ဒီဂျစ်တယ် စစ်မျက်နှာအတွက် တော်လှန်ရေးတပ်သား အလိုရှိသည် – သုခမင်းသျှင်

ယခုအခါ တော်လှန်ရေး အရှိန်ဟာ မြင့်သထက် မြင့်လာနေသလို၊ ဖက်ဆစ်စစ်တပ်ဘက်က ယုတ်မာမှု၊ ဖိနှိပ်မှု၊ သတ်ဖြတ်မှုတွေကလည်း ပိုမို ပြင်းထန်လာနေပြီဖြစ်ပါတယ်။ နေ့တိုင်း ရွာတွေ မီးရှို့ခံရ၊ လက်နက်ကြီး ဒဏ်ခံရ၊ လေယာဉ်နဲ့ ဗုံးကျဲတဲ့ဒဏ်ခံရချည်းပါပဲ။ တော်လှန်ရေးတပ်သားတွေဘက်ကလည်း အောင်ပွဲရဖို့ တိုက်ပွဲတွေ ဆင်နွှဲလို့နေကြပါပြီ။
ဒီအချိန်မှာ ပိုမို လိုအပ်လာတာကတော့ ထောက်ပံ့ရေးပါ။ ထောက်ပံ့ရေးမှာမှ ကိုယ်တိုင် စိုက်ထုတ် ထည့်ဝင် တာနဲ့ ဒီဂျစ်တယ် နည်းပညာသုံး ရန်ပုံငွေရှာဖွေရေးတွေမှာ ပါဝင်တာဆိုပြီး ၂ မျိုး နှစ်စား လောလောဆယ်ရှိလို့ နေပါတယ်။ ဒီမှာတော့ ဒီဂျစ်တယ် ကိစ္စကိုပဲ အဓိကအားဖြင့် ပြောချင်ပါတယ်။
ဒီဂျစ်တယ် နည်းပညာနဲ့ ရန်ပုံငွေရှာဖွေရေးကဏ္ဍကို ဒီဂျစ်တယ် စစ်မျက်နှာလို့ပဲ ခေါ်လိုက်ကြပါစို့ရဲ့။
တော်လှန်ရေး သက်တမ်းကြာလာတာနဲ့ အမျှ ကိုယ်တိုင် ထည့်ဝင်စိုက်ထုတ်နိုင်စွမ်းဟာ ကျလာတော့မှာဖြစ်ပါ တယ်။ ဖက်ဆစ်တွေဘက်ကလည်း ပြည်သူ မကြပ်တည်းကြပ်တည်းအောင် နည်းမျိုးစုံနဲ့ ကြံဆောင်ပြီး ပြည်သူ့ ရဲ့ ထည့်ဝင်နိုင်စွမ်းကို ကန့်သတ်တားဆီးလာမှာပါ။ ဒီအခါမှာ အရေးပါလာတာကတော့ ဒီဂျစ်တယ် ကဏ္ဍပါပဲ။
ဒီကဏ္ဍက ဘယ်လောက် အလုပ်ဖြစ်တယ်၊ ဘယ်လောက်အရေးပါတယ်ဆိုတာကို အထူးတလည် ရှင်းပြနေဖို့ မလိုတော့ပါဘူး။ ဒီဇင်ဘာလအတွင်းမှာရရှိခဲ့တဲ့ ရလဒ်တွေနဲ့ ဖက်ဆစ်တွေဘက်က အင်တာနက်နဲ့ပတ်သက်လို့ ဒေတာဈေးတွေတက်တာ၊ ဖုန်းကတ်တွေ ကန့်သတ်တာတွေ လုပ်ယူလာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီကဏ္ဍရဲ့ ထိရောက်မှုကို အထင်းသား မြင်နိုင်နေပါပြီ။
ဒီကဏ္ဍမှာ ပါဝင်ဖို့ နေရာ အများအပြား ရှိပါတယ်။ Click To Donate တစ်ခုတည်း အောက်မှာကိုပဲ အမျိုး အစား အမျိုးမျိုးရှိလို့နေပါတယ်။ အဲဒီအပြင် Play To Donate လို အဖွဲ့တွေ၊ Tha Din လို App မျိုးတွေ အများအပြားကို ရှိနေပါတယ်။ (ရှိနေတဲ့ နေရာတွေရဲ့လင့်ခ်တွေကို သီးသန့် စုစည်းဖော်ပြပေးပါ့မယ်) အဲဒီ အပြင် YouTube Channel တွေလိုနေရာတွေမှာလည်း အများအပြားကို ရှိလို့နေပါတယ်။ ဆိုတော့ အဲဒီလို နေရာတွေမှာ နည်းမှန်လမ်းမှန် ပါဝင်ကြရုံနဲ့ တော်လှန်ရေး ရန်ပုံငွေက အများအပြား ရရှိလာမှာဖြစ်ပါတယ်။ (ဘယ်လို ဘယ်ပုံ Click ရမယ်၊ Play ရမယ်၊ Stream ရမယ်ဆိုတာကို ရှင်းပြထားတဲ့ သူတွေ၊ ပို့စ်တွေလည်း အများကြီးပါပဲ။ အလွယ်တကူ လေ့လာလို့ရပါတယ်။ နီးစပ်ရာ လူငယ်တွေဆီမှာလည်း မေးမြန်းကြည့်လို့ရနိုင် ပါတယ်)
လက်ရှိအချိန်မှာ အများဆုံး လူ အယောက် ၂ သောင်းလောက်ကသာ ပါဝင်နေပြီး အဲဒီ လူပမာဏလောက်နဲ့ တင် သိန်း ၂၀ဝ ပတ်ချာလည်ကို ရှာဖွေပေးနေတာဖြစ်ပါတယ်။ ဆိုတော့ လူ အယောက် သိန်းနဲ့ချီ ပါဝင်မယ် ဆိုရင် လူဦးရေလည်း တက်လာသလို၊ ဝင်ရောက်ကြည့်ရှုမှုနှုန်းတက်လာတဲ့အတွက် ကြော်ငြာကြည့်ခနှုန်းထား ကလည်း တိုးလာမှာဖြစ်ပါတယ်။ ဒါကြောင့် တတ်နိုင်တဲ့သူ အားလုံး ပါဝင်ပေးကြဖို့ လိုအပ်နေပါတယ်။
အခုလက်ရှိမှာ အယောက် ၂ သောင်းလောက်ကသာ တနေ့တာထဲက နာရီနဲ့ချီ အချိန်ပေးကြိုးစားနေကြရတာ ဖြစ်ကာ အဲဒီ အယောက် ၂ သောင်းထဲမှာ တဝက်လောက်က တော်လှန်ရေးတပ်သားတွေက ပါဝင်ကြိုးစားနေ ကြရတာဖြစ်ကြောင်း Click2Donate ရဲ့ ပို့စ်တစ်ခုမှာဖော်ပြထားပါတယ်။ ဒါဟာ တကယ့်ကို ရင်နာစရာအဖြစ်ပါ ပဲ။ အသက်ပေးတိုက်ပွဲဝင်နေရတဲ့ သူတွေက နားချိန်ကို ပေးပြီး ပါဝင်နေကြရပြန်တဲ့ အဖြစ်ပါ။
လက်ရှိအချိန်မှာ အင်တာနက် အပိတ်ခံထားရတဲ့ နေရာအတော်များများကို ရှိနေပါပြီ။ သို့သော် ရန်ကုန်နဲ့ မန္တ လေးလို လူဦးရေ အထူထပ်ဆုံး ဒေသတွေကတော့ အင်တာနက် ရရှိနေဆဲပါ။ ဒီတိုင်းကြီး ၂ တိုင်းမှာတင် လူ ဦးရေ ၁၀ သန်းထက်မနည်း နေထိုင်ကြပါတယ်။ ဒီလူဦးရေဟာ ရရှိနေတဲ့ အခွင့်သာမှုကို အသုံးချပြီး တော်လှန် ရေး ရန်ပုံငွေ များစွာ ရှာဖွေပေးနိုင်ဖို့ လုံးဝ ပြည့်စုံတဲ့ လူဦးရေလည်းဖြစ်ပါတယ်။ အခွင့်သာနေတဲ့အချိန်မှာမှ မပါ ဝင်သေးရင် အခွင့်မသာတော့မှ ပြန်တွေးပြီး နောင်တရနေကြရမှာဖြစ်ပါတယ်။
အခုဆိုရင် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးတို့မှာ စစ်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး တော် လှန်ရေး ရဲဘော်တွေ အသက်စွန့် တိုက်ပွဲဝင်နေကြရပါတယ်။ တစ်ချို့ဆိုရင် အရည်အသွေးအားဖြင့် တပန်းမ ကရှုံးနေတဲ့ လက်နက်တွေနဲ့ ရဲရင့်မှုတစ်ခုတည်းကိုသာ အားကိုးပြီး တိုက်ပွဲဝင်နေရတာဖြစ်ကာ အသက်ပေါင်း များစွာလည်း ပေးထားကြရပါတယ်။ အဲဒီလိုပဲ ဒေသခံပြည်သူတွေဟာလည်း အိုးအိမ်တွေကိုဆုံးရှုံး စွန့်ခွါနေကြ ရသလို၊ သေဆုံးကြရှာသူတွေလည်း မနည်းလှပါဘူး။ ဒါတွေဟာ တော်လှန်ရေးအတွက် အနစ်နာခံရမှုတွေပါပဲ။ ပေးဆပ်နေရတာတွေပါပဲ။ ပိုပြီး ရင်နင့်စရာကောင်းတာက အဲဒီလို တော်လှန်ရေးအတွက် အနစ်နာခံပေးဆပ် နေကြရတဲ့ ဒေသတွေဟာ ယခင့်ယခင်ကလည်း အခွင့်အရေးတွေ ဆုံးရှုံးလက်လွှတ်ထားခဲ့ရတဲ့ ဒေသတွေ အများစုဖြစ်နေပြန်တဲ့အချက်ပါ။
ရန်ကုန်၊ မန္တလေးတို့ဟာ မြန်မာတစ်နိုင်ငံလုံးမှာတော့ အခွင့်သာမှု၊ အခွင့်အရေးပို အရဆုံး ဒေသတွေဖြစ်တယ် ဆိုတာကို လုံးဝငြင်းဆန်လို့မရပါဘူး။ လက်ရှိအချိန်မှာလည်း မြို့ပြပြောက်ကျားတွေရဲ့ တိုက်ခိုက်မှုလောက် သာရှိနေသေးတာကြောင့် ကျန် ဒေသတွေနဲ့ ယှဉ်ရင် အခွင့်သာမှု အများအပြားရှိနေဆဲပါ။ ဒီအခွင့်သာမှုတွေမှာ သာယာပြီး တခြားဒေသတွေမှာ အသက်စွန့်နေမှုတွေ၊ အိုးအိမ်စွန့်လွှတ်နေရမှုတွေကို ဥပေက္ခာပြုထားမယ်ဆို ရင် ရှက်ဖွယ်လိလိ ကိစ္စပဲဖြစ်ပါတော့မယ်။ ဒါကြောင့် ဒီလို မပင်မပန်းအကျိုးများလှတဲ့ ဒီဂျစ်တယ်ကဏ္ဍမှာ အင်တိုက်အားတိုက် ပါဝင်ကြဖို့ လိုအပ်နေပါတယ်။
ပုံမှန်အားဖြင့် ရှေ့တန်းမှာ တပ်သားတစ်ယောက် လှုပ်ရှားတိုက်ပွဲဝင်တဲ့အခါ သူ့အတွက် ထောက်ပို့ တပ်သား၊ ဆက်သွယ်ရေးတပ်သား အစရှိသဖြင့် နောက်ချန်တပ်သားတွေက ၁၀ ဦးထက်မနည်း လှုပ်ရှားကြရတယ်လို့ သိ မှတ်ဖူးပါတယ်။ ဒါမှသာ ရှေ့တန်းက တိုက်ပွဲဝင်တပ်သားဟာ အပူအပင်မရှိ တိုက်ပွဲကို ရွတ်ရွတ်ချွံချွံဝင်နိုင်မှာ ပါ။ ကျွန်တော်တို့လည်း ဒီအချိုးအတိုင်း ရအောင် ကြိုးစားကြည့်ဖို့လိုအပ်ပါတယ်။ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်သား ၅ သောင်းရှိမယ်ဆိုရင် နောက်တန်းက ကြိုးစားပေးနေတဲ့ ထောက်ပို့တပ်သားက ၅ သိန်းရှိရေး ကြိုးစားပါဝင်ကြဖို့ လိုပါတယ်။ ရှေ့တန်းမှာ ၁ သိန်းဆိုရင် နောက်တန်းမှာ ၁ သန်းဖြစ်နေသင့်ပါ တယ်။ အဲဒီအတွက်လည်း လူဦးရေ ၁၀ သန်းကျော်ရှိနေတဲ့ ဒေသကြီးနှစ်ခုက အခက်အခဲရှိမယ်လို့မထင်ပါ ဘူး။ တကယ် အားတက်သရော ပါဝင်ဖို့ပဲ လိုအပ်ပါတယ်။
ပါဝင်ကြတဲ့အခါမှာလည်း လူဦးရေများလာတာနဲ့ အမျှ တစ်ဦးကို နာရီနဲ့ချီ ပါဝင်ဖို့ မလိုတော့ပါဘူး။ တစ်ဦးကို တစ်ရက် ၁၅ မိနစ်လောက်နဲ့တင် လုံလောက်ပါတယ်။ လူဦးရေများများ ပါဝင်လာကြဖို့သာ အဓိကပါ။ မနက် ၅ မိနစ်၊ နေ့ခင်း ၅ မိနစ်၊ ညနေ ၅ မိနစ် ပါဝင်ရုံနဲ့တင် အလုပ်က ပြီးမြောက်သွားမှာဖြစ်ပါတယ်။
ဒီနေရာမှာ အထူးသတိထားရမှာတော့ နေ့စဉ်နေ့တိုင်းတော့ တာဝန်တစ်ခုလို ခံယူပြီး ပါဝင်ကြဖို့ပါ။ စိတ်ပါတဲ့ အချိန်ကလေးမှ လုပ်မယ်၊ ကျန်တဲ့အချိန်မေ့ထားမယ်ဆိုပြီး ပစ်ထားလို့ရတဲ့ အပျော်ကိစ္စမဟုတ်ပါဘူး။ အသက်နဲ့ ဘဝတွေရင်းထားရတဲ့ တော်လှန်ရေးကြီးတစ်ခုလုံးနဲ့ ဆိုင်တဲ့ လူတိုင်းရဲ့တာဝန်ကြီးတစ်ခုအဖြစ် ခံယူပြီး ကိုယ်ရဲ့နေ့စဉ်ဘဝထဲမှာ တစိတ်တပိ်ုင်းအဖြစ်ကို ထည့်သွင်းရမယ့် တာဝန်၊ အလုပ်လို့ ခံယူဖို့လိုအပ် ပါတယ်။
တစ်ရက်ကို ဝင်ရောက်နှုန်း မတူညီဘဲ အတက်အကျများလွန်းနေတာကြောင့် သက်ဆိုင်ရာ အဖွဲ့တွေ အခက် အခဲ မကြာခဏတွေ့နေရတာကိုလည်း သတိပြုစေချင်ပါတယ်။
ဒီတော်လှန်ရေးဟာ အားလုံးရဲ့အနာဂတ်နဲ့ ဆိုင်တဲ့ တော်လှန်ရေးဖြစ်ကြောင်း ထပ်မံသတိပေးပါရစေ။
တစ်ချို့သောသူတွေကတော့ “အာဏာရှင် လက်အောက်မှာလည်း ကိုယ့်ထမင်း ကိုယ်ရှာစားရတာပဲ။ ငါကတော့ ကြံဖန်ပြီး ရှင်သန်တတ်ပါတယ်။ လုပ်တတ်ကိုင်တတ်ပါတယ်” လို့ ဆင်ခြေပေး ရေသာခိုနေကြ တာရှိပါတယ်။ များများရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တိုင်ပဲ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ တကယ်ပဲ အာဏာရှင် လက်အောက်မှာ နေချင်တာလား ဆိုတဲ့ ရိုးရှင်းတဲ့ မေးခွန်းလေးတစ်ခုကို ကိုယ်တိုင် ဖြေကြည့်ရုံနဲ့ ကိုယ့်ကိုယ် ကိုယ် သိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ့်ကိုယ် လိမ်ညာပြီး ရေသာမခိုနေဘဲ ရှေ့တန်းမသွားနိုင်သေးတောင် နောက်တန်းကနေ မပျက်မကွက် ပါဝင်ပေးကြဖို့ အထူးနှိုးဆော်လိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်သားတစ်ယောက်လို ပြောင်းလဲခံယူပြီး နေ့စဉ်ဘဝထဲမှာ တော်လှန်ရေးကို ထည့်သွင်းကာ ကိုယ်တိုင် တိုက်ပွဲဝင်ကြရမယ့် အချိန်ကို ရောက်လာပါပြီ။
ရှေ့တန်းမှာ လက်နက် မပြည့်မစုံနဲ့ အစားဆင်းရဲ အနေဆင်းရဲ တိုက်ပွဲဝင်နေကြတဲ့ ရဲရဲတောက် စစ်သည်တွေ ရှိနေပါပြီ။
အခု လိုအပ်နေတာကတော့ နေ့စဉ်ဘဝထဲက အချိန်တစ်ခုကို ဖဲ့ပေးပြီး အင်နဲ့အားနဲ့ ဝိုင်းဝန်းပါဝင်ကြမယ့် နောက်တန်းဒီဂျစ်တယ်စစ်မြေပြင်က တော်လှန်ရေးထောက်ပို့တပ်သားတွေပါ။
သင့်ကို တော်လှန်ရေးက အလိုရှိနေပါတယ်။

သုခမင်းသျှင်

ဓမ္မက နိုင်မယ်၊ သို့သော်… – လင်းသူဟန်

တော်လှန်ရေးကာလ စတင် စ လမ်းပေါ်သပိတ်တော်လှန်ရေးကတည်းက လက်ရှိ လက်နက်ကိုင်တော်လှန်ရေး အထိ တောက်လျှောက်တွေ့မြင်နေရတဲ့ စကားတစ်ခွန်းကတော့ ဓမ္မက နိုင်လိမ့်မယ်ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပါ တယ်။ ဒီစကားဟာ အဓမ္မဘက်တော်သား စကစနဲ့ သူ့ရဲ့လက်ပါးစေတပ်တွေကို ရင်ဆိုင်ရာမှာ အများဆုံး သုံးလေ့သုံးထရှိတဲ့စကားတစ်ခွန်းပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ပြန် စဉ်းစားသုံးသပ်ရမှာက ဓမ္မက သူ့အလိုလို အမြဲနိုင်သွားသလားဆိုတာပါပဲ။
ပထမဆုံးနဲ့ အသေချာဆုံး စကားကတော့ အားပြိုင်မှုတွေမှာ အားပိုစိုက်ထုတ်နိုင်တဲ့၊ အားပိုကောင်းတဲ့ သူက အနိုင်ရစမြဲဆိုတဲ့ လောကနိယာမဖြစ်ပါတယ်။ ဒီနိယာမကို ကျွန်တော်တို့ ရှောင်လွှဲလို့မရပါဘူး။
ဒါဖြင့် ကျွန်တော်တို့ လောကမှာ အားကောင်းတဲ့သူက နိုင်စတမ်းချည်းပဲလားဆိုရင်တော့ မဟုတ်သေးပါဘူး။ အား ဆိုတဲ့စကားမှာကိုက အား ပုံစံမျိုးစုံရှိနေလို့ပါပဲ။
၁။ ကိုယ်ကာယခွန်အား
၂။ အစုအဖွဲ့အင်အား
၃။ ဉာဏ်ပညာအင်အား
၄။ ဥစ္စာဓန အင်အား
၅။ အသင်းအပင်းမိတ်သင်္ဂဟအင်အား
၆။ စိတ်ဓါတ်အင်အား
ဆိုပြီး အကြမ်းဖျဉ်းအားဖြင့် အင်အားတွေကို ပြန်ခွဲထုတ်လို့ရပါသေးတယ်။
ဒါကြောင့်ပဲ ရာဇဝင်မှာ ကာယအင်အားကြီးသူကို အစုအဖွဲ့နဲ့ အနိုင်ယူခဲ့တာ၊ အစုအဖွဲ့အင်အားကြီးသူတွေကို ဉာဏ်ပညာနဲ့ အနိုင်ယူခဲ့တာ၊ ဥစ္စာဓနအင်အားနဲ့ အောင်နိုင်ခဲ့တာ၊ မိတ်သင်္ဂဟ အင်အားနဲ့ အနိုင်ယူနိုင်ခဲ့တာ၊ စိတ်ဓါတ်အင်အားနဲ့ အနိုင်ယူနိုင်ခဲ့တာတွေကို အကြိမ်ကြိမ်တွေ့မြင်ခဲ့ကြရမှာဖြစ်ပါတယ်။
ဆိုတော့ ကျွန်တော်တို့ ပြောနေတဲ့ ဓမ္မက အနိုင်ရလိမ့်မယ်ဆိုတဲ့စကားဟာ ကိုယ်ဟာ မှန်သောဘက်မှာရှိနေ တယ်ဆိုတဲ့ အသိကို သိပြီး မာကျောခိုင်ကြည်သော စိတ်ဓါတ်ကို မွေးလို့ ဇွဲရှိရှိ၊ ဝီရိယရှိရှိနဲ့ မပြတ်လုပ်ဆောင် နိုင်ဖို့အတွက် မာန်တင်းတဲ့ စကားဖြစ်ပါတယ်။ တနည်းပြောရရင် စိတ်ဓါတ်အင်အားမှာ အကြုံးဝင်ပါတယ်။
သို့သော် စိတ်ဓါတ်အင်အားတစ်ခုတည်းနဲ့တော့ အနိုင်မယူနိုင်ပြန်ပါဘူး။ အားထုတ်မှုမပါတဲ့ စိတ်ဓါတ်အင်အား ဟာ အချည်းနှီးပါပဲ။ ရှင်းရှင်းပြောရရင် အားထုတ်မှုမပါတဲ့ စိတ်ဓါတ်အင်အားဟာ အင်အားတစ်ခုလို့တောင် ပြောဖို့ခက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဖြေသာအောင် ဖြေသိမ့်နေခြင်းနဲ့သာ တူပါလိမ့်မယ်။ အားထုတ်မှုမလုပ် ဘဲ ဖြေသိမ့်မှုတွေနဲ့သာ နှစ်သိမ့်နေပြီး နောက်ဆုံးမှာ ကိုယ့်ဘက်က ရှုံးနိမ့်သွားတဲ့အခါ ဘုရား၊ နတ်သိကြား၊ မမြင်နိုင်သော အစွမ်းပကားတွေအပေါ် အပြစ်ပုံချတော့တာပါပဲ။ ဒါကိုပဲ ကယ်တင်ရှင်မျှော်တတ်တဲ့စိတ်၊ တ နည်း ကိုယ့်အားကိုယ်မကိုးတဲ့စိတ်လို့ ခေါ်ရမှာပါ။
ဒါကြောင့် ဓမ္မက အနိုင်ရလိမ့်မယ်ဆိုတဲ့ စကားဟာ အမြဲတမ်း တရားသေ မှန်နေတာတော့ မဟုတ်ပါဘူး။
ပိုပြီး မှန်ကန်အောင် ပြောရရင် ဓမ္မက အားကြီးတဲ့အခါ အဓမ္မကို နိုင်တယ်လို့သာ သုံးရမှာဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ဓမ္မက အဓမ္မကို နိုင်ချင်ရင် ဓမ္မဘက်က အားကြီးလာဖို့ ဓမ္မဘက်တော်သားတွေက အားထုတ် ကြရပါမယ်။ ဝိုင်းဝန်းပြီး ကိုယ်ထိလက်ရောက် အကျိုးရှိရှိ ပါဝင်ကြရပါမယ်။ ငါတို့ဘက်က တရားတယ်၊ မှန် ကန်တယ်၊ ငါတို့ပဲ အနိုင်ရလိမ့်မယ်ဆိုတာ မျက်ကန်းယုံကြည်မှုပါ။ လူတွေဟာ အရာတိုင်းအပေါ် မျက်ကန်း ယုံကြည်မှုနဲ့ ပစ်ပုံအားကိုးပြီး ကြိုးစားအားထုတ်ဖို့ကိုကျ ပျက်ကွက်ကြပါတယ်။ ဒါနဲ့ပဲ ပိုမိုအားထုတ်သူတွေက အနိုင်ရသွားတော့တာပါပဲ။ အဲဒီအနိုင်ရသူတွေက အဓမ္မဘက်တော်သားတွေလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ အကြောင်းကတော့ သူတို့က ပိုပြီး အားထုတ်တာကိုး။
ဒါကြောင့် ကျွန်တော်တို့ဟာ ဓမ္မဘက်က အနိုင်ရစေချင်ရင် ဓမ္မဘက်က အားသာလာအောင် အားထုတ်ကြရပါ မယ်။
တစ်ချို့က မတရားမှုနဲ့ တရားမျှတမှုဆိုရင် တရားမျှတမှုဘက်မှာ အမြဲရပ်တည်တယ်လို့ ဝင့်ကြွားပြောဆိုကြပါ တယ်။ တကယ်တမ်း ငါကတော့ တရားတဲ့ဘက်ကပဲဟေ့လို့ ထုတ်ဖော်ရပ်တည်ရုံနဲ့ လုံလောက်တဲ့အခိုက်ကာ လအခြေအနေဆိုတာ သီးသန့်ရှိပါတယ်။ အဲဒီထက်ပိုပြီး အားထုတ်ပါဝင်ဖို့လိုတဲ့ အခြေအနေက သီးသန့်ရှိပါ တယ်။ အားထုတ်ပါဝင်မှဖြစ်မယ်ဆိုတဲ့ အခြေအနေမှာ အမှန်တရားဘက်က အမြဲရပ်တည်တယ်ဟေ့လို့ ထုတ် ဖော်ကြေညာပြီး တကယ်တမ်းလက်တွေ့မှာ ဘာတစ်ခုမှ ပါဝင်အားထုတ်မနေဘူးဆိုရင်တော့ အမှန်တရား ဘက်တော်သားအင်အားစုထဲ ဝင်ရောပြီး ရေသာခိုနေတာနဲ့ ဘာမှကို မထူးခြားလှပါဘူး။ လူသာများလို့ ပွဲ မစည်ဆိုတဲ့ စကားကို ဒီနေရာမှာ သုံးရမှာဖြစ်ပါတယ်။
လက်ရှိ ကျွန်တော်တို့ တော်လှန်ရေးကို ကြည့်ပါ။ ကျွန်တော်တို့ဟာ စကတည်းက အရှုံးနဲ့စခဲ့တယ်ဆိုတာကို မ မေ့ကြစေချင်ပါဘူး။ ခေါင်းဆောင်တွေ အဖမ်းခံရတယ်၊ အာဏာကို လက်နက်နဲ့အလုယူခံရတယ်၊ သူတို့ဘက် က နယ်မြေတွေနဲ့ လုပ်ပိုင်ခွင့်တွေကို သိမ်းယူထားတယ်။ ကျွန်တော်တို့ဘက်က အရှုံးပါ။
အဓမ္မဘက်ဆိုပေမဲ့ သူတို့ဘက်က အနိုင်ရထားတဲ့ အခင်းအကျင်းနဲ့ စဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ ရွေးစရာ နှစ်ခုရှိခဲ့ပါတယ်။ အဓမ္မကိုပဲ အနိုင်ပေးလိုက်ပြီး ပြုသမျှနုမလား၊ သို့တည်းမဟုတ် ဓမ္မ ဆိုတဲ့ ကိုယ့်ဘက်က အနိုင်ရအောင်၊ အင်အားကောင်းလာအောင် ပြန်လုပ်မလားဆိုတာပါပဲ။ ကျွန်တော်တို့ ဒုတိယလမ်းကိုရွေးခဲ့ကြ ပါတယ်။ အဲဒီလိုနဲ့ တော်လှန်ရေးဟာ အဆင့်ဆင့်တက်လာခဲ့တာပါ။
ဆိုတော့ ကျွန်တော်အထက်မှာပြောခဲ့တဲ့ အင်အား အမျိုးမျိုးပေါ်မူတည်ပြီး ကျွန်တော်တို့နဲ့ သူတို့ရဲ့ လက်ရှိ ပကတိအခြေအနေ အင်အားအခြေပြနှိုင်းယှဉ်မှုလေးကို ဆွဲထုတ်ကြည့်လိုက်ကြရအောင်။ လူတစ်ယောက်ချင်း မဟုတ်တဲ့အတွက် ကိုယ်ကာယအင်အားကို အနည်းငယ်ချန်လှပ်ပြီး ခဏကျော်သွားလိုက်ပါမယ်။

အစုအဖွဲ့အင်အား

တော်လှန်ရေးစတင်ခါစမှာ လမ်းပေါ် လူစုလူဝေးဟာ တခဲနက်ပါပဲ။ သို့သော် အစုအဖွဲ့ဆိုတာ အဲဒီလောက်နဲ့ မရပါဘူး။ လက်နက်ကိုင်တော်လှန်ရေးကို စဝင်လာတဲ့အချိန်မှာ သူတို့ဘက်က အစုအဖွဲ့တစ်ခုမှာ လိုအပ်တဲ့ အချိတ်အဆက်၊ အလေ့အကျင့်၊ အခြေခံလိုအပ်ချက်၊ အင်အားစုစည်းမှုတွေ အဘက်ဘက်က အသာရနေခဲ့ တာပါ။ သူတို့ဟာ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့အပြင် နှစ်ကာလပေါင်းများစွာ အုပ်ချုပ်ရေးမှာ အသားကျခဲ့တယ်၊ လက်ရှိအချိန်ထိ အုပ်ချုပ်ရေးကဏ္ဍတွေမှာ သူတို့လူတွေရှိနေဆဲ၊ အုပ်ချုပ်ရေးကဏ္ဍက လူတွေအများစုဟာ သူတို့ဘက် ပါနေဆဲဖြစ်တာကြောင့် စုဖွဲ့ထားနိုင်မှုမှာ သူတို့ဘက်က အသာစီးရနေခဲ့တာပါ။
အဲဒီနောက် ကျွန်တော်တို့ဘက်ကလည်း တပ်ဖွဲ့တွေ ဖွဲ့စည်းတယ်၊ စုဖွဲ့တယ်၊ ပြင်ဆင်တယ်၊ လက်နက်တပ် ဆင်တယ်၊ စသည်ဖြင့် ကြိုးစားခဲ့ကြပါတယ်။ သို့သော်လည်း လက်ရှိအချိန်အထိ အားလုံးတညီတည်း စုဖွဲ့ ထားနိုင်မှု၊ အချိတ်အဆက်လုပ်ထားနိုင်မှု၊ လက်နက်တပ်ဆင်ထားနိုင်မှုမှာ သူတို့နဲ့ ယှဉ်ရင် အားနည်းနေတုန်း ပါပဲ။ သူတို့ရဲ့ အချိတ်အဆက်၊ အစုအဖွဲ့ကို ပြတ်တောက်ပြိုကွဲအောင်လည်း မလုပ်နိုင်သေးပါဘူး။
ဒါကြောင့် ကျွန်တော်တို့ဟာ အစုအဖွဲ့အင်အားမှာ ခုချိန်ထိ တပန်းရှုံးနေဆဲဖြစ်ပြီး အသာရဖို့ ချိတ်ဆက်မှုတွေ ပိုရ၊ စုဖွဲ့မှုတွေ ပိုကောင်းအောင် ပြင်ဆင်ကြရဦးမှာပါ။

ဉာဏ်ပညာအင်အား

ဉာဏ်ပညာအင်အားမှာလည်း သူတို့ဘက်က စစ်ပညာကို ကောင်းစွာသင်ကြားလေ့ကျင့်ထားသူတွေဖြစ်သလို၊ လက်နက်နဲ့၊ တိုက်ပွဲနဲ့ အတွေ့အကြုံအထိအတွေ့ရှိထားနှင့်ကြပြီးသားဖြစ်တာကြောင့် အစောပိုင်းမှာ သူတို့ ဘက်က အသာရနေခဲ့ပါတယ်။
သို့သော် လက်နက်ကိုင်ဆောင်နိုင်လာတဲ့နောက်ပိုင်း တိုက်ခိုက်ရေးတင်သာမက၊ ထုတ်လုပ်ရေးပိုင်းမှာပါ ကျွန် တော်တို့ဘက်ကလည်း အသိပညာတွေတိုးပွါး၊ အတွေ့အကြုံသင်ခန်းစာတွေ တိုးပွားလို့လာပါတယ်။ ERO တွေ က သဘောတရားပိုင်း၊ လက်တွေ့ပိုင်း ဝိုင်းဝန်းကူညီခဲ့ကြတဲ့ အကျိုးကျေးဇူးလည်းဖြစ်ပါတယ်။ အဲဒီအပြင်ကိုမှ ကျွန်တော်တို့ဘက်က တပ်ဖွဲ့တွေဟာ ကိုယ့်နယ်မြေကို အခြေပြုလှုပ်ရှားတာဖြစ်လို့ နယ်မြေကျွမ်းကျင်မှုပိုင်းမှာ ရော၊ နယ်မြေမှာ တင်ကူးနေရာယူထားနိုင်မှုမှာပါ အသာရလို့နေခဲ့ပါတယ်။
သို့သော်လည်း သူတို့ဘက်မှာ ပိုကောင်းတဲ့ စစ်အသုံးအဆောင်တွေ၊ လက်နက်တွေ ရှိနေသေးပြီး အဆင့်မြင့် မော်ဒန်စစ်အသုံးအဆောင်တွေ၊ လက်နက်တွေ (ဥပမာ တင့်ကားများ၊ သံချပ်ကာကားများ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ တာဝေးပစ်လက်နက်များ စသဖြင့်) ကို ထုတ်သုံးလာနိုင်စရာရှိနေသေးတာကြောင့် ကျွန် တော်တို့ဘက်က ခြေတလှမ်းလောက်တော့ အမြဲနောက်ကျနေသေးတဲ့ သဘောရှိပါတယ်။ သူတို့ဘက်က တစ်ခုခုကို ထုတ်သုံးလာမှသာ တန်ပြန်ဖို့ စဉ်းစားကြရတာမို့ ခြေတလှမ်းနောက်ကျတာ ဆန်းတော့ မဆန်း လှပါဘူး။ (ဥပမာ ရဟတ်ယာဉ်တွေ သုံးလာမှသာ လေကြောင်းတိုက်ခိုက်မှုကို ဘယ်လိုကာကွယ်မလဲ၊ ဘယ် လို တန်ပြန်မလဲဆိုတာကို စဉ်းစားကြရတာပါ။ ဒါပေမဲ့ ဒီဆောင်းပါးရေးနေတဲ့အချိန် ကရင်နီဒေသ၊ လွိုင်ကော်တိုက်ပွဲမှာ ရဟတ်ယာဉ်တစ်စင်းကို ပြန်လည်ပစ်ချနိုင်ခဲ့ပြီဖြစ်လို့ တန်းတူတဲ့အဆင့်တစ်ခုကို ပြန် လည် လှမ်းတက်လာနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်) ဆိုတော့ ဒီကဏ္ဍမှာလည်း ကျွန်တော်တို့ဟာ အခိုက်အတန့် တစ်ခုတော့ ခြေတလှမ်းနောက်ကျနေတတ်ပါသေးတယ်။

ဥစ္စာဓန အင်အား

ဒီကဏ္ဍမှာလည်း သူတို့ဘက်က ကာလပေါင်းများစွာ ကုတ်သွေးစုတ်အမြတ်ထုတ်လာသမျှ ဓနအင်အား တွေရှိနေသေးသလို၊ နိုင်ငံတော်ဘဏ္ဍာတွေကိုလည်း ထင်သလို ချယ်လှယ်အသုံးပြုခွင့်ရထားတာ ကြောင့် အစောပိုင်းမှာ သူတို့ဘက်က သာပါတယ်။ (ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းနေတဲ့အချိန်ဖြစ်လို့ နိုင်ငံတော်မှာ ဘဏ္ဍာအပိုငွေ များများရှိမနေတာကတော့ တကြောင်းပေါ့)
ကျွန်တော်တို့ဘက်ကတော့ ပြည်သူရဲ့ စိုက်ထုတ်မှုကို စုပေါင်းပြုလုပ်ပြီး ရှာဖွေကြရပါတယ်။ နောက်ပိုင်းမှာ နည်းလမ်းအမျိုးမျိုးနဲ့ ရှာဖွေတာတွေရှိလာပေမဲ့ အင်တာနက်၊ ဘဏ်စနစ်၊ ငွေလွှဲဝန်ဆောင်မှု၊ ငွေကြေးစနစ် ဒါတွေ အကုန်လုံးက သူတို့လက်ထဲမှာပဲရှိနေသေးတာမို့ အတားအဆီးပေါင်းများစွာနဲ့ လုပ်ကြရပါတယ်။ ကျွန်တော်တို့ဘက်ကလည်း သူတို့ရဲ့ စီးပွားရေးလုပ်ကွက်တွေ၊ ထုတ်ကုန်တွေကို တန်ပြန်ဖျက်ဆီး၊ သပိတ် မှောက် ဆန့်ကျင်ပြီး သူတို့ရဲ့ ဥစ္စာဓနဒေါက်တိုင်တွေကို ဖြိုချဖို့ ကြိုးစားခဲ့ကြတာ အောင်မြင်မှုအတော်အတန် ရရှိခဲ့တာ အမှန်ပါ။ သို့သော် ရေနံနဲ့ သဘာဓါတ်ငွေ့လို၊ တွင်းထွက်ပစ္စည်းတွေလို လုပ်ငန်းတွေကနေ ဝင်ငွေ တွေရနေဆဲဖြစ်လို့ သူတို့အနေနဲ့ တောင့်ခံထားနိုင်သေးပြီး ကျွန်တော်တို့ဘက်ကလည်း ပြည်သူတွေက ရရာ နည်းနဲ့ တောင့်ခံ စိုက်ထုတ်၊ ထည့်ဝင်နေကြရပါတယ်။
ဒါကြောင့် ဒီကဏ္ဍမှာတော့ ကျွန်တော်တို့က အနိမ့်သရေလောက် ရှိနေပါတယ်။

မိတ်သင်္ဂဟ အင်အား

သူတို့ဟာ တရုတ်လို၊ ရုရှားလို ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးတွေရဲ့ ကျောထောက်နောက်ခံရှိနေသလို ထိုင်းလို၊ ကမ္ဘောဒီယားလို၊ ဗီယက်နမ်လို တပါတီစနစ်နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေရဲ့ ပေါ်ပေါ်ထင်ထင်တမျိုး၊ လက်သိပ်ထိုးတမျိုး ကူညီမှုတွေကိုလည်းရရှိနေပါတယ်။ အာဏာရှင်ချင်း ရိုင်းပင်းတဲ့အနေနဲ့ မိုင်ထောင်ချီ အဝေးက အာဏာရှင် လူကာချင်ကိုရဲ့ ဘီလာရုဇ်ကလည်း သူတို့ဘက်ကနေ ကုလသမဂ္ဂမှာ အမြဲ ရပ်တည် နေတာကို တွေ့ရမှာပါ။
ကျွန်တော်တို့ဘက်ကရော မိတ်သင်္ဂဟတွေက ဘယ်သူတွေများလဲ။
အာဆီယံဟာ ခုချိန်ထိ မီးစတဖက်၊ ရေမှုတ်တဖက်ဖြစ်သလို၊ အမေရိကန်နဲ့ အီးယူတို့ကလည်း ပူးတုံခွါတုံ သတိနဲ့ ချဉ်းကပ်ကူညီနေတဲ့ အနေအထားလောက်သာသာပါပဲ။ ( အမေရိကန်ရဲ့ဥပဒေသစ်မှာတော့ NUG ကိုတရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး ကြိုးစားမယ်လို့ ပါဝင်လာတာကြောင့် စောင့်ကြည့်ချင်စရာဆို ပေမဲ့ ခုထိတော့ အကြောင်းမထူးလှသေးပါဘူး) ကျွန်တော်တို့ဘက်ကလိုလို အယောင်ပြခဲ့တဲ့ ကိုရီးယား၊ ဂျပန်တို့ကလည်း အပြကောင်းရုံသက်သက်သာ ရပ်ပြခဲ့ပြီး ထိရောက်တဲ့ ထောက်ခံမှုမရှိသလို၊ အနီးအပါး က အိန္ဒိယကလည်း မိုဒီ အစိုးရလက်ထက်မှာတော့ ဘာမှ ထူးထွေပြီး အားကိုးလို့ရစရာမမြင်ပါဘူး။
ကုလသမဂ္ဂမှာ သူတို့ ထိုင်ခုံမရရုံ၊ အာဆီယံက အစည်းအဝေးမဖိတ်ရုံနဲ့ သူတို့ သံတမန်ခင်းက ပျက်စီးထိ ခိုက်သွားသေးတာမဟုတ်သေးပါဘူး။ ခုချိန်ထိ နိုင်ငံတကာက မြန်မာသံရုံးတွေမှာ သူတို့ လူတွေချည်း ရှိနေ တုန်းပါ။ ဒါဟာ ကျွန်တော်တို့ ငြင်းဆန်မရနိုင်တဲ့ လက်တွေ့သံတမန်ခင်းကိစ္စအခြေအနေဖြစ်ပြီး ကျွန်တော်တို့ နိုင်နေပြီထင်နေတဲ့ သံခင်းတမန်ခင်းမှာ ကျွန်တော်တို့ တကယ်တမ်း နိုင်မနေဘဲ တပန်းထက်မက ရှုံးနေတာကို တွေ့ရမှာပါ။
ဒီအပိုင်းမှာတော့ NUG ရဲ့ ကြိုးစားအားထုတ်မှုကို စောင့်ကြည့်ကြရမှာဖြစ်ပြီး ဘယ်လောက်အထိ အားကိုး လောက်သော မိတ်သင်္ဂဟတွေကို ချိတ်ဆက် ရှာဖွေ၊ အပေးအယူလုပ် ညှိနှိုင်းနိုင်မလဲဆိုတာက စကားပြော သွားပါလိမ့်မယ်။
အဲဒီအပြင် ပြည်တွင်းမှာလည်း တိုင်းရင်းသားအမာခံပါတီတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ERO တွေ အကုန်လုံးနဲ့ မဟာမိတ်ပြုနိုင်ဖို့မှာ အခုချိန်ထိ ပြတ်သားတဲ့ သဘောတူညီမှုမျိုး မမြင်ထားရသေးတာကြောင့် ပြည်တွင်းမှာလည်း အားနည်းချက်တွေရှိနေပါသေးတယ်။ တစ်ချက်ကံကောင်းသွားတာကတော့ ပြည်တွင်းက အားကိုးလောက်သော ERO တွေဟာ နဂိုကတည်းက စကစ (တပ်) နဲ့ ရင်ဆိုင်တိုက်ခိုက် တော်လှန်နေခဲ့ကြသူ တွေဖြစ်တာကြောင့် ကိုယ်နဲ့ မဟာမိတ်မဖြစ်တောင် သူတို့ဘက်က ရပ်တည်သွားဖို့မရှိတဲ့အချက်ပါပဲ။ (AA ဆိုရင်လည်း ဒီသဘောပါပဲ)
ဒါကြောင့် ဒီကဏ္ဍမှာတော့ ကျွန်တော်တို့ ရှုံးနိမ့်နေပြန်ပါတယ်။
နောက်ဆုံးမှာတော့ ကျွန်တော်တို့ပြောခဲ့တဲ့ စိတ်ဓါတ် အင်အား ကဏ္ဍကို ရောက်ရှိလို့လာခဲ့ပါပြီ။
ကျွန်တော်တို့ဟာ အပြတ်အသတ်အရှုံးကနေ စခဲ့တဲ့ အခြေအနေကနေ လက်ရှိ တပန်းရှုံးရုံလောက် အခြေအနေထိကို စိတ်ဓါတ်နဲ့ ကြိုးကုတ်အားထုတ်ခဲ့ရတာဖြစ်ကာ ပေးဆပ်မှုတွေ အင်မတန်မှ ကြီးလှပါ တယ်။ ဘာကြောင့် အားထုတ်နေရသလဲဆိုရင်တော့ ကျွန်တော်တို့ဘက်က မှန်တယ်လို့ ယုံကြည်နေတဲ့ ယုံကြည်ချက် ကြောင့်ပါပဲ။ အဲဒီအပြင် စကစ ကို ဖယ်ရှားနိုင်ရင် လှပတဲ့အနာဂတ်ဆီသွားနိုင်ပြီဆိုတဲ့ မျှော်လင့်ချက်ကြောင့် လည်း ဖြစ်ပါသေးတယ်။ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်ဟာ စိတ်ဓါတ်အတွက် ခွန်အားတွေပါ။ ကျွန်တော်တို့ ဟာ ဒီခွန်အားနဲ့ မောင်းနှင်ကြရပါတယ်။
သူတို့ဘက်ကတော့ ကာလရှည်လာတာနဲ့ အမျှ အတွင်းပိုင်းမတရားမှုတွေ၊ မကျေနပ်မှုတွေ ပိုပေါ်ပေါက်လာပြီး စိတ်ဓါတ်ပိုင်း ပြိုကွဲလာကြမှာအမှန်ပါပဲ။ သို့သော် လုံးဝအက်ကွဲပြိုကျသွားဖို့က ဒီလောက်တော့ မလွယ်လှပါ ဘူး။ သူတို့မှာ ဆွဲတင်းထားတဲ့ အချက်တစ်ခုရှိနေပါသေးတယ်။ အဲဒါကတော့ ဒါကြီးရှုံးရင် သူတို့ဘက်က အနာ ဂတ်တွေပျောက်ပြီ၊ ဘဝပျက်ပြီ၊ ရှုံးလို့မရဘူးဆိုတဲ့အသိပါ။ အဲဒီအသိနဲ့ တင်းခံနေဦးမယ့် အုပ်စုဟာ အခိုင်အမာ ကိုရှိလို့နေပါတယ်။ ဒါဟာလည်း အနှုတ်လက္ခဏာဆောင်ပေမဲ့ ပြန်လည်စုစည်းထားနိုင်တဲ့ အနက်ရောင်စိတ် ခွန်အားတစ်မျိုးပါ။ ချောင်ပိတ်ရိုက်ခံရတဲ့ သတ္တဝါတစ်ကောင်ကောင်ရဲ့ သေငယ်ဇောနဲ့ တန်ပြန်မှုမျိုးဟာလည်း ကြောက်ဖို့ကောင်းပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်ဘက်က စိတ်ဓါတ်ခွန်အားတွေကို မြှင့်တင်ပေးနေဖို့ လိုသလို၊ သူတို့ ဘက်က စိတ်ဓါတ်ခွန်အားတွေကိုလည်း ချိုးဖျက်နိုင်ဖို့လိုပါတယ်။ အဲဒီအတွက် အပေါ်က ကဏ္ဍတွေမှာ ကျွန်တော်တို့ ပိုမို အားထုတ်ကြရပါမယ်။
ကျွန်တော်တို့ဘက်က ပိုမိုအချိတ်အဆက်မိ၊ ပိုမို စုဖွဲ့မှုကောင်းလာတဲ့အခါ ကျွန်တော်တို့ ဘက်တော်သားတွေ ပိုပြီး စိတ်ဓါတ်ခွန်အားတက်ပါတယ်။ သူတို့ဘက်က ကျွန်တော်တို့ စုဖွဲ့မှုကို မြင်တဲ့အခါ ပိုပြီး စိတ်ဓါတ်ပြိုကွဲကျ ပါတယ်။
ကျွန်တော်တို့ဘက်က နည်းပညာ၊ ဉာဏ်ပညာ သာလွန်လာတဲ့အခါ ကျွန်တော်တို့ ဘက်တော်သားတွေ ပိုပြီး စိတ်ဓါတ်ခွန်အားတက်ပါတယ်။ လက်နက်တွေထုတ်လုပ်နိုင်လာတာ၊ ထိရောက်တဲ့ လက်နက်တွေတီထွင် နိုင်လာတာ၊ ဒရုန်းနဲ့ ဗုံးကျဲခဲ့သလိုမျိုး မမျှော်လင့်ထားတဲ့ နည်းပညာနဲ့ ပေါင်းစပ်အသုံးချတာမျိုး ထုတ်ပြနိုင် လာတာကို မြင်ရတဲ့အခါ အားတက်ရပြီး ကျွန်တော်တို့ဘက်က စိတ်ဓါတ်ခွန်အားတက်ရသလို၊ သူတို့ဘက်က စိတ်ဓါတ်ပိုပြီး ပြိုကွဲပါတယ်။
ကျွန်တော်တို့ဘက်က ငွေကြေးထောက်ပံ့မှုတွေ ပိုမိုထည့်ဝင်လာတဲ့အခါ၊ နည်းပညာသုံး ရန်ပုံငွေရှာဖွေမှုတွေ ပိုပြီးရလာတဲ့အခါ ကျွန်တော်တို့ ဘက်တော်သားတွေ ပိုပြီး စိတ်ဓါတ်ခွန်အားတက်ပါတယ်။ သူတို့ဘက်က ဝင် ငွေလမ်းကြောင်းတွေကို ပိုပြီးဖြတ်တောက်နိုင်တဲ့အခါ ကျွန်တော်တို့ ပိုပြီး စိတ်ဓါတ်ခွန်အားတက်ရပါတယ်။ သူတို့ဘက်က ပိုပြီး စိတ်ဓါတ်ခွန်အားကျဆင်းပါတယ်။ ဒါကြောင့် တိုက်ရိုက်ထည့်ဝင်မှုတွေ၊ ဒစ်ဂျစ်တယ်နည်း ပညာသုံး ရန်ပုံငွေရှာဖွေမှုမှာ ပါဝင်ခြင်းတွေ၊ သူတို့ဘက်ကို ဝင်ငွေရရှိစေမယ့် အလုပ်တွေကို ရှောင်ကြဉ်သ ပိတ်မှောက်ခြင်းတွေကို ပိုမို ပါဝင်ပြုလုပ်ကြဖို့လိုပါတယ်။
ကျွန်တော်တို့ဘက်က ရပ်တည်တဲ့ နိုင်ငံတစ်နိုင်ငံတိုးလာတိုင်း ကျွန်တော်တို့ ဘက်တော်သားတွေ စိတ်ဓါတ် ခွန်အား တက်ရပါတယ်။ ဒါကြောင့် ပိုမို ချိတ်ဆက်၊ ပိုမို ဆွေးနွေးညှိနှိုင်းနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ဘက်က ရပ်တည်တဲ့သူတိုးလာတိုင်း၊ သူတို့ဘက်က ရပ်တည်တဲ့သူ လျှော့သွားတိုင်း သူတို့ဘက်က စိတ်ဓါတ်ပြိုကွဲပါ တယ်။
နောက်ထပ်တစ်ခုကတော့ စိတ်ဓါတ်အင်အားချင်းယှဉ်တဲ့အခါ အမှန်ဘက်က ရပ်တည်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ထားခြင်းက အင်အားကြီးတစ်ခုပါ။ သူတို့ဘက်ကလည်း နောက်ဆုတ်ပေးစရာ မရှိတော့တဲ့အတွက် တင်းခံနေမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီလိုသဘောမျိုးထပ်တူထားနိုင် ဖို့ လိုအပ်ပါတယ်။
ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ ကျရှုံးခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘဝတွေလည်း အမှောင်ထုထဲ ပြန်ရောက်၊ ခေတ်နောက်ပြန်ဆွဲ၊ အောက်တန်းနောက်တန်း ပြန်ကျရတော့မှာပါ။ (တကယ်တော့ အရင်ကတည်းက သူတို့ တဖက်လှည့်နဲ့ ထိန်းချုပ်မှုစနစ်သာဖြစ်လို့ နေရာတစ်ချို့နဲ့ လူတန်းစားတစ်ချို့ကလွဲရင် အောက်တန်းနောက် တန်းကျနေခဲ့ရပြီးသားပါပဲ။ ဒါကိုလည်း သတိချပ်စေချင်ပါတယ်။ မြို့နေလူတန်းစားတွေက အခုမှ အရှုံးနဲ့စရပေ မဲ့ နယ်ဘက်တွေ၊ ဗမာမဟုတ်သော တိုင်းရင်းသားဒေသတွေကတော့ အရှုံးတွေနဲ့ ကျင်လည်ခဲ့ရတာ ဆယ်စုနှစ် ပေါင်းများလှပါပြီ။ ဒါကြောင့် သူတို့က ပိုပြီး နောက်ဆုတ်မပေးနိုင်ကြတာပါ။ ပိုပြီး မာကျော၊ ပိုပြီး တင်းခံ၊ ပိုပြီး မာန်ပြင်းကြတာပါ။ မြို့နေလူတန်းစားတွေလည်း အဲဒီ မာကျောမှုမျိုး၊ တင်းအားမျိုး၊ မာန်မျိုးကို မွေးချိန်ကျပါပြီ) ဒါကြောင့် ဘာကြောင့်နဲ့မှ နောက်ဆုတ်မပေးနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့၊ မမှိတ်မသုဉ်ခိုင် ကြည်ကြဖို့ လိုအပ်ပါတယ်။
ပြန်ချုပ်ရမယ်ဆိုရင် ဓမ္မက အဓမ္မကို နိုင်တယ်ဆိုတာဟာ ဓမ္မဘက်က အထက်မှာဖော်ပြထားတဲ့ အင်အားတွေ အသာရ၊ အားကြီးနေမှ ဖြစ်မှာပါ။ အဲဒီအတွက် ဝိုင်းဝန်းအားထုတ်ကြရပါမယ်။
ဓမ္မက အဓမ္မကို နိုင်လိမ့်မယ်ဆိုတာဟာ မာန်သွင်းသော စကားသာဖြစ်ရပါမယ်။ ဖြေသိမ့်၊ နှစ်သိမ့်တဲ့စကား မဖြစ်ရပါဘူး။
ဓမ္မဘက်က ရပ်တည်ပါတယ် ဆိုနေသော်ငြား ဓမ္မဘက်က အင်အားနည်းနေတဲ့အချိန်၊ အဓမ္မက ကြီးစိုးနေ တဲ့အချိန်မှာ ထိထိရောက်ရောက် ဝင်ရောက်ကူညီမနေဘူးဆိုရင် ဒါဟာ အယောင်ဆောင်ဓမ္မဘက်တော် သားသက်သက်ပါပဲ။ အယောင်ဆောင်တာဟာ ဆန့်ကျင်တာထက်ကို ဆိုးပါတယ်။ ဒါကြောင့် အထက်မှာ ဖော်ပြထားတဲ့ ကဏ္ဍတွေမှာ အင်အားကောင်းလာဖို့ ဓမ္မဘက်တော်သားလို့ ခံယူထားသူတိုင်း ထိထိရောက် ရောက် အစွမ်းကုန် ပါဝင်ကြဖို့ လိုအပ်နေပါပြီ။
စိတ်ကတော့ အမြဲရှိပါတယ်ဆိုတဲ့စကားဟာ လက်တွေ့မလုပ်ဖြစ်တာကို ဆင်ခြေပေးတဲ့ စကားသပ်သပ်ပါပဲ။ လက်တွေ့မပါတဲ့စိတ်သက်သက်ဟာ ဘယ်နေရာမှာမှ အသုံးမဝင်ပါဘူး။ အထူးသဖြင့် သေရေးရှင်ရေးကာလ မှာပေါ့။ ဒါကြောင့် လက်တွေ့ပါဝင်အားထုတ်ကြဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ဓမ္မဘက်က ကျရှုံးတဲ့အခါ ဓမ္မကို စောင့်ရှောက်ကယ်တင်သူလို့ ယူဆကြတဲ့ ဘုရား၊ နတ်သိကြား၊ တန်ခိုးစွမ်း အားရှင်နဲ့ မမြင်နိုင်သော အချင်းအရာတွေကို အပြစ်တင်တာဟာ အရှုံးသမား လူညံ့စိတ်ပါ။ ဓမ္မကို ကျွန်တော် တို့၊ ခင်ဗျားတို့က စ မစောင့်ရှောက်ရင် ဘယ်သူမှလာ မစောင့်ရှောက်ပါဘူး။
အခုချိန်ထိ ဓမ္မဟာ အဓမ္မကို ရှုံးလို့နေပါတယ်။
ကယ်တင်ရှင်ဆိုတာလည်း ဘယ်သောအခါမှ မရှိခဲ့ပါ။

လင်းသူ့ဟန်

တော်လှန်ရေးကို နောက်တစ်ဆင့် ပို့ဆောင်ပေးနိုင်မယ့် အချက်များ (၂) – ရဲဘော်နျူးမန်း

ပြီးခဲ့တဲ့ အပိုင်းမှာ လက်နက်တပ်ဆင်ရေးရဲ့ အရေးပါမှုနဲ့ ဘယ်လို ဘယ်ပုံတပ်ဆင်ခြင်းဟာ လက်တွေ့မှာ အထိ ရောက်ဆုံး နည်းစဉ်ဖြစ်သလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ အခုအပိုင်းမှာတော့ နောက်ထပ်အရေးပါလှတဲ့အ ချက်တစ်ချက်ကို ထပ်မံဆွေးနွေးသွားမှာဖြစ်ပါတယ်။
အဲဒါကတော့ထောက်ပံ့ရေး ကဏ္ဍပဲဖြစ်ပါတယ်။
ဒီကဏ္ဍဟာ ရှေ့က လက်နက်တပ်ဆင်ရေး ကဏ္ဍနဲ့ ဆက်စပ်နေတဲ့အတွက် ရှေ့နောက် ကပ်လျက်ဆွေးနွေးဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ထောက်ပံ့ရေး

ထောက်ပံ့ရေးဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့ ထည့်သွင်းစဉ်းစားကြရမယ့်အချက်တွေ များစွာရှိပါတယ်။ အဓိက ကျတဲ့အချက်ကတော့ ဘယ်သူတွေကို ထောက်ပံ့မှာလဲ၊ ဘယ်သူတွေက ထောက်ပံ့မှာလဲ၊ ဘယ်လို ဘယ်ပုံ ထောက်ပံ့မှာလဲဆိုတဲ့အချက်တွေ အပေါ် မူတည်ပြီး ဖြန့်ထွက်စဉ်းစားကြဖို့ပါ။

ဘယ်သူတွေကို ထောက်ပံ့မှာလဲ

ဒီမေးခွန်းကို ကြည့်မယ်ဆိုရင် ရုတ်တရက်တော့ ဒီလောက် ရှင်းရှင်းလေးတောင် နားမလည်ဘူးလားလို့ တွေးမိ ချင်စရာ မေးခွန်းမျိုးပါ။ သို့သော် တကယ်တမ်း ဒီမေးခွန်းက သေသေချာချာ တွေးတောကြည့် သင့်တဲ့ မေးခွန်းဖြစ်ပါတယ်။
ကျွန်တော်တို့ ထောက်ပံ့ရေးလုပ်ရမယ့် အထဲမှာCDM တွေရဲ့ အတွက် တစ်ကဏ္ဍ ရှိပါတယ်။
စစ်ဘေးသင့်ဒေသတွေအတွက် ထောက်ပံ့ရေး၊ စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့ရေး ကဏ္ဍ တစ်ခုရှိပါ တယ်။
PDF တွေ အတွက် ထောက်ပံ့ရေးလုပ်ပေးရမယ့် တစ်ကဏ္ဍရှိပါတယ်။
PDF အမည်မခံထားသော ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ရေးလုပ်ပေးရမယ့် တစ်ကဏ္ဍရှိပါတယ်။
အချို့သော ERO တွေကလည်း အထောက်အပံ့ တောင်းဆိုကြတာမျိုးရှိပါတယ်။
NUG ရဲ့ လုပ်ငန်းဆောင်တာတွေ လည်ပတ်နိုင်ရေးအတွက် သူတို့ကို ထောက်ပံ့ကြရတာ တစ်ကဏ္ဍရှိပါတယ်။
လက်ရှိအချိန်မှာ CDM တွေအတွက် ထောက်ပံ့ရေးဟာ စစ်ရေးကိစ္စတွေနောက်ကို ရောက်သွားပြီဖြစ်တဲ့အ တွက် စိတ်မကောင်းစွာနဲ့ပဲ အင်အားနည်းပါးလို့နေပြီဖြစ်ပါတယ်။ မရှိသလောက်လို့ကို ပွင့်ပွင့်လင်းလင်းပြော နိုင်ပါတယ်။ ဒီကြားထဲကပဲ ဆက်လက်ပြီး တောင့်ခံ၊ တိုက်ပွဲဝင်နေတဲ့ CDM သမား နိုင်ငံဝန်ထမ်းတွေကို အလေးအနက်ပြု ဦးညွတ်ကြရမှာဖြစ်ပါတယ်။ ထောက်ပံ့ရေး ရန်ပုံငွေ ပိုမိုရှာဖွေလာနိုင်မယ်ဆိုရင် မဖြစ်မနေ ပြန်လည် ထောက်ပံ့ပေးရမယ့် ကဏ္ဍအနေနဲ့ ထိပ်ဆုံးမှာ ထားရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ စစ်ဘေးသင့်နေရာဒေသတွေ၊ စစ်ဘေးရှောင်ဦးရေတွေ ပိုမို များပြားလာပြီဖြစ်လို့ အထောက် အပံ့တွေလည်း များစွာ လိုအပ်လို့လာနေပါပြီ။ အဲဒီအတွက်လည်း အခုအချိန်မှာ တစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့တစ်ခု ချင်းစီဖြစ်စေ အစီအစဉ်အမျိုးမျိုးနဲ့ ရန်ပုံငွေ ရှာဖွေထူထောင်နေကြရကာ ပြည်သူတွေအနေနဲ့ ပါဝင်ထောက်ပံ့နေ ကြရပါတယ်။ ဒီကဏ္ဍဟာလည်း စစ်ပွဲနဲ့အတူ ပေါ်ပေါက်လာမယ့် မလွှဲမရှောင်သာသော ကဏ္ဍဖြစ်တဲ့အတွက် မဖြစ်မနေထောက်ပံ့ကြရမယ့်အရေးဖြစ်နေပြန်ပါတယ်။
သို့သော် NUG အနေနဲ့ ဒီအရေးကိုသာ အသေအချာကိုင်တွယ်ဖို့အတွက် ကော်မတီတစ်ခုထား ဆောင်ရွက်နိုင် မယ်ဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအပါအဝင် လက်အောက်ခံ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မိတ်ဖက်နိုင်ငံတွေကို ချိတ်ဆက်ကာ အထောက်အပံ့တွေ တောင်းခံဖြည့်ဆည်းပေးခြင်းအားဖြင့် ပေါ်ပေါက်လာနေတဲ့ လိုအပ်ချက်ကို အပြည့်အဝမဟုတ်တောင် အတော် များများ ဖြည့်ဆည်းလို့ရနိုင်ကောင်းစရာရှိပါတယ်။ ဒီအတွက်လည်း NUG အပါအဝင် ပြည်တွင်းက သပိတ် ကော်မတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်လို့နေပါတယ်။
PDF တွေအတွက် ထောက်ပံ့ရေးကတော့ လက်နက်ကိုင်တော်လှန်ရေးနည်းစဉ်ကို ရွေးချယ်လိုက်ပြီဖြစ်တဲ့ နောက် ဦးစားပေးအဆင့်တစ်ကို ရောက်ရှိလာခဲ့ပြီဆိုတာကို နားလည်ထားကြရမှာဖြစ်ပါတယ်။ လက်နက်တပ် ဆင်ရေးမှာတင် လိုအပ်ချက်အကြီးကြီးရှိနေပြီး အဲဒီအတွက်လည်း ဖြည့်တင်းကြရမှာဖြစ်သလို တပ်ဖွဲ့များရဲ့ အခြေခံစားဝတ်နေရေး၊ အသုံးအဆောင် အဝတ်အထည်၊ တပ်ရွေ့ပြောင်းမှုဆိုင်ရာ သယ်ယူပို့ဆောင်ရေး အသုံး စရိတ်တွေကအစ နေ့စဉ်နဲ့အမျှ လိုအပ်နေမှာဖြစ်လို့ တကယ့်ကို လိုအပ်ချက်က များပြားလှပါတယ်။ ဒါကို ဖြည့်ဆည်းနိုင်ဖို့အတွက် နိုင်ငံတကာရောက်ပြည်သူတွေရော၊ မြန်မာပြည်တွင်းက ပြည်သူတွေပါ ပူး ပေါင်းလို့ နည်းလမ်းအမျိုးမျိုးနဲ့ အင်တိုက်အားတိုက် ကြိုးစားကြရမှာဖြစ်ပါတယ်။ (NUG ကလည်း အဲဒီအတွက် အစီအစဉ်တွေ အကောင်အထည်ဖော်နေတာ ရှိကြောင်း ထုတ်ပြန်ထားပြီး အဲဒီအစီအစဉ်တွေမှာလည်း ပါဝင်ကြဖို့ လိုအပ်နေပါတယ်) လက်ရှိအချိန်မှာ ကြိုးစား နေကြတယ်ဆိုပေမဲ့ အင်တိုက်အားတိုက် အလုံးအရင်းနဲ့ မဟုတ်သေးဘူးဆိုတာကို သတိပြုကြရပါမယ်။
ဒီအချိန်မှာမှ မကြိုးစားကြဘူးဆိုရင် အချိန်လွန်မှ ကြိုးစားခွင့် ရှိချင်မှ ရှိနိုင်မယ်ဆိုတာကို သတိပြုကြစေလိုပါ တယ်။
နောက်ထပ် လိုအပ်ချက်တစ်ခုကတော့ PDF အမည်မခံထားသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက် ပံ့ကြဖို့ပါ။ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်လိုစိတ်သက်သက်နဲ့သာ ဖွဲ့စည်းထားတဲ့ အဆိုပါ တပ်ဖွဲ့တွေဟာ လက်နက်ပိုင်းမှာ အင်အားအလွန်နည်းလှပါတယ်။ စိတ်ဓါတ်တစ်ခုနဲ့ ကြိုးစား ရုန်းကန်နေကြရတာဖြစ်ပြီး နေ့စဉ် နဲ့အမျှ အသက်တွေကို ရင်းပြီး လှုပ်ရှားနေကြရတာပါ။ သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် PDF နာမည်မခံ ထားသလို၊ NUG နဲ့ ထိတွေ့ဆက်ဆံနေခြင်းလည်း မရှိကြပါဘူး။ ဆိုတော့ အဲဒီဘက်က ထောက်ပံ့ရေးရစရာ မရှိပါဘူး။ (NUG လက်အောက်ခံလို့ဆိုတဲ့ PDF တွေတောင် လက်နက် အပြည့်အဝမတပ်ဆင်နိုင်သေးတဲ့ အ ခြေအနေကို ကြည့်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် လှုပ်ရှားကြဖို့ ဆုံးဖြတ်လိုက်ကြတာလည်း ဖြစ်နိုင်ပါတယ်) အဲဒီ လိုအဖွဲ့တွေများစွာဟာ ကိုယ့်ရပ်ကိုယ့်ရွာကိုသာ အခြေပြုပြီး ကိုယ်ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်း၊ လယ်ယာ၊ အိမ်၊ ခြံ တွေကို ရောင်းချပြီး လုပ်ကိုင်နေကြတာဖြစ်တာကို ရင်နာဖွယ်တွေ့မြင်ကြရပါလိမ့်မယ်။
ဒီလို အဖွဲ့တွေမှာမှ ထောက်ပံ့ရေးလမ်းကြောင်း ချိတ်ဆက်ထားနိုင်သူတွေက အတိုင်းအတာတစ်ခုအထိ အ ထောက်အပံ့ရကြပေမဲ့ ဘယ်ကို ချိတ်ဆက်ရမယ်မှန်းမသိသေးတဲ့ အဖွဲ့တွေလည်း များစွာရှိနေကာ သူတို့ရဲ့ အသက်တွေကလည်း အန္တရာယ်ရှိလို့နေပါတယ်။ ဒါကြောင့် ထောက်ပံ့ရေးအဖွဲ့တွေအနေနဲ့ အဲဒီလိုအဖွဲ့ တွေဆီ ပိုမို ပြန့်နှံ့ ချိတ်ဆက်နိုင်ဖို့ လိုနေပါတယ်။ အနီးအပါးမှာရှိနေတဲ့ အချိတ်အဆက်ရပြီးသား တပ်ဖွဲ့တွေ ကလည်း အချိတ်အဆက်မရှိသေးတဲ့ အဖွဲ့တွေကို ထောက်ပံ့ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပေးဖို့ လိုအပ်ပြီး မဟာ မိတ်တွေ ပြုကြခြင်းအားဖြင့်လည်း ကိုယ့်ရပ်ကိုယ့်ရွာကို ကိုယ့်အဖွဲ့တစ်ခုတည်းက ကာကွယ်နေရခြင်းကနေ ကိုယ့်နယ်ပယ်အဝှမ်းကို အဖွဲ့ပေါင်းစုံ လက်ယှက်ထိုး ချိတ်ဆက် ကာကွယ်နိုင်မယ့်အဆင့်ဆီ တဆင့်တက်သွား နိုင်မှာဖြစ်ပါတယ်။
ဒီနေရာမှာ ထည့်သွင်းဆွေးနွေးရမယ့်အချက်တစ်ချက်လည်းရှိလို့နေပါသေးတယ်။ အဲဒါကတော့ NUG လက် အောက်ခံ PDF မဟုတ်ရင်ရော ထောက်ပံ့သင့်သလား၊ မသင့်ဘူးလား ဆိုတာပါပဲ။ ဒီကိစ္စဟာ ကြီးစွာသော ဝိရောဓိတစ်ခုပါ။
တစ်ချို့သော ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ NUG လက်အောက်ခံအဖြစ် မဝင်ရောက်ကြရခြင်းရဲ့ အကြောင်းကအဆက်အသွယ်မရှိကြသေးတာကြောင့်လည်းပါ ပါတယ်။ သို့တည်းမဟုတ် မြေပြင်အခြေအနေ တွေအရ NUG နဲ့ဆက်သွယ်ပြီး သူတို့ ဦးဆောင်ထိန်းချုပ်မှုအောက်ကသွားဖို့ရာမှာ NUG က မြေပြင်နဲ့ တိုက်ရိုက် ထိတွေ့နေခြင်းမရှိတာကြောင့် မြေပြင်အခြေအနေနဲ့ ကင်းကွာနေလို့လည်း ကိုယ်ထူကိုယ်ထသာ မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ကြတာလည်း ဖြစ်နိုင်ပါတယ်။ သို့တည်းမဟုတ် NUG ရဲ့ လုပ်နည်းကိုင်ဟန်တွေကို သဘောမကျတာကြောင့်လည်း ဖြစ်နိုင်စရာ အကြောင်းတစ်ချက်ရှိသလို၊ ကွဲပြား သော နိုင်ငံရေးအမြင်၊ ခံယူချက်ရှိလို့လည်း ဖြစ်နိုင်ပါတယ်။ သို့တည်းမဟုတ် NUG ဆီကနေ လိုချင်တဲ့ ကတိ ကဝတ်၊ အာမခံချက်တစ်ခုခုကို မရရှိသေးတာကြောင့်လည်း မပူးပေါင်းကြသေးဘဲ စောင့်ကြည့်အနေအထားမှာ ရှိနေသေးတာဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘုံရည်မှန်းချက်တူညီတဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ တန်း တူညီမျှမှုရရှိရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကို ဦးတည်သော အဖွဲ့တိုင်းဟာ မဟာမိတ်တွေဖြစ်တာကြောင့် ဒီအဖွဲ့တွေကို မဖြစ်မနေထောက်ပံ့ဖို့ လိုကို လိုပါတယ်။ လက်ရှိအချိန်မှာ အကောင်းဆုံးနည်းလမ်းကတော့ အဖွဲ့တစ်ခုစီတိုင်းက ကိုယ်ပိုင် ထောက်ပံ့ရေးလမ်းကြောင်း ရှာဖွေထူထောင်ကြတာ၊ ထောက်ပံ့ရေးအဖွဲ့တွေ ဆီ တိုက်ရိုက်ချိတ်ဆက်တာမျိုးသာ အကောင်းဆုံးနဲ့ လက်ရှိလည်း အလုပ်ဖြစ်နေတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။
ဒီ အဖွဲ့တွေကို ချိတ်ဆက်ပြီး မဟာမိတ်ပြုရေး၊ အထောက်အပံ့ပေးရေးဟာ အစိုးရလို့ ခံယူထားတဲ့ NUG လုပ် ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေထဲမှာ ပါဝင်တယ်လို့ ကျွန်တော့်အနေနဲ့တော့ ယူဆပါတယ်။ ဒီအတွက် လည်း ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ သီးခြားကော်မတီတစ်ခု ထားရှိပြီး အလျင်အမြန် အကောင်အ ထည်ဖော်ဖို့ လိုအပ်နေပါတယ်။
နောက်ထပ် ကဏ္ဍကတော့ NUG ကို ထောက်ပံ့ရေးဖြစ်ပါတယ်။ NUG ဟာ အစိုးရလို့ ကြေညာထားတဲ့အတွက် အချို့သော ရုံးလုပ်ငန်းဆိုင်ရာအလုပ်တွေကို မဖြစ်မနေ လုပ်ဖို့ကိုင်ဖို့လိုအပ်ပါတယ်။ အဲဒီအပြင် နေရာထိုင်ခင်း ကိစ္စ၊ (ပြေးလွှားလုပ်ကိုင်နေရတဲ့ တော်လှန်ရေးအစိုးရဖြစ်တာကြောင့်) ရွေ့ပြောင်းရေးကိစ္စ၊ နိုင်ငံတကာဆက် ဆံရေးကိစ္စ၊ သံတမန်ခင်းကိစ္စ အစရှိသဖြင့် ကိစ္စရပ်တွေမှာ အသုံးပြုဖို့ ဘက်ဂျက်လိုအပ်ချက်ရှိမယ်ဆိုတာကို ခန့်မှန်းလို့ရနိုင်ပါတယ်။ သို့သော် ရရှိနိုင်သော အထောက်အပံ့အရင်းအမြစ်ဟာ အကန့်အသတ်ရှိတယ်ဆိုတာ ကို သိနားလည်ထားပြီး ဦးစားပေးအဆင့်တွေခွဲခြားသတ်မှတ်လို့ ကောင်းစွာ စီမံခန့်ခွဲ၊ ရွေးချယ်စိစစ်အသုံးပြု နိုင်ဖို့တော့ လိုအပ်တာ အမှန်ပါပဲ။ လက်တလောမှာ မဖြစ်မနေလိုအပ်နေသေးတာမဟုတ်တဲ့ ကဏ္ဍတစ်ခုခုမှာ လွဲမှားအသုံးပြုလိုက်မယ်ဆိုရင် လက်ရှိရရှိနေတဲ့ ဘက်ဂျက်အသုံးစရိတ်ဟာ အတိမ်းစောင်းခံနိုင်လောက် အောင် ကျယ်ပြန့်များပြားမနေဘူးဆိုတာကိုတော့ သတိချပ်စေချင်ပါတယ်။
အထက်ပါ ကဏ္ဍတွေကတော့ လက်ရှိ ဘယ်သူတွေကို ထောက်ပံ့မှာလဲ ဆိုတဲ့ မေးခွန်းရဲ့အဖြေတွေပါ။
ဒါဖြင့် ဘယ်သူတွေက ထောက်ပံ့မှာလဲဆိုတာနဲ့ ဘယ်လို ဘယ်ပုံထောက်ပံ့နေလဲ၊ ထောက်ပံ့မလဲဆိုတာကို စဉ်းစားကြည့်ကြပါဦးစို့။
လက်ရှိအချိန်မှာတော့ အသွင်သဏ္ဍာန်မျိုးစုံသော ထောက်ပံ့မှုတွေရဲ့ နောက်ကွယ်မှာရှိနေတာဟာ ပြည်တွင်း ပြည်ပနေ ပြည်သူတွေပဲဖြစ်ပါတယ်။ (အတော်များများကတော့ ပါဝင်ထောက်ပံ့နေတယ်လို့ ယူဆနိုင်ပေမဲ့ အများစုကြီးက ပါဝင်နေတာတော့လည်း မဟုတ်ပြန်ပါဘူး။ ဒါက ကြိုးစားပြီး ဆွဲစေ့ပစ်ရဦးမယ့် အဟကြီးတစ် ခုဖြစ်ပါတယ်) ဆိုတော့ ဖိနှိပ်မှုမျိုးစုံ၊ ကြပ်တည်းမှုမျိုးစုံအောက်က ပြည်သူတွေကပဲ ပုံစံမျိုးစုံနဲ့ လိုအပ်နေတဲ့ ကဏ္ဍ မျိုးစုံကို ထောက်ပံ့နေကြရတာဖြစ်ပါတယ်။ ဒါဟာ ဂရုပြုပြီး ကိုင်တွယ်ချဉ်းကပ်ကြဖို့ လိုအပ်တဲ့ အချက်ပါ။ ကာလကြာလာတာနဲ့ အမျှ ဝန်ပိလာ၊ ဒဏ်သင့်လာနိုင်ပါတယ်။
နွေဦးထီ၊ မဲလက်မှတ်၊ ငွေတိုက်စာချုပ်၊ အခွန်၊ ထောက်ပံ့ရေးမိသားစုအဖွဲ့ဝင် စတဲ့ ပုံစံတွေက လက်ရှိ NUG က ဖော်ထုတ်ထားတဲ့ ရန်ပုံငွေရှာဖွေရေးပုံစံတွေပါ။ တိုက်ရိုက် ထောက်ပံ့မှုတွေကိုလည်း လက်ခံလို့နေပါတယ်။ PDF အဖွဲ့တစ်ခုချင်းစီကလည်း ကိုယ်တိုင် တိုက်ရိုက် အထောက်အပံ့တောင်းခံမှုတွေ ရှိနေပါတယ်။ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေကလည်း ထို့နည်းတူ တိုက်ရိုက်ထောက်ပံ့မှုတွေကို ရှာဖွေနေရပါတယ်။
တိုက်ရိုက်ထောက်ပံ့မှုတွေမှာ တွေ့ကြုံနေရတဲ့အခက်အခဲကတော့ ဘဏ်စနစ်ကို စကစ က ထိန်းချုပ်ထားခြင်း၊ ငွေသားလဲလှယ်မရတဲ့အတွက် ငွေသားရှားပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေးမှာ အတားအဆီးများစွာရှိနေခြင်း၊ ငွေလွှဲပြောင်းမှုပုံစံတွေ မလုံခြုံခြင်း စတာတွေပဲဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုနည်းနဲ့ ကျော်ဖြတ်ကြရမလဲဆို တာကို ဝိုင်းဝန်း အဖြေရှာကြဖို့ လိုပါတယ်။
တဖက်မှာ Click To Donate လို အဖွဲ့မျိုးတွေနဲ့ အလားတူ အဖွဲ့တွေကလည်း အင်တာနက်အပေါ် အခြေခံ ပြီး ရန်ပုံငွေရှာဖွေကာ မနည်းလှသော ထောက်ပံ့မှုတွေကို ပြုလုပ်နေကြပါတယ်။ ပြည်သူတွေ ကိုယ်တိုင် လက်ထဲ ကထုတ်ပြီး ထောက်ပံ့ရတာမဟုတ်တဲ့အတွက် သင့်တော်ပြီး ကောင်းမွန် အဆင်ပြေလှတဲ့ နည်းလမ်းတစ်ခုပါ။ သို့သော် ဘယ်လို ပါဝင်ကြရမလဲဆိုတာကို သိရှိနားလည်တဲ့သူ ပျံ့နှံ့မှှုုနှုန်းကတော့ အားနည်းလို့နေပါသေး တယ်။ လက်ရှိအချိန်မှာ အကန့်အသတ်ရှိသော လူဦးရေကသာ ပါဝင်နေသေးတာဖြစ်ပြီး အဲဒီလူဦးရေအတိုင်း အတာတစ်ခုက အားစိုက် ကြိုးစားနေကြလို့သာ လက်ရှိပမာဏတွေကို ရရှိနေတာဖြစ်ပါတယ်။ လူအများပါဝင် လာဖို့ အထူးကို လိုအပ်လို့နေပါတယ်။ လူအများ မပါဝင်လာတဲ့ အဓိကအကြောင်းအချက်တွေက ဘယ်လိုလုပ် ရမယ်၊ ဘာကြောင့်လုပ်ရမယ်ဆိုတာကို ထိထိရောက် ရောက် (နိုင်ငံအဝှမ်းနဲ့ နှိုင်းယှဉ်ပြောတာဖြစ်ပါတယ်) ဖြန့် ဝေအသိပေးဖို့ နှိုင်းရအားဖြင့် အားနည်းနေသေးခြင်း (သူ့တစ်ဖွဲ့တည်းအနေနဲ့ ဒီလောက်လုပ်ဖို့လည်း ခက်ခဲတာ အမှန်ပါ)၊ သိရှိလိုသူ နည်းပါးနေသေးခြင်း၊ သိရှိသော်လည်း ပါဝင်ဖို့ တွန့်ဆုတ်နေကြခြင်းတွေကြောင့်ပါပဲ။
ဒီကြားထဲကနေကို သိန်းသောင်းဂဏန်းအထိ ရှာဖွေပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ သို့သော် စကစ ဘက်က လည်း ဒီလမ်းကြောင်းကို ထိန်းချုပ်ဖို့အတွက် အင်တာနက် ဒေတာတွေကို ဈေးတက်ပစ်တာ၊ အင်တာနက်လိုင်း တွေကို ထိန်းချုပ်တာ၊ အခုဆို ဆင်းကဒ်တွေအထိပါ လိုက်လံထိန်းချုပ်မှုလုပ်တာတွေ ပြုလုပ်ပြီး တားဆီးနေ တာကို တွေ့ရမှာဖြစ်ပါတယ်။ နောက်ထပ်တချက်ကတော့ ဒေသအများအပြားဟာ အင်တာနက်ဖြတ်တောက် ခံရမှုအောက်ရောက်နေတာလည်း ပါဝင်ပါသေးတယ်။
သို့သော် မည်သို့ဆိုစေ တိုင်းနှစ်ခုပေါင်း လူဦးရေ ၁၀ သန်းနီးနီး ရှိနေတဲ့ ရန်ကုန်၊ မန္တလေး နှစ်ခုရဲ့ အားကိုသာ အပြည့်အဝသုံးနိုင်ခဲ့ရင် ဒီထက်ပိုမို တိုးတက်လာဖို့ရှိပါတယ်။ သတင်းမီဒီယာတွေ၊ လွတ်လပ်သော သတင်းမီ ဒီယာတွေကလည်း ဒီအရေးကို ထဲထဲဝင်ဝင် အသိပေးကြဖို့ လိုအပ်သလို၊ သပိတ်ကော်မတီတွေကလည်း ဒီလို ဒစ်ဂျစ်တယ်နည်းပညာသုံးထောက်ပံ့မှုကို သပိတ်တစ်ခုအသွင်ဆောင်ပြီး အားကြိုးမာန်တက်လုပ်ဆောင်နိုင် ရေး လှုပ်ရှားမှုတွေ ဖော်ထုတ်ကြဖို့ လိုအပ်ကြောင်း အကြံပြုလိုပါတယ်။
ဒီအပြင် လိုအပ်တာကတော့ လက်ရှိ ထောက်ပံ့ရေးနည်းစဉ်၊ ရန်ပုံငွေရှာဖွေရေးနည်းစဉ်တွေသာမက အခြား သော နည်းစဉ်တွေကိုလည်း ဝိုင်းဝန်းဖော်ထုတ်ကြဖို့ပါပဲ။ ဉာဏ်ပညာခေတ်ကို ကိုယ်စားပြုတဲ့သူတွေရဲ့တော် လှန်ရေးဖြစ်တာကြောင့် မိမိတို့ တတ်ကျွမ်းထားတဲ ့နယ်ပယ်အသီးသီးက အသိဉာဏ်ပညာတွေကို အသုံးပြုပြီး ဘယ်လို ဘယ်ပုံပေါင်းစပ်လုပ်ကိုင်ကြရင် ဖြစ်နိုင်မယ်ဆိုတာကို တွေးတောကြံဆကြဖို့ လိုပါတယ်။ အကြံဉာဏ် ရှိနေသူတိုင်းကိုလည်း ထုတ်ဖော်ပြောဆိုဖို့ ကြိုဆိုကြောင်း ပြောလိုပါတယ်။ ပူးပေါင်းပါဝင်ကြဖို့လည်း အဆင့် သင့်ရှိနေပါတယ်။
နောက်ဆုံး အချက်အနေနဲ့ လိုအပ်တာကတော့ ပြည်သူလူထုအနေနဲ့ ပင်ပန်းနေလင့်ကစား ဆက်လက်တောင့် ထားပြီး ထည့်ဝင်ဖို့ ပိုင်းဖြတ်ထားတဲ့ ပမာဏကို ပုံမှန်ထည့်ဝင်၊ ပါဝင်ဆောင်ရွက်ဖို့လိုအပ်တဲ့ ဒစ်ဂျစ်တယ်နည်း ပညာသုံး အထောက်အပံ့ရှာဖွေရေးကိစ္စတွေမှာလည်း အင်တိုက် အားတိုက်ပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။ လက်ရှိတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးသာဖြစ်တာကြောင့် ပြည်သူတစ်ရပ်လုံး ပါဝင်ကြဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ပင်ပန်းခက်ခဲတာတွေကတော့ ရှောင်လွှဲမရအောင် ရှိလာနိုင်မယ်ဆိုပေမဲ့ အချင်းချင်း လက်ချင်း တွဲခေါ်ကြရင်း ချီတက်ကြရမှာဖြစ်ပါတယ်။ ကိုယ့်မျိုးဆက်တွေ အနာဂတ်အတွက် ကာလတစ်ခု အနစ်နာခံ ကြိုးစားရုန်းကန် နေရတယ်လို့ တွေးထားကြရပါမယ်။ နောက်ဆုံး ကိုယ့်အနာဂတ်ကို ကိုယ့် ချွေးနည်း စာနဲ့ ကိုယ့်လုပ်အား၊ ကိုယ့်ပါဝင်မှုနဲ့ ပြန်ဝယ်ယူနေတယ်လို့ သဘောထားမယ်ဆိုရင်လည်းဖြစ်ပါတယ်။
လူဆိုတာ ကိုယ့်အတွက်ကိုယ်မှ အနစ်အနာမခံဘူးဆိုရင် ဘာနဲ့မှကို မထိုက်တန်ဘူးမဟုတ်ပါလား။
အထက်ပါ အချက်တွေကတော့ ထောက်ပံ့ရေးမှာ တွေ့ကြုံနေရတဲ့ အခြေအနေတွေနဲ့ အခက်အခဲတွေ၊ အတားအဆီး အဟန့်အတားတွေ၊ လိုအပ်ချက်တွေဖြစ်ပြီး ဒီကဏ္ဍကိုသာ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြမယ် ဆိုရင်တော်လှန်ရေးဟာ လျင်လျင်မြန်မြန်နဲ့ အရှိန်အဟုန်တိုးတက်လာဖို့ရှိနေပါကြောင်း

ဆက်ရန်

ရဲဘော်နျူးမန်း

တော်လှန်ရေးကို နောက်တဆင့် ပို့ဆောင်ပေးနိုင်မယ့် အချက်များ – ရဲ‌ဘော်နျူးမန်း

တော်လှန်ရေးကာလဟာ ၁၁ တာ ကျော်လာခဲ့ပြီဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးရဲ့ တိုက်ပွဲတွေဟာလည်း ပုံပေါ်လာနေခဲ့ပြီဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ အခြားသော မြို့ကြီးတွေပေါ်မှာသာ ပြောက်ကျားအသွင် လှုပ် ရှားမှု ရှိနေတော့ပြီး စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ၊ ကရင်နဲ့ ကချင်ပြည်တို့မှာတော့ ရင်ဆိုင်စစ်ပွဲတွေအသွင် ဆောင်လာခဲ့ကြပြီဖြစ်ပါတယ်။
ဒီလိုကာလမှာ တော်လှန်ရေးအတွက် လိုအပ်ချက်တွေ များပြားလာမှာ အမှန်ပါပဲ။ အထူးသဖြင့် နောက်တဆင့် ကို တက်နိုင်ရတော့မယ့် တော်လှန်ရေးအတွက် နောက်ပြန်ဆွဲထားသလို ရှိနေသေးတဲ့ ကဏ္ဍတွေကို ဒီဆောင်း ပါးမှာ ဖော်ထုတ်ဆွေးနွေးသွားမှာဖြစ်ပြီး ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတာကို ဉာဏ်အားရှိသလောက် အကြံပြု သွားမှာဖြစ်ကာ ကောင်းမွန်သော အကြံဉာဏ်များကိုလည်း ထပ်မံကြိုဆိုနေပါကြောင်း ကနဦး ပြောလိုပါတယ်။

က . လက်နက်တပ်ဆင်နိုင်ရေး

တော်လှန်ရေးနောက်တဆင့်တက်နိုင်ဖို့ အတွက် လိုအပ်နေသေးတဲ့အချက်တွေထဲက အရေးအကြီးဆုံးအချက် ကတော့ လက်နက်တပ်ဆင်နိုင်ရေးဖြစ်ပါတယ်။
ဒီကဏ္ဍမှာ အကြေအလည် ပိုင်းဖြတ်ရမယ့် ကိစ္စတွေလည်းရှိလို့နေပါသေးတယ်။ အဲဒါကတော့
ဝယ်ယူမှုကို ဇောင်းပေးပြီး ထုတ်လုပ်မှုကို အရံသဘောပဲထားမှာလား။ သို့တည်းမဟုတ် ထုတ်လုပ်မှုကို ဇောင်းပေးပြီး ဝယ်ယူမှုနဲ့ ထပ်မံဖြည့်စွက်မှာလား ဆိုတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။
ဒီအချက်ကို စဉ်းစားကြတဲ့အခါ ပထမဦးဆုံး ထည့်သွင်းစဉ်းစားရတာကတော့ ရရှိလာမယ့် လက်နက်တွေရဲ့ အရည်အသွေးဖြစ်ပါတယ်။ ဝယ်ယူလိုက်တဲ့ လက်နက်တွေကတော့ အရည်အသွေးပိုင်းအားဖြင့် အာမခံချက် အတော်လေးကိုရှိကာ အားကိုးမှီခိုလို့ရပါတယ်။ ထုတ်လုပ်တဲ့လက်နက်တွေကတော့ အဆင့်ဆင့် စမ်းသပ်ပြီးမှ အသုံးပြုကြရမှာဖြစ်ပြီး သုံးရင်း အားနည်းချက်တွေကို ရှာဖွေ၊ ပိုကောင်းတဲ့နည်းလမ်းတွေကို သုတေသနပြုပြီး တိုးတက်လာအောင် လုပ်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် အရည်အသွေးပိုင်းမှာတော့ ဝယ်ယူဖြည့်တင်းလို့ရတဲ့ လက်နက်တွေက ပိုကောင်းတာမှန်ပါတယ်။
တဖက်က ပြန်လည်ကြည့်မယ်ဆိုရင်တော့ လူတိုင်းစေ့လက်နက်တပ်ဆင်နိုင်ရေးကို ဦးတည်ကြမယ်ဆိုရင် လို အပ်သမျှ လက်နက်အားလုံးကို ဝယ်ယူနိုင်ဖို့ရာ ငွေကြေး၊ အချိန်၊ ရောင်းလက်နဲ့ လမ်းကြောင်းဆိုတာတွေ လို အပ်လို့လာပါတယ်။
ငွေကြေးပိုင်းမှာ လက်ရှိအချိန်ထိ ပြည်သူလူထုရဲ့ ထောက်ပံ့မှုနဲ့ ဒီဂျစ်တယ်သပိတ်တွေက နေ ရှာဖွေပေးနေတဲ့ ငွေကြေးကို လက်ရှိအချိန်အထိ အဓိက အားကိုးအားထားပြုနေရသေးတာကြောင့် အကန့် အသတ်က တော်တော်များများကို ရှိနေတာ ဝန်ခံကြရမှာဖြစ်ပါတယ်။ (NUG ရဲ့ Bond တွေ၊ Ticket တွေ၊ membership တွေက ဝင်နေတဲ့ ဝင်ငွေတွေဟာလည်း လက်နက်တပ်ဆင်ရေးဆီ အပြည့်အဝလာနေတာ မဟုတ်တာကို သတိပြုကြရမှာပါ။ အဲဒီအပြင် NUG နဲ့ အကြောင်းအမျိုးမျိုးကြောင့် ချိတ်ဆက်ထားခြင်းမရှိသေး တဲ့အဖွဲ့တွေမှာဆိုရင် ကိုယ်တိုင် ထုတ်လုပ်ရုံကလွဲရင် ရွေးချယ်စရာမရှိပါဘူး) ဒါကြောင့် လက်ရှိ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ တော်လှန်ရေးတပ်သားတိုင်းကို လက်နက်တပ်ဆင်ဖို့ရာ အပြည့်အဝ ဝယ်ယူ ဖြည့်တင်းတဲ့ နည်းလမ်းကို အသုံးပြုမယ်ဆိုရင် လက်ရှိ ပြည်သူ့ထောက်ပံ့မှုပမာဏနဲ့ ဖြန့်ဝေရမယ့် အကျယ်အဝန်း အချိုး ကြောင့် ကာလအတော်ကြာအထိ ပြည့်စုံဖို့ လွယ်ကူဦးမှာမဟုတ်ပါဘူး။ ဒါကြောင့် အပြည့်အဝ ဝယ်ယူမယ့် အချက်ဟာ ဖြစ်နိုင်ချေနည်းပါတယ်။
ဒီလို ထောက်ပံ့မှုပမာဏနဲ့ ဖြန့်ဝေရမယ့် အကျယ်အဝန်းအချိုးကနေ (လက်ရှိနှုန်းအတိုင်း မပြောင်းလဲဘူးဆိုရင်) နောက်ထပ်ထောက်ပြလာတဲ့အချက်ကတော့ အထက်က ဆိုခဲ့သလို လက်နက်တပ်ဆင်ရေးအချိန်ကာလက ပိုမိုကြာရှည်သွားနိုင်တယ်ဆိုတဲ့အချက်ပါ။ ပြဿနာကတော့ တဖက် စကစ ဘက်က အဲဒီအချိန်ကို မပေးတော့ ပါဘူး။ မြေပြင်ကိုထိုးဖောက်ဖို့ ခက်တယ်ဆိုရင် လေကြောင်းကို အတင်းသုံး၊ လက်နက်ကြီးတွေနဲ့ ဖိအားပေးပြီး သူ့လူတွေပါ အသေခံလို့ အတင်းဖြိုခွင်းဖို့ ကြိုးစားနေတာကို တွေ့ကြရမှာပါ။ သူ့အတွက်က သူ့လူတွေရဲ့အ သက်ဟာ အရေးမပါပါဘူး။ ဒါဟာ အာဏာရှင်တွေရဲ့ စိတ်နေသဘောထားပါပဲ။ ပြည်သူ့အသက်ကိုဖြစ်စေ၊ သူ့ တပ်ဖွဲ့ဝင်အသက်ကိုဖြစ်စေ လိုဘအတွက် ချနင်းမှာပါပဲ။ သူတို့အတွက် သူ့လူတွေအသက်ထက် ပိုအ ရေးပါနေတာက အချိန်ဖြစ်နေတာကို ကျွန်တော်တို့ သတိပြုကြရမှာဖြစ်ပါတယ်။ ဒီအပိုင်းကို အနည်းငယ်ထပ်မံ ပြီး ရှင်းလင်းလိုပါတယ်။
လက်ရှိ ဇန်နဝါရီလကစလို့ မိုးမဝင်မီအထိ စကစ ဘက်မှာ အချိန်အားဖြင့် ၆ လ ပတ်ဝန်းကျင်ရှိပါတယ်။ သူတို့ အနေနဲ့ အဲဒီကာလမတိုင်ခင် (သို့တည်းမဟုတ်) အဲဒီကာလထက် စောပြီး တော်လှန်ရေးကို ဖြိုခွင်းနိုင်ဖို့ လိုပါ တယ်။ အကြောင်းကတော့ မိုးကျလာတာနဲ့ လမ်းပန်းဆက်သွယ်ရေးအကန့်အသတ်ပြန်ရှိလာတော့မှာ ဖြစ်ပြီး သူ့အတွက် စစ်ရေးလှုပ်ရှားဖို့ မလွယ်တော့မှာကြောင့်ပါ။ အထူးသဖြင့် မြေပြင်တပ်တွေ ရှေ့တိုးရခက်နေတာ ကြောင့် လေကြောင်းကို အားပြုတိုက်နေရတဲ့ သူတို့အတွက် မိုးကာလဟာ စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီ ၆ လတာ ကာလအတွင်းမှာ တော်လှန်ရေးကို အပြီးသတ်မဖြိုခွင်းနိုင်ရင်တောင် အတော်များများကို ပြန်လည် ထိန်းချုပ်ထားနိုင်တဲ့အဆင့်ရောက်အောင် သူတို့ဘက်က တွန်းအားပေး ကြိုးစားလာမှာဖြစ်ပါတယ်။ အထူးသ ဖြင့် စစ်ကိုင်းနဲ့ မကွေးဒေသတို့ဟာ အခုကနေ မိုးမဝင်ခင်အထိ ပုံစံအမျိုးမျိုးသော စစ်ဖက်ဆိုင်ရာ ဖိအားပေးမှု တွေကို ခံကြရမှာဖြစ်ပါတယ်။
မိုးကျတဲ့အထိ မဖြိုခွင်း၊ မထိန်းချုပ်နိုင်ခဲ့ရင်တော့ မိုးတွင်းကာလ လမ်းပန်းအကန့်အသတ်ရှိလာတဲ့အချိန်မှာ သူတို့အတွက် ပိုမိုခက်ခဲလာတော့မှာဖြစ်သလို၊ နဂိုကတည်းက စိတ်ဓါတ်အကျဘက်ကို ရောက်နေပြီဖြစ်တဲ့ သူ့ တပ်သားတွေအတွက် ပိုမို စိတ်ဓါတ်အင်အားဆုတ်ယုတ်သွားစေတော့မှာဖြစ်ပါတယ်။ အဲဒီအပြင် တော်လှန်ရေး ကာလတစ်ခုလုံး အနားမရသေးတဲ့ သူ့ရဲ့ တိုက်ခိုက်ရေးတပ်တွေဟာ ကြမ်းတမ်းလှတဲ့ မိုးတွင်းဒဏ်ကို ခံနိုင်ရည် နည်းသွားနိုင်တာကြောင့်လည်း မိုးမဝင်ခင် ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာမှာဖြစ်တာပါ။
ဆိုတော့ သူတို့ဘက်က အချိန်ပေးတော့မှာမဟုတ်ဘူး။ ရှိသမျှ လက်နက်၊ နည်းပညာ၊ တပ်ဖွဲ့သုံးပြီး အကျအ ဆုံး၊ အဆုံးအရှုံးများရင် များပါစေ ဖြိုခွင်းလာတော့မယ်ဆိုတာကို ကျွန်တော်တို့သိကြရပါမယ်။ ဒါကြောင့် ဝယ် ယူဖြည့်တင်းရေးမှာ ကိုယ့်ဘက်က ထောက်ပံ့မှုနဲ့ ဖြန့်ဝေရမယ့်ဧရိယာအချိုးကြီးမားမှုကြောင့် အချိန်ယူနေရမယ့် အဖြစ်ဟာ အကြပ်အတည်းတစ်ခုဖြစ်လာနိုင်တာပါ။
နောက်ထပ် စဉ်းစားရမယ့်အချက်တွေက ရောင်းလက်နဲ့ လမ်းကြောင်းပဲဖြစ်ပါတယ်။ ကိုယ့်ဖက်မှာ ဝယ်ယူရေး အတွက် ဘဏ္ဍာငွေတင် အကန့်အသတ် ရှိတာမဟုတ်ပါဘူး။ ရောင်းပေးမယ့် ရောင်းလက်ကလည်း နည်းနည်း သာရှိနေပြီး ရှိတဲ့ ရောင်းလက်တွေဆီကနေလည်း လိုသလောက် ဝယ်ယူလို့မရနိ်ုင်တဲ့ ပြဿနာတစ်ရပ်ရှိနေပါ သေးတယ်။ ဝယ်ယူလို့ရသမျှကို လိုအပ်တဲ့နေရာအထိ ပို့ဆောင်ရေးမှာလည်း အတားအဆီးအဆင့်ဆင့်ရှိနေ တာကြောင့် အခက်အခဲများစွာ တွေ့ကြုံနေရတာကို မြေပြင်လှုပ်ရှားနေတဲ့အဖွဲ့တွေ အသိပါပဲ။
ဒီအချက်တွေကြောင့် အလုံးစုံ ဝယ်ယူဖြည့်တင်းတပ်ဆင်ရေး (သို့မဟုတ်) ဝယ်ယူဖြည့်တင်းမှုကို အဓိက ထားပြီး ထုတ်လုပ်မှုကို အရံသာထားတဲ့ မူဟာ အလုပ်ဖြစ်နိုင်ဖို့ အလွန်ခဲယဉ်းတယ်ဆိုတာကို တွေ့ရှိလာရ မှာဖြစ်ပါတယ်။
ဒါကြောင့် ထုတ်လုပ်မှုကို အဓိက ဗဟိုပြုပြီး ဝယ်ယူမှုနဲ့ ဖြည့်စွက်တဲ့ မူ ဘက်ကို ပြန်ပြောင်း စဉ်းစားကြည့်ဖို့ လိုအပ်လာပါပြီ။
မြေပြင်မှာ ကိုယ်တိုင်ထုတ်လုပ်နေတဲ့ အဖွဲ့များစွာရှိပါတယ်။ တူမီး၊ တစ်လုံးထိုးခါးချိုးကနေ စလို့၊ တတောင့်ထိုး လက်လုပ်ရိုင်ဖယ်၊ ဆီမီးအော်တိုမက်ရှင်းဂန်းငယ်၊ စတင်းဂန်း၊ စိန်ပြောင်း၊ မိုင်း၊ ရေမြှုပ်မိုင်း၊ ဗုံးသီးလောင်ချာ၊ ရှော့တိုက်ဒုံး၊ တာတိုပစ်၊ တာလတ်ပစ် ဒုံးငယ်၊ ဒရုန်းသုံးလေကြောင်း ဗုံး စတာတွေကို မြေပြင်အဖွဲ့ငယ်ပေါင်း များစွာက ကိုယ်တိုင် ကြိုးစားရှာဖွေတီထွင် ကြံဆကြပြီး အောင်မြင်စွာ ထုတ်လုပ်အသုံးပြုနေကြတာကို တွေ့ရ မှာပါ။ (အဲဒီလို ထုတ်လုပ်ဆဲအဆင့်တွေမှာ အသက်ပေးဆပ်ရ၊ ခန္ဓာကိုယ်ထိခိုက်ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတာ တွေ မနည်းပါဘူး။ ဒီလို ရဲဘော်တွေကိုလည်း အလေးအနက် မှတ်တမ်းတင်အပ်ပါတယ် – စကားချပ်)
ဒါကြောင့် မြေပြင်ထုတ်လုပ်ရေးဟာ စလုံးရေစ ကနေ ပြန်စဖို့ လိုအပ်တဲ့အနေအထားတော့မဟုတ်ပါဘူး။ အဓိ ကအားဖြင့် လိုအပ်လာမှာက ထုတ်လုပ်ရေးအသုံးစရိတ်တွေ ထောက်ပံ့ကြဖို့၊ ထုတ်လုပ်ရေး နည်းစဉ်တွေကို လက်ဆင့်ကမ်းဖြန့်ဝေ သင်တန်းပေးဖို့၊ ကုန်ကြမ်းရှာဖွေရေးအတွက် အဖွဲ့တွေ ဖွဲ့စည်းဖို့၊ ထုတ်လုပ်နေတဲ့အဖွဲ့ တွေအချင်းချင်းကြားနဲ့ ထုတ်လုပ်နေတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲဝင်မယ့်အဖွဲ့တွေအကြား ချိတ်ဆက်မှုတွေ ကောင်း မွန်လာဖို့၊ ပိုမိုကောင်းမွန်သော နည်းစဉ်၊ ထုတ်လုပ်ပုံတွေကို သုတေသနပြုပြီး ဖြန့်ဝေ သင်ကြားပေးနိုင်ဖို့တို့ပဲ ဖြစ်ပါတယ်။ ဒီလို အချက်တွေကိုသာ ကောင်းစွာ ဖြည့်ဆည်းပေးနိုင်ခဲ့မယ်ဆိုရင် လူတိုင်းကို လက်နက်တပ်ဆင် နိုင်ရေးဟာ ကုန်ကျစရိတ်အားဖြင့်ရော လျော့ကျသွားတော့မှာဖြစ်သလို၊ အချိန်အားဖြင့်လည်း ပိုမို မြန်ဆန်လာ မှာဖြစ်ပါတယ်။
အဲဒီအပြင် ကိုယ်တိုင် ထုတ်လုပ်မှာဖြစ်တာကြောင့် တိုက်ပွဲတွေမှာ အဓိကကျလာမယ့် ပစ်အားကို ကိုယ်တိုင် ထုတ် ကျည်ဆန်တွေနဲ့ ထောက်ပံ့ပေးနိုင်မှာဖြစ်ကာ ငဲ့ကွက်ပြီး မရွံ့မရဲတိုက်ပွဲဝင်နေရမယ့်အဖြစ်တွေကနေ ကင်းဝေးသွားမှာဖြစ်ပါတယ်။
လက်ရှိမှာကိုပဲ ထုတ်လုပ်ရေးနည်းစဉ်တွေကို သုတေသနပြု၊ ဘာသာပြန်ရေးသား၊ ရှာဖွေ ဖြန့်ဝေပေးနေတဲ့ အဖွဲ့တွေ အနည်းဆုံး ၃-၄ ဖွဲ့ရှိနေနှင့်ပြီးသားဖြစ်ပါတယ်။ ဒီအဖွဲ့တွေကို (NUG က ဦးစီးပြီး ချိတ်ဆက်ပေး မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်) အပြန်အလှန်ကွန်ရက်ပုံစံ ချိတ်ဆက်ပေးနိုင်ဖို့နဲ့ မြေပြင် ထုတ်လုပ် ရေးအဖွဲ့တွေဆီ အလျင်အမြန် နည်းပညာတွေ ဖြန့်ဖြူးပေးနိုင်ဖို့၊ ထုတ်လုပ်ရေးကုန်ကျစရိတ်တွေကို ဖြန့်ဝေ ပေးနိုင်ဖို့ လိုအပ်လို့နေပါတယ်။ အဲဒီလို ကြားခံအဖွဲ့တစ်ခုခုက ကြားဝင် ချိတ်ဆက်ပေးမလာခဲ့ ရင်လည်း ထုတ်လုပ်ရေး လုပ်နှင့်နေပြီးသားအဖွဲ့တွေနဲ့ တိုက်ခိုက်ရေးအဖွဲ့တွေအကြား ကိုယ်တိုင်ချိတ်ဆက်ပြီး နည်းပညာ မျှဝေခြင်း၊ ထုတ်လုပ်ပြီး လက်နက်များ မျှဝေခြင်း၊ မဟာမိတ်ပြုခြင်း စတာတွေကို လုပ်ဆောင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။
လာတော့မယ့် ကာလ တော်လှန်ရေးအတွက် အရေးကြီးလှတဲ့ အပိုင်းအခြားတွေမှာ လက်နက်တပ်ဆင်ရေးဟာ အဓိက ကျတဲ့အခန်းကဏ္ဍတွေထဲက တစ်ခုဖြစ်ကာ ကိုယ်တိုင်ထုတ်လုပ်ရေးကို အားပြုပြီး ဝယ်ယူခြင်းနဲ့ ဖြည့် စွက်တဲ့ မူ၊ အချင်းချင်းကြားချိတ်ဆက် နည်းပညာမျှဝေခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် ထောက်ပံ့ခြင်း၊ ထုတ် လုပ်ပြီး လက်နက်များ မျှဝေခြင်း၊ မဟာမိတ်ပြု ပူးပေါင်းတိုက်ပွဲဝင်ကြခြင်းဟာ ဒီအခန်းကဏ္ဍကို ကောင်းစွာ ဖြည့်တင်းပေးနိုင်မယ့် အချက်တွေ ဖြစ်ပါကြောင်း

ဆက်ရန်
ရဲဘော် နျူးမန်း

ပြည်သူသာလျှင် ပဓါန (ဟွန်ဆန်၏ ခရီးစဉ်ကို ရှုမြင်ကြည့်ခြင်း) – လင်းသူ့ဟန်

၂၀၂၁ နှစ်ကုန်ပြီဖြစ်လို့ ၂၀၂၂ နှစ်ကူးခဲ့ပြီ။ တော်လှန်ရေးကား ရပ်တန့်မသွား။ ဆက်လက် ချီတက်နေဆဲ။
ယခု ၂၀၂၂ ခုနှစ်အတွင်း လာတော့မယ့် မိုးမတိုင်မီ ၆ လတာကာလဟာ တော်လှန်ရေးအတွက် အရေးပါသော ကာလတွေဖြစ်လာမယ်လို့ အားလုံး ခန့်မှန်းခဲ့ကြပြီးပြီ။ စကစ ဘက်မှလည်း တော်လှန်ရေးကို ဖျက်ဆီးနိုင်ရန် ဘက်စုံမှ ကြိုးစားလာမှာမလွဲ။ ဘဏ္ဍာရေးဖက်ကလည်းကောင်း၊ သံတမန်ရေးဖက်ကလည်းကောင်း၊ စစ်ရေး ဖက်ကလည်းကောင်း ဘက်စုံမှ ဖိဖို့ ကြိုးစားလာမယ်ဆိုတာ ကြိုတင်တွက်ဆလို့ရနိုင်ကောင်းတဲ့အရာ။
ယခု နှစ်ဆန်းမှာ မြန်မာနိုင်ငံကို ကမ္ဘာဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်လာမယ်လို့ သိထားရတယ်။ (အမှန်စင်စစ် လာဖြစ်၊ မလာဖြစ်ကို တပ်အပ် မပြောနိုင်သေး။ လာဖို့ ရာခိုင်နှုန်းတော့ များ) တကယ်တော့ ဟွန်ဆန်ရဲ့ ကမ္ဘော ဒီးယားဟာ အာဆီယံရော၊ အာရှအသိုက်အဝန်းမှာရော၊ ကမ္ဘာ့ဇာတ်ခုံမှာပါ ဘာမှမဟုတ်။ သို့သော် အာဆီယံ အလှည့်ကျဥက္ကဌနေရာက နှစ်ကူးပြီမို့ လွှဲပြောင်းပေးရတော့မှာဖြစ်ပြီး လက်ရှိ ဘရူနိုင်းဆီကနေ ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားက လက်လွှဲယူရမှာဖြစ်တယ်။ ဒါကြောင့် ဟွန်ဆန်လာမယ့် ခရီးစဉ်နဲ့ ပတ်သက်လို့ စိတ်ပူပန်မှု တွေ မြင့်တက်လာတာဖြစ်တယ်။
ဟွန်ဆန်လာရခြင်းရဲ့ ဦးတည်ချက်ကို အကြမ်းဖျဉ်း ဆဝါးကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်က အာဆီယံနဲ့ စကစ သဘောတူထားခဲ့တဲ့ အာဆီယံမူ ၅ ချက်ဆီကို သွားဖို့အရေးအတွက် ဦးတည်နိုင်ပြီး စကစကို အာဆီယံ အစည်းအဝေးတွေ၊ အခမ်းအနားတွေဆီ (အဲဒီကနေမှ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံဆီ) ပြန်ခေါ်ယူဖို့ ကြိုးစားမယ့် ခြေလှမ်းဖြစ်တယ်ဆိုတာ အထင်းသားသိမြင်နိုင်တယ်။ တကယ်တော့ ဒါဟာ အထူးအဆန်းမဟုတ်။ ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားဟာလည်း တရုတ်ရဲ့ လွှမ်းမိုးမှုသြဇာအောက်မှာ ပြားပြားဝပ်နေတဲ့ နိုင်ငံ။ ဆိုတော့ ဟွန်ဆန်ဟာ လည်း တရုတ်အလိုကျ နယ်ရုပ်နောက်တစ်ရုပ်။
တရုတ်ရဲ့ လိုလားချက်က မြန်မာ့အရေးကို ဖြစ်နိုင်ရင် အာဆီယံအတွင်း မှာပဲ ဖြေရှင်းစေချင်တယ် ( အနောက်အင်အားစုတွေ ပါဝင်လာတာမျိုး၊ အဲဒီကနေမှ သူ့ဆီထိ ဂယက်ရိုက်လာမှာကို မလိုချင်ဘူး)၊ အများဆုံး ၂၀ဝ၈ အောက်ကို ပုံစံတမျိုးနဲ့ ပြန်သွားတာကိုပဲ လိုချင်တယ် ( စစ်တပ်က တင်သွင်းနေတဲ့ ၁၂ ပါတီ PR စနစ်ကို ဆိုလိုတာဖြစ်နိုင်တယ်)၊ သူ့ရဲ့ အကျိုးစီးပွားတွေ အများစု ထည့်ဝင်ထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအခင်းအကျင်းသစ်ပေါ်လာတာမလိုချင်သလို၊ သူနဲ့ အပြိုင်သြဇာလွှမ်း မိုးမှုသစ်တွေ ပေါ်လာတာကို မလိုချင်ဘူး၊ အကျိုးစီးပွာမှာလည်း သူသာလျှင် တဖက်သတ် (ပေါပေါလောလော နှုန်းထားနဲ့) ကြီးစိုး လက်ဝါးကြီး အုပ်ထားလိုတယ်။ ဒါတွေသာလျှင် ဖြစ်တယ်။
ဆိုတော့ မြန်မာ ပြည်သူတို့ ကြိုးစားနေတဲ့ ဖက်ဒရယ်နိုင်ငံတစ်ခုပေါ်ပေါက်ရေး၊ အာဏာရှင်တစ်စုလက်ပါးစေ စစ်တပ်မှသည် ပရော်ဖက်ရှင်နယ်စစ်တပ်တစ်ခုဖြစ်လာရေး၊ လူမှုနိုင်ငံရေးအခင်းအကျင်းသစ်တွေနဲ့ လင်းပွင့် လူ့အဖွဲ့အစည်းပေါ်ပေါက်လာရေး၊ ကိုယ့်ကြမ္မာ ကိုယ်စီဖန်တီးနိုင်ရေး၊ တန်းတူညီမျှရေးတို့ဆိုတာဟာ တရုတ် လိုလားချက်တွေ လုံးလုံးလျားလျားမဟုတ်။ ဒါကြောင့် တရုတ်လိုလားချက်ကို အကောင်းဆုံး ပုံဖော်ပေးနိုင်မယ့် စစ်တပ်က အဓိက ထင်သလိုကြီးစိုးခွင့်ရနိုင်တဲ့ ၂၀ဝ၈ အောက်ကိုသာ ပြန်သွားစေချင်တာလည်းဖြစ်တယ်။ ဒီ အတွက် အကျိုးဆောင်အဖြစ် ဟွန်ဆန်ကို ကြားဝင်စေတယ်။ ကမ္ဘောဒီးယားက အာဆီယံဥက္ကဌနေရာကို လက် လွှဲယူရမယ့်နှစ်ဖြစ်နေတာကလည်း သူတို့အတွက် မျက်နှာသာရနေစေတယ်။
သို့သော် ပြန်လည် စဉ်းစားကြည့်ရမယ်ဆိုရင် အာဆီယံဟာ ဘယ်လောက်အရေးပါတဲ့ အသိုက်အဝန်းဖြစ်သလဲ ဆိုတာကိုလည်း ပြန်လည်ချင့်တွက်ရမယ်။ အာဆီယံဟာ ဥရောပသမဂ္ဂလိုမျိုး အင်အားကောင်းလှတဲ့ အစုအဖွဲ့ မျိုးလည်းမဟုတ်ဘူး။ တစ်နိုင်ငံချင်းစီမှာလည်း နိုင်ငံရေးသြဇာထင်ရလောက်အောင် မရှိဘူး။ ပထဝီနိုင်ငံရေးအ ရ နိုင်ငံကြီးတွေက ထိတွေ့ဆက်ဆံဆွေးနွေးတာမျိုး၊ အရာသွင်းတာမျိုးခံရလောက်ပေမဲ့ စုစည်းညီညွတ်မှုအ ပြည့်နဲ့ အင်အားကောင်းနေတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ အာဆီယံထဲမှာကိုက အာဏာရှင်တပိုင်းတွေ၊ အသွင် ပြောင်းတွေ၊ တပိုင်းတစဒီမိုကရေစီတွေ၊ တပါတီစနစ်တွေသာ ကြီးစိုးနေတာဖြစ်တယ်။ အဲဒီအပြင် အာဆီယံရဲ့ မူကလည်း တနိုင်ငံရဲ့အရေးကို တနိုင်ငံက ဝင်ရောက်စွက်ဖက်ခွင့်မပြုထားဘူး။ အချင်းချင်းကြားမှာလည်း ပွတ် တိုက်မှုက အပြည့်။
ဒါကြောင့် မြန်မာနိုင်ငံအရေးမှာ အာဆီယံက တိုက်ရိုက်ပါဝင်ပတ်သက်လာနိုင်မယ့်နေရာဟာ သံတမန်ခင်းပိုင်း မှာ နေရာတခုပေး၊ အသံပေးထွက်၊ စကားပေးပြောတာလောက်သာရှိနိုင်မယ်။ အဲဒီအပြင် သူ့ကတိနဲ့ သူ ခြေ ချုပ်မိထားတဲ့ စကစဟာ အာဆီယံမှာ လူယောင်ပြနိုင်ဖို့အတွက် အာဆီယံမူ ၅ ချက်ကိုလည်း အကောင်အ ထည်ဖော်ပြဖို့လိုမယ်။ အဲဒီမူ ၅ ချက်ဟာ လက်ရှိပြည်တွင်းအခြေအနေမှာ စကစ အကောင်အထည် လုံးဝမ ဖော်ချင်တဲ့အခြေအနေသာဖြစ်တယ်။ ဆိုတော့ အာဆီယံမှာ ခုံတနေရာ ပြန်ရဦးတော့ လိပ်ခဲတည်းလည်း အခြေမှာသာ ရှိနေမှာဖြစ်ပြီး စကစ အတွက် အချိန်ဝယ်ပေးထားနိုင်ရုံသာ ရှိမယ်။ ဒါကိုပဲ တရုတ်ရော၊ စကစ ရောက လိုလားတာလည်းဖြစ်နိုင်တယ်။ လာတော့မယ့် ၆ လတာကာလအတွင်း ပြည်တွင်းမှာ စစ်ရေးနဲ့ဖိလာ ဖို့အတွက် အချိန်ဝယ်ထားဖို့ဖြစ်နိုင်တယ်။
သို့သော် စကစအတွက် အာဆီယံမှသည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံဆီဆိုတဲ့ အကွက်ဟာ ထင်သလောက်တော့ ဖြောင့်ဖြူးနေတဲ့ ခရီးမဟုတ်ဘူး။ အဲဒီလို မဖြောင့်ဖြူးအောင် သူတို့ဘဲ လုပ်ခဲ့ကြတာဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်က အာဆီယံက ခုံတစ်နေရာမပေးတာ၊ ကုလမှာလည်း ကိုယ်စားပြုနေရာမရတာ၊ အထီးကျန်ရပ်တည်ရတာ (အာ ဏာရှင်အချင်းချင်း လက်သိပ်ထိုး ကူညီတာကလွဲလို့) ဟာ ပြည်တွင်းက ပြည်သူရဲ့ ဆန့်ကျင်မှုကြောင့် ၅၀ % ပါမယ်ဆိုရင် ကျန်တဲ့ ၅၀%က သူတို့ ဗြောင်ကျကျ ကျူးလွန်ခဲ့တဲ့ ကြီးလေးလှတဲ့ ရာဇဝတ်မှုကြီးတွေကြောင့် ဖြစ်တယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရာနဲ့ချီ အစုလိုက်၊ အပြုံလိုက် ပစ်သတ်တယ်၊ ဖမ်းဆီးပြီး နှိပ်စက်ကာ လူမဆန် စွာ သတ်ဖြတ်တယ်၊ ကင်းမလို ရွာတွေကို မီးရှို့တယ်၊ ထန်တလန်မြို့လိုမျိုးကို မီးလောင်တိုက်သွင်းတယ်၊ စစ်ကိုင်း တကြောက ရွာတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးနေတယ်၊ လူပေါင်းများစွာကို အရှင် လတ်လတ် မီးရှို့သတ်တယ်၊ ပစ်သတ်ပြီး ဂုဏ်သိက္ခာမဲ့စွာ စွန့်ပစ်တယ်၊ ကလေးသူငယ်တွေပါ သတ်ဖြတ်ခံရတဲ့ အထဲမှာ ပါခဲ့တယ်။ ဒီမတိုင်ခင်က ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတွေကို လူမျိုးပြုန်းသတ်ဖြတ်မှုကြီးကလည်း ကျန်လို့နေသေးတယ်။ ဒါကြီးတွေကို အခုလို ပွင့်လင်းလှတဲ့၊ သတင်းအချက်အလက် လျင်မြန်လွယ်ကူစွာ စီး ဆင်းနေတဲ့ ခေတ်ကြီးမှာ ဗြောင်ကျကျကျူးလွန်ပြခဲ့တာကြောင့် ကမ္ဘာက အဆက်အသွယ်ဖြတ်တာ၊ ပိတ်ဆို့အ ရေးယူလာတာဖြစ်တယ်။ ဒါကြောင့် ဟွန်ဆန် ဘယ်လိုပဲ ကြိုးစား အရာသွင်းသွင်း လူသတ်ကောင်ကို ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ နေရာပေးဖို့ ယဉ်ကျေးသော ကမ္ဘာကြီးက ငြင်းဆန်ကြမှာပဲလို့ ယူဆတယ်။ ငြင်းဆန် ကြအောင်လည်း ပြည်သူတွေက ဖိအားပေးတောင်းဆိုကြရမယ်။ ယုတ်စွအဆုံး ဟွန်ဆန်ရဲ့ ကြိုးစားမှုဟာ အာဆီယံအတွင်းမှာကို ရိုက်ခတ်မှုတွေရှိလာနိုင်ပြီး သဘောထားကွဲလွဲမှုတွေနဲ့ အကွဲအပြဲတွေ ရှိလာနိုင်တယ် လို့ တချို့က သုံးသပ်ကြတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ အာဆီယံဆီကနေ ဘာမှ များများစားစား မျှော် လင့်ထားဖို့မရှိဘူး။
ပြီးခဲ့တဲ့နှစ်အတွင်းကလည်း အာဆီယံအဖွဲ့ဝင်လည်းဖြစ် အိမ်နီးချင်းလည်းဖြစ်တဲ့ နိုင်ငံတွေဟာ မြန်မာ့အရေး ကို နှုတ်ဆိတ်၊ မျက်ကွယ်ပြုနေခဲ့ကြသလို တဖက်တလမ်းကနေ စက်သုံးဆီတွေရောင်း၊ ငွေလွှဲပြောင်းမှုကြားခံ တွေလုပ်ပေး၊ လက်နက်နဲ့ သတင်းအချက်အလက်ပိုင်းတွေ ကူညီပေး၊ နယ်စပ်တွေကို ပုံစံမျိုးစုံနဲ့အသုံးပြုခွင့် ပေးထားခဲ့ကြတာပဲမဟုတ်လား။ နှစ်ကုန်ခါနီး အမေရိကန်နဲ့ အနောက်အင်အားစုက ဖိအားပိုမိုပေးလာသလို ဘလင်ကင် ခရီးစဉ် ရောက်လာအပြီးမှသာ လက်သည်းဖွက်ကုန်ကြတာဖြစ်တယ်။ ဒါကြောင့် ကြောင်သူတော် ကြွက်သူခိုး အိမ်နီးချင်းတွေဆီကနေ ဘာမှ ထူးထူးထွေထွေ မျှော်လင့်နေဖို့မရှိဘူး။ ကိုယ်တိုင် ကြိုးစားကြဖို့သာ ပဓါနဖြစ်တယ်။
ဟွန်ဆန်ခရီးစဉ်ဟာ စကစရဲ့တရားဝင်မှုရရှိရေးအိပ်မက်ဆီကို လှမ်းတဲ့ ခြေလှမ်းတစ်လှမ်းပဲဖြစ်တယ်။ ဒီကနေ ၂၀ဝ၈ ဆီ ပြန်သွားဖို့၊ ရွေးကောက်ပွဲပြန်လုပ်နိုင်ဖို့ဆီကို ဦးတည်အောင် တရုတ်အပါအဝင် အိမ်နီးချင်း အာဏာရှင်၊ ဒီမိုကရေစီယောင် နိုင်ငံတွေက တွန်းပို့လောက လုပ်ကြမှာဖြစ်သလို ပြည်တွင်းက ပညာရှင်ဆိုသူ ကြောင်သူတော်တွေကလည်း အသံမြည်လာကြဦးမှာဖြစ်တယ်။ သို့သော် ဒီခြေလှမ်းတွေ ယိုင်ရွဲယိမ်းနွှဲ့သွား အောင် လုပ်နိုင်တဲ့ အင်အားက ပြည်သူတွေဆီမှာ အပြည့်အဝရှိနေတယ်။ ကြံစည်ကြိုးကုတ်ပြီး ညီညီညွတ်ညွှတ် အားထုတ်ကြဖို့သာလိုတယ်။
အခုလာတော့မယ့် ဟွန်ဆန်ရဲ့ခရီးစဉ်ကို ကန့်ကွက်ကြောင်း၊ ဒါဟာ လူမျိုးပြုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတို့လို ကြီးလေးလှတဲ့ ရာဇဝတ်မှုကြီးတွေရဲ့ တရားခံတွေကို သံတမန်ခင်းထဲ ပြန်ပို့ဖို့ ကြိုးစားနေတဲ့ ရှက်ဖွယ်လိလိ လုပ်ရပ်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းပေါင်း များစွာက ဝိုင်းဝန်းထုတ်ပြန်တောင်းဆိုကြဖို့ တိုက်တွန်းချင်သလို၊ ပြည်သူအများဆန္ဒပြု ပါဝင်နိုင်မယ့် ကမ်ပိန်း တွေ၊ လှုပ်ရှားမှုတွေကို စီစဉ်အကောင်အထည်ဖော်ကြဖို့ကိုလည်း သပိတ်ကော်မတီများကို အကြံပြုလိုပါ တယ်။ အဲဒီသပိတ်ကော်မတီတွေက ချမှတ်လိုက်တဲ့ အစီအစဉ်တွေ၊ ကမ်ပိန်းလှုပ်ရှားမှုတွေမှာ ပြည်သူတွေ ညီညီညွတ် ညွတ်ပါဝင်ကြဖို့ အလေးအနက် ဆော်သြပါတယ်။
အဲဒီအပြင် စကစ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအားလုံးကို ကမ္ဘာသိ ထုတ်ပြနိုင်မယ့် ဝက်ဘ်ဆိုက်ဒ်တွေ၊ ဘလော့ခ် တွေ၊ စာမျက်နှာတွေကို အချက်အလက် မှန်မှန်ကန်ကန် အထောက်အထားအပြည့်အဝနဲ့ စုစည်း တင်ပြထား နိုင်ဖို့လည်း လိုအပ်ပြီး ဝိုင်းဝန်းအားထုတ်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ သံတမန်ခင်းမှာသာမက အခြားသောကိစ္စ ရပ်များမှာပါ အဲဒီလို ဝက်ဘ်ဆိုဒ်တွေ၊ ချန်နယ်တွေ၊ ဘလော့ခ်တွေ၊ စာမျက်နှာတွေ၊ Documentary တွေက အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုရှိနေမှာဖြစ်တာကြောင့် အရေးတယူ အားထုတ်ကြဖို့ လိုအပ်ပါတယ်။
ဆိုတော့ မူလ အကြောင်းအရာကို ပြန်ချုပ်ရရင် ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ စကစကို လူတောပြန်ထုတ်၊ လူရာ ပြန်သွင်းဖို့ ခြေလှမ်းအစတစ်ခုသာဖြစ်သလို၊ နိုင်ငံတကာနဲ့ ပြည်သူရဲ့တုံ့ပြန်မှုအပေါ် သွေးတိုးစမ်းမှုတစ်ခုသာ ဖြစ်ပါတယ်။ ဒီကနေမှ စကစဟာ သူ့ကတိကဝတ်ပြုထားတဲ့ အာဆီယံမူ ၅ ချက် အကောင်အထည်ဖော်ရေး ကို ပြန်ရောက်သွားမှာဖြစ်ပြီး ဒါဟာ စကစ အတွက်တော့ ပျော်စရာအခြေအနေချည်းပဲလည်း မဟုတ်ပြန်ပါဘူး။ ရာဇဝတ်မှုကြီးပေါင်းများစွာကို ကမ္ဘာသိ ဗြောင်ကျကျကျူးလွန်ထားတဲ့အပြင် နိုင်ငံတကာ တရားရုံးတွေမှာပါ အမှုဖွင့် စစ်ဆေးခံနေရတဲ့အတွက် ဆင့်ခေါ်စာ၊ သမ္မာန်စာ အဝင်ကိုပင် လက်မခံနိုင်ဖြစ်နေတဲ့ စကစ အတွက် တရားဝင်ဖြစ်ရေး ခရီးလမ်းဟာ ထင်ထားသလို ဖြောင့်တန်းနေမှာလည်း မဟုတ်ပြန်သလို၊ ထင်ထားတာထက် လည်း ပိုမိုခက်ခဲပါလိမ့်မယ်။ ပိုမို ခက်ခဲစေဖို့၊ လုံးဝပျက်သုဉ်းစေဖို့လည်း ဝိုင်းဝန်းအားထုတ်ကြရမှာဖြစ်ပါတယ်။
လာတော့မယ့် ၂၀၂၂ ထဲမှာ စကစအပါအဝင် အာဏာရှင်စနစ်ဆိုး၊ အမွေဆိုးအားလုံးကို အမြစ်ဖြတ်ပြီး အနာ ဂတ်သစ်ဆီ ချီတက်နိုင်ရေး စီမံခွင့်ဟာ ကျွန်တော်တို့ ပြည်သူတွေလက်ထဲမှာသာ ရှိပါတယ်။ အင်ပြည့်အားပြည့် အားထုတ်မယ်ဆိုရင် မလွဲမသွေရောက်နိုင်မယ့် ခရီးတစ်ခုပါပဲ။ သို့သော် ခက်ခဲတော့ ခက်ခဲပါလိမ့်မယ်။ ထွက် ပေါက်မဲ့နေတဲ့ စကစဟာ နိဂုံးပိုင်းနဲ့ နီးလာလေ ပိုမို ရက်စက်လာလေလေဖြစ်လာမှာဖြစ်သလို၊ ကာလကြာလေ လေ တော်လှန်ရေးဘက်တော်သားတွေထဲမှာ ပွတ်တိုက်မှုတွေ ပိုများ၊ အထိအခိုက်တွေပိုများ၊ အဆုံးအရှုံးတွေ ပိုများလာသလို၊ ပြည်သူတွေဘက်မှာလည်း ကာလကြာလေ ခံနိုင်ရည်ပိုတင်းထားရလေ၊ ပိုပင်ပန်းလေဖြစ်လာ မှာ မလွဲဧကန်ဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ ဆက်လက် အံကိုခဲထားနိုင်ရပါမယ်။ မာရသွန်ခရီးတိုင်းဟာ ပန်းဝင်ခါနီးမှာ ပိုပင်ပန်းတတ်စမြဲပါ။ တဆင့်ချင်း တဆင့်ချင်း၊ တလှမ်းချင်း တလှမ်းချင်း လက်တွဲကျော်ဖြတ် ကြဖို့ စိတ်ပိုင်းဖြတ်ထားမယ်၊ လုပ်ဆောင်ကြမယ်ဆိုရင် အောင်ပွဲဆီ တဖြည်းဖြည်း ပိုမို နီးကပ်လာတော့မှာသာ ဖြစ်ပါကြောင်း

လင်းသူ့ဟန်

ဖက်ဆစ်စိတ်ဓာတ် ကိုယ့်အတွင်းမှာပါ အမြစ်ဖြတ် – သုခမင်းသျှင်

ဖက်ဆစ်ကို တော်လှန်တဲ့အခါ ဖက်ဆစ်စိတ်မွေးလို့မရဘူး။ ဒါဟာ သိပ်ကို ရှင်းလင်းတဲ့ အခြေခံအချက်ပဲဖြစ် တယ်။ ဖက်ဆစ်ဆိုတာဟာ လူတစ်ယောက်မဟုတ်ဘဲ လူတစ်ယောက်၊ လူတစ်စုတစ်ဖွဲ့ဆီမှာ ဝင်ရောက်ပူး ကပ်နေတဲ့ မကောင်းဆိုးရွားမိစ္ဆာလို မှားယွင်းစုတ်ပြတ်တဲ့ ခံယူချက်တမျိုးသာဖြစ်တယ်။ ဒါကြောင့် ဖက်ဆစ် ကို တော်လှန်သူဟာ ဖက်ဆစ်စိတ်ဓါတ်မွေးလိုက်တာနဲ့ ဒါဟာ ဖက်ဆစ်တော်လှန်ရေး လုံးဝမဟုတ်တော့ဘူး။ ဒါဟာ ဖက်ဆစ်အချင်းချင်း သတ်ကြတဲ့၊ တိုက်ကြတဲ့ သတ်ပွဲသာဖြစ်သွားတော့မှာဖြစ်တယ်။ ဒါကြောင့်လည်း စည်းဘောင်တွေချပြီး ထိန်းသိမ်းနေကြရတာဖြစ်တယ်။
ဒီလို စည်းတွေ ဘောင်တွေထဲကနေ လုပ်ကြရတာဖြစ်လို့ ကျဉ်းကျဉ်းကြပ်ကြပ်၊ ကပ်ကပ်သပ်သပ်လုပ်ရပြီး ခရီး မတွင်တာလည်း ရှိကောင်းရှိနိုင်တယ်။ သို့သော် တော်လှန်ရေးရဲ့ ပင်မဦးတည်ချက်ကိုက ဖက်ဆစ်ကို တော် လှန်တာဖြစ်လို့ ဖက်ဆစ်စနစ်၊ ဖက်ဆစ်စိတ်ထားကို ကိုယ့်အတွင်းကနေပါ ပေါ်လာတဲ့အချိန်မှာ ချက်ချင်း အသိ၊ သတိတွေနဲ့ ချေဖျက် တော်လှန်ကြဖို့အရေးကို လုံးဝလက်မလွှတ်ကြဖို့လိုအပ်တယ်။
တိုက်ပွဲအတွင်းမှာ နှစ်ဖက်အကျအဆုံးတွေအပြင် အရပ်သား ဖိတ်စင်မှုတွေ ရှိနိုင်တယ်ဆိုတာလည်း ရှောင်လွှဲမ ရတဲ့အချက်ပဲ။ တဖက်က ဖက်ဆစ်တပ်ဖြစ်နေတဲ့အတွက် အရပ်သားအပေါ် လုံးဝထည့်တွက် ထောက်ညှာမှာ မဟုတ်လို့လည်း ပိုပြီး အဖိတ်အစင်ရှိနိုင်ကိန်းက မြင့်လို့နေတယ်။ ထည့်တွက်ထောက်ညှာမှုမရှိတဲ့အပြင် ရည် ရွယ်ချက်ရှိရှိကို အရပ်သားတွေကို လက်လွှတ်စပယ် သတ်ဖြတ်နေမှုတွေ အများအပြားရှိနေတာ ငြင်းလို့မရဘူး။ ဒီလို အချိန်မှာ တော်လှန်ရေးသမားတို့ဘက်က အရပ်သားဖိတ်စင်၊ ထိခိုက်မှုကို နည်းနိုင်သမျှ နည်းအောင် အမြဲ တမ်း ထည့်တွက်ထောက်ညှာမှုလုပ်ရမယ်ဆိုတာ တာဝန်တစ်ရပ်လိုဖြစ်လာတယ်။ ဒါကိုလည်း စနစ်တကျသင် ကြားလေ့ကျင့်ထားပြီးသား စစ်မှန်သော တော်လှန်ရေးသမားတွေဟာ ကျွန်တော့် ဒီဆောင်းပါးကို မဖတ်ခင်က တည်းက နားလည် သဘောပေါက်ထားပြီးသား၊ ကျင့်သုံးနေပြီးသားပါ။
သို့သော် ယခုတော်လှန်ရေးကာလမှာ စနစ်တကျ စုဖွဲ့၊ လေ့ကျင့်တော်လှန်နေသူတွေချည်း ရှိတာမဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ ကိုယ့် ရပ်ကိုယ်ရွာ ကာကွယ်ဖို့ အဖွဲ့ငယ်တွေ စုပေါင်းတော်လှန်နေကြတာလည်းရှိ တယ်။ ဒါဟာလည်း တော်လှန်ရေးမှာ အရေးပါတဲ့ ပါဝင်မှုတခုဖြစ်လို့ လေးလေးနက်နက် အသိအမှတ်ပြု ထောက်ပံ့ကြရမှာဖြစ်တယ်။ ထောက်လည်း ထောက်ပံ့နေကြတယ်။ သို့သော် ကိုယ့်ကိုယ်ကိုယ် တော်လှန် ရေးသမားအဖြစ် ပြောင်းလဲ နှင်းအပ်ထားသူတွေဟာ စနစ်တကျ လေ့ကျင့်ထားတဲ့တပ်ဖွဲ့ကဖြစ်ဖြစ်၊ ကိုယ် ထူကိုယ်ထ တပ်ဖွဲ့ကဖြစ်ဖြစ် တော်လှန်ရေးသမားအသွင်ပြောင်းကြဖို့ လိုအပ်တယ်။
တော်လှန်ရေးသမားဟာ ဘာကိုတော်လှန်နေတာလဲ ပြတ်ပြတ်သားသား သိရမယ်။ ဘယ်လို တော်လှန်မှာလဲ ပြတ်ပြတ်သားသား နားလည်ထားရမှာဖြစ်သလို၊ ကိုယ် ဘယ်လောက် လုပ်နိုင်စွမ်းရှိသလဲဆိုတာကိုလည်း တိ တိကျကျ ပိုင်းဖြတ်ထားရမှာဖြစ်တယ်။
ကိုယ် ဘယ်လောက် လုပ်နိုင်စွမ်းရှိသလဲဆိုတာကို မသိတဲ့အတွက် လုပ် နိုင်စွမ်းထက် ကျော်လွန်တဲ့ မနိုင်အင်ကန် လှုပ်ရှားမှုတွေကို လုပ်မိကြရာက ပေးဆပ်ရမှုတွေ အများကြီးရှိသွား နိုင်တယ်။ ဒါကို ကိုယ်ထူကိုယ်ထဖြစ်စေ၊ စနစ်တကျစုဖွဲ့ထားတဲ့အဖွဲ့ဖြစ်စေက ခေါင်းဆောင်ပိုင်းတွေ သေသေ ချာချာ သိထားဖို့လိုတယ်။ ကိုယ့်တပ်ဖွဲ့သားတွေရဲ့ ထိခိုက်ကျရှုံးမှုဟာ ကိုယ့် ခေါင်းပေါ်၊ ကိုယ်ပုခုံးပေါ်မှာ ရှိ တယ်ဆိုတာကို နားလည်ထားပြီး ပါးပါးနပ်နပ်၊ သွေးအေးအေးနဲ့ ချင့်ချိန်ကိုင်တွယ်နိုင်ကြဖို့ လိုအပ်တယ်။ ဒါမှ သာ ထိခိုက်ကျရှုံးမှုတွေကို ကာကွယ်နိုင်မှာဖြစ်တယ်။
ဘယ်လိုတော်လှန်မှာလည်း ဆိုတာကို ပြတ်ပြတ်သားသား နားလည်မထားတဲ့သူတွေဟာ တဖြည်းဖြည်းနဲ့ ဘာ လုပ်လို့ လုပ်ရမယ်ဆိုတာကို သေသေချာချာ မသိတော့ဘဲ ယောင်ဝါးဝါးဖြစ်ကာ ပျောက်ကွယ်လမ်းဆုံးသွားရ နိုင်တယ်။ တော်လှန်လိုစိတ်ဆိုတာဟာ အခြေခံစိတ်တစ်ခုတည်းသာ ဖြစ်သေးပြီး အဲဒီအပေါ်ကနေ နောက်ထပ် ဘယ်လို တော်လှန်မှာလဲဆိုတာကို စနစ်တကျ တွေးခေါ်၊ ပိုင်းဖြတ် ချမှတ်ထားဖို့လည်း လိုအပ်တယ်။ တော် လှန်ရေးမှာ တော်လှန်ကြပုံ အမျိုးမျိုးရှိကြတဲ့အနက် ကိုယ်က ဘယ်အပိုင်းမှာ ပါဝင်မှာလဲဆိုတာကို ပြတ်ပြတ် သားသား ဆုံးဖြတ်ထားနိုင်မှသာ လမ်းကြောင်း မယိမ်းယိုင်သွားတော့ဘဲ ရှေ့ကို အစဉ်တစိုက် ဆက်သွားနေ နိုင်မှာဖြစ်တယ်။
နောက်ဆုံးနဲ့ အရေးကြီးဆုံးတစ်ခုကတော့ ဘာကိုတော်လှန်နေတာလဲဆိုတာကို ပြတ်ပြတ်သားသား သိဖို့ဖြစ် တယ်။ ဖက်ဆစ်စနစ်၊ လက်ဝါးကြီးအုပ်စနစ်၊ လက်နက်အားကိုးအနိုင်ကျင့်တဲ့စနစ်၊ အားကြီးသူအနိုင်ယူစနစ်ကို တော်လှန်နေတာဆိုရင် အပြင်မှာလည်း အဲဒီစနစ်ကို ကျင့်သုံးနေသူတွေကို ပုံစံအမျိုးမျိုးနဲ့ တော်လှန်နေရမှာဖြစ် သလို အတွင်းမှာလည်း ကိုယ့်စိတ်နှလုံးမှာ အဲဒီလို မိစ္ဆာအတွေးတွေ၊ မကောင်းဆိုးရွားစနစ်တွေ လက်ရောက် အမြစ်တွယ် ကိန်းအောင်း မနေအောင် တော်လှန်တိုက်ထုတ်နေရမှာဖြစ်တယ်။ လူတိုင်းဟာ မကောင်းတဲ့အ တွေး၊ အာဃာတတွေ၊ အမုန်းတရားတွေ ဦးစီးပြီး မကောင်းတဲ့စေ့ဆော်မှုဖြစ်ပေါ်လာနိုင်ခြေရှိတယ်။ သို့သော် မကောင်းတဲ့စေ့ဆော်မှုဖြစ်လာပြီဆိုရင် ဖြစ်လာပြီဆိုတာ သိပြီး အဲဒီ စေ့ဆော်မှုကို ဖြစ်စေတဲ့ အတွေး၊ အာဃာ တ၊ အမုန်းတရားတွေကို ပြန် ဆန်းစစ်ကာ စေ့ဆော်မှုကို စေ့ဆော်မှုအဆင့်မှာ ရပ်ထားလိုက်နိုင်တော့မှသာ ကိုယ်တိုုင်က အကြမ်းဖက်သမား ဖက်ဆစ်တစ်ကောင်အဖြစ် သက်ဆင်းသွားမှုကို ကာကွယ်နိုင်မှာဖြစ်တယ်။ စေ့ဆော်မှုနောက် အပြုအမူလိုက်သွားခဲ့ပြီဆိုရင် ကိုယ်တိုင်က ကျူးလွန်ခဲ့ပြီဖြစ်လို့ အဲဒီအခိုက်မှာတော့ သေ ချာပေါက် ကိုယ်ဟာ ဖက်ဆစ်တစ်ကောင်အဖြစ်ကို သက်ဆင်းသွားပြီဖြစ်တယ်။ ဒါကို လက်နက်ကိုင်ထားတဲ့ တော်လှန်ရေးသမားတိုင်းက သတိတရားတစ်ခုအဖြစ် အသိနဲ့ ယှဉ် နားလည်ထားကြဖို့လိုတယ်။ (အများစုက နားလည် ထားကြပြီးပြီလို့လည်း မှတ်ယူပါတယ်)
မတော်မတရား၊ ဖိနှိပ်၊ ညှင်းပမ်း၊ နှိပ်စက်နေတဲ့ ဖက်ဆစ်စစ်အာဏာရှင်နဲ့ သူ့လက်ပါးစေတစ်သိုက်ရဲ့ လုပ်ရပ် တွေကြောင့် နားကြဉ်းမှု၊ အမုန်းတရားတွေဟာ လူတိုင်းစိတ်ထဲမှာ ကိန်းအောင်း ကြီးထွားနေကြမှာကိုတော့ ရှောင်လွှဲလို့မရနိုင်ဘူး။ သို့သော် အဲဒီနာကြဉ်းမှုတွေ၊ အမုန်းတရားတွေကို မတရားမှုနဲ့ မတရားတဲ့စနစ်ကို ဖြိုချ တဲ့နေရာမှာသာ စုပြုံအသုံးပြုကြရမှာဖြစ်ပြီး မြင်လေသမျှတိုင်းမှာ လိုက်လံဖောက်ခွဲလို့တော့ မဖြစ်နိုင်ဘူး။ အဲဒီ လို ဖောက်ခွဲတာဟာ ဆိုးကျိုး ၂ မျိုးရှိတယ်။ တစ်ခုကတော့ ကိုယ်တိုင်က အမုန်းတရားအခြေခံတဲ့ အကြမ်းဖက် ဖက်ဆစ်တစ်ယောက်ဖြစ်လာနိုင်တာနဲ့ နောက်တစ်ခုကတော့ မြင်လေရာတိုင်းမှာ လိုက်လံဖောက်ခွဲထုတ်နေ တာကြောင့် တကယ့်ပင်မဦးတည်ချက်ဆီကို ရောက်ရှိရမယ့် အားတွေ လျော့နည်းသွားနိုင်တာပဲဖြစ်ပါတယ်။
ဒီနေရာမှာ ခင်ဗျားက မိသားစုတွေ၊ အိုးအိမ်တွေ ဆုံးရှုံးထားရတာမဟုတ်တော့ ပြောနိုင်တာပေါ့ဗျာလို့ တန်ပြန် ဆိုလာနိုင်ပါတယ်။ မှန်ပါတယ်။ တကယ်လို့သာ ကျွန်တော့်အနေနဲ့ မိသားစုဝင်တွေ၊ အိုးအိမ်တွေ ဆုံးရှုံးထားရ တယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း အမုန်း၊ အာဃာတတွေ ဦးစီးပြီး မကောင်းတဲ့စေ့ဆော်မှုတွေ ဦးစီးနေ တာဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ သို့သော် အဲဒီအခါကျရင် ကျွန်တော့်ကို တားဖို့ ခင်ဗျားတို့ကို လိုအပ်ပါ တယ်။ အကြောင်းကတော့ အမုန်းတရားဟာ တရားမျှတမှု မဟုတ်လို့ပါပဲ။ တရားမျှတမှုဆိုတာ မတရားမှုတွေ ဖြစ်နေတဲ့ အခြေအနေနဲ့ အကြောင်းရင်းခံကို ရှာဖွေဖော်ထုတ်ပြီး ပြုပြင်ပြောင်းလဲတာကို ခေါ်တာပါ။ ဒါဟာ လူ သာမန်တွေအဖို့ သိသော်လည်း ကျင့်သုံးနိုင်ဖို့ ခဲယဉ်းတဲ့ အချက်ဖြစ်ပါတယ်။ ကျွန်တော် ကြုံလာခဲ့ရင်းလည်း ကျွန်တော်လည်း ကျင့်သုံးနိုင်ဖို့ ခဲယဉ်းပါတယ်။ သို့သော် အဲဒီအခါ ကျွန်တော့်အနီးအပါးက ခင်ဗျားတို့က ကျွန် တော် ဖက်ဆစ်အကြမ်းဖက်တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့မယ့်အရေးကို တားဆီးပြီး အသိဝင်လာ အောင် လုပ်ပေးကြစေချင်ပါတယ်။ အဲဒီလိုပဲ ကျွန်တော့်အနေနဲ့လည်း ခင်ဗျားတို့ကို အဲဒီလို တားဆီးပေးဖို့ တာ ဝန်ရှိတယ်လို့ ယူဆပါတယ်။ ဒါဟာ တော်လှန်ရေး ရဲဘော်ရဲဘက်ချင်း ထားရှိတဲ့ သစ္စာတရားတစ်ခုဆိုလည်း မမှားပါဘူး။ တော်လှန်ရင်း ကျဆုံးသွားတဲ့အခါ ကြေကွဲရပေမဲ့ ကြေကွဲသော နှလုံးအပေါ်မှာ ဂုဏ်ယူသောသိ စိတ်နဲ့ ဖြေသိမ့်နိုင်ပါလိမ့်မယ်။ တော်လှန်ရေးသမားကနေ ဖက်ဆစ်အသွင်ပြောင်းသွားတဲ့အခါ ရဲဘော်တစ် ယောက်ကို ဖက်ဆစ်တစ်ယောက်အဖြစ်နဲ့ ပြန်လည် ရင်ဆိုင်ရမယ့်အရေးဟာ ပိုပြီး နှလုံးကြေကွဲစေပါလိမ့်မယ်။ ဒါကြောင့် ထိန်းကြောင်းမှုစနစ်ဟာ လိုအပ်ပါတယ်။
တစ်ချို့သော သူတွေ(နာမည်ကြီးသူ၊ လွှမ်းမိုးမှု အနည်းငယ်ရှိသူ)က ၎င်းတို့ ထင်ရာမြင်ရာတွေကို အကြံပြု ချက်ဆန်ဆန် ပြောဆိုကြတာကိုလည်း စိစစ်ပြီးမှ ဆင်ခြင်လက်ခံဖို့လိုပါတယ်။ တစ်ချို့သော သူတွေရဲ့ တင်သွင်းပြောဆိုချက်တွေမှာဆိုရင် မတရားမှုကို မတရားမှုနဲ့ တန်ပြန်တာ တရားတယ်ဆိုတဲ့ အသွင် သဘောဆောင်နေတာကို တွေ့နေရတာတွေရှိပါတယ်။ လက်နက်ကိုင် တော်လှန်ရေးဆိုတာကတော့ မလွှဲမရှောင်သာတဲ့ သဘောအရ သွေးထွက်သံယို၊ ပျက်စီးဆုံးရှုံးမှုတွေဟာ ရှောင်မရနိုင်ပါဘူး။ သို့သော် ဖက်ဆစ်တွေနဲ့ ဖက်ဆစ်အားပေးတွေကို တော်လှန်တာနဲ့ ဆိုင်သောသော၊ မဆိုင်သောသော ဆက်နွယ် သမျှ အလွှတ်မဲ့ သတ်ဖြတ်၊ သုတ်သင်နေတာမျိုးကိုတော့ ရှောင်ကြဉ်ရပါမယ်။ (စနစ်တကျ လေ့ကျင့်ထားပြီးသား တပ်ဖွဲ့တွေဟာ အဲဒီအမူအကျင့်ကို မူလကတည်းက ရှောင်ကြဉ်ကြပြီးသားပါ) ဒီလို ဆက်နွယ်သမျှ သုတ်သင် ဖို့၊ အကြမ်းဖက်ဖို့၊ ဖက်ဆစ်ဆန်ဖို့ လှုံ့ဆော်နေသူတွေရဲ့ အရေးအသား၊ အပြောအဆိုတွေကိုလည်း သတိနဲ့ စောင့်ကြည့် ပယ်ချကြရပါမယ်။ တစ်ချို့လူတွေက သူတို့ကိုယ်တိုင်ကသာ တော်လှန်ရေးဖက်၊ အဖိနှိပ်ခံဖက် ရပ်တယ်လိုု့ ကြွေးကြော်နေပေမဲ့ ဖက်ဆစ်စစ်တပ်နဲ့ ရပ်နေတဲ့ဘက်မတူသော်ငြား ဖက်ဆစ်ဆန်မှု၊ ဖက်ဆစ် ဆန်လိုမှုမှာတော့ အတူတူတွေပဲဖြစ်တယ်ဆိုတာကို သတိနဲ့ မြင်နိုင်ကြဖို့ လိုအပ်ပါတယ်။ သူ့ဘက်က ဖြစ်ဖြစ်၊ ကိုယ့်ဘက် ဖြစ်ဖြစ် ဖက်ဆစ်ဆန်တာဟာ ဖက်ဆစ်ဆန်တာပါပဲ။ ဒါကြောင့် တစ်ချို့ လွှမ်းမိုးမှုရှိသူတွေ၊ နာ မည်ကြီးသူတွေကလည်း ကိုယ့်တော်လှန်ရေးသမား ရဲဘော်ရဲဘက်တွေကို ဖက်ဆစ်ဆန်ဖို့၊ ဖက်ဆစ်ကျင့်ကျင့်ဖို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ တိုက်တွန်းရင်း ကိုယ့်ရဲဘော်တွေ ဖက်ဆစ်အဖြစ် ကျဆင်းယုတ်လျော့သွား အောင် လှုံ့ဆော်မှုမပြုကြဖို့၊ အဲဒီလို အဓိပ္ပါယ်သက်ရောက်စေတဲ့ အပြုအမူ၊ အပြောအဆို၊ အရေးအသားတွေကို ရည်ရွယ်ရှိရှိဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ မပြုမူ၊ မပြောဆို၊ မရေးသားကြဘဲ စောင့်ထိန်းကြဖို့ အထူးလိုအပ်ပါ တယ်။
ဒါကြောင့် ဆိုခဲ့တဲ့အတိုင်း တော်လှန်ရေးသမားဟာ ကိုယ့်အတွင်းမှာပါ ဖက်ဆစ်စိတ်ကို တော်လှန်နေကြရမှာ ဖြစ်ပြီး ဖက်စစ်စိတ်ဝင်အောင် စေ့ဆော်နေသူ၊ ဖက်ဆစ်ကို ဖက်ဆစ်ဆန်ဆန် တုံ့ပြန်တာ တရားတယ်လို့ အယုံ သွင်းနေသူတိုင်းကို လမ်းခွဲစွန့်လွှတ်ခဲ့ကြရမှာဖြစ်ပါတယ်။
အကြောင်းကတော့ ဖက်ဆစ်ဆိုတာဟာ လူတစ်ယောက်မဟုတ်ဘဲ ကိုယ့်ကိုလည်း ပူးကပ်ငြိတွယ်လာနိုင် သော ရောဂါဆိုးကြီးနဲ့တူတဲ့ ဉာဉ်ဆိုးတစ်ခု၊ စနစ်ဆိုးတစ်ခုဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည် ထားကြဖို့ လိုအပ်ပါကြောင်း

သုခမင်းသျှင်

နန်းတော်ကို မီးတင်ရှို့ခြင်း – လင်းသူ့ဟန်

အရေးတော်ပုံစာစဉ် အတွဲ (၂) အမှတ် (၆) (ခေါင်းကြီးဆောင်းပါး)

အာဏာရှင်စနစ်ကို ဖြိုချဖို့ရာ ကျွန်ုပ်တို့ လုပ်ဖို့လိုအပ်သမျှထဲမှာ နန်းတော်ကို မီးတင်ရှို့ပစ်လိုက်ဖို့ကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။
ဘာကြောင့် နန်းတော်ကို မီးတင်ရှို့ရမှာလဲ၊ ဘယ်နန်းတော်ကို မီးတင်ရှို့ရမှာလဲလို့ မေးလာစရာ ရှိပါတယ်။
ဟုတ်ကဲ့၊ ကျွန်ုပ်တို့ တစ်ယောက်ချင်းရဲ့ ဟိုးစိတ်အတွင်းပိုင်းထဲမှာရှိနေတဲ့၊ ပဒေသရာဇ်အကျ င့်စရိုက်နဲ့ အကြွင်းမဲ့အာဏာကိုင်စွဲမှုအလေ့အကျင့်တွေကို ဖြန့်ဝေပေးနေတဲ့ နန်းတော်ကိုပါပဲ။
အတော်များများသော သူတွေဟာ အခုအချိန်ထိတိုင် နိုင်ငံရေး၊ အာဏာတို့နဲ့ ပတ်သက်လာရင် ပဒေ သရာဇ်အသုံးအနှုန်းတွေကို သုံးစွဲနေကြဆဲဖြစ်သလို၊ ပဒေသရာဇ်အတွေးအခေါ်တွေကိုလည်း မသိလိုက် မသိဖာသာ လက်ခံနေကြဆဲပါ။ အခု မတရားအာဏာသိမ်းယူခံရတာကို ပုလ္လင်ပေါ် ခွေးတက်တယ်လို့ ဥပစာ ပြုပြောကြတာ တွေ့ကြရမှာပါ။ ဒါပေမဲ့ တကယ်တမ်း ဒီမိုကရေစီစနစ်မှာ ထီး၊ နန်း၊ ပုလ္လင်ဆိုတာရောရှိပါရဲ့ လား။ ဒါဟာ အသုံးအနှုန်း၊ ဥပမာသက်သက်ပါလို့ ဆိုလာမယ်ဆိုရင် ဘာသာစကားတစ်ခုက အသုံးအနှုန်း၊ ဥပ မာ၊ ဥပစာတွေဟာ အတွေးအခေါ်အထိ လွှမ်းမိုးနိုင်တယ်ဆိုတာကို မေ့ထားလို့မရပါဘူး။
နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို ပြောတဲ့အခါ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနဲ့လို့ ပြောကြလေ့ရှိပါ တယ်။ သို့သော် ဒီအသုံးအနှုန်းကနေပဲ အာဏာရှင်ဆန်လှတဲ့ အိုင်ဒီယာတွေကို ဖြန့်ဝေစီးကူး ထုတ်လုပ်ပေးနေ တာကို သတိပြုမိကြတဲ့သူ ရှားပါးပါတယ်။
ယခင် ပဒေသရာဇ်ကာလတုန်းက ထီး၊ နန်း၊ ပုလ္လင်တို့ဟာ အုပ်စိုးမှုရဲ့ ဆုံချက်သင်္ကေတ၊ အာဏာဆင်းသက်ရာ နေရာတွေပဲ ဆိုတာ မှန်ပါတယ်။ သက်ဦးစံပိုင် ဘုရင်စနစ်ကိုး။ အဲဒီစနစ်မှာတော့ ဘုရင်ဟာ အကြွင်းမဲ့ အာဏာကို ဆွဲကိုင်ထားတဲ့ အာဏာရှင်တစ်ယောက်ဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်ုပ်တို့ ဦးတည်နေတာက ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီမှာ အာဏာဟာ ပြည်သူ့ထံကပဲ လာပါတယ်။ ဘယ် ထီး၊ ဘယ်နန်း၊ ဘယ်ပုလ္လင်မှမရှိတော့ပါဘူး။ သို့သော် ကျွန်ုပ်တို့ဟာ ကျင့်သားရ ပြောဆိုသုံးနှုန်းမှုတွေထဲမှာ ဆက် လက်နေထိုင်ရင်း စိတ်ရဲ့ဟိုးအတွင်းပိုင်းထဲမှာလည်း အကြွင်းမဲ့အာဏာကိုင်စွဲမှုစနစ်ကို တနည်းတဖုံနဲ့ ကျင့် သားရနေခဲ့ပါတယ်။ ပြောဆိုသုံးနှုန်းမှုတွေက စိတ်ကို ဘယ်လို ပို့ချလွှမ်းမိုးသလဲဆိုတာ အထူးပဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ (ပြီးခဲ့သော ရွှေရည်စိမ်ဒီမိုကရေစီသက်တမ်း ၂ ဆက်က လွှတ်တော်တွင်း၊ အဆောင်အ ယောင်၊ ဓလေ့ထုံးတမ်းတွေကို လေ့လာကြည့်မယ်ဆိုရင်လည်း သတိပြုနိုင်ပါတယ်)
တကယ်တော့ ပဒေသရာဇ် ဘုရင်စနစ်နဲ့ ဒီမိုကရေစီစနစ်ဟာ လုံးလုံးလျားလျား ခြားနားပါတယ်။ မျိုးရိုးစဉ်ဆက် အရ ဖြစ်လာတဲ့ ဘုရင်နဲ့ အရည်အချင်းအရ ရွေးချယ်ပြီး ပြည်သူက တာဝန်ပေးအပ်လိုက်တဲ့ သမ္မတတို့ဟာ သ ဘောတရားအနှစ်သာရချင်း ဆန့်ကျင်ဘက်ပါပဲ။ သို့သော် တစ်ချို့သော အရေးအသားတွေမှာ သမ္မတမင်းရယ် လို့ ထပ်တူပြုရေးနေခဲ့ကြပြီး အဲဒီထပ်တူပြုမှုဟာ အထူးပဲ အန္တရာယ်ကြီးလှပါတယ်။
ဘုရင်ဟာ တိုင်းပြည်ကို အုပ်စိုးသူ (Ruler) ဖြစ်ပြီး၊ သမ္မတဟာ တိုင်းပြည်အရေးကို ခန့်ခွဲစီမံရန် ရွေးချယ်တာဝန် ပေးအပ် အာဏာလွှဲအပ်ခံရသူ (Governor) ဖြစ်ပါတယ်။ သဘောတရားချင်း လုံးလုံးကွာခြားပါတယ်။
ဘုရင် ဟာ သူ့ရဲ့အကြွင်းမဲ့အာဏာ ဆက်လက်တည်တံ့စေရေးအတွက် အဲဒီအကြွင်းမဲ့အာဏာအပြင်၊ ပျော့ပြောင်းတဲ့ ပါဝါတွေကို သုံးပြီး တည်ဆောက်ပါတယ်။ ဘုရင်ကို မော်မကြည့်ရ၊ ဘုရင်ကို ဘုရားထူးရမည်၊ ဘုရင်ကို ရှိခိုးရ မည်၊ ဘုရင်ကို သာမန်အရပ်သားက ဝေဖန်ရင် ရာဇဂိုဏ်းသင့်သည် အစရှိသည်ဖြင့် သတ်မှတ်ချက်တွေ၊ ထုံး တမ်းတွေ တည်ဆောက်၊ မင်းခမ်းမင်းနားတွေ ချဲ့မြှောက်ပြီး အားလုံးအထက်မှာ ဆက်လက်ရှိနေရေး ဆောင် ရွက်ပါတယ်။ တဖန်ပျော့ပြောင်းတဲ့ ပါဝါတွေဖြစ်တဲ့ အနုသုခမ၊ စာပေ၊ ကဗျာ၊ ပန်းချီ၊ အခမ်းအနားပွဲလမ်းသ ဘင်၊ ဘာသာရေးတွေကနေလည်း ဘုရင်ဟာ အကြွင်းမဲ့အာဏာကို ပိုင်စိုးသူဖြစ်ကြောင်း၊ ပိုင်စိုးထိုက်ကြောင်း၊ ထိုသို့ပိုင်စိုးရန် ပါရမီရှိသူ၊ ကုသိုလ်ထူးသူဖြစ်ကြောင်း အမျိုးမျိုးပို့ချပြီး သူ့ရဲ့ တည်နေရာခိုင်မြဲရေး ဆောင်ရွက် ခဲ့ပြန်ပါတယ်။
သမ္မတ ရာထူးကတော့ ပြည်သူက ခန့်အပ်တဲ့ ရာထူးတစ်ခုသာဖြစ်ပြီး သူထမ်းဆောင်ရမယ့်တာဝန်တွေ ကျေပွန်အောင် ထမ်းဆောင်ရေးမှာ ထိရောက်စေဖို့အတွက် ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့်ကို ပေးထားတာဖြစ်ပါ တယ်။ သမ္မတဟာ အကြွင်းမဲ့ အာဏာကို ပိုင်စိုးသူမဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အာဏာနဲ့လုပ်ပိုင်ခွင့် ကို တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်းက ဆုပ်ကိုင်လို့မရပါဘူး။ အာဏာနဲ့ လုပ်ပိုင်ခွင့် ခွဲဝေသုံးစွဲခြင်းဟာ ဒီမိုကရေစီအတွက် အရေးပါလှတဲ့အခြေခံအချက်တစ်ချက်ပါ။ ဒီအချက်ကပဲ ဒီမိုကရေစီနည်းကျ တင်မြှောက် ထားတဲ့ သမ္မတနဲ့ ဘုရင်နဲ့အကြား များစွာခြားနားသွားစေပါတယ်။
တစ်ဖက်မှာ ဘုရင်နည်းတူ အကြွင်းမဲ့ အာဏာကို ကိုင်စွဲဖို့ အားသန်သူတစ်ဦးကတော့ အာဏာရှင်ပဲဖြစ်ပါ တယ်။ ဘယ်လိုနောက်ခံမျိုးကပဲလာလာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို တစ်ဦးတည်း၊ တစ်စုတစ်ဖွဲ့တည်းက ဆုပ်ကိုင်ထားဖို့ ကြိုးစားတာဟာ အာဏာရှင်ပါပဲ။ အာဏာရှင်ဟာ အာဏာတည်မြဲရေးအတွက် အဲဒီအာဏာ ကို အသုံးချပြီး ဖိနှိပ်မှုမျိုးစုံကို ကျူးလွန်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ဒီတူညီမှုကို သတိပြုမိရမှာဖြစ်ပြီး အာဏာရှင် ပုံစံတစ်မျိုးဖြစ်တဲ့ ဘုရင်နဲ့ ပဒေသရာဇ်စနစ်ရဲ့ စံနှုန်းတွေကို ကိုယ့်အတွင်းကနေ တိုက်ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။
ဒီလို တိုက်ဖျက်ရာမှာ ကျွန်ုပ်တို့ ကျော်လွန်ရမယ့် အတားအဆီးတစ်ချို့လည်း ရှိပါသေးတယ်။ အဲဒါကတော့ ဘာသာစကား၊ အရေးအသားစာပေ၊ အနုသုခုမ၊ ရာဇဝင်၊ ဘာသာရေးဆိုင်ရာပို့ချချက်တွေထဲမှာ အမြစ်တွယ် နေတဲ့ ပဒေသရာဇ်နဲ့ အာဏာရှင်စနစ်ကို ထောက်ပံ့နေတဲ့ အယူအဆ၊ အိုင်ဒီယာတွေပါပဲ။ အချုပ်အခြာအာဏာ ကို ထီး၊ နန်း၊ ပုလ္လင်နဲ့ နှိုင်းယှဉ်ဥပစာပြုခြင်းက အစ ဘုရင်များကိုချည်း တဖက်သတ်အမွှန်းတင်ထားတဲ့ စာပေ၊ အနုသုခုမလက်ရာတွေ၊ ရာဇဝင်တွေအပေါ် အစဉ်အလာ သမားရိုးကျအမြင်နဲ့ ချဉ်းကပ်ခြင်းအလယ်၊ ဘုရင်ဖြစ် ခြင်းဟာ ပါရမီကြောင့်ဖြစ်တယ်၊ ဘုန်းကံကြောင့်ဖြစ်တယ်၊ ရှေးကုသိုလ်ကံကြောင့်ဖြစ်တယ်လို့ တရားသော နည်းနှင့်ဖြစ်စေ၊ မတရားသောနည်းနှင့်ဖြစ်စေ အာဏာကို ရယူထားကြတဲ့ အာဏာရှင်၊ ဘုရင်တွေကို လက်သင့် ခံရေး လမ်းကြောင်းပေးခြင်းအထိ ပါဝင်ပါတယ်။ ဒါတွေဟာ အပြောလွယ်သလောက် အလုပ်ခက်တဲ့၊ ကျွန်ုပ်တို့ အတွင်းစိတ်ထဲမှာရော၊ နေ့စဉ်ဘဝမှာပါ ပါဝင်ပတ်သက်နေတဲ့ စိတ်ကူးစိတ်သန်း၊ အိုင်ဒီယာ၊ အလေ့အကျင့်တွေ ဖြစ်လို့ပါပဲ။
ပဒေသရာဇ်စနစ်နဲ့ အာဏာရှင်စနစ်မှာ နောက်ထပ်တူညီမှုတစ်ခုကတော့ လူမှုအလွှာတည်ဆောက်ပုံဟာ ပိရ မစ်ပုံစံသာ ရှိတာပါ။ ထိပ်ဆုံးမှာ ဘုရင်ရှိနေမှာဖြစ်ပြီး သူ့အောက်မှာ မင်းညီမင်းသား၊ မင်းဆွေမင်းမျိုး၊ သူ ကောင်းမျိုး၊ မင်းမှုထမ်းမျိုး၊ သူကြွယ်၊ ကုန်သည်တွေ အစဉ်လိုက်တည်ရှိလာမှာဖြစ်ကာ အောက်ဆုံးမှာတော့ ထုထည်ကြီးမားလှတဲ့ အရပ်သားတွေ ရှိနေမှာဖြစ်ပါတယ်။ ဒါဟာ ဒီဘက်ခေတ်မှာ အံ့မဝင်တော့တဲ့ တည်ဆောက် ပုံဖြစ်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ ဒီလို လူမှုအလွှာတည်ဆောက်ပုံပိုမိုလျော့နည်းလာရေး ကို ကြိုးစားကြရမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ နေ့စဉ်ဘဝကို ဆန်းစစ်ကြည့်မယ်ဆိုရင် ပုံစံတစ်မျိုးနဲ့ ပိရမစ်ပုံစံ လူမှု အလွှာတည်ဆောက်ပုံကို လက်ခံထားကြဆဲဖြစ်ပြီး အဲဒီလို လက်ခံအောင်လည်း ပုံစံအမျိုးမျိုးနဲ့ လမ်းကြောင်း ပေးနေတဲ့ အိုင်ဒီယာတွေ၊ အစဉ်အလာတွေက ကြီးစိုးနေဆဲပါ။ အဲဒီလို လူမှုအလွှာတည်ဆောက်ပုံ အဟောင်း ထဲကို မောင်းသွင်းနေတဲ့ သင်ကြားပို့ချမှုအဟောင်းတွေ၊ ချဉ်းကပ်ရှုမြင်ပုံအဟောင်းတွေ၊ အတွေးအခေါ်ဟောင်း တွေကို ကျွန်ုပ်တို့ စိန်ခေါ်ကြရမှာဖြစ်ပါတယ်။
သက်ဦးစံပိုင် ဘုရင်စနစ်နဲ့ ဒီမိုကရေစီစနစ်တို့အကြားက ကြီးမားလှတဲ့ နောက်ထပ်ကွာခြားချက်ကြီးတစ်ခုက တော့ ပြည်သူ တစ်ဦးချင်းစီအပေါ် ရှုမြင်ပုံဖြစ်ပါတယ်။ ဘုရင်စနစ်မှာ ပြည်သူတစ်ဦးချင်းစီဟာ ကျေးတော်မျိုး ကျွန်တော်မျိုးအဖြစ်သာ ရှုမြင်ခံကြရပါတယ်။ အချိန်မရွေး အသက်ကိုပင် ခြိမ်းခြောက်နိုင်တဲ့ အမိန့်မျိုးပေးနိုင် တဲ့အထိ အကြွင်းမဲ့အာဏာရှိပါတယ်။ ဒီမိုကရေစီစနစ်မှာတော့ ပြည်သူတစ်ဦးချင်းစီဟာ လွတ်လပ်သော၊ အခွင့်အရေးအပြည့်ရှိသော လူသားဖြစ်ပါတယ်။ အသက်ကိုမဆိုထားဘိ သေးငယ်လှသော ဆုံးဖြတ်ချက်၊ ရွေးချယ်မှုလေးကအစ ကိုယ်တိုင် ပြုလုပ်ခွင့်ရှိပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ရှိပါတယ်။ လွတ်လပ်စွာယုံ ကြည်ကိုးကွယ်ခွင့်ရှိပါတယ်။ ယင်းတို့ကိုလည်း ဥပဒေအရ အပြည့်အဝအကာအကွယ်ပေးထားရပါမယ်။ ဒါဟာ သိသာ မြင်သာတဲ့ ကွာဟချက်တစ်ခုပါပဲ။
ဒီနေရာမှာ ဘုရင်စနစ်နဲ့ အာဏာရှင်စနစ်တို့ကတော့ တူညီနေကြပါတယ်။ အာဏာရှင်စနစ်ဟာလည်း ဘုရင် စနစ်လိုပဲ ပြည်သူတစ်ဦးချင်းကို အုပ်ချုပ်ခံတွေအဖြစ်သာ ရှုမြင်ပြီး အမိန့်၊ အာဏာနဲ့ စည်းနှောင်၊ ကန့်သတ် ထားလိုတဲ့ သဘောရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်၊ အခွင့်အရေးတွေကို ပယ်ဖျက်၊ ရုတ်သိမ်းပစ် နိုင်တဲ့ အာဏာကို ကိုင်တွယ်သုံးစွဲဖို့ တိမ်းညွှတ်သလို၊ အဲဒီအာဏာဆက်လက်တည်မြဲရေးအတွက်လည်း ဖိနှိပ် ရေးလုပ်ငန်းတွေကို အမြဲလုပ်နေမှာဖြစ်ပါတယ်။
ခေတ်သစ်မှာ စိန်ခေါ်မှုအသစ်တွေက အမြဲရှိနေပါတယ်။ အဲဒီစိန်ခေါ်မှုသစ်၊ ပြဿနာသစ်တွေကို ခေတ်ဟောင်းက ချဉ်းကပ်ပုံ၊ အမြင်တွေနဲ့ ရင်ဆိုင်ဖြေရှင်းလို့မရနိုင်ပါဘူး။ လက်ရှိ အာဏာရှင်တစ်စု နိုင်ငံကို စီမံခန့်ခွဲရာမှာ မနိုင်မနင်းဖြစ်နေကြတာကိုပဲ ကြည့်ပါ။ အကြွင်းမဲ့အာဏာရှင်စနစ်ဟာ ခေတ်သစ်မှာ အသုံးမဝင် တော့ပါဘူး။
သို့သော် ကျွန်ုပ်တို့ နေ့စဉ်ဘဝတွေထဲမှာ အကြွင်းမဲ့အာဏာရှင်စနစ်ကို ထောက်ခံလို့ထောက်ခံမိနေမှန်းမသိတဲ့ အပြုအမူတွေ ထုနဲ့ထည်နဲ့ရှိနေပါသေးတယ်။ အုပ်ချုပ်သူလူတန်းစားတစ်ရပ် ရှိနေတယ်လို့ ရှုမြင်ခြင်း၊ လက်ခံခြင်း၊ ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်ခံလူတန်းစားအဖြစ် သတ်မှတ်ခြင်း၊ လက်ခံခြင်း၊ အုပ်ချုပ်သူ လူတန်းစားဟာ အုပ်ချုပ်ခံလူတန်းစားရဲ့အထက်မှာရှိပြီး အုပ်ချုပ်ခံလူတန်းစားက အုပ်ချုပ်သူလူတန်းစားကို ဝေဖန်ပိုင်းခြားခြင်းကို လက်မခံခြင်း၊ ဖိနှိပ်ခြင်း၊ အုပ်ချုပ်သူလူတန်းစားလို့ ကိုယ်သတ်မှတ်ထားတဲ့သူတွေနဲ့ ပေါင်းသင်းယှက်နွှယ်ပြီး အုပ်ချုပ်ခံတွေအပေါ် အမြတ်ထုတ်၊ နေရာတည်ဆောက်လိုခြင်း၊ အုပ်ချုပ်သူလူတန်း စားရဲ့ တည်ရှိမှုနဲ့ ဖြစ်တည်မှုဟာ သူတို့ရဲ့ ပါရမီ၊ ကုသိုလ်တို့ကြောင့်ဖြစ်တယ်လို့ ရှုမြင်လာအောင် အစဉ်အ လာ လမ်းကြောင်းပေးခြင်း၊ သမ္မတစနစ်နဲ့ ဘုရင်စနစ်ကို ရောထွေးအောင် ထပ်တူပြုရေးသား၊ ပြောဆိုခြင်း ရောထွေးမှတ်ယူခြင်း စသည်ဖြင့် အများအပြား ရှိနေဆဲဖြစ်ပါတယ်။
ဒါတွေကို ရင်ဆိုင်ကျော်ဖြတ်လို့ ကိုယ့်ကိုယ့်ကိုယ် လွတ်လပ်ပြီး အခွင့်အရေးအပြည့်ရှိသော၊ တာဝန်ယူတတ် သော လူသားတစ်ယောက်အဖြစ် လက်မခံမခြင်း၊ မသတ်မှတ်မခြင်း၊ ခေတ်ဟောင်း အစဉ်အလာဟောင်းထဲက အတိုင်း အာဏာကို အကြွင်းမဲ့ကိုင်ဆွဲဖိနှိပ်လိုသူတွေကို တော်လှန်ဖို့ရာ အားနည်းနေဦးမှာပဲဖြစ်ပါကြောင်း။
လင်းသူ့ဟန်

ရေဘဝဲတော်လှန်ရေး – လင်းသူ့ဟန်

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁ (အရေးတော်ပုံစာစဉ် အတွဲ ၁ အမှတ် ၉ မှ..)

တော်လှန်ရေးဟာ ရေဘဝဲတစ်ကောင်လိုဖြစ်ရမယ်။
ရေဘဝဲတစ်ကောင်မှာ နှလုံး ၃ ခု၊ ဦးနှောက် ၉ ခု၊လက် ၈ ဖက်ရှိတယ်။
တော်လှန်ရေးရဲ့ အနှစ်သာရဟာ တော်လှန်ရေးရဲ့ နှလုံးသားပဲ။ အနှစ်သာရ များစွာရှိတဲ့ တော်လှန်ရေးဟာ အောင်မြင်မှုရမယ့်တော်လှန်ရေးဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ တော်လှန်ရေးမှာ အနှစ်သာရများစွာရှိတယ်။ အာဏာရှင်စနစ်ကို မောင်းထုတ်နိုင်ရုံမျှမက၊ခေတ်အဆက်ဆက် ဝေးကွာနေခဲ့ တဲ့လက်တွေပြန်လည်ဆုပ်ကိုင်မိ၊ကွဲပြားနေခဲ့တဲ့ မတူညီမှုတွေ ပြန်လည်ပေါင်းစည်းမိ၊တိမ်မြှုပ်မေ့ဖျောက်ခံ ထားရတဲ့အသံတွေ နားနဲ့ဆတ်ဆတ်ကြားသိမိ အစရှိတဲ့ ဆယ်စုနှစ်များစွာချီ အိုင်းအနာဟောင်းတွေကိုပါ ပြန်လည်ဆေးကြော ကုသနိုင်မှာဖြစ်တယ်။ အနှစ်သာရတစ်ခုပဲရှိတဲ့တော်လှန်ရေးကို ဖြိုခွဲဖို့ လွယ်တယ်။ အနှစ်သာရ (ဝါ) နှလုံးသား များစွာရှိတဲ့ တော်လှန်ရေးကို ဖြိုခွင်းဖို့ မဖြစ်နိုင်ဘူး။
ရေဘဝဲတစ်ကောင်မှာ ပင်မ ဦးနှောက်တစ်ခုနဲ့ လက်တံတစ်ခုချင်းစီမှာ ဦးနှောက် ၈ ခုရှိတယ်။
တော်လှန်ရေးရဲ့ ပင်မဦးနှောက်ဟာ တော်လှန်ရေးကို ဦးဆောင်ချီတက်မယ့် ဘုံတူညီသော လမ်းစဉ်ဖြစ် တယ်။ ပြတ်သားသောလမ်းစဉ်မရှိတဲ့ တော်လှန်ရေးဟာ အောင်မြင်ဖို့မလွယ်ဘူး။ ဒါကြောင့် ဘုံတူညီ သော လမ်းစဉ်တစ်ခုကို ကျွန်ုပ်တို့ ညှိနှိုင်းချမှတ်ရလိမ့်မယ်။
ရေဘဝဲမှာ လက်တံ ၈ ချောင်းရှိပြီး လက်တံတစ်ခုချင်းစီကို ဦးနှောက်တစ်ခုစီက လွတ်လပ်စွာထိန်းချုပ် နိုင်တယ်။ တော်လှန်ရေးမှာ ရန်သူကို ချေမှုန်းနိုင်ဖို့အတွက် သန်မာသောလက်တံပေါင်းများစွာရှိဖို့ လိုတယ်။ အလုပ်မတက် သပိတ်မှောက်ရေးနဲ့ ဆန္ဒထုတ်ဖော်ရေးဟာ ကျွန်ုပ်တို့တော်လှန်ရေးရဲ့ အား ကောင်းတဲ့ လက်တံတွေဖြစ်တယ်။ ဒီလက်တံတွေကို အထိအခိုက်နည်းအောင်၊ပိုမိုသန်မာလာအောင် စောင့်ရှောက်ရမယ်။ အဲဒီအပြင် အခြားသော လက်တံတွေကိုလည်း အသုံးချနိုင်ဖို့လိုတယ်။နိုင်ငံတကာအ ကူအညီတောင်းခံမှုဟာလည်း ကောင်းမွန်သော၊အလားအလာရှိသော လက်တံတစ်ခုဖြစ်တယ်။
ထို့နည်းတူ တရားဝင်မှုရှိတဲ့ လွှတ်တော်ကို ကိုယ်စားပြုတဲ့ လွှတ်တော်ရေးရာကော်မတီတွေက နိုင်ငံ တကာနဲ့ချိတ် ဆက်ပြီး သူတို့ရဲ့ အခွင့်အာဏာကို ပြန်လည်အရယူနိုင်ဖို့ ကြိုးစားခြင်းဟာလည်း နောက် ထပ် လက်တံတစ်ခုဖြစ်တယ်။ အခုအထိတော့ အဲဒီလက်တံဟာ အလုပ်မတက် သပိတ်မှောက်ရေးနဲ့ ဆန္ဒ ထုတ်ဖော်ရေး လက်တံတွေလောက် ပြည့်ပြည့်ဝ၀ အလုပ်မလုပ်သေးတာကို သတိထားမိတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့မဲဆန္ဒနဲ့ တရားဝင်ရွေးကောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေနဲ့ လွှတ်တော်ရေး ရာကော်မတီက ဒီထက်ပိုမိုပြီး အားထုတ်၊ အလုပ်လုပ်ဖို့ကို တိုက်တွန်းလိုတယ်။
အလုပ်သမားအခွင့်အရေးအရ သပိတ်မှောက်ခွင့်အပြည့်ရှိတဲ့ လုပ်သား (ပြည်သူ့ဝန်ထမ်းအပါအဝင် ဝန် ထမ်းအားလုံး) တွေကို လက်နက်ပြ၊မတော်သြဇာသုံးဖိအားပေးပြီး အလုပ်ဆင်းစေတာ၊အလုပ်ကမထွက်မ ချင်း (ဝါ) အထုတ်ပယ်မခံရမချင်း အပြည့်အဝခံစားခွင့်ရှိတဲ့ ခံစားခွင့် (ဝန်ထမ်းလုပ်ခလစာ၊ ထောက်ပံ့ ကြေး၊ ဝန်ထမ်းအိမ်ယာ) တွေကို ရုတ်သိမ်းဖို့ ကြိုးစားခြိမ်းခြောက်တာ၊ အမှန်တကယ်ရုတ်သိမ်းတာ တွေကို နိုင်ငံတကာလုပ်သားအဖွဲ့အစည်း(ILO) ထံ ဥပဒေပညာရှင်တွေက ဦးဆောင်လို့ တိုင်ကြားတာ ဟာလည်း ပေါ်ထွက်လာသင့်တဲ့ လက်တံတစ်ခုဖြစ်တယ်။ အခြားသော ကုလသမဂ္ဂလက်အောက်မှာရှိတဲ့ တိုင်ကြားနိုင်သော ဌာနတွေကိုလည်း အသီးသီးပေးပို့တိုင်ကြားခြင်းအားဖြင့် စစ်အုပ်စုကို ပိုမိုဖိအားပေးရ မယ်။
အရေးကြီးတာကတော့ ရေဘဝဲရဲ့လက်တံတစ်ခုစီတိုင်းမှာ ဦးနှောက်တစ်ခုစီရှိတာကြောင့် လွတ်လပ်စွာ တုံ့ပြန်လှုပ်ရှားနိုင်သလိုမျိုး တော်လှန်ရေးရဲ့လက်တံတွေဟာလည်း စည်းချက်ညီညီ လွတ်လပ်စွာ လှုပ် ရှားနေနိုင်ရမယ်။ကိုယ်ပိုင်အသိတွေရှိတဲ့ ဦးခေါင်းတွေ စုပေါင်းပြီး ကိုယ်စီကိုယ်စီ ဖော်ထုတ်လှုပ်ရှားကြ ရမယ်။
ရေဘဝဲတစ်ကောင်ဟာ အသေးငယ်ဆုံးပုလင်းတစ်လုံးထဲအထိ ဝင်နိုင်အောင် သူ့ကိုယ်သူ ချုံ့နိုင်တယ်။ ဒါဟာ သူ့ရဲ့ ပျော့ပျောင်းမှုဖြစ်ပြီး သူ့ရဲ့ပျော့ပျောင်းမှုဟာ သူ့ရဲ့ သန်မာအားကောင်းမှုပဲ။ တော်လှန်ရေး ဟာ ကျဉ်းမြှောင်းစွာ ပိတ်ဆို့ထားတဲ့ ဦးနှောက်တွေ၊ နှလုံးသားတွေထဲအထိ ပုံစံအမျိုးမျိုးနဲ့ တိုးဝင်သွား
နိုင်မှ အောင်မြင်မှုရမယ်။ဒါကြောင့် တော်လှန်ရေးဟာ ပညာရှင်ဆန်ဖို့လိုသလို၊စစ်သွေးကြွဆန်ဖို့လည်း လိုတယ်၊အနုပညာဆန်ဖို့လည်း လိုအပ်တယ်။ ပုံစံမျိုးစုံကနေ တော်လှန်ရေးကို ဖော်ထုတ်ပြီး ကျဉ်းမြှောင်း စွာ ဆို့ပိတ်ထားတဲ့ ဦးနှောက်တွေ၊ နှလုံးသားတွေထဲ တိုးဝင်ကာ နှိုးဆွရမယ်။
ရေဘဝဲတစ်ကောင်ဟာ ပတ်ဝန်းကျင်အပေါ်မူတည်ပြီး အရောင်ပြောင်းနိုင်တယ်။ တော်လှန်ရေးဟာ အနှစ် သာရမပျက်၊ဦးတည်ချက်မပျက် ပြောင်းလွယ်ပြင်လွယ်ရှိဖို့လိုတယ်။ ဘယ်အချိန်မှာ ဘယ်လိုအသွင် ပြောင်းရမယ်ကို သိခြင်းဟာ တော်လှန်ရေးအောင်နိုင်ဖို့ရာ ကြီးစွာသော အကြောင်းတရားဖြစ်တယ်။
ရေဘဝဲတစ်ကောင်ဟာ ရန်သူကို တိုက်ခိုက်တဲ့အခါ သူ့ရဲ့ လှုပ်ရှားနိုင်သော ခြေလက်တွေကို ဦးစွာထိန်း ချုပ်တယ်။ ပြီးမှ အသက်ရှုလမ်းကြောင်းကိုပါ ဆို့ညှစ်ပြီး ရန်သူကို အပြီးသတ်အနိုင်ယူတာဖြစ်တယ်။ ဒါ ကြောင့် တော်လှန်ရေးမှာ ရန်သူရဲ့ လက်တံတွေကို ရှာဖွေပြီး ထိန်းချုပ်ရမယ်။ ထိန်းချုပ်မိပြီဆိုရင်လည်း ရေဘဝဲလက်ကဲ့သို့ မလွတ်တမ်း ချုပ်ကိုင်ထားရမယ်။ ရန်သူမလှုပ်နိုင်တော့တဲ့အချိန်ထိ စိတ်ရှည်လက် ရှည် ချုပ်ကိုင်ပြီးမှ ရန်သူကို အပြီးသတ်ရမယ်။
နိဂုံးချုပ်အနေနဲ့ အသိပေးလိုတာကတော့ ရေဘဝဲဟာ သွေးအေးသတ္တဝါဖြစ်တယ်။ တော်လှန်ရေးမှာ သွေး အေး စိတ်ရှည်ခြင်းဟာလည်း အလွန်တရာမှ အရေးပါလှပါကြောင်း။

လင်းသူ့ဟန်

မူရင်းဓာတ်ပုံရှင်အား လေးစားစွာ ရည်ညွှန်း Credit ပေးပါသည်။

ပေးမထားသည်ကို သိမ်းယူ၍ မရနိုင် – လင်းသူ့ဟန်

လူ့အခွင့်အရေးဆိုတာဟာ လူသားတစ်ယောက်ရဲ့မွေးရာပါ အခွင့်အရေးတွေကို ဆိုလိုတာဖြစ်တယ်။ မွေးဖွား လာသော လူသားတစ်ယောက်မှာ အဲဒီအခွင့်အရေးတွေဟာ အလိုအလျောက်ပါလာပြီးသား ဖြစ်တယ်။ သူကိုယ်တိုင် သိရှိ၊ နားလည်၊ ကျင့်သုံးဖို့ပဲ လိုတယ်။

လူ့အခွင့်အရေးကို ရန်သူသဖွယ်ပိတ်ပင်လိုသူတွေ၊ လိုသလို လှည့်ပတ်အသုံးချလိုသူတွေ အမျိုးမျိုး ရှိ တတ်ကြပါတယ်။ အများအားဖြင့် အာဏာရှင်တွေ၊ အာဏာရှင်စနစ်ကို လိုလားသူတွေ ပေါ့။ သူတို့တွေရဲ့ လက် ဆွဲတော်စကားက လူ့အခွင့်အရေးကို လိုသလောက်ပဲ ပေးသင့်တယ်ဆိုတာဖြစ်တယ်။ ဒီစကားကိုက လူ့အခွင့်အရေးဆိုတာကို သူတို့ နားလည် သဘောပေါက်မနေဘူးလို့ ဖော်ပြနေတာဖြစ်တယ်။

လူ့အခွင့်အရေးဟာ မွေးရာပါ ဖြစ်တယ်။ အကြွင်းမဲ့ဖြစ်တယ်။

ဒါကို ကျွန်တော်တို့ ရှင်းရှင်လင်းလင်း နားလည်ထားကြရမှာဖြစ်တယ်။

အဲဒီအပြင် စာရွက်စာတမ်းတွေ၊ စာအုပ် တွေနဲ့ ရေးသား၊ ဖော်ပြ၊ ထုတ်ဝေ၊ သတ်မှတ်ထားသလောက်သာ လူ့အခွင့်အရေးဟာ တည်ရှိနေတာ မဟုတ် ဘူး။ လူသားတစ်ယောက်ရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်ဟာ အခြေခံအားဖြင့် ဘာတွေဖြစ်တယ်ဆိုတာကိုသာ အခု ဖော်ပြနေတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဖော်ပြချက်တွေက ဖော်ပြထားနိုင်တယ်။ အနုစိတ်အဆင့်၊ ကျယ်ပြန့်သော အဆင့်တွေကိုတော့ စူးရှ ကြည်လင်သော အသိဉာဏ်နဲ့သာ ထိုးထွင်း စဉ်းစားယူကြရမှာဖြစ်တယ်။

လူ့အခွင့်အရေးဟာ မွေးရာပါဖြစ်တယ်၊ တစ်ဦးတစ်ယောက်၊ တစ်ဦးတစ်ဖွဲ့၊ နောက်ဆုံး နိုင်ငံတော်နဲ့ အစိုးရ ကသည်ပင်လျှင် ပေးအပ်ထားတာမဟုတ်တဲ့အတွက် ဘယ်သူကမှ အဲဒီ မွေးရာပါ အခွင့်အရေးကို ပြန်လည် သိမ်းယူလို့မရနိုင်ဘူး။ ဒါဟာ အခြေခံအကျဆုံးသော သဘောသဘာဝဖြစ်ပါတယ်။

ဒါဆိုရင် လူ့အခွင့်အရေးကို ပိတ်ပင်ဟန့်တားနေတဲ့၊ သိမ်းယူဖို့ ကြိုးစားနေတဲ့ လူ့အဖွဲ့အစည်းအသေတွေ၊ အာ ဏာရှင်တွေ၊ အစိုးရတွေ၊ အဖွဲ့အစည်းတွေ ကမ္ဘာမှာ ရှိမနေတော့ဘူးလား၊ သူတို့ လုပ်နေတဲ့ ပိတ်ပင်ဟန့်တား မှုတွေကရော လူ့အခွင့်အရေးကို ပိတ်ပင်ဟန့်တားတာ မဟုတ်ဘူးလား၊ သိမ်းယူနှုတ်ပယ်တာ မဟုတ်ဘူးလား လို့ မေးစရာရှိပါတယ်။ အနီးစပ်ဆုံးပြောရရင် အာဏာသိမ်း စစ်ကောင်စီ ပြုလုပ်နေတဲ့ အမူအကျင့်တွေပေါ့။

ဒီနေရာမှာ သဘောတရားကို သေသေချာချာ နားလည်ကြဖို့ လိုအပ်နေတာလေးတစ်ခုရှိပါတယ်။ လူ့အခွင့်အ ရေးဟာ မွေးရာပါဖြစ်တယ်၊ ပေးအပ်ထားခြင်းခံရတာမဟုတ်ဘူး၊ နှုတ်ပယ်လို့၊ သိမ်းယူလို့မရနိုင်ဘူးဆိုတာ တကယ့် အမှန်တရားဖြစ်တယ်။ သို့သော် အဲဒီသဘောတရားကို ရှင်းရှင်းလင်းလင်းနားလည်ထားတဲ့သူမှ သာ လျှင် ဒါကို သဘောပေါက်ပြီး ကျင့်သုံးနိုင်မှာဖြစ်တယ်။

အာဏာရှင်တို့ဟာ လူ့အခွင့်အရေးကို သူတို့ အာဏာ၊ လက်နက်တွေနဲ့ ခြိမ်းခြောက်၊ သိမ်းယူလို့ ရနိုင်တယ်လို့ ကျွန်တော်တို့ကို အယုံသွင်းလေ့ရှိကြတယ်။ ဒါဟာ သူတို့ လုပ်နေကျ အလုပ်တစ်ခုပဲ။ တကယ်တမ်း စင်စစ် ပြန်လည်ပြီး ဆင်ခြင်ကြည့်မယ်ဆိုရင် သူတို့က ကျွန်တော်တို့ကို တဆင့်ခံနည်းနဲ့ ခြိမ်းခြောက်နေတာသာ ဖြစ်ပါ တယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို၊ ရေးသားမှုကို အရေးယူလို့မရသလို၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခြင်းကိုလည်း ပိတ်ပင် နှုတ်ယူလို့မရပါဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားသူကိုပဲ ယင်းကဲ့ သို့ ထုတ်ဖော်၊ ရေးသားတဲ့အတွက်ဆိုပြီး ပုဒ်မတပ် အရေးယူ၊ ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်လို့ ရနိုင်ပါတယ်။ တနည်းအားဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားရင် ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်မယ်လို့ ခြိမ်းခြောက် ပြီး အဲဒီအခွင့်အရေးကို ကျွန်တော်တို့  အသုံးမချတော့အောင်၊ တနည်း ကိုယ်ဘာသာ စွန့်လွှတ်ရှောင်ရှား အောင် ဖန်တီးလိုက်တာပဲဖြစ်တယ်။ ကျွန်တော်တို့ဆီက လွတ်လပ်စွာပြောဆိုထုတ်ဖော်ရေးသားပိုင်ခွင့်ကို သိမ်း ယူသွားတာမဟုတ်ဘူး။ သိမ်းယူသွားလို့လည်းမရပါဘူး။ ဒီနှစ်ချက်ရဲ့ ခြားနားမှုကို သေသေချာချာ နား လည်ကြဖို့လိုအပ်ပါတယ်။

အာဏာရှင်တို့ဟာ လူ့အဖွဲ့အစည်းအတွင်းက မွေးရာပါ လူ့အခွင့်အရေးကို တားဆီးပိတ်ပင်ဖို့ အဆင့်ပေါင်းများ စွာနဲ့ ကြိုးစားလေ့ရှိတယ်။ မတရားတဲ့ သတ်မှတ်ချက်တွေကို ဥပဒေအဖြစ် အတင်းအကြပ်ပြဌာန်းတာအပါအဝင် အဲဒီ မတရားဥပဒေကို ကျင့်သုံးလာအောင် လက်နက်ကိုင်ဖိအားပေးတာ၊ အဲဒီမတရားဥပဒေဟာ တရားပါ ကြောင်းကို လူ့အဖွဲ့အစည်းအပေါ် သြဇာသက်ရောက်မှုရှိတဲ့ လမ်းကြောင်းတိုင်း (ဥပမာ မိဘ၊ ဆရာ၊ ဘာသာ ရေးဆိုင်ရာ ပုဂ္ဂိုလ်၊ လူသိထင်ရှားသူ စသည်ဖြင့်) ကနေ လှည့်ဖျား ဖြန့်ဝေတာပါပဲ။ တကယ်တမ်းမှာတော့ မတရားမှုကို တရားပါတယ်လို့ ပြဌာန်းထားလည်း မတရားမှုက မတရားမှုသာဖြစ်ပါတယ်။ စစ်မှန်သော အနှစ် သာရသာလျှင် ပဓါနကျတာကြောင့် ပြဌာန်းသတ်မှတ်ချက်တွေက ဘယ်လိုပဲ ဆိုနေပါစေ ကိုယ်ပိုင်အသိဉာဏ် နဲ့ ဆင်ခြင်ပြီး လက်ခံ၊ ငြင်းဆန်၊ ကွဲလွဲခွင့် အပြည့်ရှိနေတာပဲမဟုတ်လား။

မွေးရာပါ လူ့အခွင့်အရေးကို ပိတ်ပင်တားဆီးဖို့ရာ အာဏာရှင်တို့က ကြိုးစားသော်ငြား အောင်မြင်ဖို့ရာကတော့ အဲဒီ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအပေါ်မှာသာ မူတည်နေတာဖြစ်ပါတယ်။ လူတစ်ယောက်ကို သူ့ရဲ့ မွေးရာပါ အခွင့်အရေးတွေ အသုံးပြုခြင်းအပေါ် အကြောင်းပြုပြီး မတရားပုဒ်မတွေတပ် အရေးယူနေတာကို ဘေးကနေ ရပ်ကြည့်နေခဲ့တဲ့၊ ဒါဟာ မတရားမှုဖြစ်တယ်၊ သူ့မှာ အခွင့်အရေးအပြည့်ရှိတယ်လို့ ဝင်ရောက်ရပ်တည်မပေးခဲ့ တဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ အားလုံးရဲ့ အခွင့်အရေးတွေ ဆိတ်သုဉ်းသွားမှာဖြစ်ပါတယ်။ အ ကြောင်းကတော့ တစ်ယောက်အပေါ် မတရားမှုပြုနေတာကို မသိကျိုးကျွံပြုနေတာ၊ ကိုယ်နဲ့ မဆိုင်သလို ရှောင် ဖယ်နေလိုက်တာဟာ အဲဒီမတရားမှုကို လက်ခံလိုက်ခြင်းဖြစ်တာကြောင့်ပါပဲ။ ဆိုတော့ အလားတူ မတရားမှုမျိုး ကိုယ့်အပေါ် ကျူးလွန်ကျရောက်လာတဲ့အခါမှာလည်း ရှေ့ကနမူနာတွေကို လက်ခံထားမိတဲ့ ကိုယ့်ရဲ့ စိတ်အခံကိုက ခေါင်းငုံ့ခံယူဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ တနည်းပြောရရင် ကျွန်တော်တို့ လူအဖွဲ့အစည်းထဲမှာ လူ့အခွင့်အရေး တွေ ဆုံးရှုံးနေတယ်ဆိုရင် အဲဒါဟာ ကျွန်တော်တို့ကိုယ်တိုင် လက်ခံပြီး စွန့်လွှတ်ပေးလိုက်လို့ ပါပဲ။ တခြား မဟုတ်ပါဘူး။

တစ်ယောက်၊ သို့တည်းမဟုတ် တစ်စုတစ်ဖွဲ့က မွေးရာပါအခွင့်အရေးကို ကျင့်သုံးနေတာကြောင့် မတရားဖိနှိပ် ခံနေရတဲ့အချိန်မှာ ဒါဟာ တစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်းရဲ့ ပြဿနာလို့ ရှုမြင်လို့မရဘဲ ဒါဟာ မွေးရာပါအခွင့် အရေးတွေ ကျင့်သုံးခွင့်အပေါ် ဦးတည်ဖိနှိပ်နေတာ၊ လွတ်လပ်သော လူသားကို နည်းလမ်းမျိုးစုံသုံးပြီး ဒူး ထောက် လက်မြှောက်သွားအောင် လုပ်နေတာလို့ နားလည်ပြီး ဖိနှိပ်ခံဘက်က ဝင်ရောက်ရပ်တည်ကြဖို့လိုအပ် ပါတယ်။ လူကိုသာ အရေးယူလို့၊ ဖမ်းဆီးလို့၊ နှိပ်စက် ညှဉ်းပမ်းလို့ရပေမဲ့ မွေးရာပါ အခွင့်အရေးတွေကို အသုံးချ ခွင့်၊ အသုံးပြုခွင့်ကိုတော့ ဘယ်လိုနည်းနဲ့မှ သိမ်းယူလို့မရကြောင်း၊ ပေးထားတာမဟုတ်တဲ့အရာကို သိမ်းနှုတ် ယူလို့ မရနိုင်ကြောင်း အားလုံးဝိုင်းဝန်း ရပ်တည်သက်သေပြခြင်းအားဖြင့် အာဏာရှင်ရဲ့ ဖိနှိပ်မှု လှည့်ကွက်တွေ ကို (ခက်ခဲပင်ပန်းကောင်း ခက်ခဲပင်ပန်းနိုင်ပေမဲ့)ကျော်ဖြတ်လို့ရပါတယ်။

ဒီလို ဝိုင်းဝန်းရပ်တည်ပေးတဲ့ လူ့အဖွဲ့အစည်းမျိုးရရှိဖို့ရာ လူ့အခွင့်အရေးဆိုတာ မွေးရာပါဖြစ်တယ်၊ တစ်စုံတစ် ယောက်၊ တစ်ဦးတစ်ဖွဲ့က ပေးအပ်၊ နှင်းအပ်ထားတာမဟုတ်ဘူး၊ ဘယ်လောက်အထိပဲ အသုံးပြုခွင့်ပေးမယ်၊ ဘယ်လောက်ထိတော့ မရဘူးရယ်လို့ ကန့်သတ်ပိုင်ခွင့် ဘယ်သူ့မှာမှမရှိဘူး၊ မွေးရာပါ အခွင့်အရေးကို ဘယ်သူ မှ သိမ်းယူလို့မရနိုင်ဘဲ ခြိမ်းခြောက်မှုကို ကြောက်ရွံပြီး ကိုယ်တိုင် လက်လွှတ်အဆုံးရှုံးခံလိုက်တော့မှသာ ဆုံးရှုံး နိုင်တယ်ဆိုတာကို ဦးစွာ နားလည်သဘောပေါက်ထားကြဖို့ လိုသလို၊ တစ်ဦးချင်းစီရဲ့ မွေးရာပါ လူ့အခွင့်အရေး တွေကို ကိုယ့်အခွင့်အရေးနဲ့တန်းတူ လေးစားမှုရှိကြဖို့လည်း လိုအပ်တယ်။ ဒီတော့မှသာ အပြန်အလှန်ရပ် တည်ကာကွယ်ပေးတဲ့ လူ့အဖွဲ့အစည်းဆီကို ဦးတည်နိုင်မှာဖြစ်တယ်။

လူ့အခွင့်အရေးကို ကိုယ်တိုင် စွန့်လွှတ်သွားအောင် မတရားဥပဒေတွေပြဌာန်း၊ လက်နက်တွေနဲ့ ခြိမ်းခြောက် ဖိနှိပ်လာတဲ့အခါမှာ ယိမ်းယိုင်မသွားစေဖို့ ကျွန်တော်တို့ ခေါင်းထဲမှာ အစဉ်သဖြင့် သိမှတ်နားလည်ထားသင့်တာ က လူ့အခွင့်အရေးဆိုတာဟာ လူသားရဲ့ ဂုဏ်သိက္ခာလည်းဖြစ်တယ်ဆိုတာပါပဲ။ လူသားရဲ့ အဆင့်အတန်း လည်းဖြစ်ပါတယ်။ ခြိမ်းခြောက်မှုတွေ၊ သို့တည်းမဟုတ် အလျော်အစား၊ အလဲအလှယ်တွေအပေါ် ယိမ်းယိုင်ပြီး ကိုယ့်အခွင့်အရေးကို ကိုယ်ပြန် သတ်မှတ်၊ ကန့်သတ်၊ စွန့်လွှတ်လိုက်မယ်ဆိုရင် အဲဒီလို သတ်မှတ်၊ ကန့်သတ်၊ စွန့်လွှတ်လိုက်တဲ့သူမှာ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုး၊ လူသားအဆင့်အတန်း ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့ဟာ ကိုယ့်အခွင့်အရေးကို ချရင်း အပေးအယူ၊ အလဲအလှယ်လုပ်ပြီး အသက်ရှင်ရုံ မည်ကာမတ္တ ရှင်သန်နေတဲ့ လူ့အတ္တဘောတွေသက်သက် မဖြစ်ဖို့အရေး ကိုယ့်မွေးရာပါ အခွင့်အရေးနဲ့ အဆင့်အတန်း၊ ဂုဏ်သိက္ခာကို ခုခံကာကွယ်ကြရမှာဖြစ်ကာ ကိုယ်နဲ့ထပ်တူပဲ တ ခြားသူတွေရဲ့ အခွင့်အရေး၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာတွေကိုလည်း ခုခံအကာအကွယ်ပေးကြရမှာဖြစ်ပါတယ်။ ဒါမှ သာလျှင် လူပီသသော၊ လူသားစင်စစ်တို့ရဲ့ လူ့အဖွဲ့အစည်းဖြစ်လာမှာပါ။

ဒါကြောင့် ရှေ့လျှောက်မှာ ကျွန်တော်တို့ဟာ ကိုယ့် မွေးရာပါ အခွင့်အရေးတွေကို ကိုယ်တိုင်လေးစားသော၊ ကိုယ်တိုင် ရဲဝင့်စွာ ကာကွယ်တတ်သော၊ သူတစ်ပါးအခွင့်အရေးတွေကိုလည်း ကိုယ်နဲ့ တန်းတူလေးစားတတ် သော၊ သူတစ်ပါးအခွင့်အရေးကို ဘယ်သူကပဲဖြစ်ဖြစ် ထိပါးလာတဲ့အခါ ခုခံကာကွယ်နေသူဘက်က ဝင်ရောက် ရပ်တည် အကာအကွယ်ပေးတတ်သော၊ ဘယ်လိုခြိမ်းခြောက်ခြင်း၊ စည်းရုံးခြင်း၊ အလဲအလှယ်ပြုခြင်းနဲ့မှ ကိုယ့်အခွင့်အရေးကို အဆုံးရှုံးမခံသော၊ ဘယ်လို ဖိနှိပ်လို့မှ အရှုံးမပေးသော၊ ဒူးမထောက်၊ လက်မမြှောက်သော လူတွေ အဖြစ် တစ်ဦးစီတိုင်း တစ်ဦးစီတိုင်းက ရောက်ရှိလာကြဖို့ လိုပါတယ်။

လူထုရဲ့ မွေးရာပါ အခွင့်အရေးတွေကို လက်နက်အားကိုးနဲ့ အင်အားသုံး ခြိမ်းခြောက်လာတဲ့အခါ လက်လွှတ် အရှုံးပေးလိုက်မယ့်အစား ခုခံတွန်းလှန်တဲ့ဘက်ကနေ သိက္ခာရှိသော၊ အဆင့်အတန်းရှိသော၊ တန်ဖိုးရှိသော လူတိုင်းက ဝင်ရပ်ကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ လူ့အဖွဲ့အစည်းဟာ ကိုယ့်အခွင့်အရေးကိုလည်း ကိုယ်မလေးစား၊ မထိန်းသိမ်း၊ မကာ ကွယ်၊ အဲဒီကနေမှတဆင့် သူတစ်ပါးအခွင့်အရေးကိုပါ မလေးစား၊ အကာအကွယ်မပေးနဲ့ အဆင့်အတန်းတွေ ယုတ်လျော့နေခဲ့တာ ကြာခဲ့ပါပြီ။ ဒါတွေကို သင်ခန်းစာယူပြီး တော်လှန်ရေးကပေး တဲ့ အသိ၊ သတိတွေနဲ့ သိက္ခာရှိသော လူ့အဖွဲ့အစည်းဆီ ပြန်လည်လှမ်းတက်ကြရဖို့အရေးဟာ တော်လှန်ရေးထဲက နောက်ထပ် တော်လှန်ရေး တစ်ခုပဲဖြစ်ပါတယ်။

ဖိနှိပ်ညှင်းဆဲခံရလို့ ကိုယ်ခန္ဓာတွေ ပြင်းပြစွာ ဆင်းရဲနာကျင်နေရလင့်ကစား ကိုယ့်အခွင့်အရေးကို ကိုယ် လက်မလွှတ် အလျော့မပေး၊ ဒူးမထောက် အရှုံးမပေးစတမ်း တိုက်ပွဲဝင်ကြရမှာဖြစ်ပြီး အဲဒီ တိုက်ပွဲဝင်ကြတဲ့သူတိုင်းရဲ့ အတွင်း သန္တာန်မှာ မွေးရာပါ လွတ်လပ်သော လူသား သရုပ်သကန်ဟာ မပျောက်မပျက် ကိန်းဝပ်နေမှာပဲဖြစ် ပါတယ်။ အဲဒီ သရုပ်သကန်ဟာ လူသားရဲ့ သိက္ခာ၊ ဂုဏ်ဒြပ်၊ အဆင့်အတန်း၊ အလံတော်ပဲဖြစ်ပါတယ်။

ဒါကြောင့် အာဏာရှင်တို့ ဘယ်လို ခြိမ်းခြောက် ဖိနှိပ်ပါစေ ကိုယ့်အခွင့်အရေးကိုယ်လေစား၊ ကာကွယ်ရင်း၊ သူတစ်ပါးအခွင့်အရေးကိုလည်း ကိုယ့်အခွင့်အရေးနဲ့ တတန်းတည်း လေးစား၊ အကာအကွယ်ပေးရင်း နောက် ဆုတ်၊ လက်လျှော့မပေးဘဲ လူသား အလံတော်ကို အမြင့်ဆုံး လွှင့်တင်ထားကြပါစို့လို့ တိုက်တွန်းလိုက်ရပါ ကြောင်း…..

လင်းသူ့ဟန်