင့် မန္တလေးကနေ တောင်ပြုံးရွာကို သွားရာလမ်း တလျှောက် ကြက်ပျံမကျ ကျိတ်ကျိတ်တိုးလေ့ရှိပါတယ်။ အဲဒီခေတ်က မော်တော်ကား ပေါများတဲ့ခေတ် မဟုတ်လေတော့ ရထားနဲ့ လှည်းနဲ့ သွားကြတာ ပိုများမယ်လို့ ထင်ပါတယ်။ အဲဒီတော့ လမ်းတလျှောက် လူအုပ်ကြီးနဲ့ စတွေ့ကတည်းက မမြရင်တစ်ယောက် စတာနောက်တာ ခံရပါပုံရပါတယ်။

“ဪ.. နောက်ကနေ.. ယောက်ဖရေ.. ခေါ်နေသည်” လို့ မမြရင်ခဗျာ အတူသွားတဲ့ ယောက်ျားသားတွေဖြစ်တဲ့ မြို့မအသင်းက အစ်ကိုတွေ၊ မောင်တွေကို ပြောရှာပါတယ်။ ဒါပေမယ့် အစ်ကိုတွေ၊ မောင်တွေက “ပျို.. သည်းညည်းခံ.. သည်းညည်းခံ… ထုံးစံပါအတည်” ဆိုပြီး ဒီပွဲမှာ ဒီလို စနောက်တာတော့ ထုံးစံပဲလို့ ပြန်ပြောတော့ “အိမ်ကို… မြန်မြန်… ပြန်ပါ… ကလေးတွေ ငိုကုန်ပြီ” လို့ နောက်ကနေ ကာလသားတစ်သိုက် ထိကပါးရိကပါး အော်ဟစ်ပြောနေတာကို ကြားနေပေမယ့် တောင်ပြုံးပွဲလာ မမြရင်တစ်ယောက် ပါးစပ်လေးပိတ် ငြိမ်နေလိုက် ရပါတယ်။ ဒါပေမယ့် “ပန်တော်ပန်းဝယ်… နန်းလယ်မရောက်မီ.. နောက်က စ နေသည်.. ကြောက်စရာ့ လှကေသီ… မိန်းမသားမို့.. ရှက်အားပိုပါသည်… ကျွန်မတယောက် ဒါလောက်စနေပြီ” ဆိုပြီး စတာနောက်တာ တဆင့်တက်ပြီး ကြမ်းတမ်းလာတာကို သူသည်းညည်းမခံနိုင်တော့ကြောင်း ပြောလာပါတယ်။

ပွဲခင်းထဲလည်း ရောက်နေပြီဖြစ်တာမို့ သူသည်းခံနိုင်သလောက် သည်းခံပေမယ့် စတာနောက်တာဟာ အတော်လေးဆိုးဝါးလာပုံကို “နှမချင်းရယ်တဲ့ မစာနာ.. အလွန်တရာ.. ကြမ်းတမ်းလှပါသည်.. စာနာဦးအတည်” လို့ ထုတ်ပြောလာရပါတော့တယ်။ တောင်ပြုံးပွဲတော်ဟာ အင်မတန် လူစည်ကားတဲ့ ပွဲတော်ဖြစ်တဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း အတင်းတိုးဝှေးကြရင်း ကာလသားတွေ ပါးစပ်ကလည်း အသံပေါင်းစုံထွက်နေလောက် ပါတယ်။ အဲဒီအချိန်အထိ မြို့မအသင်းက အစ်ကိုတွေ၊ မောင်တွေက “ထုံးစံမို့ မမုန်းရန် တောင်းပန်သည်” လို့ ပြောနေလေတော့ မမြရင်ခဗျာ ဒေါသကို မျိုချလိုက်ပေမယ့် “ကောင်းပါပေ့မောင်ရယ်… လူသွားလူလာ များတဲ့နေရာ မယားလောက်မက ဆိုသည်၊ တအားမြှောက်ကြလို့ ရီ” ဆိုပြီး သားပြောမယားပြောတွေ ပြောနေရာကနေ အဆင့်တွေလွန်လာပြီး မယားလောက်မကတဲ့အထိ ရိသဲ့သဲ့ပြောလာတော့ မမြရင်တစ်ယောက် သည်းခံနိုင်စွမ်း ကုန်လုလုဖြစ်သွားတယ် ထင်ပါတယ်။ “တော်ပြီ တန်ပြီ ရှေ့နှစ်ခါတော့ သည်နတ်ပွဲကို လာမယ်လဲ မကြံစည်” လို့ ထုတ်ပြောရလောက်အောင်ကို စိတ်ကုန်သွားရှာပါတယ်။

အတူသွားတဲ့ မြို့မအသင်းက အစ်ကိုတွေ၊ မောင်တွေဟာလည်း ကိုယ့်နှမ၊ ကိုယ့်အစ်မ သည်လောက် သားပြော မယားပြော ပြောခံနေရတာကို နည်းနည်းလေးမှ မဟန့်ဘဲ သည်းခံဖို့ကိုသာ ပြောနေလေတော့ “မြို့မဆိုတဲ့ အသင်းကလူသည်၊ နှစ်ဖော်သူတို့ ပေါင်းဖို့ကြံစည်… ဪ… သူတို့ကောင်းတို့ပါတီ… အပျော်သူတို့ စလိုကြသည်” ဆိုပြီး အတူလာတဲ့ မြို့မအစ်ကိုတွေ၊ မောင်တွေလည်း စိတ်ဆိုးဆိုးနဲ့ မောင်တို့တွေလည်း ဒီတောင်ပြုံးပွဲကို ဒီလို ပါးစပ်အရသာခံ စနောက်ဖို့ လာကြတာပေါ့၊ တကျိတ်တည်း တဉာဏ်ထဲတွေပေါ့ သူတော်ကောင်းကြီးတို့ရဲ့လို့ စိတ်ဆိုးဆိုးနဲ့ ပြောလိုက်ပါတယ်။

ဒီသီချင်းတောက်လျှောက်မှာ မြို့မငြိမ်းဟာ အဆိုရှင်အမျိုးသမီးဘက်က အမျိုးသမီးတွေရဲ့ ခံစားချက်ကို အဓိကထားပြီး ရေးထားသလို အဲဒီခေတ်က တောင်ပြုံးပွဲဟာ အမျိုးသမီးတွေကို ကာယိန္ဒြေပျက်အောင် စကြတာ ကိုလည်း ပေါ်ပေါ်လွင်လွင်ရေးဖွဲ့ထားပါတယ်။ ဒီလိုစတာနောက်တာဟာ “ချစ်လို့လား… စကြသည်… စကြသည်… ကြိုက်လို့လား… စကြသည်… စကြသည်…” လို့ ချစ်စနိုးနဲ့ စနောက်တာလို့ ကာပြော,ပြောတဲ့ အုပ်စုလည်း အဲဒီ ခေတ်က ရှိခဲ့ကြောင်းကို သီချင်းထဲကနေတဆင့် သိနိုင်ပါတယ်။

လေပါတီမမြရင်တို့ခေတ်က အခုခေတ်လို အမျိုးသမီးအရေးလှုပ်ရှားသူတွေ မရှိလေတော့ ဒီလိုမျိုး အမျိုးသမီး တွေရဲ့ ခံစားချက်တွေ၊ နစ်နာမှုတွေ၊ မလုံခြုံမှုတွေကို ပြောပေးမယ့်သူ သိပ်ရှိခဲ့မယ် မထင်ပါဘူး။ ဒါကြောင့် မြို့မငြိမ်းက ‘တောင်ပြုံး’ သီချင်းထဲကနေတဆင့် အမျိုးသမီးတွေရဲ့ ဘဝမလုံခြုံမှုကို လှစ်ဟာပြလိုက်တယ်လို့ ခံစားမိပါတယ်။ တနည်းပြောရရင် အမျိုးသမီးတစ်ယောက်ရဲ့ မလုံခြုံမှုတွေကို အမျိုးသားတစ်ယောက်က အသံထွက်ပေးတာပါ။

အမေရိကန် စာရေးဆရာ ဂျက်ဆန်ကဇ်ပြောဖူးတာရှိတယ်။

“ကျွန်တော်တို့တွေဟာ ပြီးခဲ့တဲ့နှစ်က အမျိုးသမီးတွေ ဘယ်လောက် အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့အကြောင်း ပြောကြပေမယ့် အမျိုးသားဘယ်နှစ်ယောက်က အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်ဆိုတာ မပြောကြပါဘူး။ ကျောင်းတွေမှာ မိန်းကလေးဘယ်လောက် နှောင့်ယှက်ကလူပြုခံရတဲ့အကြောင်း ပြောပေမယ့် ယောက်ျားလေး ဘယ်နှစ်ယောက်က မိန်းကလေးတွေကို ဒီလိုလုပ်ခဲ့တယ်ဆိုတာကို မပြောကြပါဘူး။ ဒီလိုပါပဲ ဆယ်ကျော်သက် မိန်းကလေး ဘယ်နှစ်ယောက် ကိုယ်ဝန်ရခဲ့ကြောင်းပြောကြပေမယ့် ဆယ်ကျော်သက်ယောက်ျားလေး ဘယ်လောက်က မိန်းကလေးတွေနဲ့ ကိုယ်ဝန်ရခဲ့သလဲဆိုတဲ့အကြောင်း မပြောကြပါဘူး။ ‘အပြုခံ’ တွေကိုပဲ ရှေ့တန်းတင် ပြောဆိုကြပြီး ‘ပြုလုပ်သူ’ ယောက်ျားလေးတွေ ပျောက်နေတယ်ဆိုတာ မြင်နိုင်ပါတယ်။ နောက်ဆုံး ‘အမျိုးသမီးများ အကြမ်းဖက်ခံရမှု’ ဆိုတဲ့ စကားလုံးမှာကိုက ပြဿနာရှိနေပါတယ်။ အပြုခံဘက်ကို ဦးတည် တည်ဆောက်ထားတဲ့ စကားလုံးဖြစ်ပြီး ပြုလုပ်သူ မပါတာ တွေ့ရပါလိမ့်မယ်။ အမျိုးသားဆိုတဲ့ စကားလုံး အစိတ်အပိုင်းတစ်ခုအနေနဲ့တောင် မပါပါဘူး။”

တေးပြုစာဆိုမြို့မငြိမ်းက ဂီတကနေတဆင့် အမျိုးသမီးတွေဘက်ကနေ အသံထွက်ပေးခဲ့သလို အမျိုးသားတွေ အနေနဲ့ အမျိုးသမီးအရေးဟာ အမျိုးသမီးတွေကိစ္စလို့ မမှတ်ယူဘဲ အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်လာရင် အမျိုးသားတွေကိုယ်တိုင်ကလည်း ပါဝင်ဆောင်ရွက်ပေးဖို့ အထူးလိုအပ်လှပါတယ်။

သစ္စာတည်

ဟစ်တလာကို တော်လှန်တဲ့ ကျောင်းသူ – သစ္စာတည်

သူမနာမည်ဟာ ကမ္ဘာကျော်နာမည်မဟုတ်ပေမယ့် သူမမွေးရပ်မြေဖြစ်တဲ့ ဂျာမဏီနိုင်ငံမှာတော့ ဆိုဖီရှောလို့ အမည်ရတဲ့ သူမဟာ နာမည်ကျော်တစ်ယောက်ဖြစ်ပြီး သူမရဲ့ အကြောင်းဟာလည်း အံ့မခန်းဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
သူမဟာ ၁၉၂၁ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် ယခုနှစ် ၂၀၂၁ ခုနှစ်ဟာ သူမရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့အခါသမယ ဖြစ်ပါတယ်။
သူမရဲ့ ဟစ်တလာကို တော်လှန်ပုန်ကန်ခဲ့ပုံတွေအကြောင်းကို စာအုပ်တွေ၊ ရုပ်ရှင်တွေ၊ ပြဇာတ်တွေမှာ ပြန်လည်ဂုဏ်ပြုကြ ပြီး ဒီနေ့ခေတ်လူငယ်တွေအတွက်လည်း ခွန်အားယူဖွယ်ဖြစ်နေဆဲပါ။
သူမရဲ့ အဖေဖြစ်သူဟာ ဂျာမဏီအနောက်မြောက်ဘက်မှာရှိတဲ့ မြို့တစ်မြို့ရဲ့ မြို့တော်ဝန်တစ်ဦး ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ငယ်စဉ် ကလေးဘဝဟာ သာသာယာယာတင့်တင့်တယ်တယ် ရှိခဲ့ပါတယ်။ သူမ ဆယ်ကျော်သက်အရွယ်မှာ နိုင်ငံကို ဟစ်တလာ အုပ်စိုးလိုက်တယ်။


‘ဒီလုပ်ရပ်တွေဟာ အဖနိုင်ငံတော်အတွက်လို့ လာမပြောနဲ့’


အစောပိုင်းကာလတွေတုန်းက ဆိုဖီနဲ့ သူ့အကိုတို့ဟာ အမျိုးသားဆိုရှယ်လစ်ပါတီကို ထောက်ခံခဲ့ကြပါသေးတယ်။ သူတို့ဟာ အဲဒီဘက်ခေတ်လူငယ်တွေလိုပဲ ပါတီက ဖွဲ့စည်းထားတဲ့အဖွဲ့တွေဖြစ်တဲ့ ဟစ်တလာလူငယ်လှုပ်ရှားမှုကို ဆိုဖီရဲ့အစ်ကိုက ဝင်ရောက်ခဲ့ပြီးတော့ ဆိုဖီကတော့ ဂျာမာန်မိန်းကလေးများအဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပါတယ်။
ဟစ်တလာကို အစဉ်တစိုက်ဝေဖန်နေတဲ့ သူတို့ရဲ့ အဖေဟာ သူ့သားသမီးတွေရဲ့ လုပ်ရပ်အပေါ် အံ့သြတုန်လှုပ်သွားတာ ကြောင့် ဖခင်ဖြစ်သူဟာ သူ့သားသမီးတွေနဲ့ ထမင်းစားရင်းဖြစ်စေ၊ အတွေးအမြင်ဖလှယ်ရင်းဖြစ်စေ နာဇီဝါဒအကြောင်း နေ့စဉ်လိုလို ဆွေးနွေးပါတယ်။ ပိုလန်နိုင်ငံကို ဟစ်တလာကျူးကျော်စစ် စတင်တဲ့အချိန်မှာ အတွေးအမြင်တွေ ပြောင်းလာကြ ပါတယ်။ အဲဒီကျူးကျော်စစ်ကို ဆင်နွှဲဖို့ ဂျာမာန်ယောက်ျားလေးတွေကို စစ်မျက်နှာပြင်ဆီ ပို့တဲ့အခါမှာ ဆိုဖီရဲ့ ရည်းစား ဖြစ်သူလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ အဲဒီအခါ ဆိုဖီဟာ ရည်းစားဖြစ်သူထံ စာရေးပို့တဲ့အခါမှာတော့ အခုလို ပါဝင်ပါတယ်။
“တချို့လူတွေက ဘာလို့ တခြားသူတွေရဲ့ အသက်ကို အဆက်မပြတ် စတေးခိုင်းနေတယ်ဆိုတာ ငါနားမလည်နိုင်ဘူး။ အဲဒါကို ဘယ်တော့မှလည်း နားလည်နိုင်မှာမဟုတ်သလို ဆိုးဝါးပြီး စိတ်ပျက်ဖို့ကောင်းတယ်လို့လည်းထင်တယ်။ ဒီလုပ်ရပ်တွေဟာ အဖနိုင်ငံတော်အတွက်လို့လည်း ငါ့ကို လာမပြောနဲ့။”
ဆိုဖီဟာ သူမအစ်ကိုတက်တဲ့ မြူးနစ်တက္ကသိုလ်မှာ ဇီဝဗေဒဘာသာရပ်ကို ဆည်းပူးခဲ့ပါတယ်။ အဲဒီတက္ကသိုလ်မှာ သူတို့ မောင်နှမတွေဟာ အုပ်စုလေးတွေဖွဲ့ပြီး အနုပညာကိစ္စ၊ ယဉ်ကျေးမှုကိစ္စ၊ အတွေးအခေါ်ကိစ္စတွေ လှုပ်ရှားဆောင်ရွက်ကြ ပါတယ်။ ဆိုဖီကတော့ ကခုန်ရတာကြိုက်နှစ်သက်ပြီး ပီယာနိုတီးတဲ့နေရာမှာ လက်စွမ်းရှိတဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် အာဏာရှင်စနစ်အောက်မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာတော့ သူတို့အဖွဲ့တွေဟာ အာဏာရှင်တော်လှန်ရေးလုပ်ငန်း တွေကို လုပ်ဆောင်လာပါတော့တယ်။


‘ငါတို့ ငြိမ်ခံနေမှာ မဟုတ်ဘူး’


ဆိုဖီရဲ့ အစ်ကိုဖြစ်သူနဲ့ သူ့သူငယ်ချင်းဖြစ်သူတို့ဟာ “နှင်းဆီဖြူ” လို့အမည်ရတဲ့ အုပ်စုတစ်စု စတင်ဖွဲ့စည်းလိုက်ပြီး စတင် ဖွဲ့စည်းခါစမှာ အဖွဲ့ဝင် ၆ ယောက်သာပါရှိခဲ့ပါတယ်။ နောက်တော့မှာ ဆိုဖီနဲ့ အခြားသူအနည်းငယ်ပါဝင်လာကြပါတယ်။ အဲဒီ အနည်းငယ်ထဲမှာ သူတို့ရဲ့ ပါမောက္ခဖြစ်သူတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။
သူတို့ နှင်းဆီဖြူအဖွဲ့ဟာ သူတို့ရဲ့ သူငယ်ချင်းတွေနှင့် အခြားသော မိတ်ဆွေတွေရဲ့ အကူအညီနဲ့ နာဇီအုပ်ချုပ်ရေးကို တော်လှန် ကြဖို့၊ ဂျူးလူမျိုးတွေ သတ်ဖြတ်ခံရမှုကို ရှုတ်ချကြဖို့နဲ့ စစ်ပွဲတွေ အဆုံးသတ်ဖို့ စတာတွေပါဝင်တဲ့ လက်ကမ်းစာစောင်တွေ ရိုက်နှိပ်ဖြန့်ဝေခဲ့ပါတယ်။
“ငါတို့တွေ ငြိမ်ခံနေမှာမဟုတ်ဘူး။ ငါတို့ဟာ မင်းတို့ရဲ့ နတ်ဆိုးဖြစ်တဲ့အတွက် နှင်းဆီဖြူဟာ မင်းတို့ကို လောင်ကျွမ်းပစ်မယ်”
၁၉၄၃ ခုနှစ်အစောပိုင်းကာလများက စတင်ကာ နှင်းဆီဖြူအဖွဲ့ဟာ လက်ကမ်းစာစောင်တွေ ထုတ်ဝေခဲ့ပြီး စုစုပေါင်း ၆ စောင် ထုတ်ဝေနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ခြောက်ခုမြောက်နောက်ဆုံးလက်ကမ်းစာစောင်မှာတော့ အခုလိုရေးသားထားပါဝင်ပါတယ်။
“ဂျာမာန်လူငယ်တွေဟာ မိစ္ဆာဆိုးကို တချိန်တည်းတပြိုင်တည်း မတွန်းလှန်၊ မခုခံကြဘူးဆိုရင် ဂျာမဏီနိုင်ငံဟာ နာမည်ဆိုးနဲ့ ထာဝရတွင်ကျန်ရစ်နေလိမ့်မယ်”
၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဆိုဖီနဲ့ သူ့အစ်ကိုတို့ဟာ တက္ကသိုလ်ပရဝုဏ်ထဲ လက်ကမ်းစာစောင်တွေ လိုက်ဝေ ပါတယ်။ ဆိုဖီကတော့ တက္ကသိုလ်ပင်မအဆောက်အဦရဲ့ အမြင့်တနေရာကနေ လက်ကမ်းစာစောင်တွေ ကျဲချလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ လျှို့ဝှက်ထောက်လှမ်းရေးရဲက တွေ့ရှိသွားတဲ့အတွက် သူမနဲ့ သူမအစ်ကို ဖြစ်သူတို့ကို ဖမ်းဆီးပြီး စစ်ကြောရေးကို ပို့လိုက်ပါတယ်။ ဆိုဖီတို့မောင်နှမနှစ်ယောက် စစ်ကြောရေးမှာ အစစ်ခံရတဲ့အချိန်မှာ ဘယ်လိုပဲစစ်မေး စစ်မေး အခြားသောနှင်းဆီဖြူအဖွဲ့ဝင်တွေအကြောင်း မဖြေကြားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခြားသော နှင်းဆီဖြူအဖွဲ့ သားတွေကိုပါ ဖမ်းဆီးခံခဲ့ပါတယ်။ သူမအပါအဝင် နှင်းဆီဖြူအဖွဲ့သားအချို့ သေဒဏ်ချမှတ်ခံခဲ့ရပြီး အချို့ကတော့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
အမှုကို ခုံရုံးမှာ စစ်ဆေးတဲ့အခါ ဆိုဖီက အခုလိုဖြေခဲ့ပါတယ်။
“ကျွန်မသဘောထားကတော့ အရင်တုန်းကအတိုင်းပါပဲ။ ကိုယ့်နိုင်ငံအတွက် ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံး လုပ်ခဲ့ တယ်လို့ ယူဆတယ်။ ဒါကြောင့် ကျွန်မအပြုအမူအပေါ် နောင်တ တစုံတရာရခြင်းမျိုး မရှိပါဘူး။ ကျွန်မလုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ခံယူပါမယ်။”
ခေါင်းဖြတ်သတ်ဖို့ သေဒဏ်စီရင်ချခံရချိန်မှာ သူမအသက် ၂၁ နှစ်ပဲ ရှိပါသေးတယ်။
အဲဒီခေတ်က ဂျာမာန်သတင်းစာတွေမှာ သူမတို့အဖွဲ့ သေဒဏ်ချမှတ်အသတ်ခံတဲ့အကြောင်း ဖော်ပြမှုမရှိသလောက် နည်းခဲ့ ပေမယ့် နိုင်ငံရပ်ခြားဒေသတွေမှာတော့ စိတ်ဝင်စားမှုရှိခဲ့ကြပါတယ်။ ၁၉၄၃ ခုနှစ်၊ ဧပြီလမှာတော့ နယူယောက်တိုင်းမ် သတင်းစာမှာ ဟစ်တလာကို ဆန့်ကျင်ပုန်ကန်ကြတဲ့ နှင်းဆီဖြူအဖွဲ့ဝင်တွေ သေဒဏ်ချမှတ် အသတ်ခံရကြောင်း သတင်း ဖော်ပြမှုပါလာပါတယ်။ ၁၉၄၃ ခုနှစ်မှာပဲ နှင်းဆီဖြူအဖွဲ့က နောက်ဆုံးထုတ်ဝေခဲ့တဲ့ ခြောက်ခုမြောက် လက်ကမ်းစာစောင်ကို ဗြိတိသျှမဟာမိတ်လေတပ်က လေယာဉ်ပေါ်ကနေ ဂျာမဏီမြို့ပေါ် ကျဲချခဲ့ပါတယ်။
မတရားမှုတွေကို တော်လှန်ခဲ့တဲ့ နှင်းဆီဖြူဟာ ယခုချိန်ထိ သမိုင်းမှာ ကောင်းသတင်းတွေနဲ့ သင်းပျံ့နေဆဲဖြစ်ပြီး အာဏာရှင် ဟစ်တလာကတော့ သမိုင်းမှာ ပြင်လို့ဖျောက်လို့မရတော့တဲ့ အာဏာရူးအဖြစ် ခေတ်အဆက်ဆက် မှတ်တမ်းကျန်ရစ်နေမှာ ဖြစ်ပါတယ်။

သစ္စာတည်

ဘီဘီစီသတင်းထောက် ဂျဲန်နီဟေးလ်ရေးသားပြီး ဘီဘီစီသတင်းဌာနဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ Sophie Scholl: Student who resisted Hitler and inspires Germany ဆောင်းပါးအား အဓိကကိုးကားပြီး ဆီလျော်သလို ဗမာဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။